On 0 comments


        




    သူမ မြတ်နိုး ရင်ခုန်ခဲ့ဖူးသော မျက်ဝန်းတောက်တောက် တစ်စုံသည် လူအုပ်ကြားထဲတွင် တစ်စုံတစ်ရာ ရှာဖွေနေတာ  ကို မြင်ရသည်။ သူ့မျက်ဝန်းတွင် မျှော်လင့်ခြင်း အရိပ်အယောင်တို့ဖြင့် ရွှန်းလဲ့ နေသည်။ ထိုမျက်ဝန်းများကို ငေးမောကြည့်ရင်း သူမ ရင်မှ ခံစားချက်တို့ကို အပြင်သို့ မထွက်ရအောင် မျိုသိပ်ရတာ ပင်ပန်းလွန်းလှသည်။

    
တကယ်တမ်းမှာတော့ သူ ရှာဖွေနေခဲ့သူမှာ သူမပင် ဖြစ်သည်။ သူ့ရဲ့ မျက်ဝန်းထဲမှာ သူ့ဆီ ရောက်လာမည့် သူမကို မြင် ယောင်နေမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဖြူဖွေးသော အသားအရေ၊ မြင့်မားသော အရပ်အမောင်းနှင့် ၀တ်ဆင်ထားသော အနက်ရောင် ဥရောပ၀တ်စုံတို့က သူ့ကို လူကြားထဲမှာ ပိုမို ပေါ်လွင်စေသည်။

    
စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသော သူ့ခြေလှမ်းတို့တွင် မျှော်လင့်ခြင်းတို့ဖြင့် အားမာန်များ ပြည့်ဖြိုး လျက်။ ထိုမျှော်လင့်ချက်တွေ မကြာခင်မှာ တစစီ ပြိုကွဲ သွားမယ်မှန်းသိရင် ခုလို သူ နေနိုင်ပါ့မလားကွယ်။ လက်က နာရီကို တစ်ချက် ငုံ့ကြည့်မိသည်။ မိနစ်သုံးဆယ် … ဒါဟာ သူနှင့် သူမတို့အတွက် နောက်ဆုံး အတူရှိနိုင်သည့် အချိန်လေးရယ်သာ။

    
နောင်ဆိုတာ ဖြစ်လာတော့မှာ မဟုတ်တဲ့ အနာဂတ် တစ်ခုကို သူမ စွန့်လွှတ်ခဲ့ပြီ။ သူမ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ် ခဲ့တဲ့ လမ်းမှာ နှလုံးသားကို နင်းခြေခဲ့ရတယ်ဆိုရင်တောင် မှန်ကန်စွာ ဆုံးဖြတ်နိုင်မှုအတွက် အမြဲတမ်း ကျေနပ်နေမှာပါ။

    
သူမရဲ့ တိုင်းပြည်အတွက်၊ သူမရဲ့ မိဘတွေအတွက်၊ နောက်ပြီး သူမ ကိုယ်တိုင် ပြုစု ပျိုးထောင်ရမယ့် အနာဂတ်ရဲ့ ပျိုးပင် လေးတွေအတွက် သူမဘက်က အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီ။

    
သူ့ဆီကို မကြည့်မိအောင် အကြည့် လွှဲထားလိုက်မိသည်။ ဦးနှောက်က ဆုံးဖြတ်ချက်ကို နှလုံးသားက ချိုးဖောက်လိုက်မှာ စိုးလို့ပါ။ အချိန်တွေက အကုန်မြန်လွန်းလှသည်။ မကြာခင်မှာပဲ သူမ ရင်မဆိုင်ချင်တဲ့ အချိန်ကိုရောက်ရှိခဲ့ပြီ။ သူ့ မျက်ဝန်းများ ကို နောက်ဆုံးအနေနှင့် အကြာကြီး စိုက်ကြည့်လိုက်မိသည်။

    
သူ့ မျက်ဝန်းထဲတွင် ကြေကွဲခြင်း အရိပ်အယောင်များ၊ သူမ မလာတော့ဘူးလို့ သူ ယူဆလိုက်ပြီပေါ့။  သူမကို စိုက်ကြည့် နေသော သူငယ်ချင်း မီမီစိုးကို အတတ်နိုင်ဆုံး ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်မိသည်။ သူငယ်ချင်းထံမှ မပွင့်တပွင့် အသံနှင့် အတူ . . . . .

     “ဆုံးဖြတ်ချက်ကို ပြင်ချင်ပြင်လို့  ရသေးတယ်နော်”တဲ့

    
သူမ ပြုံးလိုက်မိသည်။ ထိုအပြုံးရဲ့ အဓိပ္ပာယ်ကို သူမနှင့် အနီးကပ် နေနေသော သူငယ်ချင်း မီမီစိုး နားလည်နိုင်မှာပါ။

    
“ငါ့ဘက်က ပြင်စရာ မရှိတော့ပါဘူးဟာ။ နင် သွားလိုက်တော့။”

     
ဘာမှ ထပ်မပြောတော့ဘဲ သူမအနားက မီမီစိုး ထွက်သွားခဲ့သည်။ မီမီစိုးနှင့်အတူ သူမရဲ့ အသည်း နှလုံးသည်လည်း ပါ သွားခဲ့လေပြီ။


                                                           (၁)

    
အလုပ်တာဝန်ဖြင့် မြန်မာနိုင်ငံကို မကြာခဏ သူ ရောက်ဖြစ်ခဲ့ပါသည်။ ရောက်လာတိုင်းမှာလည်း သာယာစိုပြည် အေးချမ်း သော မြန်မာနိုင်ငံ၏ သဘာဝ အလှအပတရားများကို သူ နှစ်ခြိုက်မိမြဲပင်။ မြန်မာနိုင်ငံရဲ့ လေထုကို ရှုရှိုက်ရတာကိုက သူ့စိတ် ကို လန်းဆန်းစေတာ အမှန်။

      ဒါပေမယ့် ဒီမြန်မာနိုင်ငံသားတွေထဲက မြန်မာမလေး တစ်ယောက်ကို သူ့ တစ်သက်တာအတွက် ရည်စူးပြီး ချစ်မိသွားခဲ့ လိမ့်မည်ဆိုတာကိုတော့ အိပ်မက်မျှပင် တွေးမမက်ခဲ့ဖူးပါ။ မြန်မာမလေးတွေ ဣနြေ္ဒ ရှိရှိ လှကြတာကို သူ မြင်ဘူးသလို ခေတ် ဆန်ဆန် ပြင်ပြင်ဆင်ဆင် လှတာကိုလည်း သူ မြင်ဖူးခဲ့သည်ပင်။ တစ်ခါမှ ရင်မခုန်ခဲ့ ဖူးတာတော့ သေချာသည်။

    
ဒီတစ်ခေါက် ရန်ကုန်ကို သူ ဆင်းလာရသော တာဝန်က သူ့ကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီတို့ ပူးပေါင်း ပြုလုပ်မည့် အသိပညာ ပိုင်း ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (seminar) ပြုလုပ်ရန် အတွက် ဖြစ်သည်။

    
သူ့ ကုမ္ပဏီမှ တာဝန်ခံပြီး Summit Park View Hotel တွင် ကျင်းပမည် ဖြစ်သည်။ ထို့အတွက် သူတို့ ကုမ္ပဏီနှင့် ဆက် သွယ် လုပ်ကိုင်နေသော ရေငန် ပုစွန်မွေးမြူရေး ကုမ္ပဏီများမှ ၀န်ထမ်းများ၊ အကြီးအကဲများ အားလုံး တက်ရောက်ကြမည့်ပွဲ ဖြစ်သည်။

    
ထိုပွဲမှာပဲ သူမလေးကို စတင် တွေ့ရှိခဲ့တာဖြစ်သည်။ များပြားလှသော လူအုပ်စုထဲတွင် ထင်းလင်းနေအောင် သူမက လှပါ သည်။ အနီရောင် ချိတ်ထဘီနှင့် ပိုးစအနီရဲရဲကို မြန်မာဆန်ဆန် အင်္ကျီ ချုပ်ဝတ်ထားသည်။ အနောက်တိုင်းဝတ်စုံတွေ၊ စကတ် တွေ၊ ဘောင်းဘီတွေနှင့် လာသူများကြားမှာ သူမပုံစံက ရှင်းလင်း ပေါ်လွင်နေသည်။ အခမ်းအနားမှာ သူ တာဝန်ယူရသည့် အပိုင်းက သူ့ကုမ္ပဏီမှ တင်သွင်းမည့် အစာများ၊ ဆေးများအကြောင်းကို ရှင်းလင်း ပြောကြားရမှာ ဖြစ်ပြီး မြန်မာ ကုမ္ပဏီများ ဘက်မှလည်း သိလိုသော အချက်များ၊ မရှင်းလင်းသော အချက်များကို မေးမြန်းသည်တို့အား ဖြေကြားရန် ဖြစ်သည်။

