On 0 comments

စာရေးခြင်းဆိုတဲ့ ၀ါသနာတစ်ခုကို မက်မော ရူးသွပ်စွာ ဖက်တွယ်ခဲ့မိတာ ကျွန်မရဲ့ တက္ကသိုလ် ကျောင်းသူ ငယ်ဘ၀၊ အလုပ်တစ်ခု ကို ငွေကြေး လိုအပ်မှုတစ်ခုထဲကြောင့် မဟုတ်ပဲ ရောက်တဲ့နေရာမှာ အောင်မြင် အောင် လုပ်ချင်ခဲ့တာက အသက် ၂၀ကျော်ဝန်းကျင် အလယ်အလတ်ဘ၀၊ ဒါထက် အသက်နဲနဲ ကြီးပြီး ၃၀ ကျော်လာတော့ ရောက်ရှိနေပြီးသား နေရာတစ်ခုမှာ တာဝန်ကျေပြွန်စွာနဲ့  အလုပ်တွေကို ဦးစီး လုပ်ကိုင်ခွင့်ရ အောင် ကြိုးစားရင်း ပေးဆပ်လိုက်ရတဲ့ အချိန်တွေရဲ့ နောက်ကွယ်မှာ ကျွန်မ ဆုံးရှူံးလိုက်ရတာက လွတ်လပ် စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ငေးမောခွင့်၊ လွတ်လပ်စွာ ကျွန်မ ရေးသားခွင့် (စိတ်ကြိုက်စာပေများကိုလေ) တွေ ဖြစ်နေခဲ့တယ်လေ။

ကိုယ်ရောက်ရှိချင်တဲ့ နေရာတစ်ခုကို ရောက်ရှိအောင် ကြိုးစားရင်း ပေးဆပ် စွန့် လွှတ်လိုက်ရတာက ကိုယ့် ၀ါသနာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ ကိုယ့်ရဲ့ လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ နုပျိုမှု အများကြီးပါပဲ။ ဘယ်သူကမှ ကိုယ့်ကို အတင်းအကျပ် ခိုင်းစေခဲ့တာ မဟုတ်ပဲ ကိုယ့်ရဲ့ လောဘ နဲ့  ကိုယ် ရွေးချယ်ခဲ့တဲ့ လမ်းတွေပါပဲ။ ဘယ်သူမပြု မိမိမှုပေါ့နော်။

လွပ်လပ်စွာ တွေးခေါ်နိုင်တဲ့ အတွေးနုနုတွေအစား ဦးနှောက်ခြောက်အောင် စဉ်းစား တွက်ချက်ရတာတွေ၊ စာအုပ်နဲ့  ဘောပင်ကိုင် ဖြစ်ပေမဲ့ ရေးဖြစ်တာက စကားလုံးနုနုတွေ မဟုတ်ပဲ ကိန်းဂဏန်း တွက်ချက်မှုတွေ ဖြစ်နေတာတွေ၊ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေပဲလို့  သိခဲ့ပေမဲ့ ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး။

စာရေးချင်တဲ့ စိတ်ကို ကြိတ်မှိတ် မြိုသိပ်ခဲ့ရတယ်။ မရေးတာ ကြာတော့ ကိုယ့်လက်ရာကို ကိုယ်ပြန် အားမရ ခဲ့ဘူး။ ဒီအချိန်တိုင်းမှာ ငယ်ဘ၀လေးကို ပြန်လွမ်းတယ်။ အရင်ရေးခဲ့တဲ့ စာတွေ ဖိုင်တွေကို ပြန်ဖွရင်း ရေးလက်စ၊ တွေးလက်စ အတွေးလေးတွေ အရေးလေး တွေ ပြန်တွေ့ ချိန်မှာ အဆုံးမသတ် ဖြစ်ခဲ့သော အတွေး တစ်ပိုင်းတစလေး တွေကို မာတီမှာ ပြန်လည် မျှဝေရင် ကောင်းမလားဆိုတဲ့ စိတ်ကူးလေးနဲ့  ဒီပို့ စ် လေးကို အရင် တင်လိုက်ပါတယ်နော်။

0 comments:

Post a Comment