On 0 comments



ကုတင်ပေါ်မှ လူနာ၏ အခြေအနေ မကောင်းပေ။ အသက်ကို ပင်ပန်း ခဲယဉ်းစွာ ရှုနေရသည်။

“အဖေ့ကို ကြည့်ရတာ အသက်ရှု သိပ်ကျပ်နေသလိုပဲနော် အမေ”

“ဟုတ်တယ်။ တကယ်လို့  အောက်စီဂျင်ဘူး ငှားနိုင်ရင်တော့ သူ့ အတွက် သက်သာနိုင်တာပေါ့ သားရယ် ”

အမေ့ စကားကြောင့် အိတ်ကပ်ကို ယောင်ရမ်း၍ စမ်းမိသည်။ အိတ်ထဲမှ ငွေသည် တစ်ရာပင် ပြည့်တော့မှာ မဟုတ် တာကိုလည်း သိနေပြန်သည်။ တစ်စုံတစ်ရာကို သတိရကာ

“ခဏလေး အမေ။ ကျွန်တော့် အလုပ်ရှင်ဆီ သွားပြီး ပိုက်ဆံ ချေးလိုက်အုံးမယ်။”

ခေါင်းညိတ်ပြသော အမေ့ မျက်ဝန်းထဲတွင် မျှော်လင့်ခြင်းတို့  ပျော်ဝင် စီးမျောလျှက် ………………..

သူအိမ်မှ အမြန်ဆုံး ထွက်လာခဲ့မိသည်။

x x x x x x x


သူသည် သူဌေးအိမ် တစ်အိမ်မှ ဒရိုင်ဘာ တစ်ဦး ဖြစ်သည်။ သူ ခြံဝင်းထဲ ၀င်တယ်ဆိုရင်ပဲ ယပ်တောင် တစ်ချောင်း ကို တဖြတ်ဖြတ် ခပ်ရင်း လမ်းလျှောက်နေသော သူ့ အလုပ်ရှင် ဒေါ်ခင်မမကြီးကို တွေ့ ရသည်။

သူ့ ကို မြင်တာနဲ့  ၀မ်းသာအားရ

“မောင်စိုး လာတာနဲ့  အတော်ပဲ။ ဒီမှာ မီးမလာဘူး။ အဲဒါ မင်း တစ်ချက်လောက် လိုက်သွားကြည့်စမ်း။”

“ဟိုလေ….. မမကြီး၊ ကျွန်တော် ကိစ္စလေး ရှိလို့  ပြန်လာ …………”

“မင်း ကိစ္စကို ခဏထားအုံး။ မီးမလာလို့  ပူရင် လူတွေက ယပ်ခတ်ပြီး နေလို့  ရတယ်။ ငါးတွေက မရဘူး။ အစထဲက အောက်စီဂျင် ပေးပြီး မွေးထားတာ ဆိုတော့ အကျင့်ပါနေပြီ။ မီးမလာလို့  အောက်စီဂျင် မရတာ ကြာရင် သေကုန်ရော။ လျှပ်စစ်ရုံးကို ဖုန်းဆက်မေးကြည့်တော့လည်း ဘာဖြစ်လို့  ဆိုလား။ သူတို့  မီးပျက်တာ အရေးမကြီးဘူး။ အခု ငါ့ရဲ့ ငါး နှစ်ကောင် သေတော့မယ်။ လာကြည့်စမ်း မောင်စိုး”

အပေါ်ထပ် တက်ကြည့်တော့ မမကြီး ပြောသည့်အတိုင်းပင်။ နိုင်ငံခြားမှ မှာယူကာ မွေးမြူထားသော ရွှေရောင် အလှမွေး ငါးနှစ်ကောင်၏ အခြေအနေသည် မကောင်းလှပေ။ ကျန်အကောင်တွေကတော့ ဘာမှ မဖြစ်သေး။ ပါးစပ်ကို ပြင်းထန်စွာ ဟရင်း အသက်ကို ပြင်းထန်စွာ ရှုနေသော ငါးနှစ်ကောင်ကို ကြည့်ရင်း အိမ်မှ အဖေ့ကို မြင်ယောင်လာသည်။ အဖေ ဘယ်လို နေပါလိမ့်။ အမေကတော့ သူ့ ကို စောင့်မျှော်နေတော့မည်။

“မမကြီး အဖေ နေမကောင်းလို့  ပိုက်ဆံ နဲနဲလောက် ကြိုထုတ်ချင်လို့ ပါ”

“ရတယ်။ ပြန်လာရင် ယူ။ အခု လောလောဆယ်မှာတော့ မီးလာအောင် အရင်သွားပြော။ ပိုက်ဆံ ပေးရ မယ် ဆိုရင် လည်း ပေးပြီး ကြည့်လုပ်ခဲ့။ ဘယ်နဲ့ တော် VIP လိုင်းယူထားတာတောင် မီးက ပျက်သေးတယ်။ သွား.. သွား မြန်မြန်သွား။ ငါးလေးနှစ်ကောင် သေတော့မယ်။ အခုနေ မီးပြန်လာလို့  အောက်စီဂျင်ရရင် သူတို့  အသက် ပြန်ရှင်နိုင်သေးတယ်။ ”

ပင့်သက်ကို အသာရှိုက်ရင်း ကားစက်နှိုးကာ သူ ထွက်လာခဲ့သည်။ သူ သွားရာနောက်ကို လိုက်ကြည့် နေသော မမကြီး၏ မျက်ဝန်းထဲတွင် မျှော်လင့်ခြင်း အရိပ်အယောင်များ…………

အဖေ့အတွက် အောက်စီဂျင်နှင့် ငါးနှစ်ကောင်အတွက် အောက်စီဂျင် ဘယ်ဟာက ပို အရေးကြီးသနည်း။ အဖေ့ အသက်နှင့် ငါးနှစ်ကောင်၏ အသက် ဘယ်ဟာက ပို၍ တန်ဖိုးရှိသနည်း။ အမေ့၏ မျှော်လင့်ခြင်း မျက်ဝန်းများနှင့် မမကြီး၏ မျှော်လင့်ခြင်း မျက်ဝန်းများ ဘယ်သူက ပို၍ အရောင်တောက်သနည်း။

သူ စဉ်းစားရင်း အသက်ရှုစရာ လေမရှိတော့သလို မွန်းကျပ် လာတော့သည်။


တစ်မျက်နှာ ၀တ္ထုတို
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ၊ မဟေသီမဂ္ဂဇင်း

0 comments:

Post a Comment