On 0 comments

၂၉.၈.၁၀ နေ့ မှာကျွန်မတို့  MMG အဖွဲ့ အနေနဲ့  ကုသိုလ်ကောင်းမှု ၂ခုကို တနေ့ ထဲ လုပ်ခွင့် ကြုံခဲ့ရပါတယ်။ ပထမ တစ်ခုက MMG ၀ါဆိုသင်္ဃန်းကပ်ပွဲ ဖြစ်ပြီး ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်မှာ ရှိတဲ့ မင်္ဂလာမဏ္ဍိုင် ဘုန်းကြီးကျောင်းမှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

နောက် တစ်ခုကတော့ အလှူအပြီးမှာ MMG အဖွဲ့ ဝင်တွေရယ်၊ ကိုလင်းအောင်ပြည့် ခေါင်းဆောင်တဲ့ Thadardika လူငယ်အဖွဲ့ ဝင်တွေရယ်၊ Myanmar Center for Youth (မြန်မာ လူငယ်များ ဗဟိုဌာန) MC အဖွဲ့ ရယ် ပေါင်းပြီး ကျောက်တန်းမြို့ နယ်က “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင် သင် (အခမဲ့) ပညာရေး ကျောင်း” ကို သွားရောက်ပြီး သူငယ်တန်း ကနေ ဆဌမတန်း အထိ ကျောင်းတက် နေကြ တဲ့ သီလရှင် ဆရာလေးတွေနဲ့  ကျောင်းသူလေးတွေအတွက် လိုအပ်နေတဲ့ ပညာရေးနဲ့ ပတ်သက် တဲ့ ပစ္စည်းလေးတွေကို စုပြီး သွားလှူ ကြတာပါ။

အစက စပြောရမယ်ဆိုရင်တော့ ကျွန်မတို့ MMG အဖွဲ့ ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ က ၃၀.၈.၁၀ မှာ ပြည့်တာပါ။ ဒါပေမဲ့ နှစ်ပတ် လည်ပွဲကို စက်တင်ဘာလ တတိယအပတ်လောက်မှာမှ ကျင်းပမယ်လို့  စီစဉ် ထားတာကြောင့် MMG တစ်နှစ်ပြည့် နှစ်ပတ်လည်ရက် မှာ ၀ါဆိုသင်္ဃန်းကပ်ဖို့  စီစဉ်ခဲ့ကြတာပါ။ ၀ါဆို သင်္ဃန်းကပ်ဖို့  ဘုန်းကြီးကျောင်းကိုတော့ ကိုသူရိန်နဲ့  ဦးဇင်းလေး အရှင် ၀ရသာမိတို့  တိုင်ပင် ရွေးချယ် ခဲ့ကြပါတယ်။

အဲဒီမှာမှ အလှူနေ့ ကြရင် ဆရာတော်တွေကို ဘာနဲ့  ဆွမ်းကပ်ကြမလဲ၊ ဧည့်သည်တွေကို ဘာကျွေးကြမလဲ ဆိုတာ ကျွန်မတို့  ၀ိုင်းပြီး တိုင်ပင်ကြရင်း အလှူမှာ ကုသိုလ်လည်း ပိုရအောင်၊ အဖွဲ့ ဝင် အချင်းချင်း ပိုပြီး ရင်းရင်းနှီးနှီး နွေးထွေး ရအောင်ဆိုတဲ့ စိတ်ကူးလေးနဲ့  MMG အဖွဲ့ ဝင်တွေ ကိုယ်တိုင် ဈေးဝယ်ပြီး ကိုယ်တိုင် ချက်ကြမယ်လို့  ဆုံးဖြတ်ခဲ့ကြပါ တယ်။

ပင်တိုင်ချက်မယ်လို့  တာဝန်ခံတာက ကျွန်မတို့ ရဲ့ အကိုကြီး ကိုလင်းအောင်ပြည့်ပါ။ ကျွန်မတို့ တွေကတော့ ၀ိုင်းကူကြမယ်ပေါ့။ ကိုသူရိန်တို့ ၊ ကိုသစ်ကိုတို့ ကတော့ အလှူအတွက် ဈေးဝယ် ပေးမယ်။ ကျွန်မကတော့ အချိုပွဲအတွက် ကျောက်ကျော ၂မျိုး လုပ်ပေး မယ်။ လာနိုင်တဲ့သူတွေ လာပြီး လိုအပ်တာတွေ ၀ိုင်းလုပ်ပေး မယ်ဆိုပြီး တာဝန်တွေ ခွဲခဲ့ကြပါတယ်။ ၂၇.၈.၁၀ နေ့ ညနေမှာ ကိုသူရိန် က အလှူအတွက် လိုအပ်သော ကြက်သား၊ ပုဇွန်တို့  ၀ယ်ခြမ်းလာပေးပြီး ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ ကိုဇော်လတ်၊ကိုမြိတ်သား နဲ့  MC အဖွဲ့ က ကိုချစ်ရင်တိုး၊ ကိုလေးဖြူနဲ့  Thadardika လူငယ်အချို့ က ညအိပ်ပြီး ချက်ကြမှာပါ။

