On 0 comments




အချစ်သည် လူတစ်ယောက် ဘ၀အတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်ဟု အချို့က ခံယူ သော်လည်း သူမ အတွက်ကတော့ အချစ်သည် သူမ၏ မာန၊ သူမ၏ ဂုဏ်သိက္ခာ၊ အထူးသဖြင့် သူမရဲ့ အတ္တလောက် အရေးတကြီး မရှိခဲ့ပါ။ ဒါကြောင့်ပဲ သူမနဲ့ ပတ်သက်ခဲ့ဖူးသော (တနည်းအားဖြင့်) သူမကို ပိုင်ဆိုင်ခွင့် ရအောင် ကြိုးစား ခဲ့သော ယောက်ျား နှစ်ယောက်နှင့် ဆုံတွေ့ရချိန်၌ သူမ၏ ဆုံးဖြတ်ချက်တွင် အချစ်ကို ရှေ့တန်းမတင်ပဲ သူမ ဖြစ်လိုသော ဆန္ဒ တစ်ခုကိုပင် အတ္တကြီးစွာ ရွေးချယ်ခဲ့တာဖြစ်သည်။
ဤအဖြစ်အပျက်အတွက် ခံစားသွားရသော နှလုံးသားတစ်စုံက နာကျင်ခြင်းကို မိမိ အနိုင်ယူလိုသော ယောက်ျား နှစ်ယောက်အပေါ် လှပစွာ ရိုက်ချနိုင်ခဲ့မှုအတွက် ဂုဏ်ယူခြင်းဖြင့် အစားထိုး ဖြေသိမ့်ခဲ့လေသည်။
                                                       × × × × ×
အချောအလှတွေ ပေါသော တက္ကသိုလ်နယ်မြေတွင် သူမသည် သာမာန်ထက် ပို၍ စိတ်ဝင်စားစရာ မကောင်းသော မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။ စကားနည်းသော၊ မျက်နှာထားတင်းသော၊ ရှပ်အင်္ကျီ များကို နှစ်သက်စွာ ၀တ်ဆင်တတ်ပြီး ကျောပိုးအိတ် တစ်လုံးလွယ်ကာ ထင်ရာ လျှောက်သွားဖို့ ၀န်မလေးသော၊ သနပ်ခါးမှ လွဲ၍ အလှမပြင်တတ်သော ငွေကြေးချမ်းသာသူ မဟုတ်သော သူမထံတွင် ခင်မင်စရာ သူငယ်ချင်း တစ်ယောက်မှ ရှိမနေခြင်း သည် မထူးဆန်းပေ။
သူမမှာ ထူးခြားတာဆိုလို့ သာမာန် မိန်းကလေးတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတတ်တဲ့ အရပ်အမောင်းရယ်၊ ပိုးသားလို နူးညံ့သော ဆံပင်များက ကျောလယ်လောက် ရှည်ပြီး လှုပ်ရှားလိုက်တိုင်း လှပစွာ ယိမ်းနွဲ့ နေတတ်တာရယ်၊ အပြစ်ကင်းစင်တဲ့ ကလေးဆန်ဆန် မျက်နှာလေးမှာ အမြဲတန်း သနပ်ခါး ပါးကွက်ကလေး ကွက်ထားတတ်တာရယ် ပဲဖြစ် သည်။ ကျောင်းကို စောစော လာလေ့မရှိသော သူမက ဆရာဝင်ချိန်မှ အတန်းထဲဝင်ကာ သီရေတာခန်း၏ နောက်ဆုံး အတန်းမှာသာ ထိုင်တတ်သည်။ ဒါကြောင့်ပဲ သူမကို စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့သော မျိုးမင်းခန့် ဆိုသော ကောင်လေး တစ်ယောက်ကို မသိခဲ့တာဖြစ်သည်။
အဖော်မရှိသော သူမ ဘ၀ထဲကို စတင် ၀င်လာသူမှာ သူမနှင့် ပရက်တီကယ် အတူလုပ်ရသော ကိုစည်သူပင်ဖြစ် သည်။ ကိုစည်သူ၏ စတင် မိတ်ဆက်လာမှုတွင် ရိုးသား၊ပွင့်လင်းခြင်း အရိပ်အယောင် များကို ဖော်ပြနေသည့် သူ့မျက်ဝန်း များကြောင့်ပင် သူငယ်ချင်း အဖြစ် လက်ခံဖို့ သူမ ဆုံးဖြတ်ခဲ့လေသည်။ ကိုစည်သူနှင့် စတင် သိရှိပြီးနောက် သူ မိတ်ဆက် ပေးခဲ့သော သူငယ်ချင်းများကို စိတ်ဝင်စားခြင်း မရှိခဲ့ပေမယ့် ကြာလာတော့လည်း ကိုစည်သူ့လိုပင် သူမအပေါ် အနစ်နာခံ ခင်မင်ကြသော သူငယ်ချင်းများကို သူမ တွယ်တာလာတော့သည်။ ကိုစည်သူနှင့် ခင်မင်မှုကို သာမာန် ရိုးသားစွာ တိုက် ဆိုင်မှုဟု ထင်ခဲ့ပေမယ့် သူမအပေါ် စိတ်ဝင်စားနေသော မျိုးမင်းခန့်အတွက် သူငယ်ချင်းများ၏ ၀ိုင်းဝန်း ကြိုးပမ်းမှု ဖြစ်ကြောင်း နောက်များမှ သိခွင့်ရခဲ့လေသည်။
သို့သော် သူမသည် ထိုသို့သော မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် သူမထံ မိတ်ဖွဲ့လာခဲ့သော သူငယ်ချင်းလေး များကို အမှန်တကယ်ပင် ခင်မင်ခဲ့လေသည်။ ပထမနှစ် ကုန်ဆုံးခါနီးတွင် ထူးခြားလာသော ပြောင်းလဲမှုမှာ ကိုခန့်ဟု သူမ ခေါ်သည့် မျိုးမင်းခန့်၏ မျက်ဝန်းများပင်ဖြစ်သည်။ သူမတို့ စတင် သူငယ်ချင်း ဖြစ်စကပင် အခြားသူများထက် ပို၍ ဂရုစိုက် တတ်သော ကိုခန့်၏ အပြုအမူများ၊ သူမ မျက်နှာညိုနေလျှင် နေစရာ မရှိတော့သယောင် ဖြစ်နေမှုများကို မြင်မိပေမယ့် ဒါဟာ သူမကို စိတ်ဝင်စားလို့ပါလားဟု သံသယဖြင့် တွေးမကြည့်ခဲ့ဖူးပါ။
တစ်ဦးတည်းသောသမီး ဖြစ်သည့် သူမ ဘ၀တွင် သူငယ်ချင်းများသည် သူမ ဘ၀၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ် သည်။ မယုနှင့် မနွယ်တို့၏ အရိပ်အယောင်ပြ အစအနောက်များကို သူမ မသိချင်ယောင် ဆောင်နေခဲ့သည်။ သူမအတွက် အဖော်ကောင်း တစ်ယောက် ဆုံးရှုံးသွားမှာကို မလိုလားပါ။ သူမနေသော အဆောင်သို့ သူငယ်ချင်းများ မပါပဲ ကိုခန့် တစ်ယောက်ထဲ လာလည်တတ်သည်။ သူမကို လူကြီးလူကောင်း တစ်ယောက်လို ဆုံးမတတ်သော သူ့ကို အခြားသူများ ထက် ပို၍ ခင်မင်မိတာကလည်း တည်ငြိမ်၊ အေးဆေးသော သူ့ အမူအရာများနှင့် လူကြီးဆန်မှု တို့ကြောင့်ပင် ဖြစ်သည်။
