ပင်ပင်ပန်းပန်းနဲ့  အိပ်လိုက်တာ Morning Call ခေါ်မှပဲ နိုးပါတော့တယ်။ ရေမိုးချိုး အလှပြင်ပြီး Breakfast ဆင်းစားရင်း တခါထဲ Coral Island ကို သွားဖို့  အထုတ်တွေ ယူပြီးဆင်းလာခဲ့ပါတယ်။ မနေ့ ထဲက သဲဖြူ ကျွန်းကို သွားရင် ရေစိုမှာမို့ လို့  အ၀တ်အစား အပိုထည့်လာဖို့  မှာထားပါတယ်။ Breakfast စားပြီးတော့ ကျွန်မတို့ တွေ ဟိုတယ်ကနေ ကားတွေနဲ့  ပတ္တရားကမ်းခြေက Speed Boat စီးမဲ့နေရာကို မိနစ် ၃၀လောက် သွားရပါတယ်။ ကားပေါ်ရောက်တာနဲ့ တစ်ယောက်ကို မျက်နှာသုတ်ပုဝါ ၁ထည်ဆီ ပေးပါ တယ်။ သဲဖြူကျွန်း မှာ ရေကူးချင် ကူးလို့ ရအောင်ပါ။
ပတ္တရားကမ်းခြေ Speed Boat တွေ ထွက်တဲ့နေရာကနေ ၁၀မိနစ်လောက် သွားရတဲ့ နေရာမှာ ဘော တံတားလေးတွေ အများအပြား ရှိပါတယ်။ ရေလယ်မှာ ဘောတံတားလို ကုန်းဘောင်နဲ့  လုပ်ထားတာပါ။ အဲဒီမှာ Glider ခေါ် လေထီးတွေ၊ မိုးပျံပူဖောင်းတွေကို လူကိုယ်မှာ ချိတ်တွယ်ပြီး Speed Boat နဲ့  ဆွဲပြီး လိုက်စီးတဲ့ ဟာတွေရှိပါတယ်။
အဲဒီလို စီးချင်တဲ့သူတွေက နာမည်စာရင်းပေး၊တန်းစီ၊ ပြီးရင် အသက်ကယ် အင်္ကျီ Life Jacket တွေ ၀တ်ပြီးစောင့်၊ ကိုယ့်အလှည့်ကျရင် ကိုယ်မှာ စက်လှေနဲ့  ချိတ်ထားတဲ့ လေထီးအတွဲကြီးတွေ ချိတ်ပြီး သူတို့  က အရှိန်နဲ့  ဘောပေါ်ကနေ တွန်းလွှတ်လိုက်တာပါပဲ။ တွန်းလိုက်တဲ့အရှိန်နဲ့  လေထီးက ပွင့်သွားပြီး စက်လှေက ဆွဲတဲ့ အရှိန်နဲ့  လေထဲမှာ ပျံဝဲနေတာမျိုးပါ။ တစ်ခါစီးရင် ဘတ်၃၅၀ ပေးရပါတယ်။ စီးကြည့် ချင်ပေမဲ့ အဲလောက် မစွန့် စားရဲလို့  သူများစီးတာကိုပဲ ငေးမောခဲ့ကြောင်းပါ။
ပြီးတော့ အဲဒီနေရာကနေ မိနစ် ၃၀လောက် Speed Boat ထပ်စီးတော့ သဲဖြူကျွန်းကို ရောက်ပါတယ်။ Speed Boat စီးရတာ အရမ်း အသည်းယားဖို့ ကောင်းပါတယ်။ သူတို့ က တအားမောင်းတာမို့  တချက် တချက် စက်လှေစောင့်ရင် လူကို မြောက်မြောက်တက် သွားတာပါပဲ။ လှေဦးမှာထိုင်တော့ ပိုသိရပါတယ်။
Coral Island ကိုရောက်တော့ ရေက ကြည်လင်လှသလို သဲလေးတွေက ဖြူဆွတ်ပြီး အရမ်းကို လှပပါ တယ်။ ရေထဲကနေ ဆင်းလျှောက်ရတာမို့  ဘောင်းဘီတွေ စိုပါတယ်။ ဒီမှာ ရေချိုးချင် ချိုး၊ ဈေးဝယ်ချင် ၀ယ် အေးအေးဆေးနားဖို့  အချိန် ၂နာရီလောက် ရပါတယ်။ ကျွန်မကတော့ အ၀တ်လဲရ၊ ရေပြန်ချိုးရတာ ဒုက္ခရောက်မှာစိုးလို့  