On 0 comments

ကျွန်မ ဘ၀မှာ အတမ်းတရဆုံး၊ အလွမ်းရဆုံး အပျော်ရွှင်ရဆုံး နေ့ ရက်တွေကို ပြောပါဆိုရင်တော့ ပုဇွန်ကန် လေးတစ်ခုမှာ ပုဇွန် မွေးမြူရေး ပညာရှင် Technician ဘ၀နဲ့  နေခဲ့ရတဲ့ နေ့ ရက်တွေကို ပြရမှာပါပဲ။

လွမ်းတယ်။ ကျွန်မရဲ့ လွတ်လပ် ပျော်ရွှင်တဲ့ အပူအပင်ကင်းတဲ့ Technician ဘ၀လေးကို လွမ်းတယ်။ ကျွန်မ ချစ်ရတဲ့ ဆရာသမားတွေ၊ မောင်နှမလို ခင်တွယ်ရတဲ့ သူငယ်ချင်းတွေ၊ သွေးသားအရင်းလို သဘောထားပြီး သွန်သင် ဆုံးမခဲ့ ရတဲ့ ကျွန်မရဲ့ တပည့်လေးတွေ၊ ကိုယ်မွေးထားတဲ့ သားသမီးနဲ့  မခြား ရင်ဝယ်သားလို ပြုစု ခဲ့ရတဲ့ ပုဇွန်လေးတွေ အားလုံးကို အရမ်းလွမ်းမိတယ်။

နောက်ပြီး တောအုပ်ကလေးရဲ့အလယ်၊ စမ်းချောင်းလေးရဲ့ဘေးက ကျွန်မနေခဲ့တဲ့ အိမ်ပြာပြာလေးရယ်၊ နေ့  စဉ်နဲ့ အမျှ ဖ၀ါးထပ်အောင် လျှောက်နေရတဲ့ ကျွန်မ တဒင်္ဂ ပိုင်ဆိုင်ခွင့် ရခဲ့သော ပုဇွန်ကန်လေးတွေရယ်၊ လွတ်လပ်ပေါ့ပါးစွာ ရှုရှိုက်ခဲ့ရတဲ့ လေထုကြီးရယ်၊ ပေါ့ပါးစွာ ဖြတ်သန်းခဲ့ရတဲ့  ကိုယ့်ရဲ့ Life လေးရယ်ကို ကျွန်မ အရမ်း သဘောကျတယ်။

ဒီလုပ်ငန်းခွင် မ၀င်ခင်က ဖြူနုနေတဲ့ ကျွန်မ အသားအရေတွေ ညိုရာကနေ မဲတဲ့ အဆင့်ထိ ရောက်လုပေမဲ့ ကျွန်မ ပျော်နေ တာပါပဲ။ ဒီအလုပ်မတိုင်ခင် အရင်က လုပ်ခဲ့တဲ့ အလုပ်တွေ အားလုံးမှာ Air corn အခန်း လေးထဲ ချွေးမထွက် အလှမပျက် ထိုင်ရင်း၊ Computer ခလုတ်ခုံတွေကို ဖွဖွလေးနှိပ်ရင်း၊ စာရင်းစာအုပ်တွေ ဖွင့်ပြီး ငြိမ်ငြိမ်လေး ကိန်းဂဏန်း စာရင်းဇယားတွေ တွက်ချက်ရင်း နေခဲ့ဖူးတယ်။ ကျွန်မရဲ့ လက်ချောင်းတွေ ဟာ စာရေးဆရာ ပီသစွာ သွယ်လျ နွဲ့ ပျောင်းတယ်လို့ ခင်တဲ့သူငယ်ချင်းတွေက အမြဲ ပြောတတ်ခဲ့တယ်လေ။ ခုတော့ ပုဇွန်ကန်မှာ ပုဇွန်တွေ အစာကျွေးတဲ့ ဗန်းကို မရင်း အသားမာ တက်စပြုလာပြီ ဖြစ်တဲ့ လက်ချောင်း တွေကို မြင်တိုင်း ချစ်သူက စိတ်မကောင်း ဖြစ်တတ်ပေမဲ့ ကျွန်မကတော့ ကိုယ်ရဲ့ လက်ရှိ ဘ၀ကို ကျေနပ် နေတာပါပဲ။

ရုပ်ရှင်ရုံ မရှိတဲ့၊ ကျွန်မ မြတ်နိုးတဲ့ စာအုပ်ဆိုင်တွေ မရှိတဲ့၊ ဈေးဝယ် ၀ါသနာပါတဲ့ ကျွန်မ မက်မက်မောမော သွားလေ့ ရှိတဲ့ Shopping Centre တွေ မရှိတဲ့၊ (2000 ခုနှစ် ၀န်းကျင်က ဆိုတော့ ခုလို Internet ဆိုင်တွေ ဘာတွေတော့ မရှိသေးဘူးလေ)၊ ကျွန်မ ကြိုက်တဲ့ အစား အသောက် ကောင်းကောင်းတွေ ရှိတဲ့ Restaurant မပြောနဲ့  လက်ဘက်ရည် ဆိုင်တောင် တစ်ခုမှ မရှိသေးတဲ့၊ တနေရာကနေ တစ်နေရာကို သွားစရာရှိရင် စီးစရာ bus ကားတောင် မရှိတဲ့ ဒီဒေသလေးမှာ ကျွန်မ နေနိုင်ဖို့ ၊ ပျော်မွေ့ ဖို့ ဆိုတာ အိပ်မက် အဖြစ်တောင် မစဉ်းစားခဲ့ဖူးပါဘူး။

တကယ်တော့ ကျွန်မကလေ မြန်မာနိုင်ငံရဲ့ တတိယမြို့ တော် ဖြစ်တဲ့ မွေးရပ်မြေကိုတောင် ဖွံ့ ဖြိုးမှု နှေးတယ်။ ကျွန်မ အတွက် မတိုးတက်နိုင်ဘူးရယ်လို့  ယူဆပြီး ရန်ကုန် ပြောင်းပြေးလာသူရယ်လေ။

နောက်ပြီး ကျွန်မက ၀ါသနာပါရာ Computer programming software တွေ၊ LLCI သင်တန်းတွေ၊ အချိန်နှင့် ငွေ ပေးရင် ပေးနိုင်သလောက် ပြန်ရနိုင်တဲ့ တက်မဆုံးတဲ့ သင်တန်းတွေ လိုက်တက်ရင်း အောင်လက်မှတ်တွေ ကိုသာ မက်မောသူ တစ်ယောက် လေ။ ဆက်သွယ်စရာ ဖုန်းကလွဲလို့  စာတောင် ချက်ချင်း မရောက်နိုင်တဲ့ ဒီဒေသမှာ အလုပ် ၀င်မယ် ဆိုတော့ အားလုံးက ကန့် ကွက်ကြ တယ်။ ဒါပေမဲ့ ကိုယ် ဖြစ်ချင်တာကို မဖြစ်ဖြစ် အောင် တဇွတ်ထိုး လုပ်တတ်တဲ့ ကျွန်မက ဒီအလုပ်ကို ခေါင်းမာစွာနဲ့ ပဲ လျှောက်ခဲ့တယ် လေ။

0 comments:

Post a Comment