On 0 comments



မမျှော်လင့်ပဲ (သို့ မဟုတ်) ကြိုတင် စီစဉ်ချိန် သိပ်မရှိပဲ ကျုံတိုင်းသားတို့  မွေ့ ပျော်ရာ လပွတ္တာကို ကျွန်မတို့  MMG အဖွဲ့  ဆိုင်းမဆင့် ဗုံမပါ ရောက်ချသွားပါတယ်။

ရည်ရွယ်ချက်ကတော့ လောလောလတ်လတ် ပြိုင်ပွဲပြုလုပ်ထားတဲ့ နာဂစ် အထိမ်းအမှတ် ကဗျာပြိုင်ပွဲ အတွက် ဆုပေးဖို့ ပါပဲ။ နာဂစ်ကဗျာပြိုင်ပွဲမှာ ဆုရသူ ၃ယောက်မှာ ပထမနဲ့  တတိယ ၂ယောက်က ကျုံတိုင်း ကပါ။ ဒါကြောင့် ဒုတိယဆုရတဲ့ ကိုသစ်ကို ကို ဒီခရီးမှာ အတူခေါ်သွားရင် ဆုပေးပွဲကို တခါတည်း ကျင်းပ လို့  ရပါပြီ။ တဆက်ထဲမှာပဲ အွန်လိုင်း ရွှေဝတ္ထုတို ဒုတိယဆုရတဲ့ ကိုသတိုးကလည်း ကျုံတိုင်းသားပါပဲ။ ဒါကြောင့် တခါထဲသွားပြီး ဆုသွားပေးကြမယ်ပေါ့။ ကြံစည်ပြီးတာနဲ့  အားချင်း စီစဉ်ပြီး ထွက်လာဖြစ်ခဲ့တာပါ။

ကျွန်မတို့  လာမယ်ဆိုတော့ ကျုံတိုင်းရွာက အုပ်စုကလည်း ၀မ်းပန်းတသာ လက်ခံကြပါတယ်။ လာရင်လည်း ၁ညအိပ်လောက်တော့ နေပါလို့  ပြောကြပါတယ်။ တကယ်လို့  နေ့ ချင်းပြန်ဆို ပင်ပန်းမယ်လို့  ပြောပါတယ်။ ဒါပေမဲ့လည်း သွားမဲ့သူ ၃ယောက်မှာ နောက်ကြောင်း မအေးတာက ကျွန်မပါ။

အမြဲတမ်း ဘာမှန်းမသိ အလုပ်ရှုပ်နေတတ်တဲ့ ကျွန်မက ခွင့်ယူဖို့  ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်မ လိုက်ရင် စနေနေ့ ညသွားပြီး တနင်္ဂနွေည ပြန်လာမှ အဆင်ပြေမှာပါ။ ဒါမှ တနင်္လာနေ့  မနက် ရုံးတန်း တက်နိုင်မှာပါ။ အားလုံးက တားပါတယ်။ အဲလောက်အချိန်နဲ့ ဆိုရင် အရမ်းပင်ပန်းမယ် မလာပါနဲ့ တဲ့။

ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကလည်း ကျုံတိုင်းကို လိုက်ချင်တဲ့ ဆန္ဒ ရှိပါတယ်။ ကိုသစ်နဲ့  ကိုလင်းအောင်ပြည့်က လည်း ကျွန်မကို လိုက်ခဲ့စေချင်ပါတယ်။ ဒါကြောင့် ကိုသစ်နဲ့  ကိုလင်းကို သောကြာနေ့ ည ကြိုသွား၊ ကျွန်မ က ရုံးက ညီမငယ်တစ်ယောက်ကို အဖော်ခေါ်ပြီး စနေနေ့ ညမှ လိုက်လာမယ်ပေါ့။ ပြန်ရင်တော့ အတူတူ တနင်္ဂနွေနေ့  ညကားစီးမယ်ပေါ့။