အချိန်ကာလ ကြာလာတော့လည်း သူငယ်ချင်းများ၏ စကားဝိုင်းတွင် ကိုခန့်နှင့် သူမအား မသိမသာ တွဲစမှု၊ သူမ နှင့် ပတ်သက်သော ကိစ္စများအား ကိုခန့်အား တာဝန် ပေးထားတတ်မှုတွေကို သူမက မသိကျိုးကျွန် ဟန်ဆောင်ပြီး ကျေ နပ်လာတတ်သလို၊ ကိုခန့်ကလည်း သူမအတွက် ဘာမဆို ဆောင်ရွက် ပေးရန် အသင့် ရှိနေတတ်သည်။
သူ့ အပြုံး၊ သူ့ မျက်လုံးများ၏ အဓိပ္ပါယ်ကို သူမ ဖတ်နိုင်ခဲ့သလို၊ သူ့ အပေါ် သူမ၏ တွယ်တာ မှုကိုလည်း ကိုခန့် သိနိုင်မည် ထင်ပါသည်။ ချစ်တယ်လို့ ဖွင့်မပြောသေးတာကိုပဲ သူမက ကျေနပ်နေ ပြန်သည်။ ချစ်သူတွေ မဟုတ်ပဲ တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိစွာ တွယ်တာနိုင်တာပဲလေ။ အချစ်ဆိုသော ဝေါဟာရ၏ နောက်ကွယ်မှ အဆိပ် ပြင်းသော၊ နူးညံ့သော၊ အစွမ်းထက်သော၊ ပူလောင်သော၊ အဓိပ္ပါယ်ပေါင်း များစွာကို သူမ ထိရှ ခံစားရမှာကို ကြောက်ရွံ့ နေခဲ့သည်။ ဒါဟာ သူမရဲ့ မပြတ်သားမှုနှင့် သူမကိုယ် သူမ အခြားသူ တစ်ယောက်ထံမှ ရှုံးနိမ့် ကျဆင်းသွားမှာကို မလို လားသော သူမ၏ အတ္တပင် ဖြစ်မည် ထင်သည်။
ကိုခန့်၏ အရင်းနှီးဆုံး သူငယ်ချင်းဟု သိထားသော စက်မှုတက္ကသိုလ်မှ ရဲထွဋ်နိုင်၏ ကျူရှင်သည် သူမ နေသော အဆောင်နားတွင် ရှိခြင်းသည် တိုက်ဆိုင်မှု တစ်ခုသာဖြစ်သည်။ ကျူရှင် မတက်ခင် စောသေးလို့ ၀င်လာတာ ဟူသော သာမာန် အကြောင်းပြချက်ဖြင့် သူမ အဆောင်ကို ၀င်လာတတ်သော ရဲထွဋ်နိုင်သည် သူမကို စိတ်ဝင်စားနေသော ကိုခန့်၏ သူငယ်ချင်း ဖြစ်နေသောကြောင့် သူ့အပေါ်မှာ သံသယတို့ ရှိမနေခဲ့ပါ။ ထိုအချိန်တွင် သူမကို အမြဲတစေ ဂရုတစိုက် ရှိခဲ့သော ကိုခန့်သည် သူ့အဘွား နေမကောင်း၍ ပြင်ဦးလွင်သို့ ခဏ သွားနေချိန်လည်း ဖြစ်သည်။
“ကိုခန့်က မမိုမိုမြင့် လိုအပ်တာတွေ ရှိရင် ခိုင်းလို့ရအောင် သွားကြည့်ပေးပါလို့ မှာခဲ့တယ်။ ဘာများခိုင်းစရာ ရှိ သေးလဲ ”
ဟု မေးလာတတ်သော ရဲထွဋ်နိုင်အား မိတ်ဆွေ တစ်ယောက် အနေနဲ့ သာမာန်သာ ခင်မင်ခဲ့ ပါသည်။ အဆောင် ကို အလာ စိပ်လာတဲ့အခါ သူလာတိုင်း မယုတို့၊ မနွယ်တို့ကို ပြန်ပြောပြ တတ်တာ တွေကြောင့် နောက်ပိုင်းမှာ မယုတို့က ရဲထွဋ် တစ်ယောက် မရိုးသားတော့ဘူး ထင်တယ်နော်ဟု မှတ်ချက် ချတာကိုပင် သူရဲ့ ရိုးသားမှုကို အထင်မလွဲပါနဲ့ဟုပင် သူ့ ဘက်မှ ထောက်ခံ ပေးလိုက်သေး။ အဲဒီလောက်ပင် သူမ လူကဲခတ် ညံ့ဖျင်းခဲ့တာ ဖြစ်သည်။ ကျောင်းပျက်သော ကိုခန့် အတွက် စာတွေကို သူမက ကူးပေးရင်း ရဲထွဋ်နိုင်က ကိုခန့် ပရက်တီကယ် အချိန်တွေကို သူ ကျောင်းမှလစ်၍ ကိုယ်စား လာလုပ်ပေးခြင်းဖြင့် သူမတို့ အုပ်စုနားတွင် ရှိနေခဲ့သည်။
ပြင်ဦးလွင်မှ ပြန်လာသော ကိုခန့် ပထမဦးဆုံး လာတွေ့သူမှာ သူမ ဖြစ်ပေမယ့် ကိုခန့် တစ်ယောက်ထဲတော့ မဟုတ်ခဲ့ပါ။ စီးနေကျ ဆိုင်ကယ်မပါပဲ ကိုခန့်၏ ကားပေါ်တွင် ရဲထွဋ်နိုင် ပါလာခဲ့ခြင်း ဖြစ်သည်။ ကိုခန့်ကို တွေ့လို့ သူမ ၀မ်းသာအားရ ဖြစ်ပေမယ့် ကိုခန့် မျက်ဝန်းများ အရောင် တောက်ပမှု မရှိတာကို သူမ ထိုအချိန်က နားမလည်ခဲ့သေးပါ။ ကိုခန့် ၀ယ်လာ သော ယုန်မွှေးဆွယ်တာ အဖြူလေးကိုသာ သဘောကျ မဆုံးရှိနေခဲ့သည်။
သူမ ဘ၀တွင် စိတ်ရှုပ်ထွေးဖွယ်ရာ အခြေအနေ တစ်ခုသည် ကိုခန့်ပြန်လာပြီး နောက်နေ့မှ စ၍ စတင်ဖြစ်ပွား ခဲ့လေသည်။ အင်္ကျီ လာပေးရင်း ကျောင်းသွားချိန်တွင် လာကြိုမည်ဟု ပြောသွားသူမှာ ကိုခန့်ဖြစ်ပြီး တကယ်တမ်း သူမကို လာကြိုသူမှာ မျှော်လင့်မထားသော ရဲထွဋ်နိုင်ပဲ ဖြစ်သည်။ သူမ၏ အလိုမကျမှုကို မမြိုသိပ်နိုင်စွာ
‘‘ကိုခန့်က ဘယ်ရောက်နေလို့ ကိုရဲက လာကြိုရတာလဲ။ ကိုခန့် လာခေါ်မယ်ဆိုလို့ စောင့်နေတာ’’
‘‘ကိုခန့် သူ့ အိမ်ကကိစ္စ ပေါ်လာလို့ မလာနိုင်ဘူး။ အဲဒါ ကိုယ့်ကို လွှတ်လိုက်လို့ - ကျောင်း ၀င်ပို့ ပေးခဲ့မယ်လေ’’
“ရတယ်။ ကိုယ့်ဘာသာ ကိုယ်သွားမယ်။ ကိုရဲရဲ့ ဆိုင်ကယ် နောက်ကတော့ မလိုက်နိုင်ဘူး”
“နေပါအုံး ကောင်မလေးရဲ့ မို့ကို လာကြိုမှာမို့ ကိုယ် ဒီနေ့ ကား ယူလာပါတယ်။ လာ သွားရအောင်”
ကိုရဲ ကားပေါ် လိုက်ပါလာရင်း ကိုခန့်ကို အနည်းငယ် ကျိန်ဆဲမိပါရဲ့။ ရဲထွဋ်နိုင်၏ မျက်လုံးများက သူမ ၀တ်ထား သော ယုန်မွေး ဆွယ်တာ အဖြူရောင်လေး ကိုကြည့်ရင်း မနှစ်မြို့နိုင်တာကို သူမ နားမလည် ခဲ့ပေမယ့် ထိုအဖြေကို မကြာ ခင်မှာပဲ သိခွင့်ရခဲ့သည်။
