On 0 comments

ဝတ္ထုတစ်ပုဒ်မှာ သရုပ်မှန်မှု အငွေ့ အသက်ရအောင် ဘယ်လိုရေးရမယ်ဆိုတာကို စာရေးဆရာမ La Vyrle Spencer က သူ့  ဆောင်းပါးမှာ ဒီလို ပြောထားပါတယ်။

“အဲဒီ ၀တ္ထုကို ဖတ်လိုက်ရတာ တကယ့်အဖြစ်အပျက်လိုပဲ။ ဘယ်လိုများ ရေးလိုက်တာလဲ” လို့  တစ်စုံ တစ်ယောက် က စာရေးသူ ကိုမေးမယ်ဆိုရင် ဒါဟာ စာရေးသူအတွက် ကြီးစွာသော ဆုလာဘ် ရလိုက်သလို ပါပဲ။ တကယ်လို့ ပြောလာသူက ဆက်ပြီး “ကျွန်တော် ကိုယ်တိုင် အဲဒီဇာတ်လမ်းထဲ ရောက်သွားသလိုပါပဲ။ ၀တ္ထုထဲက အသံတွေ ကြားရတယ်။ အနံ့ တွေ ရနေတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့  ကိုယ်တိုင် အဲဒီ စာမျက်နှာ တွေထဲ ရောက်သွားတယ်ဗျာ” လို့  ဆိုလိုက်ရင် အဲဒီ စာရေးဆရာဟာ စာဖတ်သူအတွက် ထူးခြားမှု တစ်စုံ တစ်ရာ ပေးနိုင်တာ သေချာသွားပါပြီ။

ကျွန်မကို အဲလိုဖြစ်အောင် ဘယ်လိုရေးတာလဲလို့  မေးလာရင် ကျွန်မအဖြေကတော့ “အာရုံငါးပါး ပါဝင် အောင် ရေးထားလို့ ပါပဲ” လို့  ဖြေပါလိမ့်မယ်။ စာရေးဆရာ အတော်များများ သဘောမပေါက်ကြတာက စာဖတ်သူ ရင်ထဲ စွဲငြိသွားအောင် သရုပ်မှန် ၀တ္ထု ဖြစ်နိုင် ဖို့ အတွက် အာရုံငါးပါးကို ကိုယ့်ဝတ္ထုထဲပါအောင် ဖန်တီးကြဖို့  လိုတယ်ဆိုတဲ့အချက်ပါပဲ။

ကျွန်မတို့  ၀တ္ထုတွေမှာ ‘အမြင်’ အာရုံကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ ‘အနံ့ ’ တို့ ၊ ‘အသံ’ တို (ဇာတ်ကောင်တွေ ပြောနေကြတဲ့ စကားအပြင်) ‘အရသာ’ တို့ ၊ ‘အတွေ့ ’ တို့ ကို ဘယ်လို ဖန်တီးမလဲ။ ဇာတ်ဝင်ခန်းတစ်ခု ရေးတော့မယ်ဆိုရင် “အမြင်၊ အကြား၊ အတွေ့ ၊ အရသာ၊ အနံ့ ” ဆိုတဲ့ အာရုံငါးပါးကို ဘယ်လို ပါအောင်ထည့်ရေးရမလဲဆိုတာ အကွက်ချ စဉ်းစားပြီးမှ ချရေးပါတယ်။

အနံ့ ဆိုလို့  ကောင်းတဲ့ အနံ့  ဖြစ်ရမယ်လို့  မဆိုလိုပါဘူး။ တစ်ခါတရံမှာ ဆိုးဝါးတဲ့ အနံ့ ဆိုးတွေက တကယ့် ဖြစ်ရပ်မှန်နဲ့  အနီးစပ် ဆုံးဖြစ်အောင် ထူးထူးခြားခြား ဖန်တီးပေးတတ်ပါသေးတယ်။ ဆိုကြပါစို့ ။ ရေခဲသေတ္တာ တံခါး ဖွင့်ချိန်မှာ ရလိုက်တဲ့ ဟင်းသီး ဟင်းရွက် အပုပ်နံ့ ၊ ယောကျာ်းတစ်ယောက် ကိုယ်ကထွက်လာ တဲ့ ချွေးနံ့ ပြင်းပြင်း၊ မိန်းမတစ်ယောက် လက်မှာ ပေနေတဲ့ ရေနံဆီ အနံ့  စသဖြင့်ပေါ့။

