On 0 comments

ဘယ်လိုပဲဖြစ်ဖြစ် MMG တစ်နှစ်ပြည့်ပွဲလေးကတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြီးစီးသွားပါပြီ။ အဲဒီအတွက် တက်ရောက်လာတဲ့သူတွေကိုရော မတက်ရောက်နိုင်ပေမဲ့ အဝေးကနေ စာမူတွေ ရေးပို့ ကြ တဲ့သူတွေ၊ အလှူငွေ ထည့်ဝင် ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ဦးစွာ ပထမ ပြောချင်ပါတယ်။

ကျွန်မတို့ ရဲ့ တွေ့ ဆုံပွဲလေးကို အမှတ်၂၅၊ ဓမ္မစေတီလမ်း၊ Yuzana Twin Tower မှာရှိတဲ့ Ocean Princess ပင်လယ်စာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ တစ်နှစ်ပြည့် တွေ့ ဆုံပွဲလေး လုပ်ဖို့ ကို ဟိုးအတော် ကြာကြာထဲက post တင်ခဲ့တာပါ။ ဒါတောင် တချို့  မသိတဲ့သူတွေ ရှိသေးတယ်ဆိုတာကြောင့် စိတ်မကောင်း လည်း ဖြစ်ရပါတယ်။ စာအုပ်လည်း ထုတ်မယ်။ တွေ့ ဆုံပွဲလေးလည်း လုပ်မယ်ဆိုပြီး စီစဉ်ခဲ့ကြတာပါ။

တစ်နှစ်ပြည့် စာအုပ်လေးအတွက် စာမူတွေကို ဇွန်လကုန် နောက်ဆုံးထား ပေးပို့ စေခဲ့ပါတယ်။ တစ်နှစ်ပြည့် ကို မြိုင်မြိုင်ဆိုင်ဆိုင် စည်စည်ကားကားလေး ဖြစ်စေချင်ခဲ့တာ ကျွန်မတို့ ရဲ့ စိတ်ကူးလေးပါ။ ပွဲမတိုင်ခင်မှာ လည်း အားရင် အားသလို မအားတဲ့ကြားက အပြေးအလွှား တွေ့ ကြရင်း ပွဲကို စီစဉ်ခဲ့ကြရတာပါ။

တွေ့ ဆုံပွဲ မတိုင်ခင် ၂.၁၀.၁၀ စနေနေ့ ညနေပိုင်းမှာ အားလပ်တဲ့ အဖွဲ့ ဝင်တချို့ စုစည်းပြီး ပွဲလုပ်မဲ့ ဒီဆိုင် လေးမှာ နေရာထိုင်ခင်း အခင်းအကျင်းလေးတွေ ပြင်ဆင်ရင်း နောက်နေ့ ပွဲမှာ ပြောကြမဲ့ အစီအစဉ်လေး တွေကို ၀ိုင်းဝန်း တိုင်ပင်ကြပါတယ်။

၃.၁၀.၁၀ မှာတော့ နေ့ လည် ၁၂နာရီကျော်ထဲက ကျွန်မတို့  အဖွဲ့ ဝင်တွေ တစတစ ရောက်ရှိလာခဲ့ပါတယ်။ ကိုသစ်ကို၊ ကိုဇော်လတ်တို့ က ဧည့်ကြို တာဝန်ယူပြီး ကိုသူရိန်တို့  မရင်သွေးဦးတို့ က ရောက်ရှိနေတဲ့ ဧည့်သည်တွေ ကို ဧည့်ခံနေပါတယ်။ ကျွန်မကတော့ အပေါ်နဲ့  အောက် တက်လိုက် ဆင်းလိုက် လုပ်ရင်း မုန့် တွေ လိုက်စီစဉ်သလို၊ ဧည့်သည် ကြိုနေသလို ဧည့်သည်လိုက် ဧည့်ခံနေသလိုနဲ့  ဟိုယောင် ဒီယောင် လုပ်နေပါတယ်။

Vinyl လုပ်ထားပေမဲ့ မရောက်လာသေးတော့ ကိုသစ်ကိုတို့ ကိုပဲ ဆိုင်အ၀င်မှာ MMG Logo လုပ်ပြီး ရပ်နေ ခိုင်းထားပါ တယ်။ ကိုသစ်ကို ကိုတွေ့ ရင် MMG အဖွဲ့ မှန်း သိပါတယ်လို့  နောက်နေကြတာ။ သူက Fighter လေ။ (သူ့ ကို အဲလို ပြောတာ သူ မသိစေနဲ့ နော်)

