On 0 comments

ကျွန်မရဲ့ ၀ါဆိုသင်္ဃန်းကပ်ပွဲ ပထမပိုင်းကို ဖတ်ရှုပေးတဲ့ မာတီ ပရိသတ်အားလုံးကို ကျေးဇူး အထူးတင်ပါ တယ်လို့  ဒီနေရာက ဦးစွာ ပြောချင်ပါတယ်။ အလှူ ဒုတိယပိုင်းကို နောက်နေ့ မှာ ဆက်ရေးပြီး တင်မယ်လို့  စီစဉ်ခဲ့ပေမဲ့ ချက်ချင်း မတင်ဖြစ်တဲ့အတွက်လည်း အားလုံးကို တောင်းပန်ပါတယ်နော်။

တကယ်တော့ နောက်နေ့ မှာ အမေ့က ဆေးရုံတက်ဖို့  ဖြစ်လာပါတယ်။ အလှူ ပထမပိုင်းကို ညတွင်းချင်း ရေးပြီး နောက်နေ့ ညနေ ရုံးဆင်းချိန် ၀င်တင်မယ် လုပ်ထားတာပါ။ အဲဒီညနေမှာပဲ အမေ့ကို ဆေးရုံတင်ရဖို့  ဖြစ်လာပါတယ်။ မာတီအတွက်၊ MMG အတွက် ရေးထားတဲ့ စာကို ချက်ချင်း တင်ချင်တော့ ဆေးရုံတက်မဲ့ အမေကို ဆေးခန်းကအပြန် အသာလေး အိမ်ပေါ်တင်ပေးပြီး အင်တာနက်ဆိုင်ပြေးပြီး အပြေးအလွှား ပို့ စ် တင်ခဲ့ရတာလည်း အမှတ်တရတစ်ခုပါ။

နောက်နေ့ တွေမှာ ဒုတိယပိုင်း ဆက်ရေးဖို့  ဘယ်လိုမှ မဖြစ်နိုင်သေးတော့ စာရေးချင်တဲ့ ဆန္ဒကို ကြိတ်မှိတ် မြိုသိပ်ရင်း ဆေးရုံမှ လူနာစောင့် နေခဲ့ရပါတယ်။ ရှေ့ က ရေးထားတဲ့ စာမူအတွက် ၀င်ရေးကြတဲ့ comment လေးတွေကို သိချင် စိတ်နဲ့  ဖတ်ချင်ပေမဲ့ ဆေးရုံနဲ့  ရုံးကိုသာ ကူးသန်းနေရဆဲမို့  ခုဒီစာမူကို ရေးနေချိန် အထိ ဖတ်ခွင့် မရသေးပါဘူး။ ဒီ စာလေးကိုလည်း အရမ်း ရေးချင်စိတ်နဲ့  ဆေးရုံမှာ ညစောင့်ရင်း Dream Bed လေးပေါ်မှာ Laptop လေးတစ်လုံး ပေါင် ပေါ်တင်ရင်း ငုတ်တုတ်လေး ထိုင်ရေးခဲ့ရတာလည်း အမှတ်တရ နောက်တစ်ခုပေါ့။

၂၉.၈.၁၀ နေ့ က ဆရာတော် တရားဟောပြီး လှူဖွယ် ပစ္စည်းတွေ ဆက်ကပ် လှူဒါန်းပြီးချိန်မှာတော့ ကျွန်မ တို့ MMG အဖွဲ့ ဝင် တချို့ ရယ် (မောင်ငယ် မိုးလုံးပြည့်လျှံက ကလေးပီပီ Happy World သွားမယ်လို့  ကြွေး ကြော်ရင်း ပြန်သွားပြီး ကိုသူရိန်၊ မရင်သွေးဦး၊ ကိုညီတို့ က မအားလပ်လို့ ပြန်သွားကြသလို lucobest တို့  july butterfly တို့  မုန့် ဆရာ ကိုအဂီးတို့ နဲ့  အချို့ ချို့ သော သူတွေလည်း ၀ါဆို သင်္ဃန်းအလှူ အပြီးမှာ ပြန် သွားကြပါတယ်) ကိုလင်းအောင်ပြည့်ရဲ့ Thadadika အဖွဲ့ ဝင်တွေရယ်၊ မမာလာတို့ ရဲ့ MC အဖွဲ့ ဝင်တွေ ရယ် စုပေါင်းပြီး ဒုတိယ အလှူခရီးစဉ်ဖြစ်တဲ့ မြိုင်သာယာ (၁) ရပ်ကွက် ကျောက်တန်းမြို့ မှာ တည်ရှိတဲ့ “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင်သင် (အခမဲ့) ပညာရေးကျောင်း” ကို နေ့ လည် ၂နာရီလောက်မှာ ကား ၂စီးနဲ့  ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ အချို့ အဖွဲ့ ဝင်တွေ ကတော့ မြို့ ထဲကနေ ကား၁စီးနဲ့  သွားနှင့်ပါပြီ။

