On 0 comments

13.4.09 မနက် ၇ နာရီ လေယာဉ်နဲ့  မြစ်ကြီးနားကို သွားခဲ့ပါတယ်။
မနက် ၁၀ နာရီ ၀န်းကျင်လောက်မှာ မြစ်ကြီးနားမြို့ ကို ရောက်ခဲ့ပါတယ်။
ထမင်းစားပြီးချိန်မှာ တနိုင်းမှာ ရှိတဲ့ စိုက်ပျိုးရေး စီမံကိန်း တစ်ခုကို အလုပ်တာဝန်နဲ့  လေ့လာရေး သွားခဲ့ပါတယ်။
ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်း တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။
အဲဒီညမှာ တနိုင်းမြို့ နယ်က ၀ါရဇွတ်ဆိုတဲ့ ကျေးရွာလေးမှာ အိပ်ခဲ့တယ်။

14.4.09 တနိုင်းမြို့ နယ်အတွင်းမှာ ရှိတဲ့ နန်ဖြတ်၊ နောင်းမီ၊ ရှရစွပ်၊ ရှဒူစွပ် ဆိုတဲ့ ကျေးရွာလေး တွေကို သွားလည် ဖြစ်ခဲ့ပါတယ်။ သင်္ကြန်ဆိုတာ ဘာမှန်း သိပ်မသိကြသလို သင်္ကြန်ရဲ့  အရသာကိုတော့ အဲဒီရွာလေးတွေ မှာ မခံစားခဲ့ရဘူး။
15.4.09 မနက်အစောကြီး ၅နာရီခွဲမှာ စပြီး ၀ါရစွပ်ဆိုတဲ့ ကျေးရွာလေးကနေ ဖားကန့်  ဒေသကို သွားခဲ့တယ်။
ဖားကန့် မှာ တန် ၃၀၀၀ ကျောက်စိမ်းတုံးကို တူးဖော်ရရှိပြီး ရွှေ့ ပြောင်း မရတာကြောင့် မြေအောက် ပြတိုက် အဖြစ် ထားရှိတဲ့ အဆောက် အဦးထဲကို ၀င်ပြီး လေ့လာ ဖြစ်ခဲ့ ပါတယ်။
အရမ်းကို ကြီးမားတဲ့ (တန် ၃၀၀၀ လောက် လေးတဲ့) ကျောက်စိမ်းတုံးကြီးကို ၀န်းရံပြီး အဆောက်အဦး အမိုးအကာ လုပ်ပြီး ထား ထားတာပါ။ မြေအောက်ကို သံလှေကားတွေ နဲ့  ဆင်းပြီး သွားကြည့်ရပါတယ်။ ကျောက်စိမ်းကို သူ့ အရည်အသွေး အလိုက် ပိုင်းဖြတ်ပြ ထားတာကိုလည်း တွေ့ ခဲ့ရတယ်။
ဖားကန့် မှာ လျှောက်ကြည့်ပြီးတော့ အင်းတော်ကြီး ရွှေမဉ္ဖူဘုရားကို
ဝင်ခဲ့ပါတယ်။
ဖားကန့် ဘက်ကသွားတဲ့ လမ်းက တိုပေမဲ့ လမ်းတွေက မတ်စောက်
ပါတယ်။




တောင် အတက်အဆင်း အကွေ့ အကောက်တွေ များပါတယ်။


အချိန် တော်တော် ပေးပြီး သွားပြီးချိန်မှာမှ အားလုံး မျှော်လင့် စောင့်စား
နေတဲ့ မိုးညှင်းမြို့ နယ် အတွင်းမှာ ရှိတဲ့ အင်းတော်ကြီးရဲ့ ရေပြင်ကျယ်ကြီး
ကို စမြင်ရတာပါ။