    
သူ ပြောရမည့်အပိုင်း ပြီးဆုံးသွားတော့ သိရှိလိုသော အကြောင်းအရာများကို မေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။ ကုမ္ပဏီတစ်ခုမှ သူတို့ ရင်ဆိုင်နေရသော အခက်အခဲ တစ်ချို့ကို မေးမြန်းရာ သူမကပင် ထိုအမေးသမားနှင့် သူ့ အကြားမှာ ကျွမ်းကျင်စွာဖြင့် စကားပြန် လုပ်ပေးရင်း ဘာသာစကား အခက်အခဲကို ဖြေရှင်းပေးသွားသည်။ မေးခွန်းတစ်ခု မေးတိုင်း သူမ က သူ့ကိုကြည့်ပြီး မေးရသလို သူကိုယ်တိုင်ကလည်း သူမကို ဦးတည်ပြီး ဖြေကြားရသလို ရှိတာမို့ မကြာခဏ သူမ  မျက်ဝန်း များနှင့်  ရင်ဆိုင်ခဲ့ရသည်။

    
ထိုသို့ ဆုံတိုင်းမှာလည်း သူမ အကြည့်တို့က နွေးထွေးစွာ သို့ပေမယ့် တည်ငြိမ်စွာပင် ရှိသည်။ သူ့မှာသာ ရင်ခုန်သံတို့ ဆူညံခဲ့ရသည်။ ထိုနေ့က မျက်ဝန်းချင်း ဆုံခဲ့ပေမယ့် သူမ နာမည်ကို မသိခဲ့သလို ဘယ်ကုမ္ပဏီက ဆိုတာကို လည်း သူ မမေး မိခဲ့ပါ။ ခဏတာ ဆုံတွေ့ရခြင်းလို့သာ မှတ်ယူခဲ့သည်။ ဒါပေမယ့် သူမရဲ့ မျက်ဝန်း တောက်တောက် တစ်စုံကိုတော့ အချိန် အတော်ကြာသည်အထိ မမေ့နိုင်ခဲ့။

    
ဒီလိုနှင့် နိုင်ငံခြားနှင့် မြန်မာပြည် ကူးချည် သန်းချည် အခေါက်ပေါင်း များစွာ လုပ်ဖြစ်ခဲ့ပေမယ့် အမှတ်တမဲ့ပုံစံဖြင့်ပင် သူမ နှင့် ပြန်မတွေ့ခဲ့ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ MD က မြန်မာနိုင်ငံအတွက် နိုင်ငံခြား Technician တစ်ယောက် ပို့ပေးပါရန် ကုမ္ပဏီ တစ်ခုမှ ကမ်းလှမ်းကြောင်း၊ ထိုကုမ္ပဏီမှာလည်း သူတို့ ကုမ္ပဏီ၏ ၀ယ်ယူအား အများဆုံးသော Customer ဖြစ်နေ တာကြောင့်  ထိုကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို မိမိတို့ဘက်မှ လက်ခံလိုက်ကြောင်း၊ ထို့ကြောင့် စေလွှတ်မည့်သူအား ရွေးချယ် ရာတွင် မြန်မာနိုင်ငံသို့ မကြာခဏ ရောက်ဖြစ်နေသော သူ့ကိုသာ အားလုံးက ရွေးချယ်ထားကြကြောင်း လစာလည်း နှစ်ဆရ မည်ဖြစ်ကြောင်းနှင့် သူ လက်ခံပါက နောက်အပတ်တွင် သွားဖို့ လေယာဉ်လက်မှတ်ကအစ စီစဉ်ပြီး ဖြစ်ကြောင်းတို့ကို ပြောပြ သည်။ သူ့ဆန္ဒကို မေးသည်ဆိုပေမယ့် လွှတ်ရန်အတွက် အားလုံးး စီစဉ်ပြီးနေပြီဖြစ်ကြောင်း သိရတာမို့ သူ မငြင်းဖြစ်ခဲ့။

     သူ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို နှစ်သက်ရင်းစွဲ အခံနှင့်မို့ အလွယ်တကူပင် ခေါင်းညိတ် ဖြစ်ခဲ့သည်။ ဒီတစ်ခါ သွား နေရမှာက ပုစွန်တစ်သုတ် မွေးမြူမည့် ကာလတစ်ခုစာမို့ လေးလခွဲ ငါးလတော့ ကြာမည်သာ။ ဒါတောင် ကန် မပြင်ရသေးရင် အဲဒီအတွက် ပြင်ဆင်ချိန်ကို ပေါင်းလိုက်ရင် အနည်းဆုံး ခြောက်လတော့ မြန်မာနိုင်ငံတွင် နေရမည်ပင်။ မြန်မာနိုင်ငံဘက်မှ သူ့ကို တစ်နှစ်စာ ငှားရမ်းထားကြောင်း နောက်မှ သိရသည်။

    
မြန်မာနိုင်ငံ ရောက်တော့ ထိုကုမ္ပဏီမှ လာကြိုမယ် ဆိုတာကြောင့် လေဆိပ်မှာ Name Card ပြားလေး ကိုင်ထား သူများ ထဲတွင် သူ့နာမည်ကို ရှာဖွေရသည်။ တွေ့ပါပြီ။ သူ့နာမည် ကတ်ပြားကို ကိုင်ထားသော လက်တစ်စုံ၏ လှပမှုကို အရင်ဆုံး သူ မြင်ရသည်။ အဲဒီနောက်မှာတော့ ဖော်ရွေသော အပြုံးချိုချိုနှင့် လှမ်းနှုတ်ဆက်သော မြန်မာမလေးကတော့ သူ့ ရင်ထဲကို ၀င် ရောက်ခဲ့ဖူးသော ပုံရိပ်လေးပင်။
     သူ့ရဲ့ အံ့သြ ၀မ်းသာမှုတို့က အတိုင်းအဆမဲ့။ သူမကတော့ ကြိုတင် သိထားပြီး သူတစ်ယောက်မို့ တည်တည် ငြိမ်ငြိမ်ပဲ စကားပြောရင်း သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ အိုး ….. သူ မြတ်နိုးမိသော မြန်မာမလေး ရှိသော ကုမ္ပဏီမှာ သူ အလုပ်ဝင် ရမှာကတော့ သူ့အတွက် ထူးခြားစွာ တိုက်ဆိုင် ကံကောင်းမှုပင်။

    
ထိုနေ့က သူနှင့် ပတ်သက်သော ကိစ္စအ၀၀ကို သူမကပင် တာဝန်ုယူ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာလူမျိုးတို့ အထွတ် အမြတ်ထားရာ ရွှေတိဂုံစေတီသို့လည်း သူမကပင် လိုက်ပို့ပေးခဲ့သည်။ သူ့ကို ရန်ကုန်မြို့မှာ သုံးရက် လည်ပတ်စေပြီးမှ သူမ တို့ ကုမ္ပဏီ၏ ပုစွန်ကန်များရှိရာ မြစ်ဝကျွန်းပေါ်ဒေသသို့ သွား ရောက်ရန် စီစဉ်ထားသည်ဟု ပြောပြသည်။

    
ရွှေတိဂုံက အပြန် ညစာ ထမင်းကျွေးပြီး သူနေရမည့် ဟိုတယ်အထိ လိုက်ပို့ပေးပြီးမှ သူမ ပြန်သွားခဲ့သည်။ မနက်ဖြန် မနက် ကိုးနာရီတွင် လာကြိုပါမည်ဟု နှုတ်ဆက်ရင်း ပြောသွားခဲ့သည်။