ရေဆင်းမချိုးတော့ပါဘူး။ ဈေးတန်းတလျှောက် လျှောက်ငေးရင်း ပုဇွန်ကင်နဲ့  အုန်းရည် နဲ့  ၀ယ်သောက်ပါတယ်။ ဈေးဆိုင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးမေးလိုက် မြန်မာငွေနဲ့  တွက်ကြည့် လိုက် ပြန်ချလိုက်နဲ့  အချိန်ဖြုန်းပါတယ်။ ပတ္တရားက ဈေးသည်တွေကတော့ ဈေးတွေ အရမ်းအော်တာပါပဲ။
နေ့ လည် ၁၁နာရီကျော်တော့ မနက်စာကို Coral Island VT Restaurant မှာ Sea Food တွေနဲ့  နေ့ လည် စာ ကျွေးပါတယ်။ အဲဒီ မှာ ကျောက်ပုဇွန်၊ ရေချိုပုဇွန်၊ ရေငန်ပုဇွန်၊ ဂဏန်း အားလုံးကို ပြုတ်ထားပါတယ်။ ငါး ကိုတော့ အချိုကြော်ထားပါတယ်။ ပြောင်းဖူးပြုတ်တွေလည်း ပါပါတယ်။ တတ်သည့်ပညာ မနေသာ ဆိုသလို ပဲ ကိုယ့်ဝိုင်းက လူတွေကို ကျောက်ပုဇွန်တွေ ခွာပေးလိုက်၊ ဂဏန်းတွေကို အထီး၊ အမ ခွဲပြလိုက်နဲ့  မသိတဲ့ သူတွေကို ဆရာလုပ်တာပေါ့။
ပင်လယ်စာတွေ အားပါးတရ စားသောက်ကြပြီးတော့ နေ့ လည် ၁၂နာရီကျော်မှာ ပတ္တရာကို Speed Boat စီးပြီး ပြန်ကြပါတယ်။ ကမ်းခြေ ရောက်တော့ သူတို့ ထုံးစံအတိုင်း Speed Boat ပေါ်တက်တဲ့ပုံတွေကို ဓာတ်ပုံ ရိုက်ထားတာကို ပလပ်စတစ် မှန်ဘောင်သွင်းပြီး ရောင်းပါတယ်။ ထုံးစံအတိုင်း ဘတ် ၁၀၀ပေါ့။ ပြောရ မယ်ဆိုရင် သိပ်မလှပါဘူး။ လှေပေါ် ကုန်းရုန်းတက်နေတာကို ရိုက်ထားတာ ဆိုတော့လေ။ ကိုယ့်ပုံကို သူများ ဆီမှာ ချန်မထားခဲ့ချင်တဲ့ စိတ်နဲ့ ပဲ သိပ်မလှပေမဲ့ ရွေးလိုက်မိရော ဆိုပါတော့။
ကမ်းခြေက ပြန် ကားပြန်စီးပြီး နေ့ လည်ခင်း ၁နာရီလောက်မှာ The Zign Hotel ကို ပြန်ရောက်ပါတယ်။ ဟိုတယ်မှာ ရေမိုးပြန်ချိုးပြီး တခါထဲ Check out လုပ်ပြီး ပြန်ထွက်ပါတယ်။ ပတ္တရာမြို့ က နာမည်ကြီး Outlet Mall Shopping Centre မှာ ဈေးဝယ်ဖို့  ပို့ ပေးမှာပါ။ Shopping မပို့ ခင် Gems Gallery တစ်ခုကို လိုက်ပို့  ပါတယ်။
The World’s Biggest Jewelry Store (BANKOK, CHIANGMAI, PHUKET, PATTAYA) လို့ တော့ ရေး ထားပါတယ်။ အဲဒီ ကျောက်မျက် ပြတိုက်အတွင်းမှာ လူ ၁၅ယောက်စီး ရထားငယ်နဲ့  လှည့်လည်လို့  ကျောက်မျက် တူးဖော်ပုံ အဆင့်ဆင့်ကို ပြခန်းများနဲ့ လှည့်ပတ်ပြသပါတယ်။