ပွဲကိုလာတဲ့သူတွေကို ဧည့်ခံကျွေးမွေးဖို့ ကို MMG အဖွဲ့ ဝင် ကိုအဂီး ပြုလုပ်ပေးထားတဲ့ ကော်ဖီရယ်၊ Cheese Cake ရယ်၊ ပေါင်မုန့်  ရယ်၊ ပုဇွန်နဲ့  ငါးတို့ နဲ့  ပြုလုပ်ထားတဲ့ Sausage ရယ်နဲ့  ပြင်ဆင်ထား ပါတယ်။ မလာနိုင်တဲ့သူတွေ သွားရည်ယိုအောင် ပြောပြတာပါနော်။ (ဥပမာ ညီမလေး သော်တာပေါ့)။ မုန့် တွေကို ဓာတ်ပုံရိုက်ထားမိရဲ့လားတော့ မသိဘူး။

ပွဲကိုလာတဲ့သူ အားလုံးကို တစ်ယောက်လျှင် တစ်နှစ်ပြည့်စာအုပ် တစ်အုပ်ရယ်၊ MMG ရင်ထိုးရယ်၊ မေးခွန်းလေး တွေပါတဲ့ စာရွက်လေးတစ်ရွက်ရယ် ဝေငှပါတယ်။ မေးခွန်းစာရွက်လေးကို စီစဉ်ခဲ့တာ ကိုနဂါးရဲ့ စိတ်ကူးပါ။ လာတဲ့သူတွေ အားလုံးဆီက ရင်တွင်းဖြစ် အသံတွေကို ကြားချင်လို့ ပါတဲ့။

သူ့ မေးခွန်းလေးတွေကတော့
၁။ MMG တွေ့ ဆုံပွဲကို လာရတာ ဘယ်လိုခံစားရသလဲ။
၂။ MMG တွေ့ ဆုံပွဲလုပ်ရင် ဘာတွေ လုပ်သင့်တယ် ထင်ပါသလဲ။
၃။ MMG အဖွဲ့ ရဲ့ အားနည်းချက်တွေက ဘာတွေလဲ။
၎။ MMG အဖွဲ့ ကို ဘာတွေ အကြံပြုချင်ပါသလဲ။ တို့  ဖြစ်ပါတယ်။

(ဒီအချက်တွေကလည်း ကျွန်မတို့  အားလုံး သိထားသင့်တဲ့ ကိစ္စမို့  ဒီအိုင်ဒီယာကို ပေးခဲ့တဲ့ ကိုနဂါးကို ကျေးဇူးပါလို့ )
ပွဲမှာ အားလုံး ထောင့်စေ့အောင်တော့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာကွက်တွေ လိုအပ်တာတွေတော့ ရှိအုံးမှာပါ။ လိုအပ် တာလေးတွေ ရှိရင် ဖြည့်ပြီး တွေးပေး မြင်ပေးကြပါနော်။ နေ့ လည် ၁နာရီခွဲမှာ အခမ်းအနား အစီစဉ် စတင်ပါတယ်။ အခမ်းအနားမှူးအဖြစ် ကိုမြတ်ကျော်သူက ဆောင်ရွက်ပေးပါတယ်။