ဒီမြင်ကွင်းက ဘုရားဖူး လာတဲ့သူတွေကို အမောပြေ စေတာပါပဲ။
အင်းတော်ကြီးရဲ့  အကျယ်က ၁၄မိုင်ရှိတယ် လို့ သိခဲ့ရတယ်။ အင်းတော်ကြီးကို ကျော်ဖြတ် လာပြီးချိန် မှာတော့ ရွှေမဉ္ဖူ ရေလည်ဘုရားကို ဖူးမျှော်ရတယ်။ မကြာသေးခင်ကမှ ဘုရားပွဲ ပြီးသွားခဲ့တာလေ။
ရွှေမဉ္ဖူ ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်း လဆန်း (၈)ရက်နေ့ ကနေ တပေါင်း လပြည့်ကျော် (၁) ရက် နေ့ အထိ ကျင်းပလေ့ ရှိတယ်။ ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ပြန်လာတော့ ည ၆နာရီကျော် နေ ပါပြီ။
အပြန်ကျတော့ လာတဲ့လမ်းက မဟုတ်ပဲ ဟိုပင်ဘက်က ပြန်ခဲ့တယ်။ အဲဒီလမ်းက ပိုရှည်ပေမဲ့ မြေပြန့်  ဆိုတော့ ညမှောင်ချိန်မှာ ပြန်ရတာ ပိုအဆင်ပြေတယ်လေ။ အဲဒီ နေ့ က မနက် ၂နာရီကျော်မှ တည်းတဲ့ နေရာကို ပြန်ရောက်ခဲ့တာလည်း အမှတ်တရ ပါပဲနော်။
16.4.09 မနက် ၁၀နာရီကျော်မှာ ၀ါရဇွပ် ကျေးရွာကနေပြီး အထုပ်အပိုးတွေ အပြီးတင်ပြီး မြစ်ကြီးနားကို ဆင်းလာခဲ့ ကြတယ်။
မြစ်ကြီးနားမှာ မနက်စာ စားတယ်။ ကချင်ရိုးရာ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ ၀ယ်ဖို့  Shopping ထွက်ကြတယ်။ သင်္ကြန်ဆိုတာကို မြစ်ကြီးနား ရောက်မှပဲ ခံစားရ တော့တယ်။ ပိတောက်တွေ ရယ်၊ ရေကစား မဏ္ဍပ်တွေရယ်ကို မြစ်ကြီးနားရောက်မှ တွေ့ ရတာမို့ ပါ။
ညနေပိုင်းမှာ ရှုခင်းတွေ အရမ်းလှတဲ့ မြစ်ဆုံကို သွားခဲ့ကြတယ်။ စာထဲမှာပဲ သင်ခဲ့၊ အမြဲတမ်း ကြားခဲ့ရတဲ့၊ နာမည်ကြီးတဲ့ မြစ်ဆုံကို ရောက်ခဲ့ရတာ ကျေနပ်စရာပါ။ ဓါတ်ပုံတွေ အများကြီး ရိုက်ကြပြန်ရော။ မြစ်ဆုံရဲ့  လှပတဲ့ ရှုခင်းနဲ့  ညနေခင်း ဆည်းဆာဟာ ပြောမပြ တတ်နိုင်အောင်ပဲ ကြည်နူးလှပနေပါတယ်။