အချိန် စောသေးလို့ တနေရာရာမှာ ထိုင်ပြီး မုန့်စားရအောင်လို့ ပြောရင်း သွားဖြစ်သော ဆိုင်နာမည်က Dream တဲ့။ ဆိုင်နာမည်နှင့် လိုက်ဖက်စွာပင် ဆိုင်ထဲ ရောက်ပြီး မကြာမီမှာပင် သူမ မထင်မှတ် ထားသော အဖြစ်အပျက်များက အိပ်မက်ဆန်စွာ ဖြစ်ပေါ်လာသည်။ သူမကတော့ ထိုအဖြစ် အပျက် များကို အိပ်မက်သာ ဖြစ်စေချင်သည်။ နိုးထချိန်တွင် လွင့်ပြယ် သွားအောင်ပါ။
“မို့ကို ပြောစရာရှိတယ်။ ”
စကားသံနှင့်အတူ သူမလက်ကို ဆုပ်ကိုင်လာတာကြောင့် အလန့်တကြားပင် ရုန်းထွက် လိုက်မိ သည်။ သူက အသာ လွှတ်ပေးရင်း
“မို့ကို ချစ်တယ်။ မိုမိုမြင့် ဆိုတဲ့ ကောင်မလေးကို စတွေ့ချိန်ထဲက စွဲလမ်းခဲ့ရတာ။ ဘယ်မိန်းကလေး အပေါ်မှာမှ မထားခဲ့ဖူးတဲ့ မေတ္တာနဲ့ ချစ်ခဲ့တာ၊ ကိုယ့်ကို လက်ခံ စဉ်းစားပေးပါ မို့”
သူမ မျက်နှာကို ရေနွေးပူနှင့် ပက်သလို စပ်ဖျဉ်းဖျဉ်း ခံစားရသည်။ ကိုရဲလို မိန်းကလေး အတော် များများနှင့် တွဲခဲ့ဖူးသော ယောက်ျား တစ်ယောက်သည် ကိုယ့်အချစ်ဆုံး သူငယ်ချင်း စိတ်ဝင်စားစွာ ရွေးချယ်ထားသည့် မိန်းကလေး အပေါ်မှာတော့ ဒီလိုစိတ်မျိုး မထားသင့်ဟု သူမ ထင်သည်။ သူမ မျက်ဝန်းထဲတွင် မယုံကြည်နိုင်ခြင်းတို့ ပျော်ဝင်လျက် သူမ အသိချင်ဆုံးသော မေးခွန်းတစ်ခုကို မမြိုသိပ်နိုင်စွာ မေးမိသည်။
“ကိုရဲ ဒီနေ့  ဒီလို စကားမျိုး ပြောမယ် ဆိုတာ ကိုခန့် သိလား”
“သိတယ်။ ဒီမနက် ကို မို့ ကို ဖွင့်ပြောမယ်ဆိုပြီး ထွက်လာခဲ့တာ”
သူမ ထပ်ဆင့် အံ့သြ ရပြန်သည်။ ဒါဆိုရင် ဒီမနက် သူ မလာတာ သူ့သူငယ်ချင်း အဆင်ပြေအောင် ရှောင်ပေးခဲ့ ခြင်းပဲပေါ့။ စိတ်ထဲမှာ နာကျင်စွာ ခံစား ရသည်။ တတွတ်တွတ် ပြောနေသော ကိုရဲမျက်နှာကိုကြည့်ရင်း ကိုခန့်သာ ဆိုရင် ဟူသော အတွေးဖြင့် စကားတို့ကို မကြားတစ်ဝက် ကြားတစ်ဝက် နောက်မှ အသိဝင်လာသလို
“ပြန်ရအောင်” ဟု တောင်းဆိုလိုက်သည်။
သူမတို့ စီးလာတဲ့ကား ကျောင်းဝင်းနား ရောက်တယ်ဆိုရင်ပဲ ရင်းနှီးနေကျ ကားနံပါတ်တစ်ခုနှင့် SE Limited အဖြူ က သူမတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်ထားလေသည်။ သူမကို စောင့်ကြည့်နေသော ကိုခန့် မျက်ဝန်းများကို အမြင်မှာတော့ သူမ စိတ်ထဲ ရှိတာနဲ့ ဆန့်ကျင်စွာ ကိုရဲကို ပြုံးပြ နှုတ်ဆက်ပြီး ကျောခိုင်းလိုက်သည်။ ထိုအချိန်မှာ ပြောင်းလဲ သွားသော ကိုခန့်ရဲ့ မျက်ဝန်းများကို နားလည်မိ သလိုရှိပေမယ့် ရင်ထဲမှာ နာကျင်မှုကတော့ လျော့ပါးမသွားခဲ့။
ထိုနေ့က အဖြစ်အပျက်နှင့် ပတ်သက်၍ သူမက ကိုခန့်သည် သူ့ သူငယ်ချင်းအတွက် အလွယ်တကူ နောက် ဆုတ်ပေးခဲ့သည်ဟု သတ်မှတ်ခဲ့သလို၊ ကိုခန့်ကလည်း သူ၏ မျက်စိရှေ့တွင်ပင် ပြုံးရယ် နှုတ်ဆက် လမ်းခွဲသွားသော သူမ တို့နှစ်ယောက်ကို အတိုင်းအတာ တစ်ခုအထိ ပြေလည် သွားခဲ့ပြီဟု ထင်ခဲ့လေသည်။ သူမတို့ ကြားမှ နားလည်မှုသည် ထိုအချိန်မှ စ၍ လွဲမှားခဲ့တာ ဖြစ်သည်။
ကိုခန့်က ကိုရဲနှင့် ပတ်သက်သမျှကို သူမကို မမေးခဲ့ပေမယ့် ကိုရဲရဲ့ ခြေလှမ်းများကိုတော့ စောင့်ကြည့်နေခဲ့သည် ဟု သူမ ထင်သည်။ ကိုခန့်နှင့် သူမတို့ကြားမှာ မမြင်နိုင်သည့် သံယောဇဉ်ကြိုးဖြင့် တွယ်ငြိနေသည့်တိုင် ၀န်တိုစိတ်၊ သံသ ယစိတ်တို့ရောကာ အလျော့မပေးပဲ မာနဖြင့် တင်းခံရင်း ဟန်ဆောင် နေကြလေသည်။ အချိန်ကြာလာတာနဲ့အမျှ သိသာ လာသော အချက်မှာ ကိုကိုရဲ ဘယ်လိုမှ သူမ ပြန်မချစ် နိုင်ခြင်းပင်ဖြစ်သည်။ သူ လာလျှင် တတ်နိုင်သမျှ ရှောင်နေတတ်ပြီး မလွဲသာလို့ တွေ့ပြန်တော့ လည်း ပြောချင်စိတ် ကုန်ခမ်း နေတတ်သည်။ သူမဘက်မှ အပြတ်သားဆုံး အဖြေ ပေးထားပြီး ဖြစ်ပေမယ့် ရဲထွဋ်နိုင် ကတော့ အလွယ်တကူ နောက်မဆုတ်ခဲ့ပါ။
“ကိုရဲကို မို လုံးဝ မချစ်နိုင်ဘူး။ ဒါ တစ်ဘ၀စာလုံး အတွက် အဖြေပဲ။ မို့ကို သူငယ်ချင်း တစ်ယောက် လို သဘော မထားနိုင်ရင် လာမခေါ်နဲ့။”
သူမ ဘယ်လိုပြောပြော သူကတော့ နေမြဲအတိုင်းပင်။ အဆောင်ကို ကြုံရင် ကြုံသလို ၀င်လာ တတ်ပြန်သည်။ ကိုရဲနှင့် အတူတွဲ ရှိမနေချင်သော စိတ်ကြောင့်ပင် ကိုခန့်သည် ဒုတိယအကြိမ် သူမနားသို့ ပြန်လည် ရောက်ရှိ လာခဲ့လေ သည်။ သူနှင့် တွေ့လျှင် အရင်က ကိုရဲနှင့် ပတ်သက်ပြီး နာကျင်ခဲ့ရတာ တွေပင် မေ့လျော့ သွားအောင် စွမ်းဆောင် နိုင်ခဲ့ သည်။ သူ၏ အကြင်နာ မျက်ဝန်းများ ကြားတွင် သူမ နှလုံးသားတို့ အရည်ပျော်လုလု ဖြစ်ခဲ့ရပြန်သည်။ သူမတို့ ၂ယောက် နှုတ်က ဖွင့်ဟပြီး ချစ်ကြသေးတာ မဟုတ်ပေမယ့် တစ်ဦး စိတ်ကို တစ်ဦး နားလည်ခဲ့ကြသည်။