    
သူ့မှာတော့ တစ်ခါမှ မခံစားဖူးသော ခံစားမှု အသစ်၊ နေရာဒေသ အသစ်၊ ပတ်ဝန်းကျင် အသစ် တို့မှာ ရင်ခုန်သံ အသစ် ကို ခံစားတတ်ခဲ့ပြီ။ မနက်ဖြန်လည်း သူမနှင့်အတူ သွားရမည့်အရေးကို တွေးပြီး အိပ်လို့ တောင် မရခဲ့ပေ။ နောက်နေ့မနက် ကိုးနာရီမှာ သူ့ကို လာခေါ်တော့ သူ မျှော်လင့်ထားသည့် သူမ မျက်နှာလေးအစား အသားညိုညို မိန်းကလေး တစ်ဦးက ၀င် ရောက်လာသည်။

     ထိုမိန်းကလေးက သူ့အတွက် စီစဉ်စရာ ရှိသည်များကို စီစဉ်ပေးပြီး ဗိုလ်ချုပ်ဈေး၊ FMI Centre စသဖြင့် Shopping ထွက်နိုင်သော နေရာများ၊ လည်ပတ်စရာ နေရာများကို ခေါ်သွားခဲ့ပေမယ့် သူ့စိတ်က တစ်ခုခု လိုနေသလို ခံစားရသည်။ သူမကို မေးချင်ပေမယ့် အခုမှတွေ့သည့် မိန်းကလေးတစ်ယောက်ကို တစ်မျိုး မမြင်စေချင်တာနှင့်ပင် မမေးဖြစ်ခဲ့။ ဒီလိုနှင့် ပုစွန်ကန်တွေ ရှိရာသို့သာ ထွက်လာဖြစ်ခဲ့သည်။ သူမနှင့် ထပ်မတွေ့ဖြစ် တော့ပါ။

    
ပုစွန်ကန်ကို ရောက်တော့ ကုမ္ပဏီ သူဌေးနှင့်တကွ ၀န်ထမ်းများ အားလုံးက နွေးထွေးစွာပင် သူ့ကို ကြိုဆိုခဲ့တာမို့ သူ့ အတွက် အခက်အခဲ မရှိခဲ့ပါ။ ခဏနားပြီးချိန်မှာတော့ သူဌေးက သူ့ရဲ့ မြန်မာ Technician များနှင့် တွေ့ဆုံပွဲလေး လုပ်ပေး မှာ ဖြစ်ကြောင်း၊ ကန်၏ ကိစ္စအ၀၀ကို မြန်မာ Technician များနှင့် ညှိနှိုင်း လုပ်ဆောင်ရမှာမို့ အချင်းချင်း သိထားဖို့ လိုအပ် သည်ဟု ပြောသည်။

    
ထို့နောက် အစည်းအဝေး ခန်းမထဲသို့ သူ့ကို ခေါ်ဆောင်လာခဲ့သည်။ တံခါးဖွင့် ၀င်လိုက်တယ်ဆိုရင်ပဲ တက်ကြွ သော မျက်ဝန်းများနှင့် သူ့ကို စောင့်ဆိုင်းနေသော မြန်မာ Technician လူငယ်များကို တွေ့ရသည်။ ထိုလူငယ်များမှာလည်း နိုင်ငံ ခြားတွင် ပုစွန်ပညာသင်ရန်အတွက် Training သွားရောက်ခဲ့ပြီးပြီ ဖြစ်ကြောင်း သူဌေးက ပြောပြသည်။

    
ထို့နောက် Hatchery ခေါ် ပုစွန် သားဖောက်လုပ်ငန်း အတွက် တာဝန်ယူ လုပ်ဆောင်မည့် မိန်းကလေး ၅ယောက်နှင့် မိတ်ဆက်ပေးသည်။ ပြီးတော့ Grow-out ခေါ် ပုစွန် မွေးမြူရေးလုပ်ငန်းအတွက် တာဝန် ယူမည့် ယောက်ျားလေး ၅ယောက် နှင့် မိတ်ဆက်ပေးအပြီးတွင် ထပ်မံ မိတ်ဆက်ပေးသည်က Grow-out မိန်းကလေး ၂ယောက် ပင်။

    
သူ အတော်လေးကို အံ့သြသွားမိသည်။ Grow-out ဆိုတာ ပင်ပန်းလွန်းလို့ ယောက်ျားလေးတွေတောင် ညည်းယူရသည် အထိ။ ထိုအလုပ်မျိုးကို အားနွဲ့သည့် မိန်းကလေး ၂ယောက်က စွမ်းဆောင်နိုင်ပါမည်လား။ သူတို့ နိုင်ငံမှာလည်း ပုစွန် မွေးမြူ ရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကြပေမယ့် မွေးမြူရေး အပိုင်းမှာတော့ မိန်းမသားများ မပါဝင်ပေ။ သားဖောက် လုပ်ငန်း မှာသာ မိန်းကလေးများကို တွေ့ရသည်။

    
ထို့ကြောင့် သူ အံ့သြစွာ အထင်ကြီးစွာ ထို့ အတူ ရေရှည်လုပ်နိုင်မှာ မဟုတ်လောက်ဘူးလို့ တွေးရင်း မော့ကြည့်လိုက်မိ သည်။ တစ်ယောက်ကတော့ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနှင့် ထွားကျိုင်းတာမို့ လုပ်နိုင်မည့်ပုံပင်။ ဒုတိယ တစ်ယောက်ကတော့ ဘယ်လိုမှ တွေးထင်မထားခဲ့မိတဲ့ သူ့ရဲ့ပုံရိပ် လေး။

     ခုလိုကျတော့လည်း ရှပ်အင်္ကျီ လက်ရှည်နှင့် သနပ်ခါး ပါးကွက်ကျားနှင့် ဆံပင်ရှည်ကြီးကို ကျစ်ဆံ မြီး တစ်ချောင်းတည်း ကျစ်ချထားပြီး ဂျင်းဘောင်းဘီ အပွလေးကို ၀တ်ဆင်ထားသည်။ ခြေထောက်မှာလည်း တောစီး လယ်ရှည်ဖိနပ်နှင့် ကန်ထဲက တက်လာပုံရသည်။ သူမ ဖိနပ်နှင့် ဘောင်းဘီမှာ ရွှံ့စက် အချို့ ပေကျန်နေသည်။ သူမက ရင်းနှီးပြီးသား အသိအမှတ်ပြု အပြုံးတစ်ခုနှင့် ပြန်နှုတ်ဆက်သည်။ ဒီလို ကပိုကရို ပုံစံနှင့်လည်း သူမက ကြည့်ကောင်း နေတာပါပဲ။

    
နောက်နေ့မှစ၍ ကန်များကို လှည့်ပတ် ကြည့်ရှုရင်း လုပ်ကိုင်စရာများကို မှာကြားရသည်။ ကန်တွင် Paddle Wheel (ခေါ်) ဒလက်များ တပ်ဆင်မည့် ပုံစံများကို ရုပ်ပုံများ ရေးဆွဲပြီး သူမတို့နှင့် ညှိနှိုင်းရသည်။ သူ လုပ်လိုသော ဆန္ဒကို သူမတို့ကို ပြော ပြပြီး ၀ိုင်းဝန်း ဆွေးနွေးကြသည်။ စီမံကိန်းက ခုမှစတာမို့ အရိပ်မရှိ၊ အိမ်မရှိ၊ သစ်ပင်မရှိ၊ နေပူထဲတွင် တစ်နေကုန် ပြေးလွှား နေရသည်မှာ ပင်ပန်းလှသည်။ ရာသီဥတုကလည်း မတ်လမို့ အပူပြင်းဆုံးအချိန် ဖြစ်သည်ဟု ပြောကြသည်။

    
အလုပ်သမားတွေကို ခိုင်းရတာလည်း မလွယ်။ ဘာမှ မလုပ်တတ်သေးသောသူများကို တစ်ခါမှ မလုပ်ဖူးသော အလုပ် ခိုင်းရတာ ပင်ပန်းလှသည်။ များသောအားဖြင့် တောင်ယာ အလုပ်သာ လုပ်ဖူးကြသူများသာ-

     ပုစွန်ကန်ဆိုတာတောင် ဒီလို သီးသန့် ကန်တူးပြီး မွေးတာ ခုမှ တွေ့ဖူးကြသူများသာ ဖြစ်ကြသည်။ သူတို့ မွေးသော ရေငန်ပုစွန် Black Tiger (P.Momodon) က နိုင်ငံခြား ဈေးကွက်မှာ ဈေးကောင်းရသည်မို့ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ အမြောက်အမြား ရှာပေးနိုင်သော လုပ်ငန်းပင်ဖြစ်သည်။

