On 0 comments



ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို ချစ်သူများနေ့  Valentine Day ရယ်လို့  အများက တင်စား သတ် မှတ်ခဲ့ကြတာ သိပ်မကြာသေးပေမဲ့ သူ့ အတွက်ကတော့ နှစ်ပေါင်းများစွာ ကြာမြင့်သည့် ဟိုးအရင်အချိန်များထဲကပင် အမှတ် တရပေါင်းများစွာ၊ မမေ့နိုင်သော ကိစ္စပေါင်း များစွာကို ထိုနေ့ တွင် ဖြစ်တည်စေခဲ့သည်လေ။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို Valentine Day ရယ်လို့  မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ် မရှိသေးခင်၊ လွန်ခဲ့ သော နှစ်(၃၀) ၀န်းကျင် ကာလ၏ သက္ကရာဇ် တစ်ခုတွင် သူ့ ကို မွေးဖွားခဲ့သည်။

သူအရွယ်ရောက်လာသောအချိန်မှာတော့ သူ့ ဘ၀အတွက် ချစ်ခြင်းများကို သယ်ဆောင်လာပေးသော ကောင် မလေးတစ်ယောက်ကို ဆောင်းနှင်းဝေသော ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၏ မနက်ခင်းတစ်ခုတွင် စတင် ဆုံတွေ့ ခွင့်ရစေခဲ့သည်။ မှတ်မှတ်ရရ သူတို့  နှစ်ဦး ဆုံတွေ့ ခဲ့ပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့  တွင် သူချစ်သော ကောင်မလေးထံမှ ချစ်အဖြေကို အမှတ်တရ မွေးနေ့ လက်ဆောင်အဖြစ် သူ ရရှိခဲ့သည်။

ထို့ အတူ ချစ်သူသက်တမ်း လေးနှစ်ပြည့်ခါနီး ဆောင်းမနက်ခင်းလေးတစ်ခုတွင် သူ အရူးအမူး ချစ်ခင်မြတ်နိုး ခဲ့ရသော၊ သူ့ ကိုလည်း အရမ်းချစ်ခဲ့သော ကောင်မလေးကို သူ့ ဆန္ဒမပါပဲ ရက်စက်စွာ စွန့် ခွာခဲ့ရသည်။ ကံကြမ္မာ က တိုက်ဆိုင်စွာပင် သူ့ ဘ၀အတွက် အမြဲတမ်း အမှတ်တရဖြစ်စေခဲ့သော ထိုဖေဖော်ဝါရီလ (၁၄) ရက်နေ့  မှာပင် သူ့ ကို သူ,မချစ်သော အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်စေခဲ့ပြန်သည်။ သူ့ ဘ၀အတွက် ပြောင်းလဲ မှုတို့ ကို စတင်သယ်ဆောင်လာသော အနာဂတ်တစ်ခု၏ နိးဒါန်းအစပင်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မှာပင်

************************


“မေရေ ယူ့ အမျိုးသားလေ အနီရဲရဲနှင်းဆီပန်းစည်းတစ်ခုကို ကိုင်ပြီး Floral Serviceတစ်ခုထဲက ခုပဲ ထွက်သွား တာ မြင်လိုက်တယ်။ ဒီနေ့  ယူ့ မွေးနေ့ မဟုတ်တာတော့ သေချာပါတယ်နော်။ ဒါဆိုရင် ဘာအထိမ်းအမှတ်နဲ့  သူ မင်းအတွက် ပန်းစည်းလာဝယ်တာလဲ။ ချစ်သူများနေ့ အထိမ်းအမှတ်နဲ့ လား။ ဒါမှမဟုတ်မင်းတို့ ရဲ့ မင်္ဂ လာ နှစ်ပတ်လည်နေ့ အတွက်လား။ ဒါဆိုရင်တော့ ယူ့ ယောကျာ်းက ဘယ်ဆိုးလို့ လဲ။ မိဘ ပေးစားလို့  ယူထားကြတယ် ဆိုပေမဲ့ ယူ့ ကို ဂရုတစိုက် ရှိသား၊ ချစ်သားပဲနော်။”

သူငယ်ချင်း မိုးမိုးရဲ့ စကားကို ကြားရထဲက ရင်ခုန်စွာ မျှော်လင့် နေမိခဲ့တာပါ ကို။ ဟုတ်ပါရဲ့ ဒီနေ့ ဟာ မေနဲ့ ကို လက်ထပ်ခဲ့တာ တစ်နှစ်ပြည့်တဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့ ပဲ။ မေတောင် မေ့နေခဲ့တဲ့ ကိစ္စကို ကိုက သတိတရ ရှိနေခဲ့တဲ့ အတွက် ကျေးဇူးပါနော်။

မိဘ ပေးစားလို့  မေတို့ နှစ်ယောက် လက်ထပ်ခဲ့ ကြခြင်း ဖြစ်ပေမဲ့ သူမ စိတ်ထင် သူမကို ချစ်သူ တစ် ယောက်လို မချစ်နိုင်သော်လည်း ကိုသည် သူမ ဘ၀အတွက် ယုံကြည်၊ စိတ်ချ၊ လေးစား၊ အားထားစရာ ကောင်းသော ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ခဲ့တာကတော့ အမှန်ပင် ဖြစ်သည်။

ချစ်သူ မရှိခဲ့ဘူးသော သူမအတွက် ကတော့ ကို့ ရင်ခွင်သည်သာ အလုံခြုံဆုံး၊ အငြိမ်းချမ်းဆုံး၊ နားခို ရာ နေရာကောင်း တစ်ခု ဖြစ်ခဲ့ပါသည်။ ကို့ မှာ သူမထက် အရင် ချစ်သူ တစ်ယောက် ရှိခဲ့ပြီး ထို ချစ်သူကို ကို အရမ်း ချစ်ခဲ့ကြောင်း၊ မိဘတွေ သဘောမတူလို့  ကိုတို့ လမ်းခွဲ ခဲ့ရကြောင်း တွေကိုတော့ ကို့  သူငယ်ချင်း ပြော ပြ၍ လက်မထပ်မီကပင် မေ သိခွင့် ရခဲ့ပါသည်။

လက်ထပ်ပြီးချိန်မှာ ကို့ ကို သူ့ ချစ်သူ အကြောင်းမေးမိတော့

“ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်နိုင်မယ်ဆိုရင် ဒီကိစ္စကို မမေးပါနဲ့ တော့။ အတိတ်ကို အတိတ်မှာ ပဲ ထားခဲ့ပြီ” တဲ့။

ကို့ ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သော ဆန္ဒ၊ စိတ်ချ ယုံကြည်မှု တစ်ခုတို့ နှင့် အတူ သူမ ဘယ်တော့မှ ဒီအကြောင်းကို ထပ်မမေး ဖြစ်တော့ပါ။ ခုချိန်မှာတော့ သူမ ကိုယ်တိုင်လည်း ကို့ ကို နင့်နင့် သီးသီး ချစ်နေခဲ့ ပြီလေ။ သက်ဆိုင်မှု မရှိတော့သော အကြောင်းအရာ တစ်ခုအတွက် ပြန်ပြောင်း ပြောဆို သ၀န်တို မတိုတတ်သော သူမရဲ့ အကျင့်တို့ ကြောင့်လည်း ထိုအကြောင်းအရာသည် သူမတို့ အတွက် မေ့မေ့ ပျောက်ပျောက်ပင် ဖြစ်နေခဲ့ပါပြီ။ ကိုသည်လည်း မေ့ပျောက် နေပြီဟုပင် သူမ ထင်ခဲ့မိပါသည်။

************************

“၀င်းဝင်း၊ တကယ်လို့ လေ၊ ယုမွန်သာ သူ လက်ထပ်တဲ့နေ့ မှာ မတော်တဆ ဆုံးပါးသွားခဲ့ရင် သူ ဘယ်လို ခံစား ရမလဲဟင်? သူ ယုမွန်ကို ထားခဲ့ပြီး တခြား တစ်ယောက်ကိ လက်ထပ်မိတာ မှားသွားပြီလို့  တစ်သက်လုံး နောင်တရ နေမ လား မသိဘူးနော်။ ဒါဆိုရင် သူ ယုမွန်ကို ဘယ်တော့မှ မမေ့နိုင် တော့ဘူး ပေါ့။ ကျွန်မ အကြံ မကောင်းဘူးလားဟင်”

ယုမွန်ရဲ့ အစမရှိ အဆုံးမရှိ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ၀င်းဝင်း ရင်ထဲမှာ ဘာကြောင့် မှန်းမသိ နာကျင် သွားမိသည်။