၂၈.၈.၁၀ ညနေ ၆နာရီလောက်မှာ ကျွန်မနဲ့  မရင်သွေးဦးတို့  ချိန်းပြီး ဘုန်းကြီးကျောင်းမှာ လုပ်အားလာ ပေးခဲ့ပါတယ်။ မနက်အတွက် လုပ်ကိုင်နေကြရင်းနဲ့  စိတ်ကူး ထပ်ပေါ်လာကြပြီး အာရုံဆွမ်း မုန့် ဟင်းခါးပါ ကပ်မယ်လို့  ထပ်စီစဉ်ကြပါတယ်။ ရယ်ဒီမိတ် မုန့် ဟင်း ခါးထုတ်တွေနဲ့ လိုအပ်တာတွေ ထပ်ဝယ်ခြမ်းဖို့  ကိုသစ်ကိုတို့  ကိုလင်းအောင်ပြည့်တို့ တ့တွေ ဗဟန်းဈေးကို ထပ်သွားကြပါတယ်။

ကိုလင်းအောင်ပြည့်ရဲ့ မိတ်ဆက်ပေးမှုနဲ့  ကျွန်မတို့ လိုပဲ လုပ်အားပေး လာကူကြတဲ့ MC အဖွဲ့ က မမာလာ၊ ကိုချစ်ရင်တိုး၊ ကိုလေး ဖြူတို့ နဲ့  သိကျွမ်းခွင့် ရခဲ့ပါတယ်။ ခုမှ ခင်မင်ခွင့် ရပေမဲ့ မမာလာနဲ့  ကျွန်မတို့ တွေ ညီအမအရင်းလို ရင်းနှီးခဲ့ကြတာကလည်း အမှတ် တရတစ်ခုပါပဲ။

ညဘက်မှာ Thadardika လူငယ်အဖွဲ့ က ညီမငယ်တွေ ဖြစ်တဲ့ ဖူးဟန်ကို၊ ဂျစ်တူးနဲ့ ဘုတ်ပေတို့  ရောက်လာ ပြီး ကျွန်မ တို့ ကို ၀ိုင်းကူပါတယ်။ နောက်နေ့  ဟင်းချက်မဲ့ ကြက်သွန်တွေ ဘာတွေ နဲနဲပါးပါး ၀ိုင်းလုပ်ပေးပြီး ကျွန်မက မုန့် ပြန်လုပ်ရအုံးမှာမို့ လို့  အိမ် ပြန်လာခဲ့ပါ တယ်။ ညအိပ်မဲ့ သူတို့ တွေကတော့ ညစာကို ခုမှ ဈေး က ၀ယ်လာပြီး ချက်ပြုတ်စားဖို့  လုပ်နေကြတုံးပါပဲ။ စုစုရုံးရုံးနဲ့  အားလုံး ပျော်စရာချည်းပါပဲ။

အိမ်ပြန်ရောက်တော့ ထမင်းစားပြီး မနက်အတွက် အုန်းနို့ ကျောက်ကျော ၁ဗန်းရယ်၊ အာဂါး စပျစ် ဂျယ်လီ ကျောက် ကျော ၁ဗန်းရယ် ထိုးပြီး အိပ်တာပါပဲ။ ရုံးက အပြန်ထဲက နောက်နေ့ အတွက် လှူမဲ့ စာအုပ်တွေ၊ ခဲတံတွေ၊ လော်လီပေါ့ သကြားလုံးဗူးတွေရယ်ကို ကြို ပြီး ဘုန်းကြီးကျောင်းမှာ ၀င်ထားခဲ့ပြီလေ။ မနက်ကျ ရင် ကျောက်ကျော ၂ဗန်းရယ်၊ ဆရာတော် ဦးကောဝိဒ ပို့ လိုက်တဲ့ အလှူအတွက် သင်္ဃန်းပါ ခြင်းတစ်လုံး ရယ် ယူပြီး ဘုန်းကြီးကျောင်းကို တန်းလာရုံပါပဲ။