ဒီနောက်ပိုင်း ကိုရဲနဲ့ သူမကြားက ဆက်ဆံရေးက အေးစက် မာကျောသလောက် တဖြည်းဖြည်းနှင့် တွယ်တာ လာ ခဲ့ပြီဖြစ်သော ကိုခန့်အပေါ် သူမ ဆက်ဆံမှုများကတော့ နွေးထွေး ပျော့ပြောင်း ခဲ့လေသည်။ ဒါဟာ မိန်းကလေး တစ်ယောက်ရဲ့ ချစ်သူ ရွေးချယ်ခြင်းဆိုသော အကြောင်းအရာ ခပ်ရိုးရိုး အောက်မှာသာ ရှိသည်။ ဘာ ဆန်းပြားမှုမှမပါ။ ကိုယ် ချစ်မြတ်နိုးသော သူတစ်ယောက်ကို တွေ့ရှိလာချိန်တွင် ကိုယ် မချစ် သောသူနှင့် ကင်းကင်းပြတ်ပြတ် နေခြင်းမှာ သူမ အပြစ် ရှိခဲ့ပါ သလား။ ချစ်သူထံမှာ နွေးထွေးစွာ ပျော်ဝင်မှု တွင် အဆိပ် သင့်ခဲ့ပြီလား။
ငယ်သူချင်း ဖြစ်ကြသော ကိုခန့်နှင့် ကိုရဲတို့  အကြိုက်ချင်းတူစွာ သူမကို သဘောကျခဲ့တာကို ခွင့်လွှတ်နိုင်ပေ မယ့် သူငယ်ချင်း နှစ်ယောက် အတူတိုင်ပင်ပြီး သူမကို လိုက်ခဲ့တာဟု ပြန်သိရချိန်တွင် သူတို့ကို ခွင့်မလွှတ်နိုင်ခဲ့။ သူတို့ နှစ်ယောက် သူမရဲ့ အချစ်ကိုရဖို့ ကြိုးစားရာတွင် တစ်ယောက် အခြေအနေကို တစ်ယောက် သိအောင် အသေးစိတ် ပြန်ပြီး ပြောပြ တတ်သတဲ့။ သူမဆီမှ ပြန်လာသော နေ့များတွင် ညဖက် ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောတတ်သတဲ့ လေ။ ဒီအကြောင်းများကို သူမ ပြန်သိ ရချိန်တွင် တော်တော် တုန်လှုပ်သွားမိသည်။
သူတို့ သူငယ်ချင်း နှစ်ယောက် တစ်ဦးကို တစ်ဦး ငဲ့ညှာ ယှဉ်ပြိုင်မှုတွင် ထည့်မတွက်ခဲ့သည်မှာ သူမ၏ မာန၊ ဂုဏ်သိက္ခာ၊ ခံစားမှုများနှင့် သူမ၏ နှလုံးသားပင်ဖြစ်သည်။ သူမကို အရုပ် တစ်ရုပ်လို ဆော့ကစားရန် ရည်ရွယ်ခဲ့လေ သလား။ သိပ်ချစ်သော သူငယ်ချင်း နှစ်ယောက်ကြားတွင် သူမက မြေဇာပင် ဖြစ်ခဲ့ရလေသည်။ သူမ၏ နာကြည်းမှုတို့ကို အဆုံးစွန် ထိရောက်အောင် ဖန်တီးခဲ့သူမှာ သူမ အထင်ကြီး လေးစား မြတ်နိုးခဲ့ရသော ကိုခန့်ပင် ဖြစ်သည်။ သူမတို့ ၂ယောက်ထဲ အတူ ရှိနေကြသော နေ့တစ်နေ့တွင်
“ကို မို့ကို စိတ်မချတော့ဘူး”
ဟု စိတ်လှုပ်ရှားစွာ ပြောရင်း သူမ လက်ကို အုပ်မိုး ဆုပ်ကိုင်ခဲ့လေသည်။ ကိုခန့်၏ မျက်ဝန်းများတွင် ကျဆုံးနေ သော သူမက ရုတ်တရက် သူရဲ့အပြုအမူကို မငြင်းဆန် လိုက်မိပါ။ ထိုအချက်သည် အမှားကြီး မှားခဲ့ကြောင်း သိခွင့်ရခဲ့ ချိန်သည် သူမအတွက် သိပ်ကို နောက်ကျ သွားခဲ့ပြီဖြစ်သည်။ နှစ်ယောက်ထဲသာ သိနိုင်သော ထိုအပြုအမူကို သူငယ်ချင်း တစ်ယောက်၏ နှုတ်မှ
“ကိုခန့်က နင့် လက်ကို ကိုင်တာ နင် မငြင်းဘူးဆို၊ နင်တို့ နှစ်ယောက် အဆင်ပြေ နေကြပြီလား”
“ဘာပြောတယ် မယု၊ ဒီစကားကို ဘယ်သူ ပြောတာလဲ”
“ကိုခန့်ပြောတာ”
သူမတစ်ကိုယ်လုံး ဒေါသဖြင့် တုန်ယင်လာသည်။
“နောက်ကိုယ်နဲ့ ပတ်သက်ပြီး ဘာတွေပြောသေးလဲ မယု”
“အများကြီးပဲဟ နင်ပြန်သိရင် စိတ်မကောင်း မှာစိုးလို့ ငါတို့ ပြန်မပြော ခဲ့ကြတာ။ ကိုရဲနှင့် ကိုခန့် နှုစ်ယောက် စလုံး ပြောတာတွေကို ငါတို့က သိထားတော့ နင့်ဘက်က ခံပြင်းမိတယ်။ နင် သိချင်ရင်တော့ ပြန်ပြောမယ်လေ”
“ပြောပြပါ၊ မယု ဒီစကားတွေဟာ မို့အတွက် ဘ၀နဲ့ချီပြီး အရေးကြီးတဲ့ အကြောင်းအရာတွေ ဖြစ်လာနိုင်တယ်”
“အင်း ပြောရရင်တော့ အရှည်ကြီးပေါ့ဟာ။ နားလည်အောင် ပြောရရင် နင့်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့တာက ကိုခန့်ပဲ။ ဒါကြောင့် ကိုစည်သူက နင့်ကို ရင်းနှီးအောင် လုပ်ပြီး ငါတို့ အုပ်စုထဲ ခေါ်သွင်းခဲ့တာ။ ဒါကို နင်လဲ ရိပ်မိလောက် ပါပြီ။ ငါတို့ အားလုံးက နင်နဲ့ ကိုခန့်ကို သဘောတူ ကျေနပ်ပြီးသား။ သိပ်လဲ ဖြစ်စေချင်ကြတာ။ ဒီအချိန်မှာ မမျှော်လင့်ပဲ ၀င်လာတာက ကိုရဲပဲ။ ကိုခန့် ဆီလာရင်း နင့်ကို တွေ့သွားပြီး စွဲလမ်း သွားတာတဲ့။ တကယ်ဆို မဖြစ်သင့်ဘူး။ သူ့မှာ ရည်းစားတွေ အများကြီးရှိတာလဲ ငါတို့ သိထားတာပဲ၊ ကိုခန့် ပြင်ဦးလွင် သွားချိန်မှာ သူ့ဘက်က အခွင့်အရေး ပိုရသွား တာပေါ့။ ကိုခန့် ပြန်လာချိန်မှာ သူက နင်နဲ့ ရင်းနှီးအောင် လုပ်ထားပြီးပြီ။”
“ငါ သူ့ကို မခင်ပါဘူး။ ကိုခန့် သူငယ်ချင်းဆိုလို့ ကိုခန့် မျက်နှာနဲ့ ပေါင်းနေရတာ”