“ယုမွန်ရယ်၊ မပြောကောင်း မဆိုကောင်း ဘာတွေ လျှောက်ပြော နေတာလဲ။ ဘာလို့  ရှင်က သေ ရ မှာလဲ။ ရှင့် အသက်ငယ်ငယ်လေး ရှိသေးတာ။ နောက်ပြီး ရှင့်မှာ သေနိုင်လောက်တဲ့ ရောဂါ ကြီးကြီး မားမား လဲ ရှိတာ မဟုတ်ပဲနဲ့  သေစကား မပြောစမ်းပါနဲ့  သူငယ်ချင်းရယ်။

ယောကျာ်း တစ်ယောက် အတွက်နဲ့  လောကကြီးကို အလွယ်တကူ အရှုံး မပေးချင်စမ်းပါနဲ့ ။ ကိုးရီး ယားကားတွေ ကြည့်ပြီး မဟုတ်တာတွေ စိတ်ကူးယဉ်ပြီး လျှောက်ပြောနေတယ်။ မင်းမြတ်ကလည်း သူ ဘာကြောင့် လက်ထပ်ရတယ်ဆိုတာ ပြောပြ၊ ရှင်းပြသားပဲ။ နောက်ပြီး ရှင်တို့ အခြေအနေကို ရှင်တို့  အသိ ဆုံးပဲလေ။ သူ့ အဖေရဲ့ ကျန်းမာရေး အခြေအနေကြောင့်သာ လက်ထပ်ဖို့ ကို မဖြစ်မနေ သူ လက်ခံ လိုက်ရ တယ် ဆိုတာ ရှင်တို့ ၊ ကျွန်မတို့  သိနေတာပဲ။ မဆိုးချင်စမ်းပါနဲ့  ယုမွန်ရယ်။”

“အဲဒီ အကြောင်းပြချက်ဟာ အရမ်း ရုပ်ရှင်ဆန်လွန်းတယ်လို့  ရှင် မထင်ဘူးလားဟင်. ၀င်း။ ရုပ်ရှင် တွေထဲမှာဆိုရင်လေ ဇာတ်နာအောင်လို့  လူကြီးတွေက ရောဂါတွေ ဖြစ်ပြ၊ လူငယ်တွေက လူကြီးတွေ စိတ် ချမ်းသာအောင် ဆိုပြီး ကိုယ့်ချစ်သူ ကို စွန့် ပစ်၊ သူတို့ စီမံတာကို ခေါင်းညိတ် နာခံ ဆိုတာ ဟိုး ရှေးရှေးထဲက ရိုက်ပြနေကြ ဇာတ်ကွက်ကြီးတွေလေ၊ ရိုးနေပြီ။ Update မဖြစ်တော့ဘူးဟ”


“ရှင့် ရင်ထဲမှာ ဘာတွေ ဘယ်လို ခံစားနေရတယ် ဆိုတာ တို့  နားလည် ပေးနိုင်ပါတယ် ယုမွန်ရယ်။ ရှင်တို့ ၂ယောက် သိပ်ချစ်ခဲ့ကြတယ်ဆိုတာ တို့ တစ်ကျောင်းလုံး သိနေကြတာပဲ။ ရှင် ခံစားနေရသလို မင်းမြတ်လည်း ခံစားနေရတာ တို့ တွေ မြင်နေ ရတာပဲလေ။ နောက်ပြီး မင်းမြတ်ကို ဒီလို ပြတ်ပြတ် သား သား ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် ယုမွန် ကိုယ်တိုင်ပဲ တိုက်တွန်းခဲ့တာ မဟုတ်လား။ ဘာလို့  သူ စိတ်မချမ်း သာ ဖြစ်အောင်၊ နောက်ဆံတင်းအောင် လျှောက်ပြောနေ ရတာလဲကွယ်။”

“အလကား ပြောနေတာပါ ၀င်းဝင်းရယ်။ တို့  စိတ်ရူး ပေါက်လို့ သာ လျှောက်ပြောနေတာ ပါ။ အဲဒီ လိုမျိုး တို့ က လုပ်စရာလား။ တကယ်တမ်း တို့ သာ တခုခု ဖြစ်ခဲ့ရင် သူ ဘယ် စိတ်ချမ်း သာနိုင်ပါ့မလဲ။ သူ အရမ်း ခံစားရမယ် ဆိုတာ သိရက်နဲ့  သူ စိတ်ဆင်းရဲရမဲ့ ကိစ္စကို တို့  ဘယ်လုပ်ရက်ပါ့မလဲ။ ”

************************

မင်္ဂလာ အထိမ်းအမှတ် ပန်းစည်းကို စောင့်မျှော်နေသော မေ့ ထံသို့  ကို့ ကိုယ်စား ရောက်ရှိလာခဲ့တာ ကတော့ ကို့  ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုသာ ဖြစ်လေသည်။

“မေ ကိုယ် ဒီနေ့  သန်လျင် ဂေါက်ကွင်းမှာ ဂေါက်သွားရိုက်မယ်။ အပြန် နောက်ကျမှာမို့  ကိုယ့်ကို ထမင်းစား မစောင့် နဲ့ နော်။ တော်ကြာ ကိုယ့်ကို စောင့်ရင်း ထမင်းစား နောက်ကျရင် မေ ဗိုက်အောင့် နေမှာ ဆိုးလို့  ကိုယ် လှမ်းပြောတာ။ ဒါပဲနော် ကိုယ် ဖုန်းချ လိုက်တော့မယ်။”

ပြောပြော ဆိုဆို ဖုန်းချ သွားသော ကို့ စကားကို ကြောင်အစွာ နားထောင်ရင်း မေတို့ နှစ်ယောက်ရဲ့ တစ်နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်လေး ကျင်းပဖို့  မေ တိတ်တဆိတ် စီစဉ် ထားခဲ့တာတောင် မပြောဖြစ် လိုက်ပေ။ တကယ်တော့ မေ ကိုယ် တိုင်ကလည်း ကို့ ကို ကြိုမပြောထားပဲ သူ ပြန်လာချိန်မှာ ရုတ်တရက် အံ့သြ သွားအောင် စီစဉ် ထားခဲ့တာပါ။

မေတို့ နှစ်ယောက် ညစာ အတူစားဖို့  မေ ကိုယ်တိုင် အထူးစီစဉ် ချက်ပြုတ် ထားရုံသာမက မင်္ဂလာ ကိတ်မုန့် ကို အပြေးအလွှား သွားဝယ်ထားကာ မေတို့ ရဲ့ မင်္ဂလာ နှစ်ပတ်လည်လေးကို ပျော်ရွှင်စွာ ကျင်းပ ကြမယ်ရယ်လို့  စဉ်းစား စိတ်ကူး စီစဉ်ခဲ့တာလေ။ ခုတော့ ကို့ ရဲ့ စကားတစ်ခွန်း အောက်မှာ မေ့ စီစဉ်မှုတွေ အလဟသ ဖြစ်ခဲ့ပြီလား။

ဒါဆိုရင် သူငယ်ချင်း မိုးမိုး မေ့ကို လှမ်းပြောခဲ့သော အနီရောင် နှင်းဆီပန်း တစ်စည်းသည် မေ့ အတွက် မဟုတ်ပဲ တခြား တစ်စုံ တစ်ယောက် အတွက်များ ကို ရည်ရွယ်ခဲ့ပြီလား။ လက်ထပ်ပြီးချိန်မှ ယခု အထိ ပထမဆုံး အကြိမ် အဖြစ် မေ ရင်ထဲ ပူလောင် လာမိသည်။

မေ့ကွယ်ရာမှာ ကို ဘာတွေ လုပ်နေပြီလဲရယ်လို့  သံသယ မျက်ဝန်းများနဲ့  တစ်ခါမှ မကြည့်ခဲ့ဘူး သလို စိတ်နဲ့  တောင် ပြစ်မှားပြီး ကို့ အပေါ် မတွေးခဲ့မိသူပါ ကိုရယ် . . . . . . ခုတော့

************************

မဖြစ်သင့်ဘူးလို့  ဦးနှောက်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမဲ့ နှလုံးသားက ဆင်ခြင်နိုင်စွမ်း တို့ ကို ပယ်ချခဲ့သည်။ သူငယ်ချင်းတွေရဲ့ ဖျောင်းဖျမှုကိုလည်း မနာခံပဲ မိမိ ထင်ရာကိုသာ ခေါင်းမာစွာ လုပ်တတ် သော သူမ အကျင့် အတိုင်း ခံစားမှု တို့ ကို ဦးစားပေးလွန်းစွာဖြင့် မောင့်ကို ရွေးချယ်ခဲ့သည်ပဲ။ ခုချိန်မှာတော့ မောင်နဲ့  ပတ်သက်သော ကောင်းကျိုး၊ ဆိုးကျိုးတို့  ကို သူမ တစ်ယောက်ထဲ ခံစားရုံပေါ့လေ။ စိတ်တို့ ကို တည်ငြိမ်အောင် ကြိုးစား တည်ဆောက် ဟန်ဆောင် ထားခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မောင် လက်ထပ်ဖို့  ရက် နီးလာလေ၊ သူမ သွေးပျက်လာလေပါပဲ။