ရထား အနည်းငယ်သွားလိုက် ပြကွက်တစ်ခု ရှေ့ ရောက်ရင် မီးတွေလင်းလာပြီး ရှင်းပြလိုက်နဲ့  ၁၅မိနစ် လောက် ကြာပါတယ်။ နောက်ပြီးတော့မှ သူတို့ ရဲ့ ကျောက်မျက်ပြတိုက်ထဲမှာ လိုက်ကြည့်ပြီး အလို ရှိရာ ၀ယ်နိုင်ပါတယ်။ ကျွန်မလည်း ဘယ်ရမလဲ သူတို့ ရဲ့ ပြတိုက်မှာ ၀ယ်ဖူးတယ်ရှိအောင် 925 ကို ပုလဲ လော့ကက်နဲ့  ဆွဲကြိုးလေးတစ်ကုံးကို ဘတ် ၁၅၀၀ ပေးပြီး ၀ယ်ခဲ့ပါတယ်။
သူတို့ ဆီက အိတ်လေးဆွဲပြီး ထွက်လာတာ ကားပေါ်ရောက်တော့ အားလုံးက အထင်တကြီး ဘာဝယ်လာ တာလဲတဲ့။ ဟ ဟ ဘယ်ရမလဲ။ ခဏလေးပဲ အထင်ကြီး ခံရ ခံရပေါ့နော်။
ကျောက်မျက်ပြတိုက်က ပြန်တော့ ပတ္တရားရဲ့ နာမည်ကြီး Outlet Mall Shopping Centre ကို ပို့ ပေးပါ တယ်။ ဈေးဝယ်ဖို့ လည်း အချိန် ၂နာရီပေးပါတယ်။ အဲဒီမှာ နာမည်ကြီး ကမ္ဘာကျော် Brand အားလုံး ရပါ တယ်။ ဈေးကတော့ လန်ထွက်နေတာပါပဲ။ ဒါနဲ့  တပတ်ပတ် လျှောက်ကြည့်ပြီး အားလုံးကို Window Shopping ပဲလုပ်လိုက်ပါတယ်။
Brand တွေ ကြည့်ပြီးတော့ နောက်ထပ် အဆောက်အဦးတစ်ခုက Shopping Centre ကို အကူး ဘာပဲလုပ် လုပ် တစ်ခုခု ဖြစ်နေကျ ကျွန်မ ထုံးစံအတိုင်း စီးထားတဲ့ ဒေါက်ဖိနပ်က သံမံတလင်းမှာ ချော်ပြီး ပုံပျက် ပန်းပျက် ပြုတ်ကျတော့တာပါပဲ။ နာလိုက်တာမှ အရမ်း။ ဘေးနားက ရှိသူတွေက ကမန်းကတန်း ဆွဲထူပြီး ထ ထ ပြောနေပေမဲ့ ကျွန်မ တော်ရုံနဲ့  မထနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ဒီခြေထောက်က ကျိုးတာ ၃ကြိမ် ရှိပါပြီ။ ထလည်းထနိုင်ရော လမ်းလျှောက်လို့  မနိုင်လောက်အောင် ခြေထောက်က နာနေပါပြီ။ နီးစပ်ရာ ကော်ဖီ ဆိုင်လေးမှာ ထိုင်ပြီး လုံးဝ နားလိုက်ရပါတော့တယ်။ ထိုင်နေရင်းနဲ့ ကို ခြေထောက်က ရောင်လာပြီလေ။
ဒီတော့ ဈေးဝယ်ဖို့  ၂နာရီ အချိန်ပေးတာက ပြုတ်ကျတာနဲ့ တင် ဘာမှ မ၀ယ်ဖြစ်လိုက်ပါဘူး။ သူများမှာတဲ့ Samsaung ခေါက်ဖုန်းလေး တစ်လုံးပဲ မှတ်မှတ်ရရ ပါခဲ့ပါတယ်။ ကားပေါ်တက်တော့ ယိုင်တိုင်တိုင် ထော့နဲ့  နဲ့ ပေါ့။ ကားပေါ်က လူတွေထဲမှာ ကျွန်မ ချော်လဲတာ တွေ့ တဲ့သူတွေ ရှိတော့ ကားပေါ်တတ်တာနဲ့  ဘယ်လို နေသေးလဲ။ ဘာဆေးပါလဲ။ ဆေးလူးမလားဆိုပြီး ၀ိုင်းဂရုစိုက် ကြပါတယ်။ သိတယ် မဟုတ်လား။ ဘယ်သွားသွား အရာရာနဲ့  အကြောင်းကြောင်းလေ။