“အဲဒါ နင့်ဘက်ကလေ မိုရဲ့။ သူကတော့ နင်နဲ့ အဆင်ပြေ ကာနီးပြီလို့ ကိုခန့် ပြန်လာချိန်မှာ ပြောတယ်။ နောက် ပြီး နင့်ကို ကိုခန့် လာကြိုမယ် ဆိုတဲ့နေ့က ကိုခန့် ကိုချန်ခဲ့ပြိး သူ တစ်ယောက်ထဲ ရအောင် ထွက်သွားတယ်။ အဲဒီနေ့မှာ ကိုခန့်က နင့်ကို ဖွင့်ပြောပြီး အဖြေ တောင်းမယ်လို့ ငါတို့ အားလုံးကို ပြောထားတာ။ အဲဒါကို သူ သိပြီး နင့်ကို သူ အရင်ဦး အောင် ဖွင့်ပြော လိုက်တာ။ ငါတို့လည်း ပြန်သိတော့ အရမ်း စိတ်ဆိုးကြတာ။”
“အဲဒါတွေကို ဘာကြောင့် ကိုခန့်က မို့ကို ပြန်မပြောရတာလဲ”
“ကိုခန့်က သူ့ သူငယ်ချင်းကို သိပ်ချစ်တာ။ ကိုရဲက အဆင်ပြေ နေပြီလို့ ပြောတာကို သူ ယုံနေခဲ့တယ်။ ဒါကြောင့် နင့်ဆီကို ကိုရဲ သွားတာကို သူ မတားခဲ့ဘူး။ ပြန်လာရင်သာ အခြေအနေ ပြန်ပြော ပြလို့ ပြောခဲ့တာ။ နောက်ပြီး သူ ချစ်နေ တဲ့ အကြောင်းလည်း နင့်ကို ဖွင့်ပြောအုံးမယ်တဲ့။ တစ်ယောက်နဲ့ အဆင်ပြေသွားရင် ကျန်တဲ့ တစ်ယောက်က ကျေကျေ နပ်နပ် နောက်ဆုတ်ဖို့ သဘောတူ ခဲ့ကြတယ်။ ငါ ဒါတွေကို ပြောပြ ချင်နေခဲ့တာ ကြာပြီ။”
“ကိုရဲက ကိုခန့်ကို နောက်ဆုတ်ဖို့ နင့်အဆောင်ကို မသွားဖို့ ပြောသေးတယ်။ ဒါပေမယ့် ကိုခန့်က ….. ”
“ကိုခန့်က ဘာပြောလဲဟင်”
သူမ သိချင်တာကို အလောတကြီး ဖြတ်မေးမိသည်။ မယုက သူမ မျက်နှာကို ပြောရမှာ အားနာ သလို တစ်ချက် လှမ်း ကြည့်ရင်း
“သူ ရှောင်ပေမယ့် နင့်ဘက်က မရှောင်ဘူး တဲ့လေ။ နောက်ပြီး သူ့ကို ချစ်လို့သာ သူနဲ့ လိုက်လိုက် လျောလျော နေတာပေါ့တဲ့။ သူ ဘာကို ဆိုလိုချင်မှန်း ငါ အတိအကျ မသိပေမယ့် အဲဒီ စကားအတွက် သူနဲ့ ငါ အကြီးအကျယ် စကား များကြတယ်။ မိန်းကလေး တစ်ယောက်ကို နင် ဒီလောက်အထိ အထင် မသေးသင့်ဘူးလို့လဲ ငါ ပြောလိုက်တယ်။ တကယ်လို့ မို့ နင့်ကို ချစ်နေရင်တောင် သူ့ အချစ်ကို နင် တန်ဖိုး ထား သင့်တယ်လို့ ပြောပစ်လိုက်တယ်။ နောက်ပိုင်း မှာတော့ သူ့တို့ ငါ့ရှေ့မှာ နင်နဲ့ ပတ်သက်တဲ့ အကြောင်း တွေ သိပ်မပြောတော့ဘူး။ မနေ့က ကိုစည်သူနဲ့ သူတို့ နှစ်ယောက် ဆုံကြတယ်။ စကား ပြောကြရင်းနဲ့ ဘယ် လို ဆက်စပ် သွားလည်းတော့ ငါ မသိဘူး။ နင့် လက်ကို ကိုခန့်ကိုင် တာ နင် မငြင်းဘူး ဆိုတဲ့စကား သူတို့ ပြောနေတာကို ကိုစည်သူ ကိုယ်တိုင် ကြားခဲု့ရတာ။ သူလဲ ကိုခန့်နဲ့ ကိုရဲကို နား မလည်နိုင်ဘူး ဖြစ်နေတယ်။ သိပ်လည်း မကျေနပ်ဘူး။ နင်နဲ့ မိတ်ဆက် ပေးမိတာ မှားပြီ ထင်တယ်လို့ ညည်းနေတယ်။ သူတို့ရဲ့ အပြုအမူ အတွက် နင့်ကို သူ အားနာနေတာ။”
“တော်ပါတော့ မယုရာ မို မကြားနိုင်တော့လို့ပါ”
မယု၏ စကားများက သူမ၏ မျက်နှာကို ဖြတ်အရိုက်ခံ ရတာထက်ပင် နာကျင်စေသည်။ ကိုခန့်သာ သူမကို နားလည် ညှာတာခဲ့ရင် ဒီလိုစကားမျိုး မပြောသင့်ဟု ကြေကွဲစွာ ခံစားရသည်။ သူမ မျက်ဝန်းမှ မျက်ရည်များ စီးကျလာ သည်။ ဒါဟာငိုနေတာမဟုတ်၊ ရင်မှ တင်းကျပ် နာကျင်လွန်းရာမှ ယိုစိမ့် ထွက် လာသော ခံစားမှု သွေးစက်များပင် ဖြစ်နိုင် သည်။ ထိုအချိန်မှာ သူမနားကို ကိုခန့် ရောက်ရှိလာခြင်းက မလှပသော အနာဂတ် တစ်ခုအတွက် အပြောင်းအလဲတစ်ခု ကို စတင် ဖြစ်ပေါ် စေခဲ့တာဖြစ်သည်။
“မို ဘာဖြစ်နေတာလဲ၊ ဟင် - ငိုနေတာလား”
အထိတ်တလန့် အမေးနှင့် အတူ သူမကို ငုံ့ကြည့်လာသော မျက်ဝန်းများကို အမြင်မှာတော့ သူမ အသိတရားမရှိ တော့သလို ဒေါသတွေ ဆူဝေလာသည်။ အမှားအမှန် မခွဲခြားနိုင် သေးခင်မှာပင် သူမ လက်ဝါးက ကိုခန့် ပါးပြင်ပေါ်ကို အရှိန်ပြင်းစွာ ကျရောက် သွားတော့သည်။
ဖြန်းခနဲ အသံနှင့် အတူ နာကျင်စွာ ပြောင်းလဲ သွားသော ကိုခန့်  မျက်ဝန်းများကို အရသာခံ စောင့်ကြည့်နေခဲ့ပြီး မှ လှည့်ထွက်ခဲ့သည်။ အံ့သြတကြီး လိုက်ကြည့်နေမည့် မျက်ဝန်းတစ်စုံကို မြင်ယောင် မိရင်း သူမ တစ်ချက်ပြုံးလိုက်သည်။ စိတ်ထဲမှလည်း
သေချာတယ်။ ဒီနေ့ကစပြီး ရှင်တို့ နှစ်ယောက်စလုံးရဲ့ အသည်းကို လှလှပပ ခွဲပြမယ်လို့ လေးနက်စွာ ဆန္ဒပြုမိ သည်။ ကိုရဲ၏ စကားများကို ဥပေက္ခာပြု နိုင်ခဲ့ပေမယ့် ကိုခန့်၏ စကားများကို ဘယ်လိုမှ မမေ့နိုင်တော့အောင် နာကြည်း သွားခြင်းသည် ကိုခန့်ကို သူမ ချစ်ခဲ့သော အချစ်ကြောင့် ဖြစ်မည်ထင်သည်။ သို့သော် သူမ၏ အချစ်သည် သူမ၏ နာကြည်းမှုနှင့် တိုက်ရိုက် အချိုးကျလေသည်။
× × × × ×