ဒီအဆိုကိုလည်း ဆရာ၂ယောက်က ကန့် ကွက်ပါတယ်။ ၃ယောက်ထဲ သွားမယ်ဆိုတဲ့ ခရီးမှာ တကွဲတပြားစီ မသွားပါဘူး။ တူတူပဲ သွားကြမယ်ဆိုတာကြောင့် စနေနေ့ ညကားကိုပဲ လက်မှတ် ဖြတ်လိုက်ပါတယ်။ ညီမ ငယ်သော်တာလေးကလည်း ကျွန်မတို့  သွားမဲ့ လပွတ္တာမှာ ကလေးတွေကို ဗလာစာအုပ်တွေ ကျောင်းဖွင့် အမှီ လှုချင် ပါတယ်တဲ့။ ဒါနဲ့  တဆက်ထဲပဲ လှူပေးခဲ့မယ်လို့  သူ့ ကို ပြောခဲ့ပါတယ်။

ဒီခရီးစဉ်အကြောင်း မပြောခင် ကျုံတိုင်းရွာသားတွေနဲ့  ကျွန်မနဲ့  ဘယ်လို စတင် ပတ်သက် သိခဲ့ကြတာ လည်းဆိုတာ ကြုံတုန်းပြောပြချင်ပါတယ်။


ကျွန်မနှင့် မာတီ
အရင်က အွန်လိုင်းကို သုံးခြင်းဟာ မေးလ်ဝင်ဖတ်ရုံ၊ ၀က်ဘ်ဆိုဒ်တချို့ ဝင်ကြည့်တယ်ဆိုရုံထက် မပိုခဲ့ပါ ဘူး။ နောက်တော့ အွန်လိုင်းကနေ မာတီဆိုတဲ့ သံယောဇဉ် အမျှင်တန်းတစ်ခု စတင်ရစ်တွယ်ခဲ့ပါတယ်။ မာတီကို တစ်ရက်လောက် မ၀င်ရရင် မနေနိုင်လောက် မာတီကို သံယောဇဉ် တွယ်ခဲ့မိပါတယ်။ တလက်စ ထဲမှာပဲ ကိုယ်ရေးပြီးသား ၀တ္ထုစာမူလေးတွေကို ပြန်တင်ရင်း Comment လေးတွေ ၀င်ဖတ်ရင်း၊ Gust book လေးတွေ မှာ လာရေးတဲ့စာလေးတွေကို ၀င်ဖတ်ရင်း၊ ကိုယ်တိုင်လည်း သူများဆိုဒ်လေးတွေ လျှောက် လည်ရင်း မာတီမှာ ပျော်မွေ့ လာခဲ့ပါတယ်။

