တခါတုန်းကပေါ့
တောအုပ်လေးရဲ့ အလယ်၊ စမ်းချောင်းလေးရဲ့ဘေး၊ ချစ်စရာ တံတားခုံးလေးထိပ်မှာ သိပ်ကို ချစ်စရာ ကောင်းတဲ့ အပြာရောင် အိမ်လေးတစ်လုံး ရှိခဲ့ဖူးတယ်။
တခါတုံးကပေါ့
အဲဒီအိမ်လေးမှာ နေရာ ဒေသအစုံက ပုံစံမတူ အသွင်မတူတဲ့ လူသား ၈ဦး စတင် ဆုံတွေ့ ခဲ့ကြတယ်။ အသွင်စရိုက် စုံလင် တဲ့ လူသားတွေရဲ့ တွေ့ ဆုံခြင်းကစလို့  ခင်မင်ခြင်းတွေ အလည်အပတ် ရောက်ခဲ့တယ်။
တခါတုံးကပေါ့
သိပ်ကို ဖြူစင်တဲ့ အဖြူရောင် ချစ်ခြင်းတွေဟာ Blue House ရယ်လို့  နာမည်ပေးထားတဲ့ အပြာရောင် အိမ်လေးကို လွှမ်းခြုံ လို့ နေလေရဲ့။ သံယောဇဉ်ဆိုတဲ့ ကြိုးအထပ်ထပ် ရစ်ပတ်လို့  အိမ်လေးကို သော့ခတ် ခဲ့ကြတယ်။
တခါတုံးကပေါ့
ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ရင်း အများက အားကျ ငေးမောလောက်အောင် ညီညွတ် ခဲ့ကြတယ်။
တခါတုံးကပေါ့
ယောကျာ်းလေး ၅ယောက်၊ မိန်းခလေး ၃ယောက် တို့ ရဲ့ စနောက် ရယ်မောသံတွေဟာ စမ်းချောင်းလေး တလျှောက်၊ တောအုပ်လေး တခွင် ကြည်မွေ့ စွာ လွင့်ပြန့် နေရဲ့။
တခါတုံးကပေါ့
အတူ ရှိနေကြရာကနေ လူချင်းခွဲရလို့  ငိုကြွေးကြပေမဲ့ ဘယ်နေရာရောက်ရောက် စိတ်ချင်း နှလုံးသားချင်း နီးတယ်လို့  ခံယူ ခဲ့ကြဖူးတယ်။
အချိန်ဆိုတဲ့ ကာလယန္တရားရဲ့ ရွေ့ လျားမှုအောက်မှာ
အခုတော့
ရယ်သံတွေ ဆိတ်သုန်း၊ ကြည်နူးခြင်းတွေ ကွယ်ပျောက်၊ ပျော်ရွှင်ခြင်းတွေ နတ္ထိ၊ တိတ်ဆိတ်ခြင်းတွေ ဖုံးလွှမ်းလို့  တောအုပ် ကြီးရဲ့အလယ်မှာ အပြာရောင် အိမ်လေး တစ်လုံးထဲ အထီးကျန်စွာ ကျန်ရစ်ခဲ့ပြီ။
အခုတော့
ဖြူစင်တဲ့ ချစ်ခြင်းတွေအစား မနာလိုမှုတွေ၊ ယှဉ်ပြိုင်မှုတွေ မာနတွေ အစားထိုး ၀င်ရောက်လာခဲ့ပြီ။
အခုတော့
ပတ်ဝန်းကျင် ထိုးနှက်မှုကြောင့် မဟုတ်ပဲ အချင်းချင်းတွေ နားလည်မှုတွေ လွဲမှားခဲ့ကြပြီ။
အခုတော့
သူများတွေ မဖျက်နိုင်တဲ့ သံယောဇဉ်ကြိုးလေးတွေနဲ့ သာ ချည်နှောင်ထားတဲ့ အိမ်လေးကို ဘယ်သူမဆို အလွယ်တကူ ဖျက်စီးနိုင်တဲ့ သက်မဲ့ သော့တစ်လုံးရဲ့ တုတ်နှောင်မှုကို ခံနေရပြီ။
အခုတော့
ညီညွတ်မှုတွေ မရှိတော့တဲ့၊ ဘယ်သူမှ မလာကြတော့တဲ့၊ အဖြူရောင် ခြစ်ခြင်းတွေ ပျက်ပြယ်ခဲ့တဲ့၊ ရယ်သံတွေ ဆိတ်သုန်း သွားတဲ့ အပြာရောင် အိမ်လေးတစ်လုံးဟာ အေးစက်စက် သော့ခလောက်လေးနဲ့ အတူ ကျန်နေခဲ့ပြီ။
သက်ရှိ လူသားတွေရဲ့ ပြောင်းလဲမှုကို သက်မဲ့ အိမ်လေးက နားမလည်နိုင်စွာနဲ့  အံ့အားသင့် ငေးမော နေလေရဲ့။ အရင်က နွေးထွေးမှု တွေကို အိမ်လေးက သူတို့ အစား လွမ်းဆွတ်လို့ နေလေရဲ့။
လူတွေရဲ့ လောဘ၊ မောဟ၊ ဒေါသတွေဟာ ဖြူစင်ခြင်းတွေကို အရောင်ပြောင်းလဲစေတယ်ဆိုတာ အိမ်လေးမှ မသိတာနော်။
(တခါက အိမ်ပြာလေးသို့  လွမ်းချင်း)

0 comments:
Post a Comment