ဒီကြားထဲမှာ နဂိုက အခံရှိနေသော ခေါင်းကိုက် ဝေဒနာက အိပ်ပျက်ရက် ဆက်နေသော သူမကို ပို လို့ နှိပ်စက်နေခဲ့ ပြီ။ ခေါင်းမာသော သူမက ညအချိန် အိပ်စက်ခြင်းကို အိပ်ဆေးတို့ ၏ အကူအညီဖြင့် မရယူ ချင်ပေ။ အိပ်မပျော်သော ညများမှာ လည်း မောင်နှင့် သူမ အကြောင်းကို တွေးတောရင်းဖြင့်သာ ကုန်ဆုံး စေခဲ့သည်။

တစ်နေ့ တခြား ဆိုးရွားလာသော ဝေဒနာအတွက် ဆေးကုသမှုတို့ ကို ခံယူခဲ့ရပြန်သည်။ စစ်ဆေး ထားသော အဖြေ များ ရလာချိန်မှာတော့ ဖြေသိမ့်စရာ ရင်ခွင် ပျောက်ဆုံးနေသော သူမအတွက် ရက်စက် သော ကြိုးမိန့် တစ်ခု ထပ်မံ ရရှိတာပင်-

“ဘရိန်းကျူမာ” ဆိုတဲ့ ရောဂါ နာမည် တပ်ပြီး တိကျစွာ အဖြေ ထွက်လာချိန်မှာတော့ သူမ အတွက် အသက်ရှင် နေထိုင်ဖို့  နေ့ ရက်တို့  အလွန် နည်းနေခဲ့ပြီ တဲ့လား။ ဒါကြောင့်ပဲ ကံဆိုးမှုဆိုတာ တစ်ခုထဲ မဟုတ်ပဲ အဖော်အပေါင်းနဲ့  လာတတ်သည် ဆိုသော စကားကို လက်ခံရတော့မလိုပင်-

ပထမဦးဆုံး နှစ်ပေါင်း များစွာ လက်တွဲလာသော ချစ်သူကို မိဘတို့ ဆန္ဒအရ လမ်းခွဲ ခဲ့ရသည်။ ထိုသို့  ရက်စက်ရုံနှင့် အားမရသေးပေ။ ချစ်သူအား အခြား မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန် သူ့ မိဘ များဘက်မှ စီစဉ်နေခဲ့ပြီ။ ခုတော့ သူမကို ချစ်သူနှင့် ရှင်ကွဲ ကွဲရုံနှင့် အားမရသော ကံကြမ္မာက သူမတို့  နှစ်ဦး ကို အပြီးတိုင် သေကွဲ ကွဲစေခဲ့ပြီလား။ သူမရဲ့ ဝေဒနာကို အခြားသူများအား မသိစေချင်တော့ပါ။ အထူးသဖြင့် မောင့်ကိုပေါ့. . .

သူငယ်ချင်းများသိလျှင် မောင့်ကို ပြန်ပြောကြမှာ မလွဲပေ။ ဒါကြောင့် အချစ်ဆုံး သူငယ်ချင်း ၀င်းဝင်းကိုပင် သူမ ရောဂါ အကြောင်း အသိမပေးဖို့  သူမ ဆုံးဖြတ်ခဲ့သည်။ ဒါဟာ မကြာခင်မှာ ကျင်းပ တော့မဲ့ မောင့် လက်ထပ်ပွဲကို ဘာ အကြောင်းနှင့်မှ အနှောင့်အယှက် မဖြစ်စေချင်တဲ့ ယုမွန်ရဲ့ မှန်ကန်သော စေတနာသာ ဖြစ်ပါသည် မောင် --- ဝေဒနာ ဖြစ်အောင် ယုမွန် မကြံစည်ခဲ့တာ အမှန်ပါ။


************************

တကယ်တမ်းမှာတော့ မောင့်ရဲ့ လက်ထပ်ပွဲကို ယုမွန် ရင်မဆိုင်ရဲခဲ့ပါ။ ထို့ အပြင် တစ်နေ့ ထက် တစ်နေ့  ပိုမို ဆိုးရွား လာသော မိမိ၏ ဝေဒနာ အခြေအနေ၊ နီးကပ်လာပြီ ဖြစ်သော နောက်ဆုံး နေ့ ရက် များ ကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် ကျော်ဖြတ်ချင်တာကြောင့် ပြင်ဦးလွင်မြို့တွင် ရှိသော အဒေါ်ထံ တွင် သွားနေရန် သူမ ပြင်ဆင်ခဲ့သည်။


အချစ်ဆုံး သူငယ်ချင်း ၀င်းဝင်းကိုပင် ခရီးထွက်မည့် အကြောင်း မပြောပြခဲ့ပေ။ မောင့် မင်္ဂလာပွဲ ပြီးမှပဲ ၀င်းဝင်းကို အကျိုးအကြောင်း ပြောပြပါတော့မည်။ အဲဒီလိုမှ မဟုတ်ရင် သူမကို အလွန် ချစ်ပြီး သံယောဇဉ် ကြီးလှသော ၀င်းဝင်းသည် မောင့်အား သူမ ခံစားနေရသော ဝေဒနာ အကြောင်း သိရှိစေမှာ မလွဲပေ။ ဒါဆိုရင် မကြာမှီ မင်္ဂလာပွဲ ကျင်းပရန် စီစဉ်နေသော မောင့်အား စိတ်အနှောင့်အယှက် ဖြစ်ပေမည်။ သူမ ရောဂါကြောင့် မောင့် ဆုံးဖြတ်ချက်များကို မတွေဝေ၊ မယိမ်းယိုင်စေချင်ပါ။ မောင့်အား ဂတိပျက်သူ၊ သစ္စာမဲ့သူ တစ်ယောက်အဖြစ် မြင်ကြ ပြောကြမှာကို မလိုလားပါ။ အထူးသဖြင့် သူမအတွက်နဲ့ ပေါ့။


ပြင်ဦးလွင်မြို့ ကို သူမ တစ်ယောက်ထဲ ခရီးထွက် ဖြစ်ခဲ့သည်။ ကားကို ကိုယ်တိုင်မောင်းဖို့  ရွေးချယ် ခဲ့ကတော့ ကိုယ့် ရဲ့အပူကို သူများ မသိစေချင်တာကြောင့် ရယ်သာပါ။ မောင် လက်ထပ်သောနေ့  မနက်စော စော မှာပင် ရန်ကုန်မှ သူမ စတင် ထွက်ခွာခဲ့သည်။ သူမကို ဆရာဝန်က ခရီးဝေးဝေး ကားပေး မမောင်းတာ ကိုတော့ အိမ်က လူတွေကို ပြောမပြခဲ့ပါ။

ဟုတ်တယ်လေ။ သူမ ကားမောင်းရင်းနဲ့  မောင့်အကြောင်း တွေးရင်း ငိုချင်လည်း ငိုနိုင်တာပဲလေ။ တကယ်လို့  များ သူများမောင်းတဲ့ ကားပေါ်မှာဆို ဘယ်လွတ်လပ်ပါ့မလဲ။ နောက်ဆုံး အကြိမ်အဖြစ် မောင့်ကို လွတ်လွတ်လပ်လပ် လွမ်းခွင့်ရ ချင်မိပါသည်။

ကားကို ဖြေးဖြေးချင်း မောင်းလာတာမို့  ပဲခူးကျော်ရုံသာ ရှိသေးသည်။ ရင်ထဲမှာ မကောင်းတာ ရော၊ ခေါင်းထဲက မူးနောက်နောက် ဖြစ်နေတာရော တို့ ကြောင့် ကားကို လမ်းဘေး ထိုးရပ်ပြီး ခဏ နားရ ပြန်သည်။ ဒီအတိုင်းသာဆိုရင် ခရီး လမ်း တနေရာရာမှာ ၀င်နားပြီးမှ ဆက်သွား၍ အဆင်ပြေနိုင် တော့မည်။ ခုချိန်မှ အိမ်ကို ကားဒရိုင်ဘာ လှမ်းတောင်းမည် ဆိုလျှင် မေမေ စိတ်ပူတော့မည်။ စိတ်ကို အားတင်းကာ တောင်ငူ ရောက်အောင်မောင်းပြီးမှ သူငယ်ချင်းအိမ်တွင် ၀င်နားတော့မည်ဟု စဉ်းစားရင်း ကားကို ပြန် မောင်း ထွက်ခဲ့တော့သည်။

