On 2 comments

ကျွန်မက ခရီးမသွားရရင် မနေနိုင်သလို ခရီးသွားပြီး ပြန်လာရင်လည်း ပုံတွေ စာတွေကို မာတီမှာ ပြန်မတင်ပဲ မနေနိုင်တဲ့သူ တစ်ယောက်ပေါ့။ ဒါကြောင့် ကျွန်မဆိုဒ်မှာ ဓာတ်ပုံတွေ ပလူပျံနေတာပါပဲ။

ကိုယ့်ဘာသာ သတိ မထားမိပေမဲ့ ကျွန်မဆိုဒ်ကို ကြည့်လိုက်ရင် ဓာတ်ပုံဆိုဒ်တစ်ခုလား ထင်ရအောင် ဓာတ်ပုံတွေ များတယ်လို့  ကိုလင်းအောင်ပြည့်က ပြောပါတယ်။ ကိုသူရိန်ကတော့ အမ အဲလို တင်တော့ လည်း ပတ်ဝန်းကျင် ဗဟုသုတရတာပေါ့တဲ့။ ကိုယ့်ဆိုဒ်မှာတင်တာပဲ ဘယ်သူ့ ကိုမှလည်း မထိခိုက်တော့ တင်သာ တင်ပါတဲ့။ မြိတ်သားကလည်း ကျွန်မရဲ့ ခရီးသွား ဆောင်းပါးတွေ ဖတ်တိုင်း မမေဇူး ခရီး သွားနေသည်ပေါ့တဲ့။ ညီမငယ် သော်တာလေးကလည်း မမ ခရီးသွားတဲ့ပုံတွေ မတင်ဘူးလား လို့  တွေ့ တိုင်း မေးတယ်။ အဲလို မြှောက်ပေးတဲ့သူတွေ ရှိတာကြောင့် ဒီပို့ စ်လေးကို ရေးဖြစ်သလို ဓာတ်ပုံလေးလည်း တင်ဖြစ်ပါတယ်။ သည်းခံ အားပေး ဖတ်ရှုကြပါအုံးနော်။

13.4.11 ကနေ 18.4.11 အထိ Package Tour တစ်ခုရဲ့ အစီအစဉ်နဲ့  ကျွန်မ ဘန်ကောက်ကို ၅ညအိပ် ၆ရက် ခရီးထွက်ဖြစ် ခဲ့ပါတယ်။ ကျွန်မနဲ့ အတူ လိုက်ပါ ခရီးသွားကြပါအုံးနော်။

13.4.11 မနက် မှာ Group Check in  ၀င်ရမှာ ဖြစ်လို့   လေယာဉ်ကွင်းကို ၇နာရီ အရောက် သွားရပါ တယ်။ လေယာဉ်ထွက်ချိန်က မနက် ၈နာရီ ၅၅ မိနစ် MAI နဲ့ ပါ။ လေဆိပ်မှာ လူမမှားအောင်ရယ်၊ အုပ်စုတွေ ရှာရလွယ်အောင်ရယ်  သူတို့  ထုတ်ပေးထားတဲ့ ကျွန်မတို့  အဖွဲ့ ရဲ့ ခရီးသွား Sticker လေးတွေကို ရင်ဘတ် မှာ ကိုယ်စီ တပ်ရင်း နောက်ပြီး Name Card လေးတွေကို လည်း ခရီးဆောင် အိတ်တွေမှာ ချိတ်ရင်းနဲ့  တစ်ယောက်ထဲ ချီတက်လာခဲ့ပါတယ်။

Package Tour နဲ့ သွားတဲ့ ခရီးသည်တွေက အများကြီးပါ။ ကျွန်မတို့  အဖွဲ့ တင် အယောက် ၁၁၀ လောက် ရှိပါတယ်။ လေယာဉ် ပေါ်မှာ MAI Tour ကျွန်မတို့  Tour ရယ်နဲ့  အခြားခရီးသည် ၄-၅ယောက်လောက်ပဲ ပါပါတယ်။ မနက် ၈နာရီ ၅၅မိနစ်မှာ ထွက်မဲ့လေယာဉ်က ရန်ကုန်လေဆိပ်က မနက်၉နာရီ ၃၀မိနစ်မှ ထွက်ဖြစ်ပါတယ်။ MAI Tour ခရီးသည် ၄-၅ ယောက် ကျန်နေတာ စောင့်နေရလို့ ပါတဲ့။