    
တစ်နေကုန် နေပူထဲမှာ ပြေးလွှား လှုပ်ရှား အော်ဟစ်နေရပေမဲ့ သူမ မျက်နှာလေးက ပင်ပန်းသည်ဟုပင် မထင်ရပေ။ ချွေး လေးတစိုစိုနှင့် သနပ်ခါး ၀င်းဝင်းလေး အမြဲတမ်း ရှိနေတတ်သည်။ မိန်းကလေးဖြစ်ပေမဲ့ ဇွဲကောင်းပြီး အလုပ်ကြိုးစားသော သူမကို ချီးကျူးမိတာ အမှန်ပင်။ ယောက်ျားလေးများနှင့် တန်းတူနီးပါး သူမတို့ မိန်းမသား ၂ယောက်က စွမ်းဆောင်နိုင်ခဲ့သည်။

    
ပုစွန် မွေးမြူရေး ဆိုတာကလည်း အခြား အလုပ်တွေကို အချိန် သတ်မှတ်ပြီး လုပ်လို့ရသော အလုပ် မဟုတ်ပေ။ မိုးလင်းမှ မိုးချုပ်၊ မိုးချုပ်မှ မိုးလင်း၊ ၂၄ နာရီလုံး တာဝန်ယူ လုပ်ကိုင်နေရသည်သာ။ နိုင်ငံခြားမှာ တစ်နေ့ကို ၁၈ နာရီလောက် အလုပ် လပ် ရတာလောက်တော့ ပုစွန်ကန်က သူများအတွက် မပြောပလောက်တော့ပေ။

    
အချိန်နှင့်အမျှ သတိရှိကာ အာရုံစိုက် လုပ်ကိုင်ရသော အလုပ်မို့ တော်ရုံ စိတ်ဓာတ်နှင့် မလွယ်ပေ။ သူ့အတွက်ကတော့ မနက် မိုးလင်း မျက်စိဖွင့်ချိန်မှ ည အိပ်ရာဝင်ချိန်ထိ သူ မြတ်နိုးသော မျက်နှာလေးကို မြင်နေရတာမို့  စိတ်ချမ်းသာမှုတို့ က ပြောမပြနိုင်ခဲ့။

     အချိန် ကြာလာတာနှင့်အမျှ သူ့ မေတ္တာနက်ရှိုင်းမှုကို သူ့ ဘာသာပင် နားလည် လာခဲ့သည်။ နိုင်ငံ အတော်တော်များများ ကို ရောက်ဖူးခဲ့သလို မိန်းကလေး အတော်များများနှင့် ဆုံတွေ့ခဲ့ပေမယ့် သူ့စိတ်ကို ခုလို ပျော့ပျောင်း နူးညွတ်လောက်အောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့။ ခု ဒီမိန်းကလေးနှင့်ကျမှ သူ့စိတ်တွေ ဘာကြောင့်များ ထိန်းမရခဲ့တာလဲ။

   
ထက်မြက်သော ရဲရင့်သော (သို့သော် တည်ငြိမ်သော) သူမ၏ မျက်ဝန်းများကြားတွင် သူ့အချစ်တို့ မွေးဖွားခဲ့ပြီ။ တကယ် ဆို သူသည် နိုင်ငံခြားသား တစ်ဦးသာမို့ မကြာမီမှာပင် ပြန်လည် ထွက်ခွာ သွားရမည်ပင်။ ထိုအသိကို သူ့ခေါင်း ထဲမှာ စွဲမြဲစွာ သိရှိထားပြီးသား။ တကယ်တော့ သူသည် ခဏ လာသော ဧည့်သည်သာ ဖြစ်သည်။ မြန်မာနိုင်ငံမှာ တစ်သက်လုံး အခြေချ နေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်သော ကိစ္စပင်။

    
သူမထက် ချောမော လှပသော မိန်းကလေးများကို ဆုံခဲ့ရဖူးပေမယ့် သူ ဒီလို မခံစားခဲ့ရတာ အမှန်။ ဖွင့်ဟ တိုင်ပင်စရာ လူသူ ကင်းမဲ့စွာဖြင့် သူ့ဝေဒနာတွေကို တိတ်တဆိတ် မျိုချနေခဲ့ရတာ ကြာလှပြီ။ မသိစိတ် ရဲ့ တိုက်တွန်း ချက်ကြောင့်လား၊ သိစိတ်ရဲ့ လိုလားမှုကြောင့်လား၊ မကွဲပြားစွာနှင့်ပင် မြန်မာစကား၊ မြန်မာ စာတို့ကို သင်ယူခဲ့တာ အတော်ပင် တတ်မြောက် နေခဲ့ပြီ။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များကိုလည်း မသိမသာရော၊ သိသိသာသာပါ သူ လေ့လာမိခဲ့ပြီ။

     နေပူထဲမှာ အလုပ်လုပ်ရ၍ နေလောင်စ ပြုလာသည့် သူမ အသားအရေတို့ အတွက်လည်း သူ့မှာ စိုးရိမ် တတ်ခဲ့ပြီ။ ပုစွန် တွေကို ကျွေးသော အစားအစာ ကုန်ုမကုန်ကို နေ့စဉ် စစ်ဆေးသော အစာဗန်း (Check net) ကြိုးကို နေ့စဉ်ဆွဲနေရ၍ အသား မာတက်စပြုလာပြီဖြစ်သော သူမရဲ့ လက်ချောင်း ဖြူဖြူလေးများကို ကြည့်ပြီးတော့လည်း သူ သနား တတ်ခဲ့ပြီ။

   
နူးညံ့သော ပုံစံလေးမှသည် နေရာ၊ အလုပ်အကိုင်၊ အနေအထားအလိုက် ၀တ်စား နေထိုင်ရသော ခပ်ကြမ်းကြမ်း ပုံစံလေး ကိုလည်း သူ မြတ်နိုး တတ်ခဲ့ပြီ။ သူမကို မချစ်သင့်ဘူးဟု ဦးနှောက်က အတန်တန် တားမြစ်နေပေမယ့် နှလုံးသားကတော့ ဆန့်ကျင်ပြီး ချစ်မိခဲ့ပြီ။

     မိုးလင်းမှ မိုးချုပ်အထိ အလုပ်အတူ လုပ်ရင်း၊ ကန်ပတ် ကြည့်ရင်း၊ ထမင်းအတူ စားကြရင်းနှင့် ရင်းနှီးမှုတို့ ရှည်လျားခဲ့ပြီ။ သူမရဲ့ မျက်ဝန်းများထဲတွင် သံယောဇဉ် အရိပ်အငွေ့ တချို့ကို တစ်ခါတစ်ရံ မြင်ရ သည်။ သို့သော် သူမကတော့ သူမရဲ့ သံယောဇဉ်တို့ကို တတ်နိုင်သမျှ သူ မမြင်အောင် သိမ်းဆည်း ထားတတ်သည်။

     သံယောဇဉ် နေ့ရက်တို့ကို ကျော်ဖြတ်ခဲ့တာ တစ်နှစ်ပင် ပြည့်တော့မည်။ မကြာမီမှာပင် သူ့ရဲ့ စာချုပ် သက်တမ်း စေ့တော့ မှာမို့ ပြန်ရပေတော့မည်။ သူမတို့ ကုမ္ပဏီဘက်ကတော့ သူ့ကိုပင် နောက်ထပ်တစ်နှစ် ဆက်လုပ်ရန် ထပ်မံ ကမ်းလှမ်းလာခဲ့ သည်။ သူ့ဘက်ကတော့ ငြင်းပယ်စရာ မရှိပေ။ သူချစ်သော ကောင်မလေး ရှိရာအရပ်မှာ ဆက်နေရမည်ဆိုတော့ သူ့အတွက် ၀မ်းမြောက်ဖွယ်ရာပင်။

    ဒါပေမယ့် တစ်နှစ်ပြည့်ချိန်မှာ သူ့နိုင်ငံသို့ ခဏတော့ ပြန်ရပေဦးမည်။ သူ မပြန်ခင်မှာပဲ သူမကို ချစ်မြတ်နိုးနေသည့် အကြောင်း ဖွင့်ဟ ပြောဖြစ်ခဲ့သည်။ သူမဆီက အဖြေရလျှင် သူ့မိဘတွေကို ဖွင့်ပြောခဲ့ မည့် အကြောင်းပြောတော့ သူမ အကြာကြီး ငြိမ်သက် သွားခဲ့သည်။