ပထမဆုံး သူမ၏ ပစ်မှတ်အဖြစ် ရဲထွဋ်နိုင်နဲ့ ပြန်လည်တွဲဖြစ်ခဲ့သည်။ ရဲထွဋ်နိုင်၏ မယုံကြည်ခြင်း မျက်ဝန်းများ၊ သူမကို အနည်းငယ် ထိတ်လန့်ဟန် အမူအရာများ၊ သူ့ကိုယ်သူ အထင်ကြီးသော စိတ်များဖြင့် ရှိနေသော သူ့ပုံစံကို သူမက သိရှိကာ ရယ်ချင်နေခဲ့သည်။ သူမ လိုချင်သော ပစ်မှတ် နှစ်ခုလုံးကို တည့်မတ်စွာ ပစ်နိုင်အောင် သူမ စွမ်းဆောင် နိုင်ခဲ့သည်။ ကိုရဲ၏ ပျော်ရွှင်ခြင်း မျက်ဝန်းများ၊ ကိုခန့်၏ ကြေကွဲမှု အရိပ်အယောင်များ၊ သူမတို့ နှစ်ယောက်အား မယောင် မလည် စောင့်ကြည့် တတ်မှုများ၊ အားလုံးသည် သူမလိုချင်သောပုံစံများပင် ဖြစ်သည်။
ကိုရဲနှင့် သုံးလလောက် တွဲပြီးချိန်မှာတော့ ဒုတိယ မြှားဦးကို ကိုခန့်ဘက် လှည့်လိုက်လေသည်။ တစ်ခါမှ မဆက်ဆံဘူးသော ကိုခန့်၏ ဖုန်းနံပါတ်ကို လှည့်ရင်း အချိုသာဆုံး စကားများကို သူမ ရွေးချယ် နိုင်ခဲ့သည်။ ကိုခန့်ရဲ့ အံ့သြသံကို နားထောင်ရင်း
“သိပ်အံ့သြနေလား ကိုခန့်၊ မို ဖုန်းဆက် ချင်နေတဲ့စိတ်ကို မြိုသိပ်ခဲ့တာ သုံးလ ရှိသွားပြီ။ ဒီနေ့တော့ ကိုယ့်စိတ် ကို အရှုံးပေး လိုက်ပါပြီ။ ကိုခန့် မို့ကို စိတ်ဆိုး နေခဲ့လားဟင်။ ဒါမှမဟုတ် စိတ်နာ သွားခဲ့သလား။ မို့ရဲ့ ရိုင်းပြတဲ့ အပြုအမူ အတွက် တောင်းပန်ပါတယ်။ မိုလေ ကိုရဲနဲ့ အတူ ရှိနေပေမယ့် ကိုခန့်ကို တစ်နေ့မှ မေ့မရခဲ့ဘူး။ မို အမှန်အတိုင်း ပြောတာနော်။ မို့ ကို အထင်မသေးနဲ့ ။ ကိုခန့်ရဲ့ ဂရုစိုက်မှုတွေကိုပဲ တမ်းတ နေခဲ့မိတယ်။ ဘယ်လိုလဲ မို့ကို ဒါမျိုးတွေ ပြန် ပြီး ပေးနိုင်ရဲ့လား။”
ကိုခန့်ရဲ့ တိတ်ဆိတ်မှုက အတော့်ကို ကြာမြင့်ခဲ့လေသည်။ အံ့သြ ပစ်လိုက်စမ်း ကိုခန့်။ သူမရဲ့ မာယာတွေထဲမှာ ကျဆုံး သွားတော့မယ့် မင်းရဲ့အဖြစ်ကို ကိုယ်မြင်ယောင်နေတယ်။
“ကိုခန့် မိုပြောတာကြားရဲ့လား”
“မို့ကို ကိုယ် သိပ်ချစ်ပါတယ်။ ဟိုးအရင်ထဲက ကိုရဲနှင့်မို မတွေ့ခင် အချိန်ထဲက ခုချိန်ထိ ကိုယ့်ဘက်က ဘာမှ အပြောင်းအလဲ မရှိခဲ့ဘူး။ မို ကိုယ့်ကို အဖြေ ပေးပါအုံး။ ကိုယ် ပျော်ပါရစေ။”
ကိုခန့်ရဲ့ ဖရိုဖရဲ နိုင်လှသော စကားများအတွက် သူမ အလှပဆုံး ပြုံးမိပြန်သည်။
“ကောင်းပြီလေ။ လာမယ့် တနင်္ဂနွေနေ့ ညနေ (5)နာရီ Dream ကိုလာခဲ့ပါ။ အဲဒီကျရင် အဖြေ ပေးမယ်လေ။ ဘိုင့်ဘိုင်”
အနိုင်နှင့် ပိုင်းပြီး သူမ ဖုန်းချလိုက်သည်။ ဒုတိယ အကြိမ်ဆက်သော ဖုန်းကတော့ ကိုရဲဆီကို ပင်ဖြစ်သည်။
“ကိုရဲတောင်းထားတဲ့အဖြေကို လာမယ့် တနင်္ဂနွေနေ့ကျရင်ပေးမယ်။ ညနေ (5)နာရီမှာ Dream ကိုလာခဲ့ပါ။”
ဖုန်းချပြီးတာနဲ့ သူမ စိတ်တို့ ပေါ့ပါး လန်းဆန်း သွားမိသည်။ ဒီတပါတ်လုံး ကျောင်းမှာ သူတို့ နှစ်ယောက်နဲ့ မတွေ့အောင် ရှောင်အုံးမှ။
ချိန်းဆိုထားသော တနင်္ဂနွေနေ့တွင် သူမ အလှဆုံး ပြင်ဆင် ထားမိသည်။ နာရီကို ကြည့်လိုက်တော့ ညနေ (5) နာရီခွဲ။ သူမ သွားချိန်တန်ပြီ။ အခုလောက်ဆိုရင် သူမကို လာစောင့်သော သူတို့ နှစ်ဦးလည်း တွေ့ပြီးနေလောက်ပြီ။ သူတို့ နှစ်ဦးလုံးကို ချိန်းထားမှန်းလည်း သိနေရောပေါ့။ နှင်းဆီ အနီရဲရဲ တစ်ပွင့်ကို သူမနှင့် အတူ ယူဆောင် လာခဲ့သည်။ ဆိုင်ထဲ ၀င်တယ် ဆိုရင်ပဲ သူမကို မျှော်လင့်တကြီး စောင့်ကြိုနေသော မျက်ဝန်း နှစ်စုံကြောင့် ကျေနပ် သွားမိသည်။ သူမ လက်ထဲ မှ ပန်းကို စိတ်ဝင်တစား လိုက်ကြည့်နေသော သူတို့ နှစ်ဦးအား
“ရှင့်တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ကျွန်မ ရွေးမှာပါ။ နှင်းဆီပန်း ရတဲ့ သူကတော့ မို့ ချစ်သူပေါ့။ ကျန်တဲ့ တစ်ယောက် အတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်မ ပြောတာ သဘောတူရင် မျက်စိတ်မှိတ်။”
နှစ်ယောက်လုံး ကျေနပ်စွာ မျက်စိ မှိတ်လိုက်ကြတော့ သူမက အနည်းငယ် ညစ်ကျယ်ကျယ်နိုင်စွာ နှင်းဆီပန်း ကို သူတို့ရဲ့ မျက်နှာအနီး ခဏထားလိုက်လျှင် သူတို့ မျက်နှာတွင် မျှော်လင့်ခြင်းများစွာ ပျော်ဝင်လာသည်။ တစ်စုံ တစ် ယောက် အရှေ့မှာ ပန်းချထားပေး အပြီးမှာတော့
“ဖွင့်ကြည့်နိုင်ပြီ”
စိတ်လှုပ်ရှားစွာဖြင့် သူတို့ရှေ့မှာ စားပွဲကို ငုံ့အကြည့် ဟာကနဲ အော်သံနှင့် အတူ ၀မ်းသာသွားသူမှာ တစ်ခါက သူမ ယစ်မူး တွယ်တာခဲ့ဖူးသော မျိုးမင်းခန့် ပင်ဖြစ်သည်။ ရဲထွဋ်နိုင် ကတော့ တဒင်္ဂ ဖြစ်ပေါ်သွားတဲ့ မနာလိုရိပ်နှင့် အရှုံးများကို ချက်ချင်း ဟန်ဆောင် ဖယ်ရှားပြီး ကိုခန့်ကို လက်ဆွဲ နှုတ်ဆက် လေသည်။