ကျွန်မနှင့် MMG
မာတီမှာ ပျော်မွေ့ နေရင်းကနေ ကာလတစ်ခုအကြာမှာ ကိုဇောင်းကို အကြောင်းပြုလို့  MMG တလပြည့် အစီအစဉ်မှ စလို့  MMG နဲ့  စတင် ရင်းနှီးခွင့် ရခဲ့ပါတယ်။ နောက် ၁လကျော်လောက် အကြာမှာတော့ ညီမငယ် မြလေးသျှင်ကို အကြောင်းပြုလို့  MMG ရဲ့ Admin အဖြစ်နဲ့  MMG ကို ဆက်လက် ပတ်သက် ရစ်နွယ်မိရင်း နောက်ထပ် သံယောဇဉ်တစ်ခု တိုးပြန်ရော။
ကျွန်မနှင့် ကျုံတိုင်းရွာ
အဲဒီ MMG ကနေတဆင့် ကျုံတိုင်းရွာဆိုတဲ့ ရပ်ကွက်လေးနဲ့  ထပ်မံ ဆုံတွေ့ ခဲ့တာပါ။ ကျုံတိုင်းရွာကို မသွား ဘူးသေးပေမဲ့ နာမည်ကြားထဲက စိတ်ဝင်စားမှု အခြေခံရှိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ စာပေသမားတွေ အများစု တည်ရှိရာ၊ အနုပညာရင်ခုန်သံများနဲ့  ပျော်မွေ့ ရာ နေရာတစ်ခု ဖြစ်လို့ ပါ။ ကျုံတိုင်းက တင်တဲ့ စာတွေ၊ သူတို့ ရဲ့ ဆိုဒ်တွေမှာ လေ့လာစရာတွေ အများကြီးမို့  ကျွန်မတို့  လေးစားခဲ့ရပါတယ်။ တကယ်တော့ လပွတ္တာ ဟာ ရန်ကုန်နဲ့  မဝေးပေမဲ့ ကျွန်မတို့ တွေ လူချင်းမရင်းနှီးပဲ စာချင်းပဲ ရင်းနှီးခဲ့ကြတာပါ။ ဒီလို ရင်းနှီးပြီးသား နေရာ တစ်ခုကို ကိုယ်တိုင်သွားခွင့် ရမယ်ဆိုတော့ ပြောမပြနိုင်အောင် ၀မ်းသာခဲ့ရပါတယ်။
ကျွန်မနှင့် လပွတ္တာခရီးစဉ်
၂၁.၅.၁၁ လပွတ္တာကို သွားမဲ့ ကားက ည ၇နာရီကို ဒဂုံဧရာက ထွက်မှာပါ။ မြို့ ထဲကနေ ကြိုပို့  ဖယ်ရီ မရှိတာ ကြောင့် ည၆နာရီ ၃၀ မိနစ် အရောက် ကားဂိတ်ကို လာပါတဲ့။ ဒါကြောင့် ရွှေဂုံတိုင်မှာရှိတဲ့ ကျွန်မရဲ့ ရုံးမှာပဲ ညနေ ၅နာရီဆုံဖို့  ချိန်းထားပါတယ်။ ဒါပေမဲ့ ညနေ ၅နာရီ မထိုးခင်ထဲက မိုးတွေ အရမ်း သည်းကြီး မဲကြီး ရွာနေခဲ့တာကြောင့် ဟိုဆရာသမားတွေ ၂ယောက်လုံး ရောက်တော့ ၆နာရီထိုးနေပါပြီ။ ဒါကြောင့်ပဲ ကားကမန်းကတန်း ငှားပြီး အဝေးပြေးကို ပြေးခဲ့ရပါတယ်။
အဝေးပြေးကို ရောက်တော့ ၆နာရီ ၄၅မိနစ်။ အိပ်တွေ ပစ်တင်ပြီး ဗိုက်ဆာနေတဲ့ ဆရာသမား ၂ယောက်က မုန့်  ဟင်းခါး သွားပြေးစားပါတယ်။ မုန့် ရလို့ စားတာ ၃ဇွန်းပဲ ရှိသေးတယ်။ ချမ်းမြေ့အေား ကားကြီးက စက်နှိုးပြီး ဘီးလှိမ့် ထွက်နေပြီ။ အပြေးအလွှား ကားပေါ်ကို ခုန်ပေါက် တက်ကြရပါတယ်။ ထွက်မှာပေါ့။ နဂိုထဲက ကားပေါ်မှာ ကျွန်မတို့  ၃ယောက်ကလွဲလို့  လူပြည့်နေပြီလေ။
ဒီလိုနဲ့ ပဲ ရင်ခုန်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုကို ချမ်းမြေ့အေးကားကြီးနဲ့ အတူ စတင် ထွက်ခွာခဲ့ပါတယ်။ ကားလက်မှတ်က ၄ယောက်စာ ဖြတ်ထားတာ ၃ယောက်ပဲ သွားဖြစ်တာကြောင့် ကျွန်မ တစ်ယောက်ထဲ ၂ခုံကို ချောင်ချောင်ချိချိ စီးရပါတယ်။ ကျွန်မတို့ တွေက တက္ကစီပေါ်မှာထဲက ကျွန်မတို့  သွားဖြစ်ကြောင်းကို သက်ဆိုင်ရာတွေကို လိုက်ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ တချို့ ကို ကြိုမပြောလိုက်ရလို့ လေ။
