On 0 comments

ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် တဇွတ်ထိုး လုပ်တတ်တဲ့ ကျွန်မက ဒီအလုပ်ကို ခေါင်းမာစွာနဲ့ ပဲ လျှောက်ခဲ့တယ်လေ။ ကျွန်မရဲ့ အကြောင်းပြချက်က တစ်ခုထဲပါ။ တက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့ ဘာသာရပ်ကို အသုံးချခွင့်ရမဲ့ ကိစ္စမို့ ပါပဲ။ သတ္တဗေဒ ဘာသာရပ်(Zoology) နဲ့  M.Sc ဆက်တက်ဖြစ်ခဲ့ပေမဲ့ ကျွန်မ အခု လုပ်နေတဲ့ အလုပ်တွေဟာ ကျွန်မရဲ့ ဘွဲ့ နဲ့  ဘာမှ မဆက်စပ်ခဲ့ဘူး။

ဒီအကြောင်းပြချက် တစ်ခုထဲနဲ့ တင် ပုဇွန်မွေးမြူရေးဆိုတဲ့ ဒီအလုပ်ကို လျှောက်ဖို့  အဆင်သင့် ရှိနေခဲ့တာ။ အမှန်အတိုင်း ၀န်ခံရရင် “နိုင်ငံခြား ပညာတော်သင်” လွှတ်မယ်ဆိုတဲ့ စကားလုံးလေး အပေါ် ငြိတွယ်မှုလည်း ပါတာပေါ့။ ‘ပညာတော်သင်’ ဆိုတဲ့ စကားလုံးကြောင့်လည်း ဒီအလုပ်ကို လျှောက်တဲ့သူတွေ များပြားခဲ့တယ်။ အယောက် ၃၀၀ နီးပါး အလုပ်လျှောက်ခဲ့ပေမဲ့ ၁၂ယောက်ပဲ အလုပ်ရခဲ့တာမို့  ကျွန်မ ကံကောင်းတယ် ပြော ရမှာပေါ့။

အင်တာဗျူး ဖြေဆို အောင်မြင်ပြီးတဲ့ နောက်နေ့ က စလို့  ကျွန်မတို့ ဟာ ထိုင်းဘာသာ စကားကို စတင် သင် ယူခဲ့ရတယ်။ ထိုင်းနိုင်ငံမှာ သိပ္ပံနည်းကျ ပုဇွန်မွေးမြူရေး (Intensive Culture) ကို သွားရောက် လေ့လာ ရမှာလေ။ ပုဇွန်ပညာနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကိုလည်း ငါးဦးစီးလုပ်ငန်းမှ အနည်းအကျဉ်း အခြေခံရအောင် သင်ပေးခဲ့တယ်။ စာသင်ရင်းနဲ့  နိုင်ငံခြား သွားဖို့  ပြင်ဆင်ခဲ့ရတယ်။

ကျွန်မရဲ့ ဘ၀စာမျက်နှာတစ်ခုဟာ အဲဒီကနေ စတင်ပြောင်းလဲလာခဲ့တာပါပဲ။ ၂၀၀၀ခုနှစ်၊ မိုးရာသီနဲ့  နေ့ ရက် တစ်ခုမှာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ကြတယ်။ အဲဒီအချိန်က ရေငန်ပုဇွန်ကို အကြီးအကျယ် မွေးမြူနေတဲ့ ထိုင်း နိုင်ငံက C.P ကုမ္ပဏီမှာ ကျွန်မတို့  လေ့လာခွင့်ရခဲ့တယ်။ ဘန်ကောက်ကနေတဆင့် ထိုင်းနိုင်ငံ တောင်ပိုင်းကို ကားနဲ့  တနေကုန် ခရီးဆက်ခဲ့ရတယ်။

ဒီလိုနဲ့  ထိုင်းနိုင်ငံတောင်ပိုင်းက မလေးရှား နယ်စပ်နဲ့ သိပ်မဝေးတဲ့ နာကွန်စီ ထမရပ်ဆိုတဲ့ မြို့ လေးက ပုဇွန် ကန်တစ်ခုကို ကျွန်မ ရောက်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ ပုဇွန်မွေးတဲ့ ဒေသတွေမှာ အုပ်စုလေးတွေ ဖွဲ့  ပြီး နေရာဒေသ အသီးသီးကို လူစုခွဲပြီး လေ့လာ ခဲ့ရတယ်။

