On 0 comments

အဲဒီနေ့  ၂.၁၀.၁၁ စိတ်လှုပ်ရှားစွာနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ နေ့ လေးတစ်နေ့ ပါပဲ။ MMG မှာ ကျွန်မရှိခဲ့တဲ့ သက်တမ်းတလျှောက်မှာ ရင်အခုန်ရဆုံးနေ့ တစ်နေ့ ဆိုလည်း မမှားပါဘူး။ 
 
မနက်မိုးလင်းထဲက လူစု၊ အဖွဲ့ ကို တပ်လှန့် နှိုးဆော်နဲ့  တမနက်ခင်းလုံး မအားပါဘူး။ နောက်တော့ ကိုလင်းအောင်ပြည့်အိမ်မှာ စုနေတဲ့ လူတွေကို ၀င်ခေါ်ပြီး ဟက်ပီးဝေါလ်ကို ကျွန်မတို့ သွားနှင့်ပါတယ်။ ကိုကြီးရဲ့ ကားနဲ့  ကို၃၄က အကအဖွဲ့ နဲ့  မိုးအိန်ဂျယ်တို့ ကို သွားကြိုပါတယ်။ 

ဟိုကိုရောက်တော့ လူမစုံသေးပါဘူး။ စတိတ်မန်နေဂျာ ကိုဖက်တီးက ကျွန်မတို့  ဘာတွေလုပ်ဖို့ စီစဉ် ထားလည်း မေးမြန်းပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။ ကျွန်မတို့ ကလည်း လုပ်ချင်တဲ့စိတ်ကလွဲပြီး ဘာမှ သိပ်သိတာ မဟုတ်ဘူးလေ။

ဒီတော့ ဒီပွဲမှာ ရောင်းဖို့  စီစဉ်ထားတဲ့ တီရှပ်လေးတွေကို ဖြန့် ခင်း၊ ရွှေပွဲလာ ပရိသတ်ကို ဧည့်ခံဖို့  Ocean Princess စားသောက်ဆိုင်က ပစ္စည်းတွေ နေရာချရင်း အပြင်ပရိသတ်ကို လက်မှတ်ရောင်းဖို့  ကြိုးစားကြပါတယ်။ လက်မှတ် ၁စောင်ကို ၃၀၀၀ကျပ်နဲ့ ရောင်းချတာပါ။ စတိတ်ရှိုးလည်း ကြည့်ရမယ် မုန့် လည်း စားမယ်ပေါ့။ ပွဲပိုစည်အောင် ကံစမ်းမဲ ထည့်ချင်ပေမဲ့ ဘတ်ဂျက်က အဆင်မပြေဘူးလေ။

ဒီနေ့ မှာ ဂီတပွဲမှာ လာတဲ့ ဧည့်ပရိသတ် ကို Sandwish နဲ့  ငါးအူချောင်းရယ်၊ အအေး ၁ဗူးရယ် ပေးမှာ ပါ။ ပွဲက ၁၀နာရီဆိုပေမဲ့ မနက် ၉နာရီကျော်ထဲက Sky Net က ညီမငယ် ဆင့်ဆင့်၊ Flower News ရဲ့ သတင်းထောက်ချုပ် ညီမငယ် သဲဆု၊ မရင်သွေးဦး၊ ကျွန်မရဲ့ ရုံးက မာတီက ညီမငယ် လွင်မာသန်း (Romance 135)၊ မော်မော်လင်းမာ (Phyusinthulay) ကျွန်မရဲ့ တူမငယ် ဖြူစင်သန့် တို့ နဲ့  ကျွန်မတို့ ရဲ့ Stage Show အ၀င်ဝ ကောင်တာလေးကို ဖွင့်လှစ်ခဲ့ပါတယ်။ 