ချမ်းမြေ့အေးကားက တအားကို အမြန်မောင်းပါတယ်။ ဒါကြောင့် ဗိုလ်မြတ်ထွန်းတံတားအဆင်း ကြိမ်ပင် ဆယ်က သမုဒယ စားသောက်ဆိုင်ကို ရောက်တော့ ရနာရီ ၄၅ မိနစ်ပဲ ရှိပါသေးတယ်။ လမ်းသွားရင် ကိုယ် ကပဲ အမြဲတမ်း လွဲတတ်လို့ လား မသိ။ ပြောစရာတစ်ခုခုကတော့ ရစမြဲလေ။
အဲဒီ သမုဒယဆိုတဲ့ စားသောက်ဆိုင်မှာ ကိုသစ်က မုန့် ဟင်းခါးစားမယ်ဆိုပြီး မှာပါတယ်။ ကျွန်မက ထမင်း စားမယ်။ကိုလင်းက အအေးသောက်မယ်ပေါ့။ စားပွဲထိုးတွေကလည်း ဆိုင်ထဲမှာ ဖွင့်ထားတဲ့ သူတို့  ကြည့် လက်စ နေတိုးကား ကောင်းနေတော့ ကျွန်မတို့  ခေါ်တာကိုတောင် လှည့်မကြည့်ပါဘူး။
စားချင်တာလေး မှာဖို့ တောင် တော်တော် ကြိုးစားရပါတယ်။ ထမင်းမှာတော့လည်း ကိုယ်စားတာက ဘာမှ မရှိ၊ ကြက်ဥကြော် မှာတော့လည်း မနက်ထဲက ကျန်နေတယ်လို့  ထင်ရတဲ့ ကြက်ဥကြော်လေးက ဘေး အကာတောင် မပါ၊ အနှစ်ကလေး တုံးလုံးနဲ့ ၊ ငပိတို့ စရာ လာချတော့ ချပေးတဲ့ တို့ စရာ ပန်းကန်မှာ ပုရွက်ဆိတ်တွေ အပြွတ်လိုက် တကယ့်ကို အမှတ်တရပါပဲ။ (ကိုလင်းအောင်ပြည့်ကတော့ ကားပေါ်မှာ ကင်မရာထားခဲ့မိတာ မှားလေခြင်း၊ ဒီထမင်းပွဲကို မှတ်တမ်းတင်ရမှာလို့  ရယ်စရာ ပြောနေခဲ့ပါတယ်။)
ဒီလိုနဲ့  ကျွန်မတို့  ဖြစ်သလို စားပြီး ကားကြီးက ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း ဆက်လက် ထွက်ခွာခဲ့ ပါတယ်။ ကန်ကြီးထောင့် လမ်းဆုံကြမှ အိမ်မဲဘက် လမ်းခွဲကနေ လပွတ္တာဘက်ကို သွားတာပါ။ ဒီလမ်းခွဲ ဘက်ကို ရောက်တာနဲ့  လမ်းဆိုးတော့တာပါပဲ။ ကားက တဘီးချင်းကို လှိမ့်ပြီးမောင်းနေရတာပါ။ ဒီလိုနဲ့  ကားက တအိအိနဲ့ မောင်းရင်းနဲ့  မြောင်းမြမှာ တစ်ခါ နားပါတယ်။ မြောင်းမြမှာ နားပြီး ပြန်ထွက်တာ သိပ် မကြာခင် မှာ ကားက လေအိတ်ပေါက်သွားပါတယ်။ ဒါနဲ့  လေအိတ်လဲတာ ၁နာရီကျော်လောက် ထပ်ကြာ သွားပါတယ်။
ကျုံတိုင်းက လူတွေကလည်း ကျွန်မတို့  မရောက်သေးတော့ ဖုန်းလှမ်းဆက်ပါသေးတယ်။ ဒါပေမဲ့ ဆရာသစ်က အိပ်ပျော်နေတော့ ဖုန်းသံ မကြားလိုက်ပါဘူး။ ခါတိုင်း မနက် ၃နာရီလောက် ၀င်တဲ့ ကားက မနက် ၄နာရီကျော်မှာမှ လပွတ္တာကို ရောက်ပါတယ်။ ရောက် လည်း ရောက်ရော ကျုံတိုင်းသားတို့  အွန်လိုင်း သုံးနေကျ Café 35 မှာ တညလုံး ထိုင်စောင့်ပေးနေကြတဲ့ ကိုကြည်နိုင်၊ ကိုသတိုး၊ ကိုမိုးမြင့်သီဟ၊ Café 35 ပိုင်ရှင် ကိုထွန်းထွန်းသူတို့ ကို တွေ့ ရပါတယ်။ သူတို့ လည်း ကျွန်မတို့ ကို စောင့်ရင်း အိပ်ပျက်နေရပြီလေ။