ဒီနေ့ မှာ အဓိကအနေနဲ့  ဒီကျောင်းလေးမှာ ပညာသင်ကြားနေတဲ့ ဆရာလေးနဲ့  ကလေးတွေအတွက် လက်ရှိ သုံးနေတဲ့ မြေဖြူနဲ့  ရေးနေရတဲ့ Black board အစား Maker Pen နဲ့  ရေးရတဲ့ White board လေးတွေ လဲလှယ်ပေးချင်တာပါပဲလို့  ဒီခရီးကို စီစဉ်သူ ကိုလင်းအောင်ပြည့်က ပြောပါတယ်။ နောက်တော့ အဖွဲ့ သားတွေ အားလုံး စုပေါင်း ၀ိုင်းဝန်း လှူဒါန်းကြ တဲ့ ဗလာစာအုပ်တွေ၊ ခဲတံတွေနဲ့  ကလေးတွေအတွက် မုန့် တွေကို ကျောင်းသူ ဆရာလေးတွေနဲ့  ကလေး ၁ဦးချင်းစီကို ပေးအပ် လှူဒါန်းကြမဲ့ အစီအစဉ်ပါ။

ပထမဦးဆုံး အနေနဲ့  ဒီကျောင်းရဲ့ အုပ်ချုပ်သူ ဆရာလေး ဒေါ်ဝိမလစာရီနဲ့  ဒေါ်နန္ဒာသိင်္ဂီတို့ ကို တွေ့ ဆုံ ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစား နေတဲ့ ဆရာလေး အပါး (၈၀) ကျော်နဲ့  ကျောင်းသား၊ ကျောင်းသူပေါင်း (၃၀၀) ကျော်နဲ့  အားလုံးပေါင်းရင် (၃၈၄) ယောက် ရှိတယ်လို့  သိရပါတယ်။ ဒီနေ့ လာတဲ့ အုပ်စုထဲမှာ ပါတဲ့ MC အဖွဲ့က ကိုချစ်ရန်တိုး (တစ်ခု တောင်းပန်ချင်တာ က ပထမပိုင်းမှာ သူ့ နာမည်ကို ကိုချစ်ရင်တိုးလို့ မှားယွင်းစွာ ဖော်ပြမိခဲ့ပါတယ်။ အဲဒီ အတွက် ဆောရီးပါနော်) က ဒီကျောင်း လေးမှာ စာလာသင်ပေးဖူးပါတယ်။

ဒါကြောင့် ကျွန်မတို့  အဖွဲ့ ကို တစ်ခန်းဝင် တစ်ခန်းထွက် သူ့ ရဲ့ ကျောင်းသားလေးတွေနဲ့  လိုက်မိတ်ဆက် ပေးပါတယ်။ သူငယ်တန်းကနေ ဆဌမတန်းအထိ အတန်းတိုင်းမှာ ဆရာလေးတွေရော ကျောင်းသား၊ ကျောင်းသူလေးတွေကိုရော တွေ့  ရပါတယ်။ ကျောင်းရဲ့ ဟောခန်းမှာ ဆရာလေးတွေ၊ ကျောင်းသား၊ ကျောင်းသူလေးတွေ အားလုံးကို စုစည်းခိုင်းပါတယ်။ ပြီးတော့ ကလေးတွေ အားလုံးက ကျွန်မတို့ တတွေကို ကဗျာလေးတွေ၊ မေတ္တာပို့ တေးလေးတွေ ရွတ်ပြကြပါတယ်။