ရယ်စရာကောင်းတာ ပြောရမယ်ဆိုရင်လေ ကြီးကြီးကျယ်ကျယ် သင်ထားတဲ့ ဘွဲ့ နဲ့  ကိုက်ညီတဲ့ အလုပ်ကို လုပ်ချင်လို့ လို့  ကြွေးကြော်နေပေမဲ့ ပုဇွန်ရဲ့ အကြောင်း၊ ပုဇွန်ကန်ရဲ့ အလေ့အထတွေကို တကယ်တော့ ကျွန်မ ဘာမှ မသိပါဘူး။ ပုဇွန်ကန်ကို စရောက်ရောက်ချင်း ရတဲ့ ကန်ရဲ့ အနံ့ အသက် (ရေညှိနံ့ နဲ့ တင်) ထိုးအန် တော့တာပါပဲ။ ကျွန်မ သူငယ်ချင်းတွေက ၀ိုင်းသြဘာပေး ကြတယ်။

“ဒါလားဟဲ့ ပုဇွန်မွေးမဲ့သူ” တဲ့လေ။

သူတို့ တွေက ကျွန်မကိုဆိုရင် အရမ်းကို ပြောချင်နေကြတာလေ။ နိုင်ငံခြားသွားဖို့  အစတ်အစားတွေ စီစဉ်ကြ တော့လည်း အလှကြိုက်တဲ့ ကျွန်မက စကတ်လေးတွေကို ပုံစံမျိုးစုံနဲ့  ချုပ်ထားတာ။ သူတို့ လည်း သိသွားရော ပြောကြတာက ကျွန်မလုပ်မဲ့ မွေးမြူရေး (Grow out) အပိုင်းဆိုတာ မိန်းကလေးတွေ ရွေးချယ် လုပ်ကိုင်လေ့ မရှိပဲ ယောကျာ်းလေး အများစုသာ ရွေးချယ် လုပ်ကိုင် ကြတာ။ မိန်းကလေးတွေကတော့ သားပေါက်လုပ်ငန်း (Hatchery) ပိုင်းကိုသာ စိတ်ဝင်စား လုပ်ကိုင်ကြတာလေ။

ထိုင်းနိုင်ငံကို ရောက်တော့လည်း မွေးမြူရေး လုပ်ငန်းပိုင်းမှာ မိန်းကလေး လုပ်ကိုင်သူ မရှိပဲ ကျွန်မ အပါအ၀င် မြန်မာ မိန်းကလေး ၃ယောက်သာ ရှိတာမို့  အားလုံးက အထူးတဆန်းနဲ့  လုပ်နိုင်ကြရဲ့လားလို့  စိတ်ဝင်စား နေကြတာလေ။ လုပ်ရမဲ့ အလုပ်ကလည်း ယောကျာ်းလေးတွေနဲ့  တန်းတူ ပြေးဟယ် လွှားဟယ် ကျော်ဟယ် ခွဟယ် လုပ်ရတာမို့  ဘောင်းဘီနဲ့ သာ အဆင်ပြေမှာ။

ကန်ဘောင်တွေ၊ တံတားတွေ၊ လှေပေါ်တွေကို တက်ဆင်း ကျော်လွှား သွားလာနေရတဲ့ အလုပ်မို့  ကျွန်မ ချုပ် ထားတဲ့ စကတ်အတိုလေးတွေ ၀တ်ဖို့ ဆိုတာ လားလားမှ မအပ်စပ်တာမို့  သူတို့ ကလည်း စကား အကြောင်း အရာဆုံတိုင်း ကျွန်မ ချုပ်လာသော အ၀တ်အစားနဲ့  အလုပ်အကိုင် လွဲချော်မှုကို ရယ်မော နောက် ပြောင်ကြမြဲ။ ကျွန်မကတော့ ကိုယ် စိတ်ဝင်စားသော ပညာတစ်ခု သင်ခွင့်ရမဲ့ ကိစ္စကို ဘာနဲ့ မှ မလည်းနိုင်ပါ။ မလှချင်လည်း နေပါစေတာ့။ မြို့ ထဲလျှောက်လည်ချိန်တွေမှာ ၀တ်လို့ ရ သေးတာပဲဟု အားကျမခံ ပြန်ချေပမြဲ။

0 comments:

Post a Comment