မနက်စောက သူတို့  ညအိပ်တဲ့သူတွေနဲ့ ပဲ အာရုံဆွမ်း မုန့် ဟင်းခါး ကပ်လိုက်ကြပါတယ်။ မနက် ၉နာရီ လောက်မှာ ကျွန်မ ဘုန်းကြီး ကျောင်းကို ရောက်ပါတယ်။ အဲဒီအချိန်မှာ အိုးသူကြီး ကိုလင်းအောင်ပြည့်က ရေပြန်ချိုးနေပြီး ရှိတဲ့သူ တွေက အစိမ်းကြော်အတွက် လှီးချွတ်နေကြပါတယ်။ ထမင်းအိုး တည်တဲ့သူက တည်နေပါတယ်။ နောက်ကျမှာစိုးလို့  စိတ်ပူပေမဲ့ အစိမ်းကြော်ရော၊ အရည်သောက် ချဉ်ပေါင်ဟင်းရောကို လုပ်ကိုင် ချက်ပြုတ်နေရင်းနဲ့  ပြီးသွားတာပါပဲ။ ကိုလင်းအောင်ပြည့်ကတော့ ဟင်းလည်း ချက်ရင်း၊ ကင်မရာ နဲ့  မှတ်တမ်းလည်း တင်ရင်းနဲ့ ပေါ့။

အချိုပွဲအတွက် ကျောက်ကျောတွေ သစ်သီးတွေ လှီးချွတ်ရင်း ပြင်ဆင်ထားပါတယ်။ MMG က မုန့် ဆရာ ကိုအဂီးကလည်း အချိုပွဲ အတွက် ချိစ်ကိတ်တွေ၊ မုန့် တွေ အများကြီး ကိုယ်တိုင်လုပ်ပြီး ယူလာပါတယ်။ ကျွန်မတို့ ရဲ့ ၀ါဆိုသင်္ဃန်း ကပ်ပွဲလေးဟာ ကိုယ်တိုင် လုပ်မုန့် တွေ၊ ဟင်းတွေနဲ့  ပိုပြီး အသက်ဝင် နွေးထွေး တယ်လို့  အားလုံးက ခံစားရပါတယ်။

ဆရာတော်တွေကို ဆွမ်းကပ်ပြီး ဧည့်သည်တွေကို ဧည့်ခံ ကျွေးမွေးပါတယ်။ ဒီနေ့ ပွဲမှာ ပွဲတက်ရောက်တဲ့သူ ခါတိုင်းထက် ပိုများတာ ကြောင့် ကျွန်မတို့  ပိုပြီး ကြည်နူးရပါတယ်။ (ရောက်မလာနိုင်တဲ့ ကိုနဂါးတို့  ညီမငယ် မြလေးသျှင်တို့ ကို ကျွန်မတို့  လာနိုးနဲ့  မျှော်နေ ခဲ့တာ ပွဲအစမှ အဆုံးအထိပါပဲ)။

အဖွဲ့ ဝင်တွေ ဖြစ်တဲ့ အရှင် ၀ရသာမိ၊ ကိုသူရိန်၊ မုန့် ဆရာ ကိုအဂီး၊ ကိုမြိတ်သား၊ ကိုကိုညီညီ၊ ကိုလင်း အောင်ပြည့်၊ ကိုဇော်လတ်၊ Mistake 51 က Admin မောင်ငယ် မိုးလုံးပြည့်လျှံ၊ ကိုအောင်မိုး၊ ကျွန်မ၊ ဒီဇိုင်နာ မချို၊ မသင်း(ပန်းရောင်)၊ julybutterfly နဲ့  ကိုလင်းအောင်ပြည့်တို့ ရဲ့ Thadardika အဖွဲ့ ဝင်တွေ၊ မမာလာ တို့  ရဲ့ MC အဖွဲ့ တွေနဲ့  တော်တော်လေးကို စည်ကားပါတယ်။ (တချို့ တွေ နာမည် မမှတ်မိလို့  ကျန်ခဲ့ရင် စိတ်မဆိုးပါနဲ့ နော်)

အားလုံးလည်း စားကောင်းကြပါတယ်။ ကြက်သားနဲ့  အာလူး ဆီပြန်ဟင်းရယ်၊ ကြက်သားနဲ့  အစိမ်းကြော် ရယ်၊ ငရုတ်သီး ငပိကြော်ရယ်၊ ချဉ်ပေါင်နဲ့ ငါး ဟင်းရည်သောက်ရယ်၊ တညင်းသီး ပြုတ်ထောင်းကို ဆီနဲ့ နှမ်း နဲ့  နယ်ထားတာရယ်နဲ့  ထမင်း မိန်စေတာတော့ အမှန်ပါပဲ။ ဆရာတော်တွေအတွက် ပုဇွန်ကြော်နဲ့  ငါးကြော် နှပ် အပိုပါပါတယ်။ မနက် အာရုံဆွမ်း မုန့် ဟင်းခါးလည်း ကပ်ထားကြပါသေးတယ်။