သူတို့ လေးတွေရဲ့ ဖြူစင်တဲ့ အရိုးခံ မျက်နှာလေးတွေ၊ ကြည်လင်တောက်ပတဲ့ မျက်လုံးလေးတွေ၊ တက်ကြွ စွာ သီဆိုနေကြတဲ့ ကဗျာရွတ်သံတွေက အဝေးက လာတဲ့ ကျွန်မတို့  ရင်ကို အေးမြ လှုပ်ခတ်စေတာ အမှန် ပါပဲ။ သူတို့ လေးတွေရဲ့ မေတ္တာပို့ သံ၊ ကဗျာရွတ်သံ သီချင်းသီဆိုသံလေးတွေနဲ့  သီလရှင်ကျောင်းလေးက အသက်ဝင်နေပါတယ်။ အပြင်မှာတော့ မနက်ထဲက ရွာနေတဲ့ မိုးကလည်း ရွာကောင်းနေဆဲပါပဲ။

ကျောင်းလေးက အသစ်ဆောက်ထားတဲ့ ၂ ထပ် ကျောင်းဆောင်လေး ၂လုံးမှာ ကျောင်းသား၊ ကျောင်းသူ လေးတွေ ဆရာ လေးတွေ စာသင်ကြတာပါ။ ကျောင်းရဲ့ အုပ်ချုပ်သူတွေကတော့ ဒီဘက်က နဂို ပျဉ်ထောင် အိမ်ငယ် အဟောင်းလေးမှာ နေထိုင်ကြဆဲပါပဲ။

ကလေးတွေကို ကိုလင်းအောင်ပြည့်က အရင်တစ်ခေါက်က သူ သင်ပေးထားတဲ့ ကဗျာလေး ပြန်ဆိုခိုင်း ပါတယ်။ ကလေး တွေကလည်း သံပြိုင် ပြန်ဆိုပြပါတယ်။ နောက်တော့ မရသေးတဲ့သူတွေ များနေတာ ကြောင့် ကိုလင်းအောင်ပြည့်က အမူ အရာနဲ့  ပြန်သင်ပေးပါတယ်။ အဲဒီကဗျာလေးကို ကြိုက်နှစ်သက်မိတာ ကြောင့် ဒီစာမူမှာ ဖော်ပြနိုင်အောင် ကိုလင်းအောင် ပြည့်ကို ပြန်ရေးခိုင်းခဲ့ပါတယ်။

သူ့ ကဗျာလေးကတော့

“အို သတိထား xxx သင့်ရဲ့ မျက်စိ ဘာကိုကြည့် xxx အို သတိထား xxx သင့်ရဲ့ မျက်စိ ဘာကိုကြည့် xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်မျက်စိကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ နားက ဘာကိုကြား xxx အို သတိထား xxx သင့်ရဲ့ နားက ဘာကိုကြား xxx ” သင့်တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ နားကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ နှုတ်က ဘာတွေပြော xxx အို သတိထား xxx သင့်ရဲ့ နှုတ်က ဘာတွေပြော xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ နှုတ်ကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ လက်က ဘာတွေလုပ် xxx အို သတိထား xxx သင့်ရဲ့ လက်က ဘာတွေလုပ် xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ လက်ကို အသုံးချပါ။

"အို သတိထား xxx သင့်ရဲ့ ခြေထောက်က ဘယ်တွေသွား xxx အို သတိထား xxx သင့်ရဲ့ ခြေထောက်က ဘယ်တွေသွား xxx ” သင့်တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ ခြေထောက်ကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ စိတ်က ဘာတွေတွေး xxx အို သတိထား xxx သင့်ရဲ့ စိတ်က ဘာတွေတွေး xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ စိတ်ကို အသုံးချပါ။ တဲ့။