သူတို့ နဲ့  စကားခဏ ပြောဆိုပြီး ကျွန်မတို့  နားဖို့  စီစဉ်ပေးထားတဲ့ ပျိုးခင်းသစ်ဆိုတဲ့ Guest House ကို လိုက်ပို့ ပေးမယ် ပြောပါတယ်။ ခဏတဖြုတ် အနားယူလို့ ရအောင်ပါ။ ကိုလင်းအောင်ပြည့်ကို အရင် သွားပို့ နေတုံးမှာပဲ ကိုသစ်က ဗိုက်ဆာတယ်ဆိုတာကြောင့် အနားက လဘက်ရည်ဆိုင်မှာ လဘက်ရည် သွားသောက် လိုက်ပါသေးတယ်။ မနက်ကျရင် Breakfast စားဖို့ ကိုဇင်မင်းထွန်း လာခေါ်လိမ့်မယ် လို့  ပြောပါတယ်။
ကိုယ့်အခန်းမှာကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပေမဲ့ ခဏနားလိုက်ရတော့ လန်းဆန်းသွားပါတယ်။
မနက် ၇နာရီ ထိုးတော့ မျက်နှာသစ်၊ ရေမိုးချိုး အလှပြင်ပြီး ဆရာလေးတွေကို သူတို့ အခန်းတွေကို တံခါး ခေါက်ပြီး လိုက်နှိုးပေးလိုက်ပါတယ်။ မနက် ၆နာရီထဲက လာစောင့်ပြီး အိပ်ပျက်မှာစိုးလို့  မနှိုးပဲ စောင့်နေတဲ့ ကိုဇင်မင်းထွန်းကို မနက် ရနာရီခွဲကျော်ချိန်မှာမှ ဧည့်ခန်းထဲမှာ ဆုံဖြစ်ပါတယ်။
နောက်ကျမှ အိပ်ရာထပြီး ရေချိုးအလှပြင်နေတဲ့ ဆရာ လင်းအောင်ပြည့်ကို စောင့်ရင်း ဧည့်ခန်းမှာ စကား ပြောနေကြတုံး ကိုကြည်နိုင်နဲ့  ကိုသတိုးတို့  ရောက်လာကြပါတယ်။
မနက်စာ စားဖို့  သူတို့  ထိုင်နေကျ နေပြည်တော် လဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြပါတယ်။ အဲဒီမှာ မနက်စာ စားသောက်ကြရင်း မကြာခင် ဆရာ ဦးငြိမ်းစိုးဦး ရောက်လာပါတယ်။ ဆရာက ကျွန်မတို့ တွေကို မနက် ၅နာရီ လောက်က သူလာရှာတာ ဘယ်သူ့ မှ မတွေ့ လို့  ပြန်သွားတယ်လို့  ပြောပါတယ်။ ဆရာ့ကို အွန်လိုင်း မှာ တွေ့ တိုင်း ကိုယ့်ထက် အသက်နဲနဲပဲ ကြီးတယ်ထင်လို့  ကိုငြိမ်းစိုးဦးလို့  ခေါ်ခေါ်နေတာ ဆရာ့ကို မရိုသေ သလို ဖြစ်သွားမိရင် ခွင့်လွှတ်ပါလို့ တလက်စတည်းပဲ တောင်းပန်လိုက်ပါတယ်နော်။
အဲဒီမှာ လူစုံလို့  ၀ိုင်းစကားပြောကြရင်း MMG ကိစ္စ၊ ကျုံတိုင်းကိစ္စ၊ လူမှုရေးကိစ္စတွေ ပြောဖြစ်ကြပါ တယ်။ နေ့ လည်စာကို ဆရာ ဦးငြိမ်းစိုးဦးအိမ်မှာ ဧညိ့သည်တွေ အတွက်ရော ဧည့်မြှောင်တွေအတွက်ပါ စီစဉ် ထားတယ်လို့  ပြောပါတယ်။
သော်တာလေးက စာအုပ်လှူချင်တဲ့အကြောင်းလည်း ပြောဖြစ်တော့ ဘုရားသွားပြီး အပြန်ကျရင်
"သုခိတာ ရာမ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျာင်း" ကို တခါထဲ ၀င်မယ် လို့ ကိုကြည်နိုင် က ပြောပါတယ်။
လဘက်ရည်ဆိုင်ကအပြန် Café 35 ကို ခဏပြန်ဝင်ချိန်မှာပဲ ကိုသတိုး အမေ နေမကောင်းလို့  ဆေးရုံတင်ရ မယ်လို့  လာပြောတာကြောင့် ကိုသတိုးခမျာ ကမန်းကတန်း အိမ်ပြန်ပြေးရပါတယ်။
ကျွန်မတို့ တတွေ မြို့ နဲ့  ၂မိုင်ကျော်လောက်မှာရှိတဲ့ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားတဲ့ ရှင်စောမြတ် စေတီကို သွားခဲ့ကြပါတယ်။ အရမ်းကို သာယာ အေးချမ်းတဲ့ နေရာလေးပါ။