     “စဉ်းစားပါရစေဦး” ဆိုသော သူမရဲ့ စကားအတွက် သူ မပြန်ခင် အဖြေပေးပါလို့ ထပ်မံ လောဆော်ခဲ့သည်။

     “တို့ကို ချစ်ရင် လေဆိပ်ကို လိုက်ပို့ပါ”လို့ သူ ဆိုတော့ လေဆိပ်ကို သူမ လာရောက် လိုက်ပို့ပါလျှင် သူ့ကို ချစ်သည်ဟု ယူဆပါတဲ့။ အကယ်၍ သူမ မရောက်လာခဲ့ရင်တော့ မချစ်နိုင်လို့ မလာတာလို့ မှတ်ပါတဲ့လေ။

     သူမထံမှ ဘယ်လို အဖြေမျိုး ရရှိနိုင်မလဲလို့ စဉ်းစား တွေးတောရင်း နေ့ရက်တို့ကို ဖြတ်သန်း ခဲ့သည်။ သူမထံမှ ချစ်မြတ် နိုးကြောင်း အဖြေ ပြန်ရခဲ့လျှင်တော့ သူ့အပြန်ခရီးသည် ကြည်နူး ၀မ်းမြောက်ဖွယ်ရာသာ။

    ဟိုမှာ တစ်ပတ်နေပြီး သူမရှိရာ ပုစွန်ကန်သို့  နောက်ထပ် တစ်နှစ် အလုပ်လုပ်ရန် သူ အမြန်ဆုံး ပြန်လာပါဦးမည်။ သူ့ အတွေးထဲတွင် မျှော်လင့်ခြင်းတို့က နေရာအပြည့်။ ဒီလိုနှင့် သူ ပြန်မည့်ရက်သို့ ရောက်ရှိ လာခဲ့တော့သည်။


(၂)

    
သတ္တဗေဒ (Zoology) ကို အဓိက ဘာသာရပ်အဖြစ် သင်ယူပြီး ကျောင်းပြီးခဲ့တာကတော့ သတ္တ၀ါများကို သင်္ချာ ပုစ္ဆာများ၊ ဓာတု ဓာတ်ပြုခြင်းများ၊ ဆွဲအား၊ အလျင်၊ အရှိန်စသည့် ရူပဗေဒ သဘောတရား များထက် ပိုမို စိတ်ဝင်စားသည့် အတွက် ကြောင့် ဖြစ်သည်။

     ကျောင်းပြီးသွားတော့လည်း Qualified ၀င်တာမို့ Master ဆက်တက် ဖြစ်ခဲ့သည်။ M.Sc ပြီးချိန်မှာတော့ ကိုယ် ရရှိသည့် ဘွဲ့နှင့် မအပ်စပ်သော လုပ်ငန်းများထဲကို ငွေကြေး ရယူလိုမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ အချိန်များကို အကျိုးရှိရှိ ကုန်ဆုံး ချင်သည့် ရည်ရွယ်ချက်ဖြင့် ၀င်ရောက် လုပ်ကိုင် ဖြစ်ခဲ့သည်။

   
တစ်ဖက်မှလည်း Thesis လုပ်ရင်း နည်းပြဆရာမတွေ ခေါ်ချိန်ကို စောင့်နေမိသည်။ တစ်နေ့မှာတော့ သတင်းစာထဲမှာ မိမိ တို့ Zoology နှင့်သက်ဆိုင်သော ပုဇွန် မွေးမြူရေးအတွက် ခေါ်ယူသော အလုပ်ကို တွေ့ရှိ ဖတ်မိပြီး ၀င်လျှောက် ဖြစ်ခဲ့သည်။
 
    အဓိကကတော့ သူမ စိတ်ဝင်စားရာ ပညာရပ်ကို လက်တွေ့ အသုံးချနိုင်မည့်နေရာမို့ ဖြစ်သည်။ နိုင်ငံခြား ပညာတော်သင် စေလွှတ်မည်ဟု တရားဝင် ကြေညာပြီး သတင်းစာမှ အတိအလင်း ခေါ်ယူခဲ့တာမို့ ၀င်ရောက် လျှောက်ထားသူ များပြားလှစွာ ထဲမှ ကံကောင်း ထောက်မစွာ သူမ အလုပ်ရခဲ့သည်။ စိတ်ဝင်စား သော အလုပ်မို့ ပျော်ရွှင်မှုတို့က အတိုင်း အဆမဲ့စွာ ….. ။

     အဲဒီနောက်မှာတော့ သူမတို့ ထိုင်းနိုင်ငံသို့  နိုင်ငံခြား ပညာတော်သင် သွားရောက်ခဲ့ရသည်။ ပုစွန် မွေးမြူရေးကို အကြီး အကျယ် လုပ်ကိုင်နေသော သူတို့ဆီမှ နည်းပညာများကို တတ်နိုင်သလောက် သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ပြန်လည် မွေးမြူ ရမှာပင်။

    သူမတို့ကလည်း တက်ကြွစွာပင် ရှိနေခဲ့သည်။ အုပ်စုတွေ ခွဲတော့လည်း မိန်းကလေး အများစု လုပ်ချင်ကြသော သား ဖောက်လုပ်ငန်းကို သူမ မရွေးချယ်ခဲ့။ သူမက တစ်နေရာတည်းမှာ ရပ်နေရတာထက် ပြေးလွှား လှုပ်ရှား နေရတာကို သဘော ကျသူမို့ မွေးမြူရေး Grow-out အပိုင်းကို ယောက်ျားလေးများနှင့်အတူ လျှောက်ဖြစ်ခဲ့သည်။

    နိုင်ငံခြား ပညာတော်သင် သွားကြတော့လည်း နေပူထဲမှာ ပြေးလွှား လုပ်ကိုင်ရပေမယ့် ကိုယ် စိတ်ဝင်စားသော အလုပ်မို့ ပင်ပန်းသည်ဟု မထင်ခဲ့မိပေ။ လူအများကတော့ နူးညံ့သည့်ပုံစံနှင့် အမြဲ အေးအေးဆေးဆေး နေတတ်သော သူမက မွေးမြူ ရေး အပိုင်းယူတာကို အံ့သြကြသည်။ နိုင်ငံခြား ရောက်ခါစကလည်း သူမတို့ကို ကြည့်ပြီး လုပ်နိုင်ပါ့မလားဟု စူးစမ်းကြသည်။ နောက်တော့လည်း သူမတို့၏  ကြိုးစားမှုကို အသိအမှတ်ပြု ရသည်သာ။

    
အလုပ်၊ ကျောင်းစာ၊ သူငယ်ချင်း တစ်ယောက်တလေနှင့်သာ အေးအေးဆေးဆေးနေတတ်ခဲ့သော သူမ ဘ၀မှာ အချစ် ဆိုတာ မရှိမဖြစ် အရာတစ်ခု မဟုတ်ခဲ့ပါ။ လှပသော သူမကို စိတ်ဝင်စားသူများပေမဲ့ သူမကတော့ ရင်မခုန်တတ်ခဲ့ပေ။ အချစ် မရှိဘဲလည်း ကိုယ့်ဘ၀ကိုယ် အောင်မြင်အောင် ရပ်တည် နိုင်တာပဲလေ။ အနှောင့်အယှက်တောင် ကင်းသေး။ သူမ ဆန္ဒက ဘယ်သူ့ကိုမှ မမှီတွယ်ဘဲ ကိုယ့်ဘာသာ ကိုယ်သာ မတ်မတ် ရပ်ချင်ခဲ့တာ။ ကိုယ့်အစွမ်းအစနှင့် ကိုယ် ထိပ်ဆုံး ရောက်ချင်ခဲ့ တာလေ။ အချစ်အတွက်နှင့် သူမဘ၀ရဲ့ အောင်မြင်မှုများ ထိခိုက်မှာကို မလိုလားခဲ့။ ကိုယ် ရောက်နေသော နေရာမှာ အမြင့် ဆုံး ဖြစ်ချင်သည့် ဆန္ဒသည် သူမ၏ အတ္တပင် ဖြစ်နေမလားမသိ။

   
အချစ်ဆိုတာကို မေ့ထားတဲ့၊ ဘေးဖယ်ထားတဲ့ သူတစ်ယောက်အတွက် မဖြစ်မနေ ကြုံလာတဲ့ ချစ်ခြင်းကတော့ သူမကို ၀မ်းနည်း ကြေကွဲခြင်းများကိုသာ ပေးခဲ့ပါသည်။