စိတ်ကိုတင်းပြီးမောင်းနေရပေမဲ့ ခေါင်းက မခံနိုင်လောက်အောင်ပင် ထိုးကိုက်လာသည်။ ဒီအချိန်ဆို မောင့်မင်္ဂလာပွဲ ကျင်းပနေရောပေါ့။ မောင် ပျော်နေမှာ မဟုတ်ဘူး ဆိုတာတော့ ကိုယ်ချင်းစာ နားလည်မိ ပါသည်။ မောင့်မျက်နှာကို မြင်ယောင် ရင်း ကားကို အရှိန်ထပ်တင်လိုက်သည်။ တောင်ငူကို မြန်မြန် ရောက် ချင်လှပြီ။

ကားမောင်းရင်း မျက်ဝန်းများ ပိုမိုေ၀၀ါးလာခဲ့သည်။ အကွေ့ တစ်နေရာကို အရောက်မှာတော့ မမျှော်လင့်ပဲ ဘွားကနဲ ပေါ်လာသော သစ်လုံးကားကို ရှောင်ရန် စတိယာတိုင်ကို ဆွဲအကွေ့ ၊ သူမ မျက်လုံး များ၏ အမြင်အာရုံ လွဲမှားခြင်းလား၊ ဦးနှောက်၏ စေခိုင်းရာ လွဲချော်ခြင်းလား၊ ကံကြမ္မာ၏ စေညွှန်းရာ မှား
ယွင်းခြင်းလား မသိနိုင်စွာ၊ သူမ ရှောင်လိုက်သောဘက်သည် သစ်လုံးကားကြီး မောင်းနှင်လာသောဘက် ဖြစ်နေသောအခါ...........

************************

သန်လျင် ဂေါက်ကွင်းကို သွားမည်ဟု ပြောသွားသော ကို့ ကားကို ဂေါက်ကွင်းမှာ မတွေ့ မိတာကြောင့် ရှေ့ ဆက်ပြီး မောင်းလာမိသည်။ ဟိုးအဝေးမှပင် ကိုယ့် ကားကို မေ လှမ်းမြင်လိုက်ရသည်။ ကို့ ကားသည် သန်လျင်ဂေါက်ကွင်း မဟုတ် သော၊ ကိုနှင့် ဘယ်လိုမှ အပ်စပ်မှု မရှိနိုင်သော၊ ဤနေရာသို့  ဘယ်လိုရောက် နေခဲ့လဲ မေ မမှန်းဆနိုင်ခဲ့။ ကို့ ကားဘေးမှာ မေ့ကားကို ကပ်ရပ်လိုက်တော့ ကားပေါ်က အလန့် တကြား ဆင်းလာသူမှာ ကို့ ကားဒရိုင်ဘာ ဦးလေးမြ သာလျှင် ဖြစ်သည်။



“မမလေး . . . . . ဒီကို ဘယ်လိုလုပ်ပြီး . . . . . ”

မေ့အနားကို တိုးကပ်လာသော ဦးလေးမြအား တိတ်တိတ်နေရန် အသာ လက်ပြလိုက်မိသည်။ မေ့ကြောင့် ကို့ အာရုံ တွေ အနှောင့်အယှက် မဖြစ်စေချင်တာ မေ့ဆန္ဒ အမှန်ပါ ကို-


သိပ်မကြာသေးခင် ကာလလေးဆီကမှ မေ့အတွက်ရယ်လို့  မေ မျှော်လင့်နေခဲ့မိသော ကို့  လက် ဆောင် ပန်းစည်းကို လက်ခံရရှိသွားသော သူတစ်တယာက်ကို မေ မျက်ဝါးထင်ထင် သိခွင့် ရပါတော့မည်။ ထို့ အတွက် မေ့ရင်ထဲက တုန်လှုပ်မှုကို ထိန်းချုပ်ကာ မျက်နှာပေါ်တွင် သ၀န်တိုခြင်း ကင်းအောင် တော့ မေ ကြိုးစား ဟန်ဆောင် နိုင်ရပါလိမ့်မည်။

ကို့ အနားကို တိတ်တဆိတ် လျှောက်လာမိခြင်းသည် ကို့ ကို အနှောင့်အယှက် မဖြစ်စေချင်သည့် ဆန္ဒ သက်သက် ထက်မပိုခဲ့ပါ။ ဒါပေမဲ့ ဒါဟာ ကို့ ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု (လျှို့ ဝှက်ချက်လို့  ပြောရင် လည်း ရနိုင်တဲ့ ကိစ္စတစ်ခု) ကို မေ သိခွင့် ရခဲ့လေသည်။

တည်ငြိမ် အေးစက်လွန်းသည်ဟု အမြဲတမ်း ခံစားမိသော ခင်ပွန်းသည်၏ သွေးပျက် တုန်လှုပ်မှုကို ပထမဦးဆုံး အကြိမ်အဖြစ် မေ မြင်တွေ့ ခွင့်ရတာ ဖြစ်သည်။ ကိုသည် နှင်းဆီ ပန်းစည်းတင်ထားသော အုတ်ဂူ တစ်ခု၏ ရှေ့ တွင် ငြိမ်သက်စွာ ရပ်တန့် နေခဲ့သည်။ အနားကို မေ ရောက်လာတာတောင် မသိနိုင် လောက်အောင် ထိခိုက်ခံစားစွာ ငိုကြွေးနေသောအသံ တစ်ခုသည် ထူးဆန်းစွာ ကို့ ဆီမှ ထွက်ပေါ် နေခဲ့ တာ ဖြစ်သည်။

အိမ်ထောင်သက် တစ်နှစ်အတွင်းမှာ ကို့ မျက်ရည်ကို တစ်ခါမှ မတွေ့ ခဲ့ဘူးသော မေ့အတွက် ထို အဖြစ်အပျက်က အံ့သြ ထူးဆန်းစေသည်။ ဘယ်သူကများ ကို့ ကို မျက်ရည်ကျစေခဲ့ပါသလဲ။ အုတ်ဂူပေါ်ကို မေ လှမ်းကြည့်လိုက်တော့


ယုမွန်ဆွေ

အသက်(၂၇)နှစ်

၁၄.၂.၂၀၀၇ နေ့ တွင် ကွယ်လွန်သည်။

၁၄.၂.၂၀၀၇ ထိုနေ့ သည် မေနဲ့ ကို မင်္ဂလာဆောင်သည့်နေ့ ပင်ဖြစ်သည်။ ဒါဆိုရင် သူမသည် မေတို့  မင်္ဂလာဆောင် သောနေ့ တွင် ကွယ်လွန် ခဲ့သည်ပေါ့။ ဒါဆိုရင် သူမသည် တချိန်က ကို့ ရဲ့ . . . .

ဘုရားရေ၊ သူမရဲ့ သေဆုံးမှုသည် မေတို့ နှစ်ယောက်ရဲ့ ပယောဂ ကင်းပါရဲ့လား။ နောက်ပြီး ကိုရဲ့ ၀မ်းနည်း ပူဆွေးမှု၊ နာကျင် ခံစားမှု အားလုံးသည် မေနှင့် အနည်းနှင့် အများ ဆိုသလို ပတ်သက် ပါလိမ့်မည်။ ဒါကို မေ ဘာကြောင့် မသိခဲ့ရတာ ပါလိမ့်။ ကိုယ့် ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့  ဘာဖြစ်နေမှန်း မသိနိုင် လောက်အောင် မေ ညံ့ဖျင်းခဲ့ပါသလား။ မေ အရမ်းကို တုန်လှုပ်သွားမိသည်။


“ကို”


ကို့ ပခုံးကို စိုးရိမ်စွာ အသာ လှုပ်ကိုင်ကာ ခေါ်လိုက်မိသည်။

မေ့ကို လှည့်ကြည့်သော ကိုရဲ့ ကြေကွဲ မျက်ဝန်းများကို မေ့ တစ်သက် ဘယ်တော့မှ မေ့နိုင် တော့ မည် မဟုတ်ပေ။ တစ်စုံတစ်ယောက် အတွက် မျက်ရည်ကျသည် အထိ ခံစားနေရသော ကို့ ပုံစံကို မကြည့် ရက်စွာပင် မေ ငေးကြည့်နေ ဖြစ်ခဲ့ သည်။ မေ့ကို မြင်တော့ ကလေး တစ်ယောက်လို မေ့ရင်ခွင်ထဲ တိုးဝင် လာသော ကို့ ကို ဖက်ကာ မေပါ ရောပြီး မျက်ရည်ကျ မိသည်။