ကဗျာလေးတွေ ရွတ်ပြီးတော့ ဆရာလေးတွေထဲမှာ အသက်အငယ်ဆုံး ဖြစ်မယ်ထင်တဲ့ ဆရာလေး မ၀ဏ္ဏ သီရိကို ခေါ် ထုတ်ပြီး ကဗျာ ရွတ်ခိုင်းပါတယ်။ အသက် ၄နှစ်ခွဲသာရှိသေးတဲ့ ဆရာလေးက ငယ်ပေမဲ့ ချစ်ဖို့  ကောင်းသလို သွက်လည်း သွက်ပါတယ်။ ကျွန်မတို့ တွေကို ရှက်စနိုး အမူအရာလေးနဲ့  ကဗျာလေးတွေ ရွတ်ပြပါတယ်။

ပြီးတော့ သူတို့ တစ်ဦးချင်းစီကို ဗလာစာအုပ်လေး ၁အုပ်၊ ခဲတံ ၁ချောင်း၊ မုန့် ၁ခုစီ ဝေပေးခဲ့ပါတယ်။ နောင် ကိုလည်း တတ်နိုင်ရင် ဒါထက်များများ သွားလှူချင်ပါသေးတယ်။ White board ၁၀ချပ်နဲ့  Marker Pen တွေရယ် ပိုတဲ့စာအုပ်၊ ခဲတံတွေရယ်ကိုတော့ ကျောင်းမှာပဲ ပေးခဲ့ပါတယ်။ (ဗလာစာအုပ် ၁၀ ဒါဇင် လှူဒါန်းခဲ့တဲ့ Bluelark ကိုလည်း ကျေးဇူးပါ လို့ နော်။)

ကလေးတွေကို စာအုပ်တွေ ဝေပြီးချိန်မှာတော့ Thadardika အဖွဲ့ ဝင်တွေ ပြန်ကြပါတယ်။ ကိုလင်းအောင် ပြည့်၊ မချို (Designer)၊ မသင်း (Designer)၊ ကိုသစ်ကို၊ ကိုဇော်လတ်၊ ကိုမြိတ်သား၊ ကျွန်မ၊ မမာလာ (MC)၊ ကိုချစ်ရန်တိုး (MC) ကိုလေးဖြူ (MC) တို့ ၁၀ဦးကတော့ ကြုံရာနဲ့  ပြန်မယ်ဆိုပြီး ကျောင်းမှာ ဆက်နေခဲ့ကြ ပါတယ်။

MMG နှစ်ပတ်လည်နေ့  လုပ်မယ်လို့  မှန်းထားတဲ့ စက်တင်ဘာ ၁၉ရက်နေ့ မှာ ကျောင်းနေ ဆရာလေး အားလုံးကို အာရုံဆွမ်းနဲ့  နေ့ ဆွမ်းကပ်ဖို့  လျှောက်ထားပြီး ဆွမ်း၂နပ်စာ ကပ်ဖို့ အလှူငွေ ၆၀,၀၀၀/ ထည့် ခဲ့ပါသေးတယ်။ ဒါလည်း MMG ရဲ့ အလှူတစ်ခုမို့  သာဓု ခေါ်ကြပါအုံးနော်။

တကယ်လို့  ၁၉.၉.၁၀ မှာ နှစ်ပတ်လည် လုပ်ဖြစ်ခဲ့ရင်တော့ ဆွမ်းကပ်တာ လာနိုင်မှာ မဟုတ်ဘူးလို့ လည်း ပြောထားခဲ့ပါ တယ်။ ဆရာလေးတို့ ကတော့ လာနိုင်ရင် လာခဲ့ကြပါလို့  ခေါ်နေပါတယ်။ အားလုံး လူတွေ ရှင်းချိန်ကြမှ ဒီကျောင်းလေး နဲ့  ပတ်သက်တဲ့ အချက်အလက်တွေကို တစ်ယောက် တစ်ပေါက် ၀ိုင်းဗျူးကြ တာပါ။