   
သူမဟာ မြန်မာမလေးမို့ သူမနှင့် လက်ထပ်သူကလည်း မြန်မာ ကောင်လေးတစ်ယောက်သာ ဖြစ်ရမယ်ဆိုတာ အထူး တလည် စဉ်းစားရန်ပင် မလိုသောအချက် ဖြစ်သည်။ ဒါပေမယ့် တကယ်တမ်း အချစ်ကို ရင်ဆိုင်ရချိန်မှာ ယုံကြည်ထားတာ တွေက ဖြစ်မလာခဲ့ပါ။

     မြန်မာမလေး တစ်ယောက်က နိုင်ငံခြားသား တစ်ဦးကို လက်ထပ်တယ်ဆိုသော ကိစ္စမျိုးကို မြန်မာ စိတ်ဓာတ် အပြည့်အ၀ ရှိသော သူမက ဘယ်တုန်းကမှ အားမပေး၊ လက်မခံခဲ့။

   
“ငါသာဆို ဘယ်တော့မှ မယူဘူး”လို့ ပြောတတ်ခဲ့တာ။

   
ခုတော့ မကြုံချင်တာတွေက မယုံကြည်နိုင်လောက်အောင် ကြုံခဲ့ပါပြီကော။

   
သူ့ကို စတင်တွေ့ရှိခဲ့တာက Summit Park View Hotel ရဲ့ Seminar တစ်ခုမှာ။ သူက သူမတို့ ကုမ္ပဏီအတွက် လိုအပ် သော ဆေး၊ အစာများကို တာဝန်ယူ ရောင်းချပေးနေတဲ့ ကုမ္ပဏီမှ Technician တစ်ဦးဖြစ်သည်။ အဲဒီနေ့က မမျှော်လင့်ဘဲ မန်နေဂျာရဲ့ တောင်းဆိုမှုကြောင့် ၀န်ထမ်းတစ်ချို့နှင့် သူ့အကြားမှာ ဘာသာစကား အခက်အခဲကို သူမ ၀င်ဖြေ ရှင်းပေးခဲ့ရ သည်။ တချို့က သူ ပြောတာ နားလည်ပေမဲ့ သူ့ကို မေးချင်တဲ့ မေးခွန်းကို ထိထိရောက်ရောက် မမေးတတ်တာမို့ သူမပဲ စကားပြန်အနေနှင့် ဆောင်ရွက်ပေးခဲ့ရသည်။

    
အဲဒီအချိန်ကတည်းက ဖြူဖွေးတဲ့ အသားအရေ၊ ကိုယ်နေဟန်ထား ကြော့ကြော့ရှင်းရှင်းနှင့် ခြောက်ပေနီးပါးရှိမယ့် သူ့ အရပ်အမောင်းတို့က  လိုက်ဖက်ညီစွာ လူချောတစ်ယောက် ဖြစ်ကြောင်းတော့ သတိထားမိသည်ပင်။

     သူမထက် သုံးလေးနှစ်ခန့် အသက်ကြီးနိုင်ပေမယ့် သူ့အသက်ဟာ ၃၀ မကျော်နိုင်သေးဘူးလို့တော့ ခန့်မှန်းမိခဲ့သည်။ ကြည်လင် စူးရှသော သူ့မျက်ဝန်းများကို အနည်းငယ် သဘောကျမိသလိုရှိပေမယ့် အဲဒီအချိန်က အနည်းငယ်မျှ ရင်မခုန်ခဲ့မိ တာတော့ သေချာသည်။
     တိုက်ဆိုင်ချင်တော့ သူသည် သူမတို့ အထက်သို့ ရောက်ရှိလာမည့် နိုင်ငံခြားသား ပညာရှင် ဖြစ်နေခြင်းပင်။ သူ့ နာမည်ကို ကြားထဲက သူမကတော့ သူ့ကို မှတ်မိနေခဲ့ပြီ။ သူ့ကို ကြိုဆိုဖို့ တာဝန်ကိုလည်း သူမပဲ ယူခဲ့ရတာမို့ လေဆိပ်မှာ ပြန်ဆုံကြရ သည်။ သူမကို ပြန်တွေ့ချိန်မှာ မြင်ရသော သူ့မျက်ဝန်း အကြည့်တို့ကြောင့် အံ့အားသင့်ရသည်။

    သူ့ပုံစံက နှစ်ပေါင်းများစွာ ကွဲကွာနေသောသူ တစ်ယောက်ကို ပြန်တွေ့သလို နွေးထွေးလွန်းလှသည်။ သူ ရန်ကုန်မှာနေ တဲ့ ၃ရက်လုံး သူမပဲ တာဝန်ယူ လိုက်ပို့ ပေးရမယ်လို့ ပြောပြီးခါမှ ပုစွန်ကန်ပြန်ရန် အကြောင်းပေါ်လာသည်။ သူ့ထက် နှစ်ရက် စော၍ ကန်တွေဆီ သူမ ထွက်လာဖြစ်ခဲ့သည်။ သူ့ကိုတောင် နှုတ်မဆက်ဖြစ်ခဲ့။

     နောက်တစ်ခါ ပြန်တွေ့ရချိန်မှာတော့ သူ့ဘက်က ဘယ်လိုမှ မမျှော်လင့်ထားသော အခြေအနေမို့ အံ့သြတကြီး သူမကို အကြာကြီး ငေးစိုက်ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းထဲမှ အရိပ်အယောင်တချို့ကို သူမ မြင်လိုက်ရစဉ်မှာပင် သူမ ရင်ခုန်သံတို့ စတင်ခဲ့တာ ဖြစ်သည်။

    
Grow-out ယောက်ျားလေးတွေ အုပ်စုထဲမှာ သူမ ပါနေတာကို ထူးဆန်းစွာ သူ အံ့သြနေခဲ့သည်။ နောက်ပိုင်းမှာတော့ သူမရဲ့ ထက်မြက်မှုများကို သဘောကျကြောင်းကို သူ ပြန်ပြော၍ သိရသည်။

    
သူနေသော လုံးချင်းအိမ်လေးနှင့် သူမတို့ နေသော အခန်းတို့က လမ်းလေးတစ်ခုသာ ခြားပါသည်။ ဒါကြောင့်ပဲ သူ့ကို မနက်မှ ညထိ အမြဲလို မြင်နေရသည်ပင်။ ပုစွန်ကန်ဆိုတာကလည်း နေ့ရော ညပါ ဂျူတီချိန် သတ်သတ်မှတ်မှတ် မရှိလောက် အောင် လုပ်စရာများနှင့် ပြည့်နှက်နေမြဲ။

   
ကိုယ်တာဝန်ကျရာ Unit အသီးသီးရဲ့အခြေအနေကို အမြဲတမ်း ဂရုပြု ထိန်းသိမ်း နေရတာ။ တစ်နေရာနှင့် တစ်နေရာ ဝေး ကွာလွန်းတာကြောင့် ဆက်သွယ်ရ လွယ်ကူအောင် ဆက်သွယ်ရေးကိရိယာ icon ကို သုံးစွဲရလောက်အောင် သူမတို့ လုပ်ငန်း က ကြီးမား ကျယ်ပြန့်ပါသည်။ သူ့ထံမှ ကန်နှင့် ပတ်သက်သော လိုအပ်ချက်များ လှမ်းပြီး ညွှန်ကြားတတ်သလို သူမတို့ဘက်မှ လည်း ဓာတ်ခွဲခန်းမှ အဖြေများ၊ သိချင်တာများ လိုအပ်တာများကို icon နှင့်သာ လှမ်းပြောရတတ်စမြဲမို့ သူမတို့နှစ်ယောက် လူချင်း မတွေ့ဖြစ် ရင်တောင် အသံကတော့ အမြဲတမ်းလို ကြားနေခဲ့ရပါသည်။

    
ပုစွန်တစ်ကောင် အရွယ်ရောက် ကြီးထွားလာအောင် ပြုစု ပျိုးထောင်ရတာ အလွယ်တကူတော့ မရှိခဲ့ပါ။ ပုစွန်က တစ်နေ့ ကို အနည်းဆုံး အစာလေးကြိမ်မှ ခြောက်ကြိမ်အထိ ကျွေးရသည်ဆိုတော့ အိမ်မှာ အစားပုတ်သော ညီမကပင် ပုစွန်က သူ့ ထက် အစား ပိုပုတ်သည်ဟု နောက်ပြောင် ရယ်မောလေသည်။ အစာကျွေး၊ စက်နှိုး၊ Chemical များ၊ ဆေးများကို လိုအပ် သလိုထည့်၊ ရေအရောင်ကြည့်၊ ပုစွန် ကျန်းမာရေးကြည့်၊ အစာကုန် မကုန်ကြည့် စသဖြင့် နာမည်တပ်၍ရသော ကိစ္စများ၊ နာမည်တပ်၍ မရသောကိစ္စများဖြင့် တစ်နေ့ တစ်နေ့ ဘယ်လိုအချိန် ကုန်သွားမှန်းပင် မသိ။