အစားအသောက် ဝေမဲ့ အဖွဲ့ ကလည်း ရောက်နေပါပြီ။ လာတဲ့သူတွေက မုန့် နဲ့ အအေးဘူး ယူပြီး ၀င်ထိုင် လို့ ရပါပြီ။ ကလေးအမေတချို့ က သူတို့ ရဲ့ ကလေးတွေအတွက် လက်မှတ် ၀ယ်ပြီး ၀င်ထိုင်နေကြပါပြီ။ ကျွန်မတို့  အဖွဲ့ ဝင်တွေလည်း တဖြည်းဖြည်းနဲ့  လူစုံလာပြီ။ တချို့ က အ၀င်ဝမှာ မလာတတ်လို့  လှမ်းဖုန်း ဆက်ရင် သွားပြေးကြိုပေး၊ လူတွေ နေရာချနဲ့  မအားကြပါဘူး။

အဆိုတော်တွေလည်း ရောက်တဲ့သူ ရောက်နေပါပြီ။ ဒါပေမဲ့ ကိုနေရောင် ကြိုလာမဲ့ အဆိုတော် တဖွဲ့ မရောက်သေးပါဘူး။ အဆိုတော်တွေ မစုံသေးပဲနဲ့ လည်း မစရဲသေးပါဘူး။ တော်ကြာ ရှေ့ က ပြီးနေပြီး နောက်က ရောက်မလာရင် .................။

ဒီအချိန်မှာ ငိုအားထက် ရယ်အားသန် အဖြစ်အပျက်တစ်ခု ထပ်ရှိနေပါသေးတယ်။ ဒါသည်လည်း ပွဲမစနိုင်ရသေးတဲ့ နောက်တစ်ကြောင်းပေါ့။  TV ကနေ တိုက်ရိုက်ပြမယ်လို့  ပြောခဲ့ရုံသာမက MMG Guestbook မှာပါ Sky Net ကြည့်ကြပါလို့  ခပ်တည်တည် ရေးခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့ က လုံးဝ ပေါ် မလာသေးပါဘူး။ ဆင့်ဆင့်ခမျာမှာလည်း သူ့ အဖွဲ့ မလာသေးတော့ မျက်နှာလေးငယ်ငယ်နဲ့  ဟိုဆက် ဒီဆက်ပေါ့။ (နောက်မှ သိရတာက Sky Net ကပွဲချိန်ကို နေ့ လည် ၁နာရီမှ ထင်ပါသတဲ့လေ)
စိတ်မော ပူပင်နေတဲ့ကြားကပဲ အချိန်က ၁၀နာရီခွဲသွားပြီ။ ပွဲချိန်ယူထားတာက ၁၀နာရီက ၁၂နာရီ။

စတိတ်မန်နေဂျာကလည်း စစေချင်နေပြီ။ တကယ်လို့  ကျွန်မတို့ နောက်ကျရင် သူ့ ပွဲမှာ ကသီမှာလေ။ အနောက်က နားနေခန်းထဲမှာ အစီအစဉ်တင်ဆက်သူ၂ဦးကို ကိုလင်းအောင်ပြည့်က အမြန်လေ့ကျင့် ခိုင်းနေပါတယ်။ ကိုနေရောင်ကိုလည်း ဖုန်းတဂွမ်ဂွမ်နဲ့  သူဆက်လိုက် ကျွန်မ ဆက်လိုက်ပေါ့။
၁၁နာရီထိုးလုမှာ အစီအစဉ် စတင်ပါတယ်။ စစချင်းမှာ ကိုသူရိန်က MMG အဖွဲ့ ရဲ့ ဦးတည်ချက်ကို ရှင်းပြ ပါတယ်။

သူစကားတက်ပြောတော့မှ စောစောက ပြေးရလွှားရလွယ်အောင် ၀တ်ထားတဲ့ အ၀တ်အစား ကပိုကရိုကို အပြေးအလွှား သွားချွတ်ပြီး မြန်မာအကျီပြေးဝတ်ရပါတယ်။ ကျွန်မက အဖွဲ့ ရဲ့ လှူတန်းခဲ့တဲ့ လုပ်ဆောင် မှုတွေကို ပြောပြရမှာပါ။ ကိုလင်းအောင်ပြည့်နဲ့  ကိုသူရိန်က ကျွန်မကို တချိန်လုံး အမ မှတ်မိ တယ်နော်။ ပြန်ပြောကြည့်နဲ့  လုပ်နေပါတယ်။