ဇာတ်ဝင်ခန်းမှာ အဲဒီအနံ့  ရနေတယ်ဆိုတာကို တစ်ကြိမ်ပြောရုံနဲ့  မပြီးသေးဘူး။ ကိုယ့်ဇာတ်ကောင် လှုပ်ရှား နေသမျှ ကာလပတ်လုံး ဒီအနံ့ ကို ပရိသတ်က ရနေအောင် ခဏခဏ ရေးပေးရပါမယ်။

ဆိုကြပါစို့ ။ ဇတ်ဝင်ခန်း တစ်ခုမှာ လင်မယား၂ယောက် အော်ကြီးဟစ်ကျယ် ငြင်းခုန်နေကြမယ်။ ယောကျာ်းက မီးဖိုတံခါးဝကနေ မိန်းမကို လှမ်းအော်မယ်။ “ဟေ့ မင်းအမေကြီး ငါတို့ နဲ့  အတူတူ ဆက်နေမှာကို ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ငါ ပြန်လာလို့  မှ အဘွား မသွားသေးဘူး ဆိုရင် ငါ ဆင်းသွားမယ်” ပေါ့။

ဒီဇာတ်ဝင်ခန်းကို ရေးချိန်မှာ မီးဖိုထဲရောက်နေတဲ့ မိန်းမကို ဖရုံယို လုပ်ခိုင်းထားမယ်။ ဒီတော့ ဘာအနံ့ တွေ ၀င်လာမလဲဆိုရင် ပျားရည်အနံ့ ၊ သကြားနံ့ ၊ အမွှေးနံ့  စသဖြင့် ပါလာမယ်။ တခြား မီးဖိုတစ်ခုမှာလည်း ဟင်းချက်နေတော့ ရှာလကာရည်နံ့ တို့ ၊ ဟင်းမွှေး မဆလာနံ့ တို့ က ရှိနေအုံးမယ်။

တကယ်လို့  သူတို့ လင်မယား စကားအပြန်အလှန် ပြောနေကြတာ စာမျက်နှာ တစ်ဝက်လောက်အထိ ရောက်လာရင် ကျွန်မက စာဖတ်သူကို မီးဖိုထဲက အနံ့ တွေကို ပြန်သတိရသွားအောင် တစ်ချက်လောက်တော့ ၀င်ထောက်လိုက်ရတယ်။ ဥပမာ ဒီလိုပေါ့။

“နိုရာ၊ မင်းကို ငါ သတိပေးနေတာ၊ မင်းအမေနဲ့  မင်းနေမလား၊ ငါနဲ့  နေမလား။ မင်းကြိုက်ရာ ရွေးပေတော့။” လို့  သူက အော်လိုက် တယ်။ သူ့ မျက်နှာကလည်း မီးဖိုခန်းထဲက ရှာလကာရည်နံ့ လိုပဲ ချဉ်စူးနေတော့တယ်။