ကျောင်းမှာ အရင်က စတုတ္ထတန်းအထိသာ ထားခဲ့ပါတယ်။ ကျောင်းက ဆရာလေးတွေက စတုတ္ထတန်း အောင်ချိန်မှာ သူတို့ ကို မြို့ ကျောင်း ဆက်တက်ကြဖို့  ပြောပေမဲ့ ဆရာလေး အများစုက ဒီကျောင်းမှာ ရှိသလာက် အတန်းနဲ့ သာ ရောင့်ရဲပြီး အခြား မြို့ ကျောင်းသွား ကျောင်းဆက်မတက်တော့ပါဘူး ဆိုလာ တာကြောင့် အုပ်ချုပ်သူ ဆရာလေးတို့ မှာ ကလေးငယ် တွေရဲ့ ပညာရေးကို ထောက်ရှုပြီး သူတို့ ရဲ့ ကျောင်းကို ဆက်လက်ပြီး အတန်းတိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

ခုဆို ဆဌမတန်း အထိ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ နောင်နှစ်မှာလည်း သတ္တမတန်းကို တိုးချဲ့ ဖွင့်လှစ်သွားမဲ့ အစီအစဉ် ရှိကြောင်း သိရပါတယ်။ ဆရာလေးအချို့ နဲ့  ကျောင်းသူ ကျောင်းသားအချို့ ကတော့ သာကေတမြို့ နယ်က မှန်ကင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဒသမတန်းအထိ ဆည်းပူး သင်ယူ နေကြတာလည်း ရှိပါ တယ်။ ဒီနှစ်မှာ ဒသမတန်းတက်တဲ့ သီလရှင် (၄) ပါးကို လူဝတ်လဲပြီး ကျောင်းဆက် တက်ခိုင်းထားတယ်လို့  သိရပါတယ်။

အုပ်ချုပ်သူ ဆရာလေး ဒေါ်ဝိမလစာရီက ဒီကျောင်းကို နောင်တချိန်မှာ သီလရှင် ဆရာလေးများက ပြန်လည် လက်ဆင့်ကမ်း ပညာပေး သင်ကြားသွားတာမျိုး ဖြစ်ချင်ပါတယ်တဲ့။ အဲဒီလို ဖြစ်အောင်လည်း ကြိုးစားသွား မယ်လို့  ဆိုပါတယ်။ အခုချိန် မှာတော့ လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကို ငှားရမ်း သင်ကြားပေးနေပါတယ်။

အတန်းတစ်ခု တိုးချဲ့ လိုက်တိုင်းမှာ ဆရာတွေ ငှားရမ်းရတာမို့  အတန်းသစ်တစ်ခု ထပ်တိုးတိုင်း ဆရာလေး တို့ မှာ အတန်းသစ်အတွက် ဆရာ ရှာဖွေရသလို ဆရာတွေအတွက် လစာကလည်း ထပ်ပြီး လိုအပ်လာပါ တယ်တဲ့။ နှစ်စဉ် ကျောင်းမှာ ရောက်ရှိလာတဲ့ သီလရှင် ဆရာလေး ဦးရေကလည်း များပြားလာပါတယ်။

ကျောင်းလာတက်တဲ့ အပြင်က ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စာအုပ်၊ ခဲတံ၊ ဖတ်စာအုပ် စတာတွေ ကို ကျောင်းက စိုက်ပြီး အမြဲတမ်း ပေးပါတယ်။ ဒါကြောင့် လှူဒါန်းချင်သူတွေအနေနဲ့  စာအုပ်၊ ခဲတံ၊ ဖတ်စာအုပ်တွေ လှူဒါန်းနိုင်သလို ဆရာလေးတွေအတွက် ဆွမ်းလည်း ဆက်ကပ် လှူဒါန်းနိုင်ပါတယ်။ တကယ်လို့  လှူချင်တယ်ဆိုရင်လည်း ဇမ္ဗုဥသျှောင် သီလရှင် စာသင်ကျောင်း ဖုန်းနံပါတ် - ၀၁ ၇၀၁၇၄၃ သို့  ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ လေ။