ကရိန်နော်ကိုလည်း ၀င်ခဲ့သေးတယ်။ ဒါပေမဲ့ မြစ်ဆုံမှာ အချိန်ကြာသွားတော့ ကရိန်နော် ရောက်ချိန်မှာ မှောင်နေပြီမို့  ဓါတ်ပုံ ရိုက်ဖို့  အခွင့်အရေး မရခဲ့ဘူး။ ဒီအတိုင်း ရပ်ကြည့် ရုံလေးနဲ့  ကျေနပ်ခဲ့ရတယ်။
17.4.09 မြစ်ကြီးနားမြို့ က ပြန်မထွက်ခင်မှာပဲ နာမည်ကြီး နေရာ တစ်ခုဖြစ်တဲ့ မနောကွင်းကို သွားပြီးဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ နောက်တော့ ကန်ပိုက်တီးကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ “လန်နခ ရေတံခွန်” ကို ၀င်ဖြစ်ခဲ့တယ်။
ပြီးတော့ လိုင်ဇာဆိုတဲ့ တရုတ်ပြည် နယ်စပ်မြို့ လေးကိုလည်း ဈေးဝယ်ဖို့  ၀င်ခဲ့ကြ သေးတယ်။ တရုတ် ပစ္စည်းတွေ ၀ယ်လို့ ရတဲ့ မြန်မာပြည်ဘက်ခြမ်းက မြို့ လေးပါ။
အဲဒီမှာ တရုတ်ပြည်ကို ကူးတဲ့ နယ်စပ်ဂိတ် ရှိတယ်။ ဈေးဝယ်ဖို့  တရုတ် သုံးဘီးကား လေးတွေနဲ့  လိုင်ဇာမြို့ ထဲ ပတ်ခဲ့ကြတယ်။ ၀ယ်စရာတော့ ဘာမှ သိပ်မရှိပါဘူး။
လိုင်ဇာက အပြန်မှာတော့ ဗန်းမော်မှာ ညအိပ်ဖြစ်ခဲ့တယ်။ ကျွန်မတို့ က ၁၅ယောက်ပါတဲ့ အုပ်စုဆိုတော့ တလမ်းလုံး မပျင်းရပါဘူး။ ကားကလည်း ကိုယ့်ကားနဲ့  ကိုယ်ဆိုတော့ ရပ်ချင်တဲ့ အချိန်ရပ် ထွက်ချင်တဲ့ အချိန်ထွက် ကိုယ့်သဘောပါပဲလေ။
ဗန်းမော်မြို့ က Friendship Hotel မှာ ညအိပ်ဖြစ်ခဲ့ကြတယ်။ အဲဒီနေ့ က မိုးတွေ တနေ ကုန် ရွာနေ ခဲ့တာပေါ့။ ညကျတော့ မိုးလေ၀သ သတင်းက မုန်တိုင်းရှိလို့  မိုးဆက် ရွာနိုင် တယ်တဲ့။
18.4.09 နဂို ရည်ရွယ်ထားတာက ဗန်းမော်ကနေ သပိတ်ကျင်း၊ စဥ့်ကူ လမ်းအတိုင်း ဆင်းသွားပြီး အလောင်းတော် ကဿဖ သွားဖို့ လေ။
ဒါပေမဲ့ မိုးတွေ ရွာနေတာကြောင့် အလောင်းတော် ကဿဖကို သွားတဲ့ ကားတွေ ပေးမတက်ဘူး ပိတ်ထားတယ် ဆိုတာနဲ့  လမ်းကြောင်းပြောင်းခဲ့ရတယ်။ နောက်ပြီး အဲဒီလမ်းက မြေသား ဖုန်လမ်း ဆိုတော့ မိုးရွာရင် သွားလို့ မကောင်းဘူး။ လမ်းချော် နိုင်တယ်။ နောက်ပြီး လမ်းလည်း ကျဉ်းတယ် လေ။