ကိုရဲ့ ဝေဒနာတွေကို သက်သာခွင့် ရအောင် မေ့ဆီမှာ ရင်ဖွင့်မယ်ဆိုရင် နားလည်မှု အပြည့်နဲ့  နား ထောင် ပေးမဲ့သူပါ။ ကို့ ထံမှ ပြန်သိခွင် ရခဲ့သော ကို့ ချစ်သူ အကြောင်းများက မေ မျှော်လင့် ထားတာထက် ပင် ပို၍ ကြေကွဲစရာ ကောင်းခဲ့လေ သည်။

************************

တကယ်တမ်း မတော်တဆ ကား accident ဖြစ်ပြီဆိုတာ သိလိုက်ရချိန်မှာတော့ ကိုယ့်ကိုကိုယ် တစ်စုံတစ်ခု ဖြစ်သွား မှာကို ယုမွန် အလွန်အမင်း စိတ်ပူနေခဲ့သည်။ ဒါဟာ သူမရဲ့ အသက်အန္တရာယ် ဖြစ်မှာ ကို စိုးရိမ်တာထက် အမှတ်မထင်၊ နောက်ပြောင်၊ ပျက်ရယ်၊ အနိုင်ယူလိုစွာ ပြောခဲ့မိသော စကားတစ်ခွန်းကို အတည် မှတ်ယူကာ မောင့်ကို ထိုအကြောင်း ပြန်ပြောပြ လိုက်ကြမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။

တကယ်လို့  ဒီစကားကို မောင်သာ ကြားခဲ့၊ သိခဲ့ပါလျှင် . . . . . မောင့်ဘ၀ တလျှောက်လုံးကို ပင်ပန်း ဆင်းရဲ ကြီးစွာ ဖြတ်သန်း ရတော့မည်။ သူမကြောင့် မောင့်ဘ၀ကို ထိခိုက် နာကျင် ရမှာကို မလို လားပါ။ နောက်ပြောင် ကြည်စယ်တတ်သော ကံကြမ္မာ၏ နောက်တွင် မောင် တစ်သက်လုံး စိတ်ဆင်းရဲ ရပေတော့မည်။ သူမ အတွက်ကတော့ စီရင်ချက် ချခံရ ပြီးသား၊ သေမိန့် ကျပြီးသား ရောဂါနှင့် မကြာခင် လူ့ လောကမှ ထွက်ခွာ ရတော့မှာမို့  ယခု သေခြင်းနှင့် နောင် ရက်အနည်းငယ် အသက်ရှင် နေရပြီးမှ သေခြင်းသည် ဘာမှ ပိုပြီး မထူးခြားလာတော့ပါ။

သို့ သော် မောင့်အတွက် ကတော့ သူမ၏ သေဆုံးမှု အတွက် အပြစ်ရှိသလို တစ်သက်လုံး ထိခိုက် နာကျင် ခံစားနေ ရမည်ဆိုလျှင် . . . . . . . သူမ စိတ်ဖြောင့်နိုင်မည် မဟုတ်ပေ။ အပြစ်တင် ရမည်ဆိုလျှင် စကားကို မဆင်မခြင် အမှတ်မထင် ပြောမိသော သူမကို သူမ အပြစ်တင် ရပါလိမ့်မည်။ အဓိကတော့ မောင့် ကို သူမ အကြောင်း ပြန်ပြောပြသော ၀င်းဝင်းသည် အဖြစ်မှန်ကို သေချာ နားလည် သဘောပေါက် နိုင်စွမ်း ရှိမှ ဖြစ်ပါလိမ့်မည်။ သို့ သော် ၀င်းဝင်းသည် သူမတွင် သေလုနီးပါး ခံစားနေရသော ဝေဒနာ ရှိမှန်း လုံးဝ မသိခဲ့ပေ။

“မပြောပါနဲ့  ၀င်းဝင်းရယ်။ ကျေးဇူးပြုပြီး မောင့်ကို လုံးဝ မပြောပြလိုက်ပါနဲ့ နော်။ တို့ ရဲ့ နောက် ပြောင်တဲ့ စကားတွေ ကြောင့် သူ့ ဘ၀ကို တစ်သက်လုံး ဒဏ်ရာရ နာကျင်နေအောင် မလုပ်လိုက်ပါ နဲ့ ။ တောင်းပန်ပါတယ်နော်။ နောက်ပြီး တို့ ကို လည်း တစ်ရက်လောက်တော့ အသက်ရှင်ခွင့် ပေးပါအုံး ကံ ကြမ္မာရယ်။ တစ်ရက်ထဲပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မှာ တို့ အသက်ရှင် နေမှ ဖြစ်မှာ။ ဒါမှ မောင့်ကို ဘယ်သူမှ အပြစ်မတင်ကြမှာ။”

အနည်းဆုံးတော့ ၀င်းဝင်းထံ သူမ စကားတစ်ခွန်းလောက် ပြောခွင့်၊ မှာခွင့် ရချင်မိပါသည်။ မောင့် ကို သူမပြောခဲ့ဖူး သော စကားများကို လုံးဝ မပြောပါနဲ့ လို့  တားခဲ့ချင်ပါသည်။ ကံကြမ္မာကို အမြဲတမ်း အရှုံး ပေးနေရသော သူမအား ဒီတစ်ခု တော့ မျက်နှာသာ ပေးခွင့် ပြုစေချင်ခဲ့ပါသည်။ သူမ၏ နောက်ဆုံး ဆု တောင်း တို့ ကိုလည်း ကံကြမ္မာက ရက်စက်စွာပင် အနိုင် ယူခဲ့ပြန်လေသည်။

************************

ဝင်းဝင်းထံသို့  ယုမွန် ဖုန်းခေါ်ခဲ့ပါသည်။ သစ်လုံးများကြားထဲတွင် ပိတ်မိနေသော သူမကားကို လူအများ က ကြိုးစား ဖယ်ထုတ်နေစဉ် အချိန်က ယုမွန် သတိရှိနေသေးသည်တဲ့။ ကားထဲမှ သူမကို ထုတ်ယူလိုက် တယ် ဆိုရင်ပဲ ယုမွန် တစာစာ ပြောနေခဲ့သည်က ဖုန်းဆက်ချင်သည်တဲ့။ သူ့ အိတ်ထဲတွင် ရှိသော ဖုန်းကို ထုတ်ပြီး ခေါ်ခိုင်းသည်က ၀င်းဝင်း၏ ဖုန်းနံပါတ် ပင်ဖြစ်သည်။ ကံဆိုးစွာပင် ထိုအချိန်မှာ ၀င်းဝင်းက ရေချိုး နေခဲ့တာကတော့ မမျှော်လင့်သော ကံကြမ္မာ၏ နောက်ထပ် ရက်စက်မှုပင်

ဖုန်းမြည်သံကြောင့် ရေချိုးခန်းမှ ၀င်းဝင်း ကမန်းကတန်း ထွက်လာတော့ ဖုန်းက ကျသွားခဲ့ပြီ။ ပေါ် နေသော ဖုန်း နံပါတ်ကို ကြည့်မိတော့ ယုမွန် နံပါတ် ဖြစ်နေတာကြောင့် ပြန်ခေါ်ချိန်မှာ ကြားလိုက်ရသော စကားသံတို့ က ၀င်းဝင်းကို အရုပ် ကြိုးပြတ် လဲကျ သွားစေခဲ့သည်။

“ဟဲလို . . ညီမလေးက ဒီဖုန်း ပိုင်ရှင်ရဲ့ သူငယ်ချင်းလားဟင်။ ဒါဆိုရင် ညီမလေးရဲ့ သူငယ်ချင်း ခုပဲ ကား accident ဖြစ်ပြီး ဆုံးသွားခဲ့ပြီ။ ညီမလေးနဲ့  ဖုန်းပြောချင်တယ်လို့  တဖွဖွ ပြောနေလို့  အမ ဖုန်းခေါ် ပေးလိုက်ရတာ။ ညီမလေးကို ဖုန်းကို ချက်ချင်း မကိုင်တော့ သူ့ ခမျာ မစောင့်နိုင်တော့ဘူးကွယ်။ သူ့ ပုံစံက တစ်ခုခုကို မှာခဲ့၊ ပြောခဲ့ချင်တဲ့ပုံပဲ။ သူ့ ကို ကားထဲက မ ထုတ်ထဲက သူ့ ဒဏ်ရာက တော်တော် ပြင်းတာ။ ဆန္ဒ တစ်ခုကြောင့်သာ သူ့ စိတ်ကို အတင်း အားတင်းထားပုံရတာ”တဲ့။