ချဉ်တယ်တိုတဲ့ အနံ့ က အမျိုးသားရဲ့ မျက်နှာပေါ်က ဒေါသကို တင်စားရာ ရောက်စေသလို၊ ဖရုံယိုက ထွက် တဲ့အနံ့ ကလည်း နိုရာရဲ့ နူးညံ့မှုကို တင်စားရာ ရောက်ပါတယ်။ အမျိုးသားရဲ့ မျက်နှာကို ရှာလကာရည်နဲ့  တင်စားလိုက်တော့ ဟာသဖောက်ရာလည်း ရောက် ပါတယ်။ ဒီလို ဇာတ်ဝင်ခန်း ရေးရင် လင်မယား နှစ်ယောက် အော်ဟစ်နေရင်းနဲ နိုရာက သူလုပ်စရာ ရှိတာတွေ ဆက်လုပ်နေတယ် ဆိုတာ ဖော်ပြဖို့  မမေ့ ပါနဲ့ ။ နိုရာက ချက်ပြုတ်နေတာဆိုတော့ စကားပြောရင်း ဟင်းအိုး အပူကို ကိုင်ချင်ကိုင်မိသွားမယ်။ အဲဒီလို ပူသွားရင် သူက ရေပိုက်ဖွင့်ပြီး လက်ထိုးခံလိုက်မယ်။ ဒီမှာ ဇာတ်ဝင်ခန်းက အရှိန် ပိုမြင်သထက် ပိုမြင့်လာပြီ။ ပူသွားတယ်ဆိုတဲ့ အတွေ့ အာရုံကို ထည့်လိုက်နိုင်ပြီ။ ပူတယ်ဆိုတာ ကောင်းတဲ့ အတွေ့ အာရုံတော့ မဟုတ် ဘူး။ ဒါပေမဲ့ တကယ့်သဘာဝမှာလည်း ဒါမျိုး ဖြစ်တတ်တာဆိုတော့ ကိုယ့်ဇာတ်ဝင်ခန်းက သရုပ်မှန် ဖြစ်လာ တယ်။

ပြောရင်း သနပ်တွေပေါ်ကို ဆီလောင်းထည့်လိုက်တော့ ဖိတ်စင်သွားတယ်။ ဖိတ်သွားတာကို သုတ်ပစ်ရမယ်။ စိုသွားတယ်ဆိုတဲ့ အတွေ့ အာရုံ ၀င်သွားပြီ။ ပြီးတော့ သူ့ လက်ကို လက်နှီးနဲ့  သုတ်လိုက်အုံးမယ်။ နဖူးက ချွေးတွေ စီးကျနေမယ်။ အပူဆိုတဲ့ အတွေ့  အာရုံ ပေါ်လွင်တဲ့အပြင် ချွေးစီးကျတာလည်း အတွေ့ ပါပဲ။ အော် ရင်းနဲ့  ဇွန်းနဲ့  ဖြစ်ဖြစ်၊ ယောက်မနဲ့  ဖြစ်ဖြစ် ပေါက်လိုက်မယ်။ (အသံ ပါလာပြီ)

စကားများရင်း တန်းလန်းနဲ့  ယောကျာ်းက ဒေါသတကြီး ထွက်သွားတော့ မိန်းမက သူ့ ကော်ဖီခွက်ကို ရေခဲ တုံးတွေ ထပ်ထည့်ပြီး လှုပ်(ဖန်ခွက်နဲ့  ရေခဲတုံး ထိတဲ့အသံ)၊ ကော်ဖီသောက်တော့ ခါးနေတဲ့အတွက် မျက်နှာရှုံ့ မဲ့သွားမယ်။ (အရသာ)

ခုကျွန်မပြောတဲ့အထဲမှာ အာရုံငါးပါးလုံးပါသွားတာ သတိပြုမိပါလိမ့်မယ်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ဒါတွေ အားလုံး ပါဖို့ ဆိုတာ အကွက်ချ စဉ်းစားထားမှသာ ဖြစ်နိုင်ပါတယ်။ တချို့ ဇာတ်ဝင်ခန်းတွေမှာ အာရုံ ငါးပါးလုံး ပါအောင် ရေးဖို့  မလွယ်ပါဘုး။ အထူးသဖြင့် အရသာပေါ့။ အဲဒါပါအောင် ရေးဖို့  အခက်ခဲဆုံးပါပဲ။ အနည်းဆုံး အာရုံ ၃-၄ ခုတော့ ပါအောင် ရေးဖို့ လိုပ့တယ်။ စကားပြောတွေ ရေးရာမှာလည်း စာဖတ်သူနဲ့  တသားတည်း ကျအောင် ရေးတတ်ဖို့  လိုပါတယ်တဲ့။

0 comments:

Post a Comment