ဒါနဲ့ ပဲ ကျွန်မတို့  ခရီးစဉ်ကို မူဆယ်ဘက်ကို ပြောင်းလိုက်တယ်။ ဗန်းမော်မြို့ နဲ့  ၁နာရီ နီးပါးလောက် ဝေးတဲ့ မန်စီမြို့ လေးကနေ နမ့်ခမ်း-မူဆယ် လမ်းဘက်ကို ပြောင်းပြီး သွားခဲ့ကြတယ်။
တကယ်တော့ ဗန်းမော်-နမ့်ခမ်းလမ်းက မိုင် ၆၀ ကျော်ပဲ ဝေးတာပါ။ ဒါပေမဲ့ လမ်းကြမ်း တယ်။ အကွေ့ အကောက်များ တယ်။ ဒါကြောင့် ကားကို တလှိမ့်ချင်းပဲ မောင်းခဲ့ရတယ်။ ကျွန်မတို့  ခရီးသွားကားက မီနီဘတ်စ် အသေးလေးလေ။
နမ့်ခမ်းလမ်းမှာ တွေ့ တဲ့ ကားတိုင်းက ကျွန်မတို့ ကို ဆက်မသွားဖို့  ပြောပေမဲ့ နောက်ပြန် လှည့် ဖို့ မဖြစ်နိုင် တော့တာကြောင့် ရှေ့ ဆက်တိုးပြီးပဲ လာခဲ့ရတယ်။
တလမ်းလုံး မိုးတွေကလည်း မနားတမ်း ရွာခဲ့တယ်။ ကားလမ်းဘေး တလျှောက်မှာ ရွာတွေကလည်း ကျဲပါး တယ်။ တောင်တွေပဲ ရှိတာလေ။
လမ်းအရမ်းဆိုးတဲ့ နေရာတွေမှာ လူတွေက လမ်းဆင်းလျှောက်ပေးရ တယ်။ ကားနစ်မှာ ဆိုးလို့ လေ။ ဒီလိုနဲ့  မနက်၆နာရီက ဗန်းမော်က ထွက်ခဲ့တဲ့ ကျွန်မတို့ ဟာ နမ့်ခမ်းကို နေ့ လည် ၂ နာရီမှာရောက်ခဲ့တယ်။
မနက်စာကို နမ့်ခမ်းမြို့ လေးမှာပဲ စားရင်း မူဆယ်ကို ထွက်ခဲ့ကြတယ်။
မူဆယ်ရောက်တော့ ညနေ ၄နာရီထိုးတော့မယ်။ တရုတ်ပြည်ကို ကူးဖို့  နယ်စပ်ဂိတ်မှာ လက်မှတ်လုပ် ကျယ်ဂေါင်ဘက်ခြမ်းကို ကူးပြီး ရွှေလီဘက်ကို သူတို့ ရဲ့  တရုတ် တက္ကစီလေးတွေနဲ့  သွားခဲ့ကြတယ်။
ညနေ ၄နာရီခွဲ ၅နာရီဝန်းကျင်လောက် ဆိုတော့ လျှောက်မလည်တော့ပဲ Shopping ပဲထွက်ခဲ့ကြတယ်။ (တကယ် တော့ မူဆယ်၊ ရွှေလီ ခရီးစဉ်ကို မနှစ် ၂၀၀၈ သင်္ကြန်ကမှ ကျွန်မတို့  သွားခဲ့ကြတာလေ)။
ညနေစာကို ဟွာဖုန်း ဈေးထဲက စားသောက်ဆိုင်တန်းမှာပဲ စားခဲ့လိုက်ကြတယ်။ ည ၈နာရီ လောက်မှာတော့ မူဆယ် ဘက်ကို ပြန်ကူးလာပြီး ရွှေသီရိ ဆိုတဲ့ ဟိုတယ်မှာ ညအိပ် ခဲ့ကြတယ်။
19.4.09 မူဆယ်မြို့ ကနေ ပြန်ဆင်းခဲ့ကြတယ်။ နေ့ လယ်စာကို လားရှိုးမှာ ၀င်စားခဲ့တယ်။




သီပေါမြို့  အထွက်မှာရှိ တဲ့ ဘော်ကြို ဘုရားကိုလည်း ၀င်ဖူးခဲ့ကြသေးတယ်။



ညကိုတော့ ပြင်ဦးလွင်က နန်းမြိုင်ဟိုတယ်မှာတည်း ဖြစ် ခဲ့ကြ တယ်။ နန်းမြိုင် ဟိုတယ်မှာ အိပ်ဖြစ်ခဲ့တဲ့ ညတစ်ညကတော့ ဘ၀မှာ အမှတ်တရပါပဲ။ ကျွန်မက လွဲလို့  ကျွန်မတို့  အုပ်စုထဲက လူတွေ အားလုံးကို သရဲချောက်ခံရလို့ ပါပဲ။
နန်းမြိုင်မှာ ကြုံခဲ့ရတဲ့ တညတာ အကြောင်းကို နောက်မှပဲ ပြောပြတော့မယ်နော်။ အဲဒီညကတော့ ဘယ်သူမှ ကောင်းကောင်း မအိပ်ရပဲ ကျွန်မကတော့ တညလုံး လုံးဝ မအိပ်ဖြစ်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။
20.4.09 ပြင်ဦးလွင်ရဲ့  မနက်ခင်းဟာ ကြည်နူးစရာ ကောင်းပါတယ်။ ဒါပေမဲ့  ကျွန်မတို့  အုပ်စု ကတော့ ညက ကြုံ တွေ့ လိုက်ရတဲ့  အတွေ့ အကြုံ (သရဲချောက်တဲ့ အကြောင်းကို ပြန်ပြောရင်း) ဆူညံနေပါတယ်။
မနက်စာ သွားစားချိန်မှာတော့ ညက ကိစ္စဟာ ကျွန်မတို့  အုပ်စု တစ်ခုထဲ မဟုတ်ပဲ ကျွန်မတို့  အဆောင်မှာ တည်း တဲ့ အခြား ခရီးသွား အဖွဲ့ လည်း ကျွန်မတို့ လိုပဲ အချောက်ခံ ရတယ်လို့ သိလိုက်ရပါတယ်။
မနက်စာ စားပြီးတော့ မဟာအံ့ထူးကံသာ ဘုရားသွားဖူးကြတယ်။ ညက အတွေ့ အကြုံနဲ့  ဘုရားကို ဖင်ထောင်အောင် ရှိခိုးကြတယ်လေ။ ဘုရားဖူးပြီးတော့ ပြင်ဦးလွင်မြို့  တပတ် ပတ်ကြည့်ပြီး ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားခဲ့ကြတယ်။
ပွဲကောက် ရေတံခွန်တို့ ၊ ရုက္ခဗေဒဥယျာဉ်တို့ ၊ တိုင်းရင်းသားကျေးရွာတို့ က မနှစ်က လည်ဖူးပြီးသားမို့  လာတိုင်းလည်း လည်နေကြမို့  ဒီနှစ်တော့ မလည်တော့ပဲနဲ့  အချိန်ပေးပြီး ကြာကြာသွားရတဲ့ ရောက်ဖို့ ခဲယဉ်းတဲ့  ဓါတ်တော်ချိုင့် ရေတံခွန်ကိုပဲ သွားခဲ့ပါတော့တယ်။
ဓါတ်တော်ချိုင့် ရေတံခွန်က ပြင်ဦးလွင် အထွက်နားက အနီးစခန်းနားမှာပါ။
ဓါတ်တော်ချိုင့် ရေတံခွန်ကို တောလမ်းလေးကနေ ဆင်းသွားရတယ်။ အသွားက ကုန်းဆင်းဆိုတော့ ၄၅ မိနစ်လောက် သွားရတယ်။ အပြန်က ကုန်းတက်ဆိုတော့ ၁ နာရီ ၁၅ မိနစ်လောက် ကြာတယ်။
ရေတံခွန်မှာ ဓါတ်ပုံရိုက်တာ အမော ဖြေတာက ၁ နာရီလောက် ကြာတာဆိုတော့ အနည်းဆုံး ၃ နာရီလောက် အချိန်ပေးရတယ်။