“Congratulation ကိုခန့်၊ မင်းအတွက် ဂုဏ်ယူပါတယ်။ အသစ်စက်စက် စုံတွဲလေးအတွက် ဆုတောင်း ပေးခဲ့ပါ တယ်။ မင်းတို့ ပျော်ရွှင်နိုင်ပါစေ။ ကိုယ်တော့ အလိုက်တသိနဲ့ လစ်ပြီ။”
ထွက်ခွာသွားသော ကိုရဲကို ငေးကြည့်နေသော သူမအား ကိုခန့်က သူမ၏ လက်ကို အုပ်မိုးဆုပ် ကိုင်ထားခဲ့ သည်။ မျက်နှာမှာလည်း ၀မ်းသာ ကြည်နူးပြုံးက ဖုံးကွယ်၍ မရနိုင်အောင် ဖြစ်နေသည်။
“ရှင် ပျော်ထားအုံးပေါ့ ကိုခန့်ရယ်။ ကျွန်မ ရှင့်ကို မြင်နေသေး သရွေ့ ရှင် ကျွန်မကို အထင်သေးစွာ ပြောခဲ့တာ၊ အရုပ်တစ်ရုပ်လို လှည့်စားခဲ့တာတွေ၊ ကျွန်မ အချစ်ကို တန်ဖိုး မထားခဲ့တာတွေ ကျွန်မ ရှုံးခဲ့တာတွေကို မမေ့ဘူး။ ရှင် ကျွန်မကို ရူးသွပ်စွာ စွဲလမ်း လိုက်ပါအုံး။ ကျွန်မ ရှင့် ဆီက တစ်စုံတစ်ခု ပြန်ယူမယ့်နေ့ကို စောင့်ရင်းနဲ့ပေါ့။”
သူမ ရင်ထဲမှ နာကျင်စွာ ကျုံးဝါးမိသည်။ ကိုခန့်နှင့်  ချစ်သူ ဖြစ်ခဲ့သော ကာလများသည် ကြည်နူး၊ ရင်ခုန်ချင်စရာ ဖြစ်ခဲ့ပါသည်။ သူ၏ အချစ်များ၊ ဂရုစိုက်မှုများ အောက်တွင် သူမ၏ နာကြည်းစိတ်တို့ပင် ပျောက်လုလု။ အချိန် ကာလကြာ သည်နှင့်အမျှ ကိုခန့်အပေါ် သူမ အသည်းနင့်အောင် ချစ်လာခဲ့သလို၊ ကိုခန့်၏ သူမအပေါ် အရူးအမူး အချစ်များကိုလည်း ခံစား သိရှိ လာခဲ့သည်။
ဒါပေမယ့် သူမက ကိုယ် အနိုင်ရဖို့ အတွက် အချစ်တစ်ခုကို ရင်းနှီး မြှုပ်နှံလိုက်ဖို့ ၀န်မလေးပါ။ သူမ မာန၊ သူမ သိက္ခာ၊ သူမ၏ ကလဲ့စား ချေလိုမှုများအတွက် သူမ အချစ်ကို သဂြိုလ် ပစ်လိုက်မည်။ ဒါဟာ မိုမိုမြင့်ရဲ့ ကိုယ့်ကို ကိုယ် ချစ်ခြင်း အတ္တများပင်ဖြစ်သည်။
သူမ စောင့်ဆိုင်းနေသော အခွင့်အရေးသည် သူမတို့ ချစ်သက်တမ်း နှစ်နှစ် အကျော်တွင် ရောက်ရှိခဲ့လေသည်။ ထိုအချိန်တွင် ကိုခန့်သည် သူမကို တစ်နေ့ မတွေ့ရ မနေနိုင်လောက်အောင် ချစ်ခင် စွဲလမ်းနေပြီဖြစ်သည်။ ထို့အပြင် ကိုခန့် အိမ်သည်လည်း သူမအတွက် စားအိမ်၊ သောက်အိမ် ဖြစ်နေပြီ ဖြစ်သည်။ ကိုခန့် အမေကဆို သမီးလေးဟု နှုတ် ဖျားက မချတမ်း ခေါ်ဆိုကာ သူမကို သမီး တစ်ယောက်ပမာ ချစ်ခင် နေခဲ့ပြီ။ ထိုနှစ်သည် သူမတို့ ကျောင်းပြီး သောနှစ် ပင်ဖြစ်သည်။
"သမီးကို မေမေတို့ အိမ်ထောင်ချ ပေးချင်ပြီ။ သမီး ဖေဖေရဲ့ အထက် အရာရှိသားပဲ။ ကောင်လေးက မဆိုးပါဘူး။ လိမ္မာရေးခြား ရှိပြီး ရည်ရည် မွန်မွန်လေးပါ။ ခုတော့ နိုင်ငံခြားကို ပညာတော်သင် တစ်နှစ် သွားနေတာ ပြန်လာကာ နီးပြီ။ အဲဒါ သမီးဘယ်လိုသဘောရလဲ။ သမီးတို့ချင်းလည်း တွေ့ပြီး ဆွေးနွေးအုံးပေါ့။”
“မေမေတို့ စိတ်ချမ်းသာသလို စီစဉ်ပါ မေမေ”
သူမ၏ အဖြေအတွက် မေမေ ၀မ်းသာသွားမှာ ဖြစ်သလို၊ ချစ်သူ ရှိသည်ဟု ရိပ်မိနေသော သမီး၏ အဖြေအတွက် အံ့သြနေမှာ သေချာသည်။ ထိုအချိန်အတွင်းမှာပင် လှပသော ရက်စက်မှုတစ်ခုကို စတင်ဖို့ သူမ ကြိုးပမ်းခဲ့လေသည်။
“ကို မိုတို့လက်ထပ်ရအောင်”
“ဟာ တကယ် ပြောနေတာလား မို။ ၀မ်းသာလိုက်တာကွာ။ ဒီအဖြေကို လိုချင်လို့ စောင့်နေရတာ ကြာလှပြီ။ ဒါပေမယ့် မိုက မို့အိမ်နဲ့ တောင် မတွေ့ပေးသေးတော့ ကို့မှာ မမျှော်လင့်ရဲသေးဘူးဖြစ်နေတာ။ မေမေကဆို မိုလေးကို အိမ် မှာ အပိုင် ခေါ်ထားချင်ပြီလို့ ပြောနေတာ ခဏခဏပဲ။”
သမီး မရှိသော ကိုခန့် မိခင်၏ သူမအပေါ် တွယ်တာမှုကို သူမ နားလည်ပါသည်။ သို့သော် သူမသည် ကိုယ့် အတွက်သာ ကြည့်တတ်သော အတ္တ ခပ်ကြီးကြီး မိန်းမ တစ်ယောက်ဖြစ်သည်ဟု ကြိုတင် ၀န်ခံ ထားတာပဲလေ။ ကိုခန့် မေမေတို့က နေ့ကောင်း ရက်သာရွေးပြီး လာရောက် တောင်းရမ်းမယ့်ရက် သတ်မှတ်ပြီးချိန်တွင် သူမသည် မေမေနဲ့ အကျေအလည် ဆွေးနွေး ရလေသည်။ မေမေသည် သူမ စကားများကို နားထောင်ရင်း လက်မခံနိုင်သလို မယုံကြည် စွာဖြင့်
“မေမေကတော့ ဘာမှ နားမလည်တော့ဘူး သမီး။ အဲဒီ ကောင်လေးကို ကျောင်းတုံးက သမီးနဲ့ တွဲတယ်လို့တော့ ကြားဖူးပါရဲ့။ အခု ဘာဖြစ်လို့လဲ။ မေမေတို့ စီစဉ်တာကို လက်မခံချင်ရင်လည်း ရတယ်နော်၊ ကောင်လေးက ရည်ရည် မွန်မွန်နဲ့ မေမေတို့ လက်ခံနိုင်လောက်တဲ့ အနေအထားမှာ ရှိရင်လည်း သမီး သဘောပဲလေ”
“မဟုတ်ဘူး မေမေ။ မို လိုချင်တာက မေမေရဲ့ ခွင့်ပြုချက်မဟုတ်ဘူး။ သူတို့ လာရင် ငြင်းဖို့ပါ။ ငြင်းတာမှ ခါးခါး သီးသီး ငြင်းပေးဖို့ပါ။ သမီးနဲ့ လက်ထပ်ပေးမယ့်သူဟာ သမီးနဲ့ ငယ်ငယ်လေးထဲက မေတ္တာ ရှိပြီးသားလို့ မေမေ ပြောပေး ပါနော်။ သူတို့ ဘာပဲပြောပြော လက်မခံပါနဲ့။ ဒါလေး တစ်ခုပဲ သမီးကို ကူညီပေးပါမေမေ။”