ဘုရား ရောက်တော့ လည်း ကျွန်မတို့ အုပ်စုက အေးအေးဆေးဆေး ထိုင်စကားပြောချိန်မှာ ကင်မရာမန်းကြီး ကတော့ ကင်မရာကြီး တကားကားနဲ့  ရိုက်ဖို့  ရိုက်ကွင်းရှာနေလေရဲ့။
ဒီဘုရားဝန်းအတွင်းမှာ မွေးထားတဲ့ ကြိုးကြာတစ်ကောင် ရှိတယ်တဲ့။ ဒါနဲ့  အပြန်ကျရင် သွားကြည့် ရအောင်။ ကြိုးကြာကို အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူးလေ။ ကြိုးကြာက ကျွန်မတို့  သွားချိန်မှာ သစ်ပင်ရိပ်အောက် မှာ အေးချမ်းစွာ နားနေပါတယ်။ ကျွန်မ သူ့ နားကပ်ပြီး ဓာတ်ပုံရိုက်တာတောင် လှည့်မကြည့်ပါဘူး။
ဒါနဲ့  မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာ ထိုင်နေကြတဲ့ ကိုဖင်မင်းထွန်းတို့ ဆီကို ကျွန်မတို့ လည်း သွားခဲ့ပါ တယ်။ ကြိုးကြာက ဓာတ်ပုံရိုက်တာ လှည့်လည်း မကြည့်ဘူးနော်လို့  ကျွန်မက ပြောတော့ အဲဒီ လဘက်ရည် ဆိုင်က အကိုကြီးက သမီးရေလို့  ခေါ်လိုက်တာနဲ့  ကြိုးကြာက ချက်ချင်းကို လမ်းကူးပြီး ကျွန်မတို့  ရှိရာဆီ လျှောက်လာတော့တာပါပဲ။
အဲဒီအချိန်မှာ သနားစရာကောင်းစွာ တွေ့ လိုက်ရတာက ကြိုးကြာလေးရဲ့ ဘယ်ဘက် ခြေထောက် ဟာ ခြေချောင်းလေးတွေ မရှိပဲ ပြတ်နေတာကြောင့် သူ့ ခမျာ ထော့ကျိုး ထော့ကျိုးနဲ့  လမ်းလျှောက်နေရ တာပါပဲ။ သူ့ ကို ဆိုင်ကယ်တိုက်ပြီး ခြေထောက် ပြတ်သွားတာတဲ့။ ဆိုင်ကယ်ဆိုရင် သူ အရမ်းကြောက်တယ် တဲ့လေ။
အဲဒီဆိုင်ရှင်က ကြိုးကြာလေးကို အစာကျွေးနေတုံး ကျွန်မတို့ က သူ့ ကို ဓာတ်ပုံ လှည့်ပတ် ရိုက်တာပေါ့။ အဲဒီ အချိန်မှာပဲ ကျွန်မ ပြောလိုက်မိတဲ့ စကား တစ်ခွန်းက သူတို့ တွေ ပြောစရာ ဖြစ်ခဲ့တာ ပါပဲ။ ဘာလဲ ဆိုတာ နောက်တစ်ပိုင်းမှာ ပြောပြမယ်နော်။

0 comments:

Post a Comment