ဈေးဝယ်ပြီး ပြန်ထွက်လာကျတော့ ညနေ ၆နာရီထိုးလုပြီ။ ဘန်ကောက်ကို ၁နာရီ ၃၀မိနစ်လောက် ကားစီးရ မယ်လို့  ဂိုက်က ပြောပါတယ်။ အားလုံးက မောမောနဲ့  ကားပေါ်မှာ အေးအေးဆေးဆေး အိပ်ငိုက်လာကြ တာပေါ့။ ကျွန်မသာ ခြေထောက်နာနေလို့  လှုပ်မရ လှည့်မရ။ တွေ့ တဲ့ဆေးလူးပြီး စနိုးတာဝါလေးကို ပတ်တီး လုပ်စီးလာရတာ။
ဒီလိုနဲ့  ကျွန်မတို့  အဖွဲ့ ဟာ ဘန်ကောက်မြို့ ထဲကို ည ၇နာရီ ၃၀မိနစ်လောက်မှာ ၀င်လာခဲ့ပြီး ညစာ ဘူဖေး စားရမဲ့ Bangkok Chada Hotel ကို ၇နာရီ ၄၅မိနစ်လောက်မှာ ရောက်ပါတယ်။ အဲဒီဟိုတယ်မှာ ညစာ ဘူဖေး စားသောက်ပြီးမှ ကျွန်မတို့  နားရမဲ့ ဘန်ကောက်မှာ နေစဉ်အတွင်းမှာ နေရမဲ့ Riverfront Residence ကို ည ၉နာရီမှာ ရောက်ပါတယ်။
အားလုံးက တနေကုန် ပင်ပန်းပြီး နားချင်နေကြပါပြီ။ ဒီတော့ ကားပေါ်က ဆင်းတာနဲ့  ကိုယ့်အထုတ်ကိုယ် ဆွဲပြီး Check In ၀င်ဖို့  ဟိုတယ်ထဲကို သွားဖို့  စိုင်းပြင်းနေကြပါပြီ။ ဒီမှာ ပြောစရာ ရှိတာက ဟိုတယ်က ဒီ Residence ရဲ့ နောက်ဆုံး မြစ်ကမ်းနားဘေးမှာပါ။ ဟိုတယ်အ၀အထိ ကားသေး သွားလို့ ရပေမဲ့ ကျွန်မတို့  ကားကြီးတွေ ၀င်လို့  မရပါဘူး။
ဒါကြောင့် အထုတ်တွေကို ကိုယ့်ဘာသာကိုယ်ဆွဲ ဒါမှမဟုတ် ဟိုတယ်က ၀န်ထမ်းတွေ လာကြိုတာကို စောင့် ဒီ၂ခုပဲ ရှိပါတယ်။ ဟိုတယ်က လာကြိုတာကို စောင့်ရအောင်ဆိုတာကလည်း လူ၁၁၀ လောက် တပြိုင်ထဲ Check In ၀င်ကြတာမို့  သူတို့ မှာလည်း မနိုင်ပါဘူး။ ဒီတော့ ကိုယ့်အထုတ် ကိုယ်ဆွဲ ၁၀မိနစ်လောက် လမ်းလျှောက်ရုံမှ တပါး အခြားမရှိတော့ပြီလေ။ ဧည့်ခန်းကို ရောက်အောင် ၁၀မိနစ်လောက် လျှောက်ရပါ တယ်။
အဲဒီမှာ ကျွန်မက ဒုက္ခ စရောက်တော့တာပါပဲ။ လောလောလတ်လတ် ချော်လဲလာတဲ့ ဒေါ်မေဇူး တစ်ယောက် တိုင်ပတ်တာပေါ့။ ကိုယ့်အထုတ် ကိုယ်ဆွဲတာ လမ်းတဖြောင့်တည်းဆို ကိစ္စမရှိပေမဲ့ ဟိုတယ်အ၀င် လမ်း တစ်လျှောက် အထစ်တွေ ရောက်တိုင်း အထုတ်ကို မ, မပြီး တက်ရတာ မလွယ်ကူလှပါဘူး။ လမ်းမှာတွေ့  တဲ့သူတိုင်းကတော့ ရရဲ့လား ညီမလေးလို့  မေးပေမဲ့ သူတို့ လည်း ကိုယ့်အထုတ်နဲ့  ကိုယ်မို့  မကူညီနိုင်ပါဘူး။
အဲဒီတော့ နာကျင်မှုက မျက်ရည်ဝဲသည်မှ ကျလုထိ ဖြစ်လာချိန်မှာမှ တစ်ယောက်ယောက်က ပြောလိုက်လို့  သိသွားဟန် တူတဲ့ ဂိုက်က ရောက်ဖို့  သုံးပုံတစ်ပုံလောက် အရောက်မှာ လာပြန်ကြိုတာကြောင့် နည်းနည်း သက်သာသွားပါတယ်။ ဧည့်ခန်းရောက်တော့လည်း အခန်းတွေ ခွဲတာ စိတ်ရှည်လက်ရှည်စောင့်၊ ပြီးတော့ လည်း ဓာတ်လှေခါးစောင့်နဲ့  အခန်းကို ရောက်တော့ ည ၁၀နာရီကျော်နေပါပြီ။