အမည်မသိ အမျိုးသမီး တစ်ဦး၏ အသံက ၀င်းဝင်းရင်ကို ပြင်းစွာ ကွဲအက်စေသည်။

ယုမွန်ရယ်. . . တို့ ကို ဘာတွေ မှာချင်၊ ပြောချင်ခဲ့တာလဲ။ နောက်ပြီး မင်းဘာကြောင့် ဒီလို လုပ်ခဲ့ တာလဲ။ မင်းမြတ်ကို နောင်တရ နာကျင်အောင် လုပ်ချင်ရုံနဲ့  မင်း မိုက်မဲတဲ့ ဒီလိုအလုပ်ကို ရူးရူး မိုက်မိုက် လုပ်လိမ့်မယ်လို့  တို့ ထင်မထားခဲ့ဘူး။ ဒါကြောင့်ပဲ ဒီနေ့ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုတဲ့ မင်းရဲ့ စကားကို ယုံစားပြီး မင်းကို တစ်ယောက်ထဲ လွှတ်ထားမိတာ တို့ အမှားပါ သူငယ်ချင်းရယ်။ တို့  အားလုံးကို တစ်သက်လုံး သတိရ နာကျင်၊ ကြေကွဲ နေအောင် မင်း လုပ်ခဲ့ တာလား ယုမွန်ရယ်။

မင်းမြတ်၊ နင့်ကို ငါ လုံးဝ မကျေနပ်ဘူး။ နင့်ကြောင့် ယုမွန် သေရတာ။ နင် ယုမွန်ကို သတ်တာ။ နင့်ကို ငါ တစ်သက် လုံး ခွင့်မလွှတ်ဘူး။”

မင်းမြတ်နှင့် ၀င်းဝင်း ဆုံတွေ့ မှု အခြေအနေသည် ယုမွန် တွေးထားသည်ထက် အဆပေါင်း များစွာ ဆိုးခဲ့လေသည်။

“ယုမွန်က တကယ်ပဲ ကို့  . . . . . . . (ကို့ ကြောင့်လို့  ပြောမိတော့မလို ဖြစ်ပြီးမှ) အဲဒီလို လုပ် သွားခဲ့တာလားဟင်”

“၀င်းဝင်း အပါအ၀င် ကိုယ်တို့  အားလုံးက ဒီလိုပဲ တွေးခဲ့ကြတာ။ မေ မှတ်မိမလား မသိဘူး။ ကိုယ် တို့  မင်္ဂလာပွဲက ပြန်လာပြီး မကြာခင်မှာပဲ ကိုယ့်ဆီကို ဖုန်းလှမ်းဆက်ပြီး ယုမွန် ကိစ္စ အရေးကြီးလို့  ခု ချက်ချင်း လာခဲ့ပါလို့  ငိုပြီး လှမ်းပြော တယ်။ကိုယ်လည်း ယုမွန် ဘာဖြစ်မှန်း မသိတာမို့  မေ့ကို အားနာနာ နဲ့ ပဲ ခွင့်တောင်းပြီး လိုက်သွားတာ။ ၀င်းဝင်းက ကိုယ့်ကို ယုမွန် ကား accident ဖြစ်တဲ့ဆီကို မပြောမဆိုနဲ့  ခေါ် သွားခဲ့တာ။ တစ်လမ်းလုံး ဘာမှ မပြောပဲ ငိုနေတာမို့  ကိုယ်ပဲ ကားမောင်း ပို့ ပေးခဲ့ရတယ်။”

ကို့ အသံက ပိုမို တိုးသက် ဆွေးမြည့်သွားခဲ့သည်။

“ပဲခူး ဆေးရုံလည်း ရောက်ရော ကိုယ်တို့ ကို ဆီးကြိုနေခဲ့တာ ယုမွန်ရဲ့ အသက်မဲ့ ရုပ်အလောင်းပဲ”

“၀င်းဝင်းဟာ ယုမွန်ကိုလည်း မြင်ရော ကိုယ့်ကို ထုရိုက်ပြီး ပေါက်ကွဲတော့တာပဲ။ ပြီးတော့ ယုမွန်ကို ကိုယ် သတ်ခဲ့ တာတဲ့။ ယုမွန်က သူ့ ကို ပြောပြဖူးတဲ့ စကားတွေ အားလုံးကို ကိုယ့်ကို ပြန်ပြောပြခဲ့တယ်။ ယုမွန်ဟာ ကိုယ့် စိတ်နဲ့ သေခဲ့တာ တဲ့။

နောက်ပြီး ပိုဆိုးတာက ယုမွန် accident ဖြစ်တဲ့နားမှာ ရှိတဲ့သူတွေ အားလုံး မြင်ကြ၊ ပြောကြ တာ ကတော့ ယုမွန်က ကားကို သစ်လုံးကား လာတဲ့ဘက်ကို တမင် လှည့်ရှောင် လိုက်တယ်လို့  ထင်ရ တယ်တဲ့။ တကယ်ဆို လမ်းရဲ့ တစ်ဖက်ခြမ်းမှာ ဘာမှ မရှိဘူး။ အလွတ်ကြီးပဲတဲ့လေ။ အဲဒီတော့ ယုမွန်ဟာ သူ့ ကိုသူ လုပ်ကြံသွားတယ်လို့  အားလုံးက ထင်သွားကြတယ် လေ။ ၀င်းဝင်းကတော့ အဆိုးဆုံးပေါ့။

ယုမွန်က သူ ဘာလုပ်မယ်ဆိုတာကို အမှတ်မထင် ပြောထားပါရက်နဲ့  ဒီကိစ္စကို သူ သိထားရက်နဲ့  အမှတ်တမဲ့ ထားလိုက်မိလို့  ယုမွန် အသက်ဆုံး ရတာဆိုပြီး ဘယ်လိုမှ မဖြေသိမ့်နိုင်ဘူး။ အဲဒီမှာ အပြစ် အရှိ ဆုံးလို့  ခံစားရတဲ့သူက ကိုယ်ပေါ့။

ကိုယ် ယုမွန်ကို သိပ်ချစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တို့  လက်ထပ်ဖို့  မဖြစ်နိုင်ခဲ့ဘူး။ ဒါကလည်း ကိုယ် တို့ နှစ်ယောက်က ဘာသာမတူကြဘူးလေ။ ယုမွန် မိဘတွေကရော၊ ကိုယ့် မိဘတွေကပါ ကိုယ်တို့ လက်ထပ် ဖို့  သဘောမတူခဲ့ကြဘူး။ မိဘတွေ ဆန္ဒကို ငဲ့ပြီး ကိုယ်တို့  နှစ်ယောက် ဇွတ်အတင်း လက်ထပ်ဖို့  မကြိုးစား ခဲ့ဘူး။ နားလည်မှုနဲ့ ပဲ ချစ်နေခဲ့ကြတာ။ ဒါပေမဲ့ မိဘ တွေရဲ့ အတင်းအကျပ် တိုက်တွန်းမှုနဲ့  နောက်ဆုံးမှာ မေ့ ကို ကိုယ် လက်ထပ်ဖို့  ဖြစ်လာခဲ့တယ်။

ကိုယ်နဲ့  ယုမွန် လမ်းခွဲခဲ့ရတယ်။ နောက်ပြီး မေနဲ့ ကိုယ် လက်ထပ်ဖြစ်ခဲ့တယ်။ အဲဒီနေ့ မှာပဲ ယုမွန် ဟာ ကိုယ့်ရဲ့ ပရောဂနဲ့  သေဆုံးသွားခဲ့တယ်။ ကိုယ် မေ့ကို မချစ်နိုင်တာကလွဲပြီး မေ့ အပေါ် သစ္စာမဲ့တဲ့ အပြု အမူ အနေအထိုင်မျိုး တစ်ခါမှ မကျူးလွန်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့် ပရောဂ မကင်းပဲ သေဆုံးသွားရတယ်လို့  ယူဆထားတဲ့ ယုမွန် ရှိတဲ့ ဒီနေရာကို တစ်လ တစ်ခါ တော့ ကိုယ် လာခဲ့မိတယ်။ ဒီနေ့ ဆိုရင် ယုမွန် ဆုံးပါး သွားခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ။ ဒါကြောင့်မို့ လို့  တနေကုန် သူ့ အနားမှာ အဖော်လုပ်ပေးမယ်ဆိုပြီး ကိုယ် လာခဲ့ တာပါ။ ဒီအတွက် မေ အပြစ်မြင်မယ်ဆိုရင်လည်း ကိုယ် တောင်းပန်ဖို့ အသင့်ပါ။ ကိုယ့် ကို ခွင့်လွှတ်ပါမေ”