   
ရက်ပေါင်း ၁၄၀ ကျော်မှ ပုစွန်ဖော်လို့ရမှာမို့ အစစ အရာရာ ဂရုစိုက်ရသည်။ ပုစွန် မွေးရသည်မှာ မွေးခါစ ကလေးထိန်း ရသလိုပင် အရမ်းကို နူးညံ့စွာ ထိန်းကျောင်းရတာ ဖြစ်သည်။ ကန်တစ်ကန်၏ အရွယ် အစားပေါ် မူတည်၍ ငွေကြေး သိန်းရာ နှင့်ချီ ရင်းရတာမို့လည်း ပိုပြီး ဂရုစိုက်ရပါသည်။

    
အဲဒီလို အခြေအနေမျိုးမှာ သူက သူမရဲ့ ဆရာနေရာကို ၀င်ရောက်လာခဲ့တာ ဖြစ်သည်။ ခုချိန်မှာတော့ ဘာသာစကား အခက်အခဲ သိပ်မရှိတော့။ သူမတို့  လူငယ်အုပ်စုက အင်္ဂလိပ်လိုတော့ ပြောနိုင်ကြပါသည်။ သူကိုယ်တိုင်ကလည်း မြန်မာ စကားနှင့် မြန်မာစာကို စိတ်ဝင်စားစွာဖြင့် သင်ကြားနေခဲ့ပြီ။ သူ့ကို မြန်မာစာ သင်ပေးရသူမှာလည်း အခြားသူ မဟုတ်။ သူနှင့် စကားပြော အဆင်ပြေသော သူမသာလျှင် ဖြစ်ခဲ့ သည်။

    
မနက်ပိုင်းဆို သူက ဆိုင်ကယ်ဖြင့် ကန်ပတ်ပြီး ထည့်ရမည့် ဆေးများ၊ Chemical များကို လာရောက် ညွှန်ကြား တတ် သည်။ တစ်ခါတစ်ရံ သူ့အယူအဆ၊ ကိုယ့်အယူအဆ မတူညီစွာ ငြင်းခုံ တတ်ကြသည်။ သူ့ကို မြန်မာစာသင်ပေးရင်း သူ့ဆီမှ မွေးမြူရေးဆိုင်ရာ အတတ်ပညာတချို့ကို ပြန်လည် သင်ယူရင်းဖြင့် သံယောဇဉ်တို့က အတိုင်းအတာ တစ်ခုအထိ ငြိတွယ် မိသည်။ ဒါပေမယ့် မဖြစ်နိုင်မှန်း သိနေသော သူမက တတ်နိုင်သမျှ ဝေးဝေး ရှောင်နိုင်အောင် ကြိုးစားခဲ့ပါသည်။

     သူ့ရဲ့ အကြင်နာ မျက်ဝန်းများကို မကြည့်မိအောင် ကြိုးစားခဲ့ရသည်။ သူ့ကို သဘောကျသော အခြား အမျိုးသမီးများ ရှိပေမယ့် သူ စိတ်ဝင်စားရာက သူမ ဖြစ်နေတာက ကံဆိုးတာလား၊ ကံကောင်းတာလား သူမ ဝေခွဲတတ်ခဲ့။

     ဒီလိုနှင့် ပုစွန်တစ်သုတ် မွေးပြီးခဲ့ပြီ။ ပုစွန်ဖော်ရာမှာ သတ်မှတ် တန်ချိန်ထက် ကျော်လွန် ထွက်ရှိခဲ့ တာမို့ သူဌေး ရော၊ သူရော၊ သူမတို့ရော၊ အလုပ်သမားများပါ ပျော်ရွှင်ခဲ့ရသည်။ အမြတ်များထဲမှ ရာခိုင်နှုန်းအလိုက် Bonus ရကြဦး မည်ပင်။

     ခုချိန်မှာ သူမ ဘာဆက်လုပ်ရမည်နည်း။ မချစ်သင့်ဘူးဆိုတာ သိသိကြီးနှင့် သူ့ကို ချစ်ခဲ့မိပြီ။ သူလည်း အနည်းငယ်တော့ နားလည်နိုင်မှာပါ။ ကိုယ် နှုတ်အမူအရာ ဘယ်လိုပဲ ထိန်းချုပ်၊ ထိန်းချုပ် မျက်ဝန်းများက ချစ်ခြင်းအကြည့်များကို မသိမ်းဆည်း နိုင်ခဲ့ပါ။

   
တကယ်တော့လေ သူမဟာ မြန်မာမလေး တစ်ယောက်သာမို့ သေရင်တောင် မြန်မာပြည်မှာပဲ ခေါင်းချချင်သူပါ။ အိမ်ထောင်ပြုရင်လည်း မြန်မာ ကောင်လေးကိုပဲယူပြီး မြန်မာ သားသမီးများကို မွေးဖွားချင်သူပါ။ နိုင်ငံခြားသား ၁ယောက် နှင့် လက်ထပ်ဖို့ဆိုတာ သူမအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်သောကိစ္စပင် ဖြစ်သည်၊

     သွားအတူ၊ စားအတူ၊ အလုပ်တူတူဖြင့် ရှိနေခဲ့တာ ရာသီ စက်ဝန်း တစ်ပတ်လည်လို့ တစ်နှစ်ပင် ပြည့်တော့မည်။ မကြာ ခင် သူ စာချုပ်စေ့၍ နိုင်ငံခြားသို့ ပြန်ရတော့မည်။

    သို့ပေမဲ့ သူမတို့ ကုမ္ပဏီမှ သူ့ကို နောက်ထပ် တစ်နှစ် ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါကြောင့် သူ နိုင်ငံခြားကို ခဏပြန်ပြီး ပြန်လာခဲ့မည်ဟု ဆိုသည်။ သူ မပြန်ခင်မှာပဲ သူမကို ချစ်နေသည့်အကြောင်း ဖွင့်ပြောခဲ့သည်။ သူ ပြန်ချိန်မှာ ရန်ကုန်ကို လိုက် ပို့ဖို့ တောင်းဆိုခဲ့သည်။ ကံကောင်းချင်တော့ သူမလည်း ခွင့်ရလို့ ရန်ကုန် ပြန်ရမည့်ရက်နှင့် သူ နိုင်ငံခြား သွားဖို့ ရန်ကုန်ပြန်ရ မည့်ရက် တိုက်ဆိုင်သွားသည်။

    
ရန်ကုန် ရောက်တော့လည်း သူ နိုင်ငံခြားသို့ ယူသွားလိုသော လက်ဆောင်ပစ္စည်းများ ၀ယ်ခြမ်းဖို့ကိုလည်း သူမပင် တာဝန်ယူ ပေးခဲ့ရပြန်သည်။

    
သူ မပြန်ခင် သူ့ကို ချစ်မချစ် ဆိုသောအဖြေကို ကြားသွားချင်ပါသည်ဟု ဆိုလာသော သူ့စကားကို ရှောင်တိမ်းရင်း ပြန် မည့်နေ့မှ ပြောပါရစေဟု တောင်းဆိုခဲ့မိသည်။

     သူကလည်း ကျေနပ်စွာဖြင့်ပင် သူမကို လိုက်ပို့ဖို့ တောင်းဆိုခဲ့သည်။ သူ့ရဲ့ ချစ်ခြင်းကို သူမ သိသလို သူမ ရင်ထဲမှာ ဘာ ရှိလဲဆိုတာကိုလည်း သူသိမည်ပင်။

    အဲဒီနေ့မှာ သူ့ကို အဖြေပေးရမည့် စကားတစ်ခွန်းအတွက် သူမ စဉ်းစားရတော့မည်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို သူမ ချနိုင်မည်လား။ သူမ ခေါင်းထဲတွင် အတွေးတို့ ချာချာလည်နေဆဲ။


လမ်းခွဲ (၁)