“ညည်းတို့ ခေတ်လူငယ်တွေများ သိပ်အစမ်း ထွင်ကြတာပဲ။ ကိုယ့်ဇာတ်လမ်းကိုယ် နိုင်ရင်ပြီးတာပဲ။ မိဘကငြင်း ပြီးတော့မှ မခွဲနိုင်လို့ လိုက်သွားပါပြီလို့ ဆိုပြီး နောက်မှ မိဘကို အရှက်မခွဲနဲ့နော်။”
မေမေရဲ့ အလိုမကျခြင်းကို သူမ နားပူအောင် ဆူခံထိခြင်းဖြင့် ပေးဆပ် လိုက်ရသည်။ ကိုခန့်တို့ လာစေ့စပ်မည့် နေ့ နီးလာတော့ ကိုခန့်က ရင်ခုန် စိတ်လှုပ်ရှားနေပြီ။ သူမကတော့ သေချာပေါက် အနိုင် ရမည့် ဒီပွဲအတွက် ကြိုတင် ကျေနပ် နေခဲ့ သည်။
တကယ်တမ်း ကိုခန့်တို့ လာဖြစ်တဲ့နေ့ကြတော့ သူမ အပြင်မထွက်ဖြစ်ပါ။ ကိုခန့် မိဘတွေကို မျက်နှာပူတာရော၊ ကိုခန့် ကျဆုံးမှုကို တစိမ့်စိမ့်ကြည့်ရင်း ပီတိ ဖြစ်ချင်တာရော တို့ကြောင့် ဧည့်ခန်းနဲ့ အနီးဆုံးအခန်းမှ စောင့်ကြည့်နေမိ ခဲ့သည်။ အိမ်အ၀င်ဝမှာ ကိုခန့်တို့ မိသားစုကို ကြိုဆို နေရာချထား ပေးပြီးသည်နှင့် အထဲကို ပြေးဝင်သွားသော သူမကို အကြောင်းစုံ မသိခင်မှာတော့ ရှက်လို့ဟု ကိုခန့်တို့က ထင်ကြပေလိမ့်မည်။
ကိုခန့် မိဘတွေရဲ့ ဂုဏ်ဒြပ်တွေကို သိပြီး သွားချိန်မှာတော့ မျှော်လင့်ချက်ဖြင့် ၀င်းပနေသော သူတို့ မိသားစုရဲ့ မျက်နှာကို ဖျက်ရမှာ အားနာနေဟန်များကို မေမေ့ မျက်နှာပေါ်တွင် တွေ့ရသည်။ တကယ်လို့များ မေမေ လက်ခံလိုက်ရင် သူမ ဆက်မတွေးရဲပါ။
“ပြောရမှာ အားနာပါတယ်”
ဟူသော မေမေ့စကားကြောင့် သူမ မျက်စိများရော၊ နားများကိုပါ အသားကုန် ဖွင့်ထားမိ သည်။ ဘယ်လိုမှ ထင်မှတ် မထားသော ခြုံခိုတိုက်ပွဲတွင် ဒဏ်ရာ အကြီးအကျယ်ရသွားသူကဲ့သို့ ကိုခန့် မျက်နှာသည် စက္ကူဖြူ တစ်ရွက်လို သွေးဆုပ် ဖြူလျော်သွားသည်။
“ကျွန်တော်နဲ့ မိုနဲ့က ချစ်သူတွေပါ အန်တီ”
ကိုခန့်ရဲ့ နောက်ဆုံးကျည်ဆန်။
“အန်တီက မေးပါတယ်ကွယ်။ သမီးမှာ ချစ်သူ ရှိရင်ခေါ်ခဲ့ လက်ခံနိုင်ရင် ပေးစားမယ်လို့ အစထဲက ပြောထား တယ်။ ဒါပေမယ့် သူ့မှာ ချစ်သူမရှိပါဘူး။ မေမေတို့ သဘောကျသလို စီစဉ်ပါတဲ့။ မောင်နေမျိုးနဲ့ကလည်း ငယ်ငယ်ထဲက ငယ်ပေါင်း တွေလေ။”
မေမေ့ စကားအဆုံးမှာ ဧည့်ခန်းတစ်ခုလုံး သုသန် တစပြင်အလား တိတ်ဆိတ်သွားခဲ့သည်၊ အတန်ကြာမှာ ကိုခန့်၏ အက်ကွဲ ဆို့နင့်သော အသံထွက် ပေါ်လာသည်။
“မို့ကို ပြောပေးပါ အန်တီ။ သူ ဒီလောက်အထိ အညှိုးအတေး ကြီးစွာ ကလဲ့စား ပြန်ချေလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူး။ သူရဲ့ ရိုက်ချက်အောက်မှာ ကျွန်တော့် ဘ၀တစ်ခုလုံး နလန်ပြန် မထူနိုင်လောက်အောင် ကျဆုံး သွားခဲ့ ပြီဆိုတာသိရင် သူကျေနပ်မှာပါ။ ဒီဒဏ်ရာဟာ ကျွန်တော် သေသည်အထိ ခံစား သွားရမှာပါလို့။ သူ ပျော်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် အန်တီ။ ရှင်းပြလို့ ယုံကြည်တော့မှာ မဟုတ်တဲ့ သူ့ရဲ့ သံသယ အမုန်းတွေကို ကျွန်တော် ကျေနပ်စွာနဲ့  တသက်လုံး ခံယူသွားမှာပါ။ သူ့အတွက် ရည်ရွယ်ပြီး လုပ်လာတဲ့ ဒီလက်စွပ်ကိုတော့ သူ့ရဲ့ မင်္ဂလာ လက်ဖွဲ့ အဖြစ် ကြိုပေး ခဲ့ပါရစေ။”
ကိုခန့် စကားများကို နားထောင်ရင်း ရင်မှာ ဆို့နစ်ကာ မျက်ရည်များကျဆင်းလာသည်။ ကိုခန့်တို့ ဘယ်အချိန်က ပြန်သွားမှန်းပင် သူမ မသိလိုက်ပါ။ အနားသို့ ရောက်လာသော မေမေက
“ရော့သမီး ဟိုသူငယ်လေး ပေးသွားတာ။ ဘာကြောင့် သမီး ဒီလို လုပ်တယ်ဆိုတာကို သိချင်ပေမယ့် သမီးကို ထပ်ပြီး မခံစားစေချင်လို့ မေမေ မမေးတော့ဘူး။ သမီး လက်ထပ်ဖို့ ကိစ္စကိုတော့ ပြန်စဉ်းစား နိုင်တယ်။”
သမီးအပေါ် နားလည်ပေးမှုအတွက် ကျေးဇူးပါ မေမေ။ သမီး ကိုနေမျိုးကိုပဲ လက်ထပ်မှာပါ။ ဒီ အစီအစဉ်ကို ပြင် ဖို့ စိတ်ကူး မရှိပါဘူး။ ဒါမှ သမီး အပြည့်အ၀နိုင်မှာ။ အသည်း နှလုံးကိုတော့ ဆုံးရှုံးသွားတဲ့ မာနတွေ၊ သိက္ခာတွေ၊ ပြန် အနိုင်ယူလိုမှု တွေအတွက် စတေးရမှာပေါ့။
မင်္ဂလာဆောင်မဲ့ သတို့သမီးရဲ့ မျက်နှာဟာ ပြုံးနေရမယ်။ လက်စွပ်လေးကို ကြည့်မိလို့ ၀မ်းနည်း မိရင်တောင် နာကြည်း ကြေကွဲရတာတွေကို သတိရယူပြီး ပြန်ချေရမယ်။ တစ်သက်စာ အတွက် နာကျည်း အဆိပ်တက်ခဲ့ ရတာတွေကို မြိုသိပ်ရင်း ရင်ထဲမှာ ငိုကြွေးနေတာကို ဘယ်သူမှ မသိစေရ။ သူမနဲ့ သူမ နှလုံးသားသာ သိနေလိမ့်မယ်။
အပြင်မှာတော့ သတို့သမီး မျက်ဝန်းများဟာ အလှပဆုံး အနိုင်မျက်ဝန်း များနဲ့ ပြုံးလို့ ပေါ့။
၂၀၀၀ ခုနှစ်၊ ဇွန်လ၊ သပြေမဂ္ဂဇင်း

0 comments:

Post a Comment