ဒါကြောင့် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်ကို မနက် ၁၀နာရီ မိနစ် ၃၀ (ထိုင်း စံတော်ချိန် မနက် ၁၁နာရီ) မှ ရောက်ပါတယ်။ လေဆိပ်မှာ ပစ္စည်းရွေးပြီးချိန်ကြတော့ ကျွန်မတို့ တွေကို အုပ်စု၃စု ထပ်ခွဲပါ တယ်။ အစိမ်းရောင်၊ ပန်းရောင်၊ အပြာရောင်ဆိုပြီး ခွဲလိုက်တာပါ။ တစ်စုကို ၃၅ယောက်စီရှိပြီး ကျွန်မက အစိမ်းရောင်အုပ်စုမှာ ပါ ပါတယ်။

လေဆိပ်အထွက်မှာ ဧည့်ကြို ကောင်မလေးတွေက သူတို့ ရဲ့ ပန်းကုံးလေးတွေ စွပ်ပေးပြီး သူတို့ နဲ့  ဓာတ်ပုံတွဲရိုက်ပါတယ်။ (ပြီးတော့မှ သူတို့ ရဲ့ ထုံးစံအတိုင်း ဓာတ်ပုံ ရောင်းတာပေါ့)  လေဆိပ်မှာ နာရီဝက် လောက် ထပ်စောင့်ပြီးချိန်ကြမှ ကျွန်မတို့  စီးရမဲ့ ၂ထပ် ဘတ်စ်ကားကြီးတွေ လာကြိုပါတယ်။ ဒီကားတွေက ကျွန်မတို့  ပြန်လာသည်အထိ အပြင်ထွက်တိုင်း စီးရတာပါ။ အုပ်စု တစ်စုကို ကားတစ်စီးနဲ့  ပစ္စည်းတွေ တင်ပြီး ပတ္တရားကို စတင် ထွက်ခွာခဲ့ပါတယ်။ အုပ်စုတစ်စု ကားတစ်စီးပေါ်မှာ မြန်မာနိုင်ငံက လိုက်လာတဲ့ Guide တစ်ယောက်ရယ်၊ ထိုင်း Guide ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်စီ ပါဝင်ပါတယ်။

ကိုယ့်အုပ်စုကို ရှာရလွယ်အောင် Guide တွေက အစိမ်းရောင်အုပ်စု ကဆိုရင် အင်္ကျီအစိမ်းရောင်၊ ထီးအစိမ်းရောင်နဲ့  ဆိုင်းဘုတ် အစိမ်းရောင် စသဖြင့် ကိုယ့်အုပ်စုကိုယ် ရှာရလွယ်အောင် ခွဲထားပါတယ်။ သူတို့ ဆီက အရောင်အမှတ်အသားကြည့်ပြီး ကျွန်မတို့  လိုက်ရုံပါပဲ။

ဘန်ကောက်လေဆိပ်ကနေ  ပတ္တရာအထိ ၁နာရီ ၃၀မိနစ် ကျော်ကျော်လောက် ကားစီးရပါတယ်။ ပတ္တရာ သွားတဲ့လမ်းမှာ ထိုင်းရိုးရာမုန့် တွေ ရောင်းတဲ့ (Local Food Market) ကို ၀င်ပို့ ပေးပါတယ်။ အဲဒီ မှာ ရောင်းတဲ့မုန့် တော်တ်ာများများဟာ ထိုင်းအကြိုက် ချိုချိုအီအီ စပ်စပ်တွေ များပါတယ်။ ဒါကြောင့် ဘာမှ သေချာမ၀ယ်ပဲ ကျွန်မကတော့ အမြည်းတွေပဲ လျှောက်စားခဲ့ပါတယ်။

မုန့် ဆိုင်မှာ နာရီဝက်လောက် ခဏနားပြီး ဆက်ထွက်လာတာ ပတ္တရာကို ရောက်တော့ ညနေ ၃နာရီ ထိုးနေ ပါပြီ။ အားလုံးလည်း ဗိုက်ဆာနေကြပါပြီ။ နေ့ လယ်စာကို Phayamai Mueng Restaurant မှာ စားပါတယ်။ ပြီးတော့ ဟိုတယ် မ၀င်သေးပဲ စားသောက်ဆိုင်က မိနစ် ၃၀ လောက် ကားမောင်းသွားရင် ရောက်တဲ့ Khao Chee Chan (Buddha Image with gold bar) ကို ထွက်ခွာခဲ့ပါတယ်။

Khao Chee Chan (Buddha Image with gold bar) ဟာ ကျောက်တောင်ကို မိုင်းနဲ့ ခွဲရာကနေ ဗုဒ္ဓ ရုပ်ပွားတော် ပေါ်ထွက်လာတဲ့အတွက် ဆက်မခွဲတော့ပဲ ပေါ်လာတဲ့ ဒီရုပ်ပွားတော် ကို ရွှေသင်္ဃန်းကပ် ထားခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာလည်း ပတ္တရားက နာမည်ကြီးနေရာတစ်ခု ဖြစ်တယ်လို့  ဂိုက်က ရှင်းပြပါတယ်။