တနေကုန် ပင်ပန်းလာတဲ့ ကျွန်မကို အမောပြေသွားစေတာကတော့ အခန်းထဲ ရောက်တယ်ဆိုရင်ပဲ ၀ရန်တာ လိုက်ကာ ဖွင့်လိုက်တာနဲ့  မြင်လိုက်ရတဲ့ မြင်ကွင်းလေးပါ။ ၁၁ ထပ်မှာရှိတဲ့ ကျွန်မတို့  အခန်း တည့်တည့်မှာ မီးရောင်စုံတွေနဲ့  အရမ်းကို လှပတဲ့ ကြိုးတံတားတစ်ခု၊ မြစ်တစ်စင်းနဲ့  အရှေ့ က မြင့်မားတဲ့ ကွန်ဒို တစ်ခု။ အခန်းလေးကို ရှေ့ မျက်နှာစာ မြင်ကွင်းနဲ့ တင် တော်တော် ကျေနပ်သွားစေပါတယ်။ အခန်းထဲမှာလည်း စတိုခန်း၊ အ၀တ်လဲခန်းအပြင် ချက်ပြုတ် စားချင်ရင်တောင် စားလို့ ရတဲ့ Oven တွေ၊ Microwave မီးဖိုနဲ့  ပန်းကန် ခွက်ယောက် အစုံအလင် ပြည့်စုံစွာ ပါရှိပါတယ်။
ကျွန်မပြုတ်ကျလို့  ခြေထောက်နာသွားတာကို အားလုံးက တွေ့ သွားကြတော့ ဂိုက်ကောင်မလေး က ကျွန်မ ဒဏ်ရာကို တစ်ခေါက် လာကြည့်ပြီး ဆေးသွားယူပါတယ်။ နောက်တော့ လိမ်းဆေးယူပြီး ပြန်လာပြီး သူ ကိုယ်တိုင် ဆေးလာလူးပေးပါတယ်။ နောက်ရက် တွေမှာလည်း ကျွန်မကို ဂရုတစိုက်နဲ့  ဖေးဖေးမမ ကူညီပါတယ်။ သူ့ နာမည်က Miss Peng ပါ။ ချစ်စရာကောင်းတဲ့ ယိုးဒယားမ ချောချောလေးပါပဲ။
အဲဒီနေ့ ကလည်း ပင်ပန်းတာရော ခြေထောက်နာတာရော ပေါင်းပြီး ဆေးသောက် ကြိတ်မှိတ် အိပ်ခဲ့ရ ပါတယ်။ ခရီးစဉ်ရဲ့ ဒုတိယနေ့ လေးပေါ့နော်။

8 comments:
မမမေ အခုကောခြေထောက်သက်သာရဲ့လား။ မမ ဂရုစိုက်ဦးနော်။ ဒဏ်ဖြစ်သွားမှာစိုးလို့။
ညလေးလည်း၂၀၀၉တုန်းက ခြေတောက်အရိုးအက်တာ အခုထိပြန်ပြန်နာတုန်းဗျ။ မမလည်း မပေါ့နဲ့နော်။ဓါတ်မှန်ရိုက်ကြည့်သေးလားမမ။ ဆရာဝန်ကဘာပြောလည်းမမ။
ဂရုစိုက်ပါဗျို့။
ဖတ်သွားပါတယ် မမေ .... အနာတရဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး .... ဂရုစိုက်ပါနော်....
မမမေ မှတ်တမ်းတွေ လာ ကြည့်ပါတယ်နော်
အနာတရဖြစ်သွားတာလေး ဂရုစိုက်ဦးနော်
ပျော်ရွှင်ကျန်းမာပါစေ...
ခုတော့ ကောင်းသွားပြီ ညလေးရေ
သိတဲ့အတိုင်းပဲ။
လုပ်လိုက်ရင် အရာရာနဲ့  အကြောင်းကြောင်းလေ။
ပုံတိုင်းမှာ ပတ်တီးလေးနဲ့ လေ ဟ ဟ
ဟုတ် ညီမလေး စိတ်ပူပေးတာ ကျေးဇူးနော်
ဟုတ် ညီမလေး စိတ်ပူပေးတာ ကျေးဇူးနော်
ဟုတ် ညလေး စိတ်ပူပေးတာ ကျေးဇူးနော်။
ဟုတ် ဂရုစိုက်တာ ကျေးဇူး
Post a Comment