ကို့ ရဲ့ ရင်ဖွင့်သံ အဆုံးမှာ ကို့ ကို ဖက်ရင်း မေပါ ရောပြီး မျက်ရည်ကျမိသည်။

“ခွင့်လွှတ်ပါတယ် ကိုရယ်။ ကို့ ကို မေ နားလည် ခွင့်လွှတ်ပါတယ်။”

ထိုနေ့ တစ်နေ့ လုံး ကို့ အနားမှာ မေပါ တိတ်ဆိတ်စွာ ထိုင်ရင်း ညနေစောင်းသည်အထိ ကို့ ကို အဖော်ပြု ပေးခဲ့ပါ သည်။ ကို့ ဆီမှာ ရှိသော ယုမွန်နှင့် ပါတ်သက်သည့် အတွေးများ ပျက်စီး သွားမှာစိုး၍ ကို့  ကို မေ စကားတောင် မပြောဖြစ်ခဲ့ ပါ။ ကိုနဲ့  ယုမွန်ရဲ့ ချစ်ခြင်းကို မေ ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါသည်။ မေတောင် တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကို့ ကို မခွဲနိုင်အောင် ချစ်နေခဲ့ပြီ။

၅နှစ်ကျော်ကြာ အပြန်အလှန် ချစ်ခဲ့ကြသော ကိုနဲ့ ယုမွန်တို့  နှစ်ဦးမှာ မေ့ထက် နက်ရှိုင်းသော ချစ်ခြင်းများ ရှိနိုင် သည်ပဲလေ။ မေ ကိုယ်ချင်းစာ နားလည်ပေးရမှာပေါ့။ မေတို့  ပြန်ကာနီးမှာ အုတ်ဂူ လေး ပေါ် တင်ထားသော ပန်းစည်းလေးမှာ လာနားနေသော လိပ်ပြာ အဖြူလေး တစ်ကောင်သည် မေ့ ပခုံးပေါ် လာနားလေသည်။ ထို လိပ်ပြာလေးသည် မေ ကားပေါ် တက်သည်အထိ ပျံသန်းမသွားပဲ အိမ်အထိ လိုက်ပါ လာခဲ့သည်။ ထို့ နောက် အိမ်ရောက်တော့ ထူးဆန်းစွာပင် မေတို့  အခန်း ထဲမှ ကို့ အင်္ကျီ ရင်ဘတ် နေရာ လေးတွင် နှစ်ရက်တိတိ ဘယ်မှ မပျံသန်းပဲ နားနေခဲ့လေသည်။

လိပ်ပြာလေး အိမ်ရောက်ပြီး ဒုတိယမြောက်နေ့ တွင် ထူးဆန်းသော အိပ်မက် တစ်ခုကို မေ မက် ခဲ့သည်။ အိမ်မက်ထဲ တွင် ထို လိပ်ပြာလေးသည် မေ့ထံတွင် သူ လာနေချင်သည်ဟု ခွင့်တောင်းခဲ့ကာ မေက လည်း မေ့ ၀မ်းဗိုက်ကို အသာကိုင ကြည့်ရင်း လာခဲ့လေဟု ပြန်ပြောမိသည်။ ထိုအခါ လိပ်ပြာလေးက ၀မ်း သာ အားရ ခေါင်းညိတ်ပြချိန်တွင် ထို လိပ်ပြာလေး နေရာတွင် ထူးဆန်းစွာ ကို့ ချစ်သူ ယုမွန် ဖြစ်နေခဲ့သည် တဲ့။ အဲဒီအချိန်မှာ မေ လန့် နိုးခဲ့တာ ဖြစ်သည်။

မနက် မိုးလင်းချိန်မှာ လိပ်ပြာလေးကို သတိတရ ကြည့်မိတော့ တိုက်ဆိုင်စွာပင် ကို့ အင်္ကျီ အောက် နားတွင် ပြုတ်ကျ သေဆုံးနေခဲ့သည်။ မေက လိပ်ပြာ အသေလေးကို ကိုင်ကြည့်ရင်း

“မင်း ဘယ်သူပဲ ဖြစ်ဖြစ် တို့ ဆီကို လာမယ်ဆိုရင် တို့ က ၀မ်းသာစွာ ကြိုနေမှာပါကွယ်။ တကယ်လို့  မင်းဟာ ကို့ ရဲ့ ယုမွန် ဖြစ်နေခဲ့မယ် ဆိုရင်လည်း ကို့ ကိုယ်စား တို့ က ပိုပြီး ၀မ်းသာမိမှာပါ။”

ထိုနေ့ မှစ၍ မေသည် မေ့ထံ ရောက်ရှိလာမည့် တစ်စုံ တစ်ယောက်ကို တိတ်တခိုး စောင့်မျှော်နေ ခဲ့မိလေသည်။

************************

တကယ်တော့ ၀င်းဝင်းသည် ယုမွန်ရဲ့ အဖြစ်မှန်ကို ယုမွန် အိမ်ရောက်မှ သိရှိခဲ့တာ ဖြစ်သည်။ ယုမွန် မှာ ကုသလို့  မပျောက်ကင်း နိုင်တော့မဲ့ ရောဂါ ရှိနေခဲ့သည်တဲ့လား။ သူမအတွက် အသက်ရှင်ရမည့် နေ့ ရက် တို့  အနည်းငယ်သာ ကျန် တော့သည် ဆိုတာ သိရက်နဲ့  ထိုနေ့ ရက်တို့ ကို သူမ ဘယ်လို ရင်ဆိုင် ကျော် ဖြတ် ခဲ့ပါသလဲ။ နောက်ဆုံးအချိန်တွေကို အထီး ကျန် အားငယ်စွာ ကျော်ဖြတ်ခဲ့ရမည် ဖြစ်သော သူငယ်ချင်း အတွက် ထပ်ဆင့် ၀မ်းနည်းရပြန်သည်။

“သူ့ ရောဂါကို ၀င်းဝင်းကို မပြောပြခဲ့တာကလည်း ၀င်းဝင်းကတဆင့် သူ့ ချစ်သူကို မသိစေချင်လို့  ပါ။ တကယ်လို့  များ မင်းမြတ်ဟာ သူ့ မှာ ဒီရောဂါရှိတာကို သိခဲ့ရင် သူ့ ကိုထားပြီး လက်ထပ်ဖို့ ကိစ္စကို စီစဉ် တော့မှာ မဟုတ်ဘူး။ အဲဒါကို သူသိတယ်။ ဒါကြောင့် ၀င်းဝင်းကို ယုမွန်က မပြောပြခဲ့တာပဲ။

အန်တီကလည်း သူ့ ကို သနားတော့ နောက်ဆုံးအချိန်မှာ သူ့ ကို စိတ်ချမ်းသာ စေချင်တာကြောင့် သူ ဘာလုပ်လုပ် မတားတော့ဘူးလို့  ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ဒီနေ့  သွားတဲ့ခရီးမှာ အဖော် မခေါ်ချင်ဘူး ဆိုတဲ့ သူ့ ရဲ့ စကားကို လိုက်လျော လိုက်မိတယ်။ နောက်ပြီး ဒီနေ့  မင်းမြတ် လက်ထပ်မှန်းလည်း အန်တီက သိနေတော့ သူ လွတ်လွတ်လပ်လပ် သွားပါစေလို့  ခွင့်ပြုလိုက်မိတာ။ သူ့ ရောဂါနဲ့  ခရီးဝေးဝေး ကား ပေး မမောင်း သင့်ဘူး ဆိုတာကို အန်တီ စဉ်းစားဖို့  မေ့သွားတယ်။

အန်တီကတော့ သူ တမင်တကာ လုပ်သွားတယ်လို့  မထင်ဘူး။ ကိုယ့်ကိုကိုယ် သတ်သေတယ် ဆိုတဲ့ အလုပ်ကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မိုက်မိုက်မဲမဲ မလုပ်ဘူး ဆိုတာ အန်တီ ယုံကြည်တယ်။ သူ့ ရဲ့ ရောဂါကြောင့်သာ ကားကို သူ မထိန်းနိုင်တာလို့ ပဲ အန်တီကတော့ ခံယူထားတယ်။ သူ့ ရဲ့ ဝေဒနာတွေ အရမ်းဆိုးရွား မလာခင်မှာ ဒီလိုဖြစ်သွားတော့လည်း ၀ဋ်ကျွတ်သွားတယ်လို့ ပဲ ဖြေတွေး လိုက်ရတော့တယ်။ ဒါကြောင့် မင်းမြတ်ကိုလည်း သမီးယုမွန် နောက်နောက် ပြောင်ပြောင် ပြောသွားတဲ့ စကားတွေကို ပြန်ပြော မနေပါနဲ့ တော့ ၀င်းဝင်းရယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ပါတယ်။