      သူမကို မျှော်လင့်တကြီး ရှာဖွေနေဆဲ မျက်လုံးတွေဟာ သူမအစား အနားကို ရောက်လာတဲ့ မီမီစိုးကို အမြင်မှာ ဘာ ကြောင့် မှိုင်းညို့ သွားရတာလဲကွယ်။

     သူမ ဘာပြောမယ် ဆိုတာကို သူ ကြိုသိနေခဲ့လို့လား။ မီိမီစိုး လှမ်းပေးတဲ့ နှင်းဆီတစ်ပွင့်နှင့်အတူ ပြောလာတဲ့ စကား အချို့ကို ကြားလိုက်ရချိန်မှာ လေယာဉ်ပေါ်တက်ဖို့ နောက်ဆုံး ကျန်နေတဲ့ သူ့အမည်ကို ခေါ်နေပြီ။ တစ်ခုခုကို ပြောချင်ဟန် အားယူနေတဲ့ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်နေတာကို မကြည့်ရက်ပေမယ့် ကံဆိုးစွာပဲ သူမ မြင်နေရပါသည်။ နောက်ပြီး သူမကို မြင်ရလို မြင်ရငြား ရှာဖွေနေသေးသော သူ့ မျက်ဝန်းများ။

    
"သွားတော့ ချစ်သူရယ်၊ မဖြစ်နိုင်တဲ့ အခြေအနေကို ရပ်တန်းက ရပ်လိုက်ကြပါစို့။"
     သူ့အကြည့်က သူမ ရှိရာဘက်ကို အရောက်မှာ အနီးရှိ တိုင်တစ်ခု၏ နောက်တွင် ကွယ်လိုက်ရသည်။ သူသည် လေးလံ စွာဖြင့် လက်ဆွဲအိတ်ကို ကောက်ကိုင်ရင်း မီမီိစိုးကို စကားတစ်ခွန်းပြောကာ လှည့်ထွက်သွားတော့သည်။ အဲဒီ လှည့်အထွက် မှာပဲ သူ့ပါးပြင်က မျက်ရည်တစ်စက် လွင့်စဉ် ကျန်ခဲ့တာကို သူမ မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။

     လေဆိပ် အပေါ်ထပ်သို့ သူမ အပြေးတက်သွားမိသည်။ ကားပေါ်သို့ နောက်ဆုံးတက်သော ခရီးသည်မှာ သူ တစ်ယောက် တည်းပင်။

     ကားပေါ် အတက်မှာ စိတ်ရဲ့ နှိုးဆော်ချက်လား၊ သူမကပဲ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိလို့ပဲလား မသိ။ သူ့ ကိုယ် ဆတ် ခနဲ တချက်တုန်သွားကာ သူမ ရှိရာဘက် လှည့်ကြည့် လာခဲ့သည်။ ရှောင်ရန် အချိန်မရသလို၊ ရှောင်ဖို့လည်း စိတ်မကူးတော့ ဘဲ မျက်ရည်များနှင့် သူ့ကိုသာ ငေးကြည့်နေမိတော့သည်။

    သူလည်း အသိကင်းမဲ့သူ တစ်ယောက်ပမာ သူမကို ငေးမောလျှက်၊ ကားပေါ်က ဟွန်းသံတစ်ချက် ထွက်လာတာမို့ အားနာ သလို ကားပေါ်ကို တစ်ချက်လှမ်းကြည့်ရင်း သူမကို နက်နက်နဲနဲ ကြည့်ပြီး စကားတစ်ခွန်းကို ပါးစပ်လှုပ်ရုံလေးပြောကာ ကား ထဲဝင်သွားပြီး လုံးဝလှည့် မကြည့်တော့ပါ။ သူ ပြောသွားသည့် စကားကို ကြားလိုက်ရသည့် သူမ ခြေလှမ်းများပင် ယိုင်လဲသွား တော့သည်။ သူများတွေ ၀ိုင်းကြည့်နေကြတာကို သတိမရတော့ဘဲ မီမီိစိုး ရင်ခွင်ထဲ ၀င်ကာ ငိုကြွေးလိုက်မိသည်။

     မီမီိစိုးသည်လည်း သူမတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကို သိနေတာမို့  နှစ်သိမ့်ဖို့ မကြိုးစားခဲ့ပေ။ သူမ မျက်စိရှေ့ မှာပင် သူ့ ကို တင်ဆောင်သွားသော လေယာဉ်ပျံကြီး ထွက်ခွာသွားခဲ့ပြီ။ မြင်ကွင်းထဲမှ လေယာဉ်ပျံ ပျောက်ကွယ်သွားသည်ထိ ငေး မောနေမိသော သူမကို မီမီိစိုးက စိတ်ရှည်လက်ရှည် စောင့်ပေးနေခဲ့သည်။ သူမ ရင်ကို အထိခိုက်ဆုံးကတော့ သူရဲ့နောက်ဆုံး စကား။

    ‘La corn’ တဲ့လားကွယ်။ ဘယ်တော့မှ ပြန်မတွေ့ကြတော့တဲ့ သူတွေ၊ အပြီးအပိုင် လမ်းခွဲတဲ့သူတွေမှသာ သုံးတဲ့ စကားနှင့် သူမကို နှုတ်ဆက်သွားပြီပေါ့။ သူမတို့ နှစ်ယောက် တကယ့်ကို အပြီးတိုင် ဝေးကြပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။

     ဒါဟာလည်း သူမ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲလေ။ အဲဒီ လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် တည့်မတ်အောင် ကြိုးစား လျှောက်လှမ်းရမည်ပေါ့။ အဲဒီအတွက် ခံစားသွားရသော နှလုံးသား၏ နာကျင်မှုကိုတော့ သူမ ရင်ဆိုင်နိုင်အောင် ကြိုး စားရဦးမည်ပင်။

လမ်းခွဲ (၂)

      ချစ်သူအစား သူ့အနားကို ရောက်ရှိလာသော မြန်မာမလေးကို အမြင်မှာ ချစ်သူရဲ့ အဖြေကို သူ ရိပ်မိ သိရှိသွားခဲ့ပြီ။ ကောင်မလေးက မျက်နှာ မကောင်းစွာနှင့်ပင် နှင်းဆီ အနီရဲရဲ တစ်ပွင့်နှင့်အတူ သူ့ရင်ကို စူးရှစေမည့် စကားတချို့ကို ပြောခဲ့ လေသည်။

     “ဆရာ့အတွက် သူ ပေးလိုက်တာပါ။ နောက်ပြီးတော့ သူ မှာလိုက်တယ် ဆရာ၊ သူ အလုပ်က ထွက်တော့မယ်တဲ့၊ အဲဒါ ဟာ သူနှင့် ဆရာ့အတွက် အကောင်းဆုံး ဖြစ်ဖို့ သူ ရွေးချယ် လိုက်တာပါတဲ့။”

     “မဟုတ်ဘူး မီမီစိုး မင်း သူ့ကို ပြောလိုက်ပါ။ ဒီအလုပ်က မထွက်ပါနှင့်လို့။ ဒီအလုပ်ကို သူ ဘယ်လောက် ၀ါသနာပါတယ်၊ စိတ်ဝင်စားတယ် ဆိုတာ မင်းတို့ ဆရာတို့ အသိပဲလေ။ ကျွမ်းကျင်တဲ့ ပုစွန် မွေးမြူရေး ပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုး စားနေတဲ့ လူတစ်ယောက်ကို ဆရာ့ကြောင့် လမ်းကြောင်း ပျောက်မသွားစေချင်ဘူး။ သူ ကျွမ်းကျင်တဲ့ ဘာသာရပ်၊ သူ စိတ် ၀င်စားတဲ့ အလုပ်ကို သူ ဆက်လုပ်ပါစေ၊ သူ ချစ်တဲ့ ပုစွန်တွေနှင့်အတူ သူ ပျော်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည် လှုပ်ရှားပြီး အောင်မြင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားပါလို့ ပြောလိုက်ပါ။ နောက်တစ်နှစ်မှာ ဆရာ့ကို စာချုပ်နဲ့  ဆက်ငှား ထားတာကို လက်မခံဘဲ  အခြား တစ်ယောက်ကို အစားထိုး လွှတ်ဖို့ စီစဉ်လိုက်ပါ့မယ်။ မင်း သူ့ကို ဂရုစိုက်လိုက်ပါနော်။”

    “စိတ်ချပါ ဆရာ”

     “မင်းတို့ နှစ်ယောက်လုံးကို တစ်ခါတည်