On 0 comments


“လာနော်၊၊ တစ်ထောင်ဖိုးကို သုံးထည်၊ သုံးထည်ကိုမှ တစ်ထောင်၊ သစ်တာ လေးတွေ ပါတယ်နော်။ အခုမှ အထုတ်ဖြေတာ၊ နောက်ကျရင် ကောင်းတာလေးတွေ သူများနောက် ပါသွားမယ်။ ရွေးထား၊ ရွေးထား”

အသံစာစာဖြင့် အော်ရင်း အ၀တ်ပုံကို ဖြည်ပြ ဖွပြနေသော အ၀တ်ဟောင်း(ဘေထုတ်) ရောင်းသော သူ၏ အသံက မစိမ်းမြကို ဖမ်းစားထားသည်။

“အင်း၊ ဟင်းရွက်ဗန်းကို သူများနဲ့  အပ်ထားပြီး သွားရွေးအုံးမှပါပဲ။ တော်ကြာ သူများရွေးသွားလို့  လှတာလေးတွေ ကုန်သွားအုံးမယ်။”

အတွေးမဆုံးခင် ထရပ်ရင်း ဘေးဆိုင်ကို ဈေးဗန်းအပ်ထားခဲ့ကာ အ၀တ်ဟောင်း ဆိုင်ဆီ လှမ်းလာခဲ့ သည်၊၊ မျက်စိထဲမှာလဲ အပျိုပေါက် ဖြစ်နေပြီဖြစ်သော သမီးကြီးထံတွင် အ၀တ်စား ကောင်းကောင်း မရှိလှ တာကို မြင်ယောင်မိရင်း တန်ဆောင်တိုင် ပွဲတော်အမှီ ၀ယ်ပေးလိုက်မည်ဟု စိတ်ကူးလိုက်သည်။ အငယ်လေးတွေကတော့ အရေးမကြီး။ ဖြစ်သလို နေလို့ ရသေးသည်။ ကြီးမားသော စွန့် စားခန်းအဖြစ် တစ်ထောင်ဖိုး ၀ယ်ရန် ဆုံးဖြတ်လိုက်သော မစိမ်းမြ၏ ခြေလှမ်းများသွက်လာခဲ့သည်၊၊

အ၀တ်ပုံထဲမှ အသန့် ဆုံး ဖြစ်မည်ထင်ရသော အင်္ကျီ သုံးထည်လောက် ရရန် လှန်လျော ရွေးနေမိသည်။ သူမ မျက်စိက အပေါ်ဘက်တန်းမှာ ချိတ်ထားသော အင်္ကျီလေးကို သဘောကျစွာ ကိုင်အကြည့်

“အမ ယူလေ၊ အဲဒါ ဇာအကောင်းစားနဲ့  ချုပ်ထားတာ၊ တစ်ထောင်ပဲပေး”

ဈေးသည်စကားကြောင့် မစိမ်းမြ ရင်မောစွာ အသာပြန်ချရင်း သုံးထည် တစ်ထောင်တန်ထဲ မှပဲ ရွေးဝယ် ဖြစ်ခဲ့သည်။ ညနေဖက်မှာ ဈေးစောစော သိမ်းပြီး ပြန်လာသော မစိမ်းမြသည် ရှေးဟောင်း ပစ္စည်း အဟောင်း များ ရောင်းသောဆိုင် တစ်ဆိုင်တွင် ဈေးဝယ်နေသော ချမ်းသာလှသည့် အဘိုးကြီး၊ အဘွားကြီး စုံတွဲကို အံ့သြတကြီး ရပ်ကြည့်နေမိခဲ့သည်။

အိမ်ပြန်ရောက်တော့ သမီးဖြစ်သူက မစိမ်းမြ ၀ယ်လာသော အင်္ကျီများကို ဖြန့် ကြည့်ရင်း

“အမေ့ အင်္ကျီတွေကလည်း အဟောင်းကြီးတွေ၊ ကြည့်ပါအုံး၊ ဒီမှာလည်း စွန်းနေသေးတယ်။”

“အစွန်းတွေက ချွတ်ဆေးနဲ့  ချွတ်ရင် ပြောင်ပါတယ်၊ သမီးရယ်၊၊

“အမေကလည်း အသစ်ဝယ်ပေးတာ မဟုတ်ဘူး။ အဟောင်းတွေ မ၀တ်ချင်ပါဘူး”

အလိုက်ကန်းဆိုး မသိစွာ ပြောနေသော သမီးဖြစ်သူကို စိတ်ပျက်စွာ ကြည့်ရင်း ညနေက မြင်ကွင်း ကို မြင်ယောင်လာကာ

“အဟောင်းလည်း အဟောင်းအလျောက် တန်ဖိုးရှိတာပဲ။ ၀တ်စေချင်လို့  ဈေးရောင်းမကောင်းတဲ့ ကြားက ၀ယ်လာပေးတာကို စေတနာ ပျက်အောင် မလုပ်နဲ့ သမီး။ ချမ်းသာတဲ့သူတွေဆိုရင် အဟောင်းတွေကို မက်မောလွန်းလို့  ပန်းချီကား အဟောင်းတွေ၊ ရှေးဟောင်းပစ္စည်း အဟောင်းအနွမ်းတွေ၊ ရှေးဟောင်း ပန်းအိုးကြီး တွေကို ဈေးကြီးပေး ၀ယ်ပြီး သူတို့ အိမ်ရဲ့  ဧည့်ခန်းမှာ တရိုတသေ ထားကြတာတဲ့”

“ပိုက်ဆံချမ်းသာတဲ့သူတွေ အတွက်ကတော့ ရှေးဟောင်းပစ္စည်း မြတ်နိုးတယ်၊ စုဆောင်းတယ်ဆို တာ သူတို့ အတွက်က ဖက်ရှင်တစ်ခုလိုပဲ မိန်းမရဲ့ ၊၊ တနည်းအားဖြင့် ဒါဟာ သူတို့အတွက် ပိုက်ဆံဖြုန်းနည်း တစ်မျိုးပဲကွ၊၊ သမီးကို အင်္ကျီ အဟောင်း ၀ယ်ပေးတဲ့ မင်းရဲ့ ခံယူချက်နဲ့ တော့ ဘယ်တူပါ့မလဲ”

ခင်ပွန်း ဖြစ်သူရဲ့  စကားကို ဘာပြန်ပြောရမယ်မှန်း မသိစွာနဲ့ ပဲ မစိမ်းမြ တစ်ယောက် သူ ၀ယ်လာသော အင်္ကျိတွေကို မမြင်ဘူးသလို စိုက်ကြည့်ရင်း တချိန်ထဲမှာပဲ ညနေက ရှေးဟောင်းပန်းအိုးကြီးတစ်လုံး ကို မြတ်နိုး တသ တယုတယနဲ့  ငွေတစ်သိန်းပေး ၀ယ်သွားတဲ့ လင်မယား နှစ်ယောက်ကိုသာ မြင်ယောင်နေ မိပါတော့သည်၊၊



1998 ခုနှစ်၊ မတ်လ၊ ချယ်ရီမဂ္ဂဇင်း

0 comments:

Post a Comment