ကြုံတုန်း ကျွန်မ တစ်ခု ပြောချင်တာက တစ်ခုခု လုပ်ပြီးတိုင်းမှာ လုပ်တဲ့ပွဲ အကြောင်းလေးတွေ ကျွန်မ ပြန် ရေးဖြစ်တာက အလှူဆိုရင်လည်း အားလုံး စုပေါင်း လှူဒါန်းထားကြတာတွေကို ကိုယ်တိုင် ကိုယ်ကျ မလိုက် ပါနိုင်တဲ့သူတွေ ပြန်ပြီး သိနိုင် အောင် သူတို့ လည်း အလှူအတွက် သာဓု ခေါ်နိုင်အောင်၊ နောင်လည်း လှူ ချင်စိတ်ပေါက်အောင်၊ တွေးလိုက်တိုင်း ကိုယ့် အလှူလေးကို မြင်ယောင် ပီတိ ဖြစ်နိုင်အောင်လို့  ပြန်လည် မျှဝေ ခံစားနိုင်အောင် ရေးဖြစ်တာပါနော်။

ဧည့်သည်တွေ ရှင်းသွားချိန်မှာမှ ဆရာတော်တွေကို လှူထားကြတဲ့ သင်္ဃန်းတွေနဲ့  ၀တ္ထု ကပ်ကြပါတယ်။ ဆရာတော်တွေ က မနက်ပိုင်းမှာ ဒေးဒရဲအသင်းကလည်း ဆွမ်းကပ်သေးတာမို့  ကျွန်မတို့ က ဆွမ်းကပ်ပြီး နောက်မှပဲ တရားနာကြပါ တယ်။ ဆရာတော် ဟောတဲ့ တရားထဲမှာ အားလုံးအတွက် မှတ်ယူစရာလေးတွေ ပါတာမို့  ပြန်လည် မျှဝေချင်ပါတယ်။

ဆရာတော်က သူ့ ရဲ့ သဘောထားကို ညီညွတ်မှု အဓွန့် ရှည်ရေး နှိုးဆော်ချက်လို့ အတိုချုပ်ပြီး ပြောပြခဲ့ ပါတယ်။ အဓိက အချက် ၅ချက် ရှိပါတယ်။

နံပါတ် ၁။ အကောင်းမြင်ဝါဒကို ကျင့်သုံးပါ။

နံပါတ် ၂။ အတုံ့ အပြန် ၀ဋ်ခံတာကို လက်ကိုင်ထားပါ။ (ဒီအချက်ကို ကျွန်မ သေချာ နားမရှင်းလိုက်ပါဘူး။ အသံသွင်းလာတာ ပြန်ဖွင့်တော့လည်း အဲလိုပဲ ကြားမိသလိုပါပဲ။ တကယ်လို့  အမှားအယွင်း တစ်စုံ ပါခဲ့ပါ လျှင် ကျွန်မရဲ့ အမှတ်မှားမှုသာ ဖြစ်ကြောင်း ကြိုတင် ၀န်ခံပါတယ်နော်။)

နံပါတ် ၃။ ပျူပျူငှာငှာ ပြောဆို ဆက်ဆံကြပါ။

နံပါတ် ၄။ ကုသိုလ်ကြောင့် အကုသိုလ် မဖြစ်ပါစေနဲ့ ။

နံပါတ် ၅။ လူ အချင်းချင်း မချစ်ရင်နေပါ။ မမုန်းပါနဲ့ ။ မကြင်နာချင် နေပါ နာကြဉ်းအောင် မလုပ်ပါနဲ့ တဲ့။ (နှစ်တရာအတွင်း အားလုံး သေကြမဲ့သူတွေ ချည်းပါပဲတဲ့)

ဆရာတော် တရားဟောပြီး လှူဖွယ် ပစ္စည်းတွေ ဆက်ကပ်ပြီးချိန်မှာ ကျွန်မတို့ အဖွဲ့ တွေရဲ့ ဒုတိယ အလှူ ခရီးစဉ်အဖြစ် ကျောက်တန်းမြို့ ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ (အချိန်မရလို့  မလာတော့ပါဘူး လုပ်နေရာကနေ အလှူလာပြီး ညနေအထိ အတူလိုက်ပါခဲ့သော ညီမငယ် မချိုနဲ့  မသင်းကိုလည်း ကျေးဇူး ပါလို့  ဒီနေရာက ပြောချင်ပါတယ်)။ အလှူ ဒုတိယပိုင်းကို ဆက်ရေးပါအုံး မယ်။ ဒီနေ့ တော့ ဒီလောက်ပဲ ဖတ်ပေးပါအုံးနော်။

(အိပ်ငိုက်နေပြီလေ)

29.8.10

11:15 pm



0 comments:

Post a Comment