ဒီနေရာမှာ လေ့လာကြည့်ရှု ဘုရားရှစ်ခိုးကြပြီးနောက် ပတ္တရားကမ်းခြေက ကျွန်မတို့  တည်းခိုရမဲ့ The Zign Hotel ကို ညနေ ၅နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။ မြို့ ထဲနဲ့  ၁၀မိနစ်လောက် ကားစီးရင် ရောက်ပါတယ်။ The Zign Hotel ဟာ ပတ္တရား ကမ်းခြေအစပ်မှာ တည်ရှိပြီး ကျယ်ဝန်းလှပါတယ်။ ဟိုတယ် ၀ရန်တာကနေ လှမ်းကြည့်လိုက်ရင် သင်္ဘောကျင်းတွေ ဆိပ်ကမ်းတွေကို လှမ်းမြင်ရပါတယ်။ ကျွန်မတို့ အခန်းက ၉ထပ်မှာ ပါ။

Hotel Check In ၀င် ရေမိုးချိုး၊ ခဏနားပြီး ညနေ ၆နာရီ မိနစ် ၃၀မှာ ညစာ သွားစားဖို့  ဟိုတယ်ကနေ ပြန်ထွက်ကြ ပါတယ်။ ၃၀မိနစ်လောက် ကားစီးလိုက်တော့ ညစာ စားရမဲ့ AA Seafood Restaurant ကို ရောက်ပြီး ညစာ စားကြပါတယ်။ ညစာ စားပြီးချိန်မှာ Alkazar Show (အခြောက်တွေ ကတဲ့ပွဲ) သွားကြည့်ကြမှာပါ။ ဒါပေမဲ့ အချိန်စောသေးတာကြောင့် စားသောက်ဆိုင် အနီးတ၀ိုက်က ညဈေးတန်းလေးမှာ ဈေးဝယ်ရင်း အချိန် ခဏ ဖြုန်းကြပါတယ်။ ည ၈နာရီ မိနစ် ၃၀ လောက်မှာ ကျွန်မတို့ တွေ Alkazar Show ရောက်နေကြပါပြီ။ ပွဲချိန်က ည ၉နာရီ မိနစ် ၃၀မှဆိုတော့ ကျွန်မတို့ တွေ ဟိုငေး ဒီငေးနဲ့  ဓာတ်ပုံ လျှောက်ရိုက် နေကြပါတယ်။

ပွဲက ၉နာရီ မိနစ် ၃၀မှ စပြီး ၁နာရီကျော် ကြာမြင့်ပါတယ်။ အခြောက်တွေက အရမ်းလှသလို ဆက်တင်တွေ ကလည်း တအားကို ကောင်းမွန် သပ်ရပ်တာမို့  ကြည့်ရတာ အရမ်း ကောင်းပါ တယ်။ နိုင်ငံပေါင်းစုံက အကပေါင်းစုံကို အ၀တ်အစား အပြည့်အစုံ၊ ဆက်တင် အပြည့်အစုံနဲ့ မို့  ကြည့်ကောင်းသလို သူတို့ တွေက လှပတာကို ကြည့်ရင်း အခြောက်ဆိုတာတောင် မေ့သွားတဲ့အထိပါပဲ။ ရှိုးပွဲပြီးလို့  ဟိုတယ်ပြန်ရောက်တော့ ည ၁၁နာရီကျော်နေပါပြီ။ ကျွန်မတို့ တတွေလည်း တော်တော် ပြိုင်းနေပါပြီ။ ဂိုက်က မနက်ကျရင် မနက် ၇နာရီမှာ Morning Call ခေါ်ပြီး မနက် ၇နာရီ ၃၀မိနစ်မှာ Breakfast စားလို့ ရပြီး မနက် ၈နာရီမှာ Coral Island သဲဖြူကျွန်းကိုသွားမယ်လို့  ပြောပါတယ်။ ရေကူးချင်ရင်ရော၊ ရေစိုမှာရောတို့ ကြောင့် အ၀တ်ပို ယူလာဖို့  ပြောပါတယ်။ အားလုံးလည်း ပင်ပန်းစွာနဲ့  ကိုယ့်အခန်း ကိုယ်ပြန်နားခဲ့ကြပါတယ်။ ဒါ ပထမနေ့ ခရီးစဉ်ပါ။

2 comments:

THAW TAR WYNE said...

ဟုတ်မမ။ မမနဲ့အတူတူ ခရီးလိုက်ပါခဲ့ပါကြောင်း။ ဆက်လက်စောင့်မျှော်လျက်ပါဗျို့။

may zuu said...

ကျေးဇူး ညီမရေ။
ပုံတွေလည်း တင်နေတယ်နော်။
Connection ကလည်း ကောင်းတဲ့ နေ့ ကို မရှိဘူးလေ။

Post a Comment