ညနေ ၅နာရီလောက်မှာ ပြန်ဖို့  ပြင်ဆင်ကြပါတယ်။ လမ်းမပေါ်ရောက်အောင် လျှောက်သွားပြီးမှ ကြုံရာ ကားနဲ့  ပြန်ကြ မယ်ပေါ့။ ကျွန်မတို့  ပြန်စရာ ကားမရှိတော့ဘူးလေ။ အဲဒီအချိန်မှာ ပြသနာတက်တာ ကိုသစ်ကိုပါ။ သူ့ ဖိနပ်ကို လာတုံးက စီးလာတဲ့ ကားပေါ်မှာ ချွတ်ထားခဲ့တယ်တဲ့။ ကားက ရန်ကုန်ဘက်ကို ပြန်သွားပြီလေ။ သူ့ ဖိနပ်ကို ပြန်ချထားဖို့  သူ သတိ မရလိုက်ဘူး။ (သူ့ ဖိနပ်ပျောက်မှာစိုးလို့  ဥစ္စာခြောက် တာ နေမှာနော်)။ ဒီတော့ မိုးရွာထဲမှာ ခြေဗလာ လျှောက်ရုံမှလွဲ၍ အခြား မရှိပေါ့။

အားလုံး မိုးရေထဲမှာ စကားတပြောပြောနဲ့  လျှောက်လာခဲ့ပါတယ်။ ကိုသစ်ကတော့ ဖိနပ်မပါတော့ မျက်နှာ ငယ်လေးနဲ့  ဟိုကြည့် ဒီကြည့်ပေါ့။ (သူဖိနပ်မပါတာ သူများတွေ သိမှာစိုးလို့ လေ)။ ဒါပေမဲ့ ကျွန်မတို့ က ပြောပါတယ်။ ကောင်မလေး လှလှလေးတွေ ပါတာ။ သူ့ ကို ဘယ်သူမှ မကြည့်ပါဘူး။ သူ ဖိနပ်မပါတာ ဘယ်သူမှ မသိနိုင်ပါဘူးလို့ လေ။

လမ်းထိပ်ရောက်တော့ မှတ်တိုင်လေးမှာ ရပ်နေကြပါတယ်။ လိုင်းကားငယ် ဒတ်ဆန်း တစ်စီး ထိုးဆိုက် လာပေမဲ့ ဆယ်ယောက် တစ်အုပ်စုလုံး မပါနိုင်တာကြောင့် မစီးကြပါဘူး။ ဒီအချိန်မှာပဲ လိုက်အေ့စ်တစ်စီး လာတာကို တွေ့ လိုက်ရပါ တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တားကြည့်ရအောင်ပေါ့။ ရပ်ပေးတော့လည်း အမြတ်ပေါ့။ အနည်းဆုံး ကားများများ ရှိတဲ့ သန်လျင် လမ်းဆုံလောက်ပဲ ရောက်ရောက်ဆိုပြီးတော့လေ။

ကျွန်မတို့  ရွေးချယ်မှု မှန်ကန်ပါတယ်။ ကားလှမ်းတားသူက စတစ်ကော်လာ အဖြူနဲ့  ယောပုဆိုးဝတ်ထား တဲ့ ကိုလင်းအောင်ပြည့်လေ။ အဟန့် ကောင်းတဲ့သူ တားလို့ လား မသိဘူး။ ကားက ရပ်ပေးပါတယ်။ ဘာဖြစ်လို့ လည်းပေါ့။ ဒီတော့ သီလရှင်ကျောင်းလေးမှာ အလှူလာလုပ်ပြီး အပြန် ကားမရှိလို့  နီးရာကို လမ်းကြုံ လိုက်ခွင့်ပြုပါဆိုတော့ သူက မြို့  ထဲပြန်မှာမို့  မြို့ ထဲအထိ လိုက်လို့ ရတယ်ဆိုတော့ အားလုံးက အတိုင်းဆမဲ့ ကျေးဇူးတင်ပါတယ်ပေါ့။

ကားက နောက်ခန်းမှာ တစ်ယောက်မှ မပါတာကြောင့် ကျွန်မတို့  နောက်ခန်းမှာ အေးဆေး ချောင်ချိစွာ စီးနင်းလိုက်ပါခွင့် ရခဲ့ပါတယ်။ လာတုံးကတောင် လူများတော့ ကားက ကျပ်သေးတယ်။ ကောင်းမှု ကုသိုလ်လုပ်လို့  စေတနာ အကျိုးကို ချက်ချင်း ခံစားရတာလို့  ၀မ်းသာ ပီတိဖြစ်ခဲ့ရပါတယ်။ (အမည်မသိ ကားကြုံပေးစီးတဲ့ အကိုကြီးကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်)