သေတဲ့လူလည်း သေပြီပဲ သမီးရယ်။ ယုမွန်ကလည်း ဒီလိုမျိုး ဖြစ်စေချင်မယ် မထင်ဘူးလို့  အန်တီ တွေးမိတယ်။ မင်းမြတ်လည်း သူ့ ဘ၀လမ်း သူ လျှောက်နေပြီပဲကွယ်။ အလကားသက်သက် စိတ်မဆင်းရဲပါ စေနဲ့ တော့ ၀င်းဝင်းရယ် ”

ကို့ ဝေဒနာကို မကြည့်ရက်သော မေက ယုမွန်ကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်တာမို့  ၀င်းဝင်းနှင့် တွေ့ ပြီး မေးမြန်း ဖြစ်ခဲ့သည်။ ၀င်းဝင်း ပြန်ပြောပြသော ယုမွန်၏ နောက်ဆက်တွဲ ဖြစ်ရပ်များကလည်း မေ့ ရင်ကို ထိခိုက် ခံစားမိစေသည်သာ။

“ဒီအချိန်မှာ ၀င်းဝင်းက မင်းမြတ်ကို ပြောလိုက်မိပြီ။ ၀င်းဝင်းကို ယုမွန် ဖုန်းဆက်ခဲ့တာကလည်း သူ့ ရောဂါ အကြောင်းတွေ ပြောပြဖို့  ဖြစ်မယ်မှန်း အန်တီ့ ဆီက ပြန်လာပြီးမှ တွေးမိခဲ့တာလေ။”

“ကို့ ကို ဒီအကြောင်းတွေ ပြန်မပြောပြခဲ့ဘူးလားဟင်။”

“ပြောပြတာပေါ့ မမမေ။ နောက်နေ့ မှာပဲ ၀င်းဝင်း သူ့ ကို ရှာပြီး တောင်းပန်ခဲ့တယ်။ သူ့ အပေါ် ၀င်းဝင်း ပြောတာတွေ အရမ်း လွန်သွားတယ်လေ။ ဒါကြောင့် သူ့ ကို သေသေချာချာ တောင်းပန်၊ ရှင်းပြ ခဲ့တယ်။ နောက်ပြီး သူ မယုံမှာစိုးလို့  အန်တီ့ ဆီက ယုမွန်ရဲ့ ဒိုင်ယာရီကို တောင်းပြခဲ့သေးတယ်။ ဒါပေမဲ့ မင်းမြတ်ရဲ့ ရင်ထဲမှာ သူ့ ကြောင့် ယုမွန် သေရတာဆိုတဲ့ အစွဲက စူးစူး နစ်နစ် ၀င်နေပြီ။ ၀င်းဝင်း ဘယ်လိုပဲ ဖျောင်းဖျ ဖျောင်းဖျ သူက လက်မခံခဲ့ဘူး။ ၀င်းဝင်းရဲ့ အမှားကြောင့် မင်းမြတ်မှာ ထိခိုက်သွားရတာကို တောင်းပန် ပါတယ် မမမေရယ်”

“တကယ်တော့ ဘယ်သူ့ အပြစ်မှ မဟုတ်ခဲ့ပါဘူး ၀င်းဝင်းရယ်။ အပြစ်တင်မယ် ဆိုရင် တိုက်တိုက် ဆိုင်ဆိုင် ရက်စက် စွာ လှည့်စားတတ်တဲ့ ကံကြမ္မာကိုပဲ မမမေတို့  အပြစ်တင် ရမှာပေါ့။ ဒီဝေဒနာတွေကို အချိန်ကပဲ ကုစားနိုင်မှာလေ။ ”

အဲဒီနောက်ပိုင်းမှာတော့ အရင်ကထက် ပိုတဲ့ ဂရုစိုက်မှု၊ နားလည်မှု ရှိတဲ့ ချစ်ခြင်းတွေနဲ့  အတတ် နိုင်ဆုံး မေ့အချစ် တွေကို ကို့ အပေါ် ပိုပေးခဲ့ပါသည်။ ထို့ အတူပဲ မေ့ထံ ရောက်ရှိလာမည့် တစ်စုံတစ်ယောက် ကိုလည်း မေ စောင့်မျှော်နေခဲ့ပါ သည်။

************************

၁၄.၂.၂၀၀၉

မေတို့ ရဲ့ ဒုတိယမြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ မှာတော့ ကိုသည် နှင်းဆီ အနီရဲရဲ တစ်စည်းကို ကိုင်ကာ မေ့ဆီ သို့  တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။ ထိုနေ့ သည် ယုမွန် ဆုံးပါးသွားခဲ့တာ ၂နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သလို၊ မေ နဲ့ ကို့  ရင်သွေးလေးကို မေ ဖွားမြင်ခဲ့သောနေ့ လည်း ဖြစ်လေသည်။

မေ စောင့်စား မျှော်လင့်နေသော လူသားတစ်ဦးကို တိုက်ဆိုင်စွာပင် ဒီနေ့ မှာ မွေးဖွားခွင့်ရဖို့  တိတ်တခိုး ဆုတောင်း မိခဲ့ပါသည်။ ခုတော့ မေ့ ဆုတောင်း ပြည့်ခဲ့လေပြီ။ သမီးလေးကို ရက်အနည်း ငယ် စော၍ ဗိုက်ခွဲကာ ဖေဖော်ဝါရီလ (၁၄)ရက် နေ့ တွင် မွေးဖွားနိုင်ခဲ့သည်။ သမီးလေးသည် အသား ဖြူ သော မေတို့ နှစ်ယောက်နှင့် လုံးဝ မတူပဲ အသားညိုသူလေး ဖြစ် သည်။ ထူးဆန်းသည်မှာ သမီး လေး သည် ယုမွန်ကဲ့သို့ ပင် မေးအလယ်ခေါင်တွင် အချိုင့်ကလေးပါခြင်းပင် ဖြစ်သည်။ ပါးနှစ် ဖက်တွင်လည်း ပါးချိုင့် နက်နက်လေးပါကာ တွေ့ သူတိုင်းက သမီးလေးကို ယုမွန်နှင့် တစ်ပုံစံထဲ တူသည်ဟု တညီတညွတ် ပြောကြ ခြင်း ဖြစ်သည်။

မေ့တွင် ကိုယ်ဝန်ရှိကာစကပင် ကို့ ကို ယုမွန်နှင့် ပတ်သက်သော အိပ်မက်အကြောင်း ပြောပြ ထား တာမို့  ကို့ မှာ မေ့ကို အရိပ်တကြည့်ကြည့်နှင့် အထူးပင် ဂရုစိုက်ခဲ့သည်။ ခုလို ယုမွန်နှင့် တူသော သမီး လေးကို မေ မွေးဖွားခွင့်ရခဲ့သည့် အတွက် ဘာပဲဖြစ်ဖြစ် ကံကြမ္မာကို ကျေးဇူးတင်မိပါသည်။

တိုက်ဆိုင်မှုပဲ ဆိုဆို၊ ဘုရားပေးတာပဲ ပြောပြော သမီးလေးသည် ကို့ ရင်ထဲမှ ယုမွန်နှင့် ပတ်သက် ၍ ခံစားနေရသော ဝေဒနာတို့ ကို ဖြေသိမ့်နိုင်စွမ်း ရှိမှာမို့  ကျေးဇူးတင်ပါတယ် ယုမွန်ရယ်။

ဘာပဲဖြစ်ဖြစ် ယုမွန်နှင့် တူသော သမီးလေးသည် ကိုနှင့် မေ့အတွက် အဖိုးမဖြတ်နိုင်သော ရတနာလေးပင် ဖြစ်သည်။ နောင်လာမဲ့ ဖေဖော်ဝါရီလ (၁၄)ရက် ပေါင်းများစွာသည် မေနှင့် ကိုတို့  နှစ်ဦး အတွက်ကတော့ ပျော်ရွှင်ဖွယ်ရာကောင်းသော မင်္ဂလာနေ့ ရက်များသာ ဖြစ်တော့မည်ဟု မေ ရဲရဲဝင့်ဝင့် ယုံကြည် နေမိသည်လေ။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လ၊ မြင်ကွင်း မဂ္ဂဇင်း

0 comments:

Post a Comment