ကျွန်မရဲ့ ကျန်းမာရေးကြောင့် ဓါတ်တော်ချိုင့် ရေတံခွန်ကို မလိုက်သွားနိုင်တာမို့  အသေးစိတ်တော့ ပြောမပြနိုင် တော့ဘူးပေါ့။ ဒါပေမဲ့ ရေတံခွန်ကြိးကို မြင်လိုက်ရရင် တလမ်းလုံး မောပန်းလာသမျှ ပြေပျောက်သွားရ အောင် အရမ်းကို အေးမြ လှပ ပါတယ်တဲ့နော်။
ဓါတ်ေတော်ချိုင့်က အပြန် ၂၁မိုင်မှာ ထမင်းဝင်စားပြီး မန္တလေး ဆင်းခဲ့ကြတယ်။ မန္တလေးက Swan Hotel မှာ တည်းတယ်။

Hotel Check in ၀င်လုပ်ပြီးတာနဲ့  မမှောင်ခင်မှာ အောင်တော်မူ ဘုရား၊ ကောင်းမှုတော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီး၊ မန္တလေးတောင်တို့ ကို ၀င်ပြီး ဘုရားဖူးခဲ့ကြတယ်။ ညစာ စားပြီး ဟိုတယ် ပြန်အိပ် ကြတယ်။
21.4. 09 မနက် ၅ နာရီမှာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးရဲ့ မျက်နှာသစ်တော် အမှီဝင်ဖူး ကြပြီး ရန်ကုန်ကို ပြန်လာခဲ့တာ ည ၁၁နာရီ ထိုးကာနီးမှာ အိမ် ပြန်ရောက်ခဲ့ပါတယ်။
ကျွန်မရဲ့ ခရီးသွား မှတ်တမ်းကို ၀တ္ထု တစ်ပုဒ်လို ပြောပြချင်ပေမဲ့ ကြာနေမှာစိုးလို့  ဒိုင်ယာရီ ရေးသလိုပဲ ရေးလိုက် ပါတယ်နော်။ သွားဖြစ်တဲ့ နေရာတိုင်းမှာ မာတီက သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ၊ မောင်လေးတွေ၊ ညီမလေးတွေကို သတိရရင်း ပြုခဲ့တဲ့ ကုသိုလ်မျာ်းကိုလည်း မျှဝေပါတယ်နော်။ အားလုံးနှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေနော်။

0 comments:

Post a Comment