အခမ်းအနား အစီအစဉ်များကတော့
၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြော်ငြာပါတယ်။
၂။ တက်ရောက်လာတဲ့ ဧည့်အချင်းချင်း တစ်ဦးနဲ့  တစ်ဦး မိတ်ဆက်ကြပါတယ်။
၃။ MMG အဖွဲ့  ဖြစ်ပေါ်လာပုံကို ကိုသစ်ကိုမှ ပြောကြားပါတယ်။
၎။ MMG အဖွဲ့ ရဲ့ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေကို ကိုအလင်းစေတမန်မှ ပြောကြားပါတယ်။
၅။ MMG တစ်နှစ်ပြည့် မဂဇင်းနဲ့ ပတ်သက်ပြီး မမေဇူးမှ ပြောကြားပါတယ်။
၆။ MMG ရဲ့ ရှေ့ ဆက် လုပ်ဆောင်မဲ့ ကိစ္စရပ်များကို ကိုလင်းအောင်ပြည့်မှ ပြောကြားပါတယ်။
၇။ မြန်မာအမျိုးသားဗဟိုဌာန (Myanmar Center of Youth) နဲ့ ပတ်သက်ပြီး မမာလာမှ မိတ်ဆက် ပြောကြားပါ တယ်။
၈။ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍအနေနဲ့  Google Reader အကြောင်းကို မိုးလုံးပြည့်လျှံမှ ရှင်းလင်း ပြောကြားပါတယ်။
၉။ ဒီဇိုင်းပညာရပ်ဆိုင်ရာနဲ့  ပတ်သက်ပြီး ကိုနဂါးမှ ရှင်းလင်းတင်ပြပါတယ်။
၁၀။ ဧည့်သည်တွေ လာချိန်က ပေးထားတဲ့ မေးခွန်းတွေကို ပြန်သိမ်းပြီး သူတို့ ရဲ့ မေးမြန်းချက်တွေကို MMG Admin များက ဖြေကြားပေးဖို့  ဖြစ်ပါတယ်။
၁၁။ အခမ်းအနား တက်ရောက်လာတဲ့သူ အားလုံးကို ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခြင်း ဖြစ်ပါတယ်။ (အားလုံး မျှော်လင့်နေကြတဲ့ Laptop ကတော့ တပ်မတော်ခန်းမမှာ ကွန်ပျူတာ ပြပွဲတွေ ခုတလော မရှိသေးလို့  မ၀ယ်ထား ရသေးတာလို့  MMG Admin ကိုအလင်းစေတမန်က ပြောပါတယ်)
၁၂။ လက်ဆောင်လဲဖို့  ယူလာတဲ့သူ အချင်းချင်း လက်ဆောင် လဲပါတယ်။
၁၃။ အဖွဲ့ ဝင်အချင်းချင်း ရင်းနှီးစွာနဲ့  အဖွဲ့ တိုးတက်ရေးဆွေးနွေးသလို အင်တာနက် သုံးစွဲရာတွင် မပြေလည်မှုများကို လည်း အချင်းချင်း မေးမြန်း ဆွေးနွေးကြပါတယ်။
၁၄။ အမှတ်တရ ဓာတ်ပုံများ ရိုက်ပြီး အခမ်းအနား ပြီးဆုံးပါတယ်။

ကျွန်မတို့  MMG အဖွဲ့ ရဲ့ လိုဂိုကို ပြောင်းလဲဖို့  ဆိုပြီး နဂိုက ပို့ စ်တွေတင်၊ ပြိုင်ပွဲတွေ ခေါ်ခဲ့ပေမဲ့ ခုချိန်ထိ ပြတ်ပြတ် သားသား မဆုံးဖြတ်နိုင် မပြောင်းလဲနိုင်ခဲ့သေးတာလည်း အားလုံးအသိပါပဲ။ ဒီပွဲမှာ ကိုလင်းအောင်ပြည့်ဆွဲထားတဲ့ လိုဂိုနဲ့  ကျွန်မတို့  ရင်ထိုးလေးတွေ လုပ်ထားခဲ့ကြပါတယ်။

အဲဒီလိုဂိုကို ဒီပွဲ တက်ရောက်သူ အတော်များများက သဘောကျတာကြောင့် ကိုနဂါးကပဲ ဦးဆောင်ပြီး ဒီလိုဂိုကို ပြောင်းလဲမယ် ဆိုရင် လက်ခံ မခံ အတည်ပြုခဲ့ပါတယ်။ အားလုံးကလည်း သဘောကျ ထောက်ခံခဲ့တာမို့  မကြာခင် မှာ လိုဂို ပြောင်းလဲမယ်လို့  ထင်ပါတယ်။

ဒီပွဲမှာ ပြောဖြစ် တိုင်ပင်ဖြစ်ခဲ့တာတွေ အများကြီးပါပဲ။ အားလုံးလည်း စိတ်ဝင်စားမယ် ထင်ပြီး အဖွဲ့ အတွက် အကျိုး ရှိမယ် ထင်တာလေးတွေ နောက်နေ့  ထပ်ရေးပါအုံးမယ်နော်။

အားလုံးပဲ စောင့်ဖတ်ပေးကြပါအုံးနော်။

0 comments:

Post a Comment