ဒီလိုနဲ့  ကျွန်မအလှည့်ကို ရောက်လာပါတယ်။ တကယ်တမ်းကျတော့ MMG နဲ့  ပတ်သက်တာ ပြောရ မယ်ဆိုရင် ဘာစာရွက်မှ မလို စိတ်ထဲမှာ အမြဲရှိပြီးသား။ ဘယ်အချိန်ထပြောပြော ရပါတယ်။ ဒါပေမဲ့ ကျွန်မ တက်ပြောချိန်မှာ အဆိုတော်တွေလည်း ရောက်ပြီ။ အကအဖွဲ့ လည်း ရောက်ပြီ။ ဒီတော့ မျှော်နေ ရတဲ့ အပူလုံးကြီးကတော့ ကျသွားပြီပေါ့။ သူတို့ လူစုံပြီဆိုရင် ဖျော်ဖြေရေး အစီအစဉ်စလို့ ရပြီဆိုတဲ့ စိတ်ကရှိနေတော့ စကားပြောရတာ မဖြောင့်တော့ပါဘူး။
ဒီတော့ လက်ထဲကိုင်သွားတဲ့ အကြမ်းစာရွက်ကလေးကို ကြည့်ပြီး အမြန်ဝရုန်းသုန်းကား ပြောချ လိုက်တော့ တီဗွီက သတင်းကြော်ငြာသူတွေနဲ့  သိပ်မထူးတော့ဘူး။ စကားပြောရင်း အောက်က ပရိသတ် ကိုကြည့်လိုက် ၀င်ပေါက်ကိုကြည့်လိုက်နဲ့  စိတ်ကလည်း လူသိပ်မ၀င်သေးဘူးနော်။ ပွဲစည်ပါ့မလားဆို တဲ့ သောကကလည်း ထားမိနေပါသေးတယ်။
ကျွန်မ ခပ်မြန်မြန် နိဂုံးချုပ်ပြီး ဆင်းလာတော့ ကိုလင်းအောင်ပြည့်က ဖျော်ဖြေရေးစမယ်လို့  ပြောပါတယ်။ ဒါကြောင့် မိုးအိန်ဂျယ်နဲ့  ကိုသစ်တို့  စင်ပေါ်တက်ပြီး Dancer အဖွဲ့ ကို ဖိတ်ခေါ်ပါတယ်။ နဂိုအစီအစဉ်က ကျွန်မစကားပြောပြီးရင် ကိုလင်းအောင်ပြည့်က ပရဟိတခရီးစဉ်တွေမှာ သွားခဲ့ရတဲ့ အခက်အခဲတွေ၊ အတွေ့ အကြုံတွေကို ပြောဖို့ ပါ။ ဒါကို ခဏ ကျော်လိုက်ပါတယ်။
ရယ်စရာပြောရရင် ဖျော်ဖြေရေး အစီအစဉ်လည်း စရော လူတွေက ၀င်လာကြပါတယ်။ အ၀တ်အစား အမြန် ပြန်လဲပြီး အပေါက်ဝကို ပြေးရပါတယ်။ လက်မှတ်ဝယ်ထားသူရော ကြည့်ချင်သူတွေကိုပါ ၀င်ခိုင်း လိုက်တဲ့အခါ ချက်ချင်း ရုံပြည့်လု ဖြစ်သွားပါတော့တယ်။ ဘာပဲပြောပြော ပွဲအစက လှသွားပါပြီ။
စစချင်းမှာ အကအဖွဲ့ နဲ့  စတင်ပါတယ်။ Champion of the Dance အစီအစဉ်မှာ ဆုရထားတဲ့ အမျိုးသားအဖွဲ့ နဲ့  စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်မတို့  မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း ဆိုင်းသံ ကြားတော့ လူတွေက မြူးကြွ သွက်လက်လာသလို လူလည်း ပိုများလာပါတယ်။

အဆိုတော်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖျော်ဖြေနေပါတယ်။ ခန်းမကြီးလည်း လူပြည့်လု ဖြစ်သွားပါပြီ။ ကျွန်မတို့ အဖွဲ့ လည်း ဧည့်သည်တွေ ကြိုဆို နေရာချထားရင်း ခုမှ ဟင်းချနိုင် တော့တယ်။
                


0 comments:

Post a Comment