ကျွန်မတို့ အားလုံးကို သာကေတ ရွှေပုဇွန်ရှေ့ မှာ ဆင်းခဲ့ကြပါတယ်။ အားလုံးလည်း မိုးစိုပြီး ချမ်းနေတာ ကြောင့် ရွှေပုဇွန်မှာ ကော်ဖီ ၀င်သောက်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်။ ကိုသစ်ကိုနဲ့  ကိုမြိတ်သားကတော့ Capital Hyper Mart မှာ ဖိနပ် ၀င်ဝယ်ဖို့  ယောင်လည် ယောင်လည်နဲ့  ထွက်သွားကြပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်နေ့ ထဲမှာ အလှူ၂ခု လုပ်ခွင့်ရတာလည်း ၀မ်းမြောက်စရာ အမှတ်တရ တစ်ခုပါပဲ။ အားလုံး လှူဒါန်းတဲ့ အလှူကို မလာနိုင်၊ မသွားနိုင်တဲ့သူတွေ ကိုယ်စား ကျွန်မတို့ က တတ်အားသရွေ့  ကူညီခွင့်ရတာ ကိုပဲ ကျွန်မတို့ က ၀မ်းသာလှပါပြီ။ ဒါကြောင့် နောင်ကိုလည်း လှူချင်တာများ ရှိရင် ကျွန်မတို့ ကိုလည်း ဆက်သွယ်လို့  ရပါတယ်။ ဒီသီလရှင်ကျောင်းလေးကို နောင်တစ်ကြိမ်လည်း သွားထပ်လှူချင်ပါသေးတယ်။


ကျွန်မကတော့ နောင်တစ်ခေါက်သွားရင် ကလေးတွေအတွက် ဗဟုသုတ ဖြစ်စေမဲ့ စာအုပ်လေးတွေ၊ ပုံပြင် စာအုပ်လေး တွေ လှူမယ်လို့ စိတ်ကူးထားပါတယ်။ သူတို့ လေးတွေရဲ့ စာကြည့်တိုက်မှာ စာအုပ်လေးတွေ သိပ်မရှိသေးတာ တွေ့ ခဲ့ရ လို့ ပါ။ အားလုံးလည်း ကျွန်မတို့  အလှူကို သာဓုခေါ်လည်း နောင်ကိုလည်း ကြုံ ရင် ပါဝင် လှူဒါန်းကြပါအုံးလို့  တိုက်တွန်း ရင်း ကျွန်မရဲ့ စာမူလေးကို သီလရှင်ကျောင်းလေးရဲ့ ဆောင်ပုဒ် လေးကို ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်နော်။ MMG ချစ်သူများ ကျန်းမာ ပျော်ရွှင်ကြပါစေနော်။


ကလေးများအတွက်
ဒီနေ့ 
ကလေးများအတွက် ဒီနေ့ လိုအပ်ခြင်းများ အချိန်ကို စောင့်မနေနိုင်
ကလေးများအတွက် လူတိုင်းကူညီရမဲ့ အချိန်ဟာ ဒီနေ့ ပေါ့
သူ့ အသွေးအသားနဲ့  အသိ အစဉ်ဖွံ့ ဖြိုးတိုးတက်စေ
နောက်တစ်နေ့ မှ စတင်ရန် အချိန် ရွှေ့ ဆိုင်းထား၍ မဖြစ်နိုင်ပါ
ကူညီ ………… ကာကွယ်စောင့်ရှောက်ပါ ကလေးများကို ……… ဒီနေ့  စတင်စို့ ။

His Name is “Today”
( Many of the things
We need can wait
Bas the child cannot)2
Right now is the times
His bones are being for mest
His blaod is being made
And his sansive are be there belores
To whom we cannot answers tomorrow
His name is today.


သူတို့ ကျောင်းရဲ့ လက်ကမ်းစာစောင်က ကဗျာလေးကို ဖော်ပြပေးလိုက်တာပါ။ ကျွန်မတို့ လည်း သူတို့ ကို ဒီနေ့  ကူညီ ကြပါစို့ ။

12.9.10
11:35 pm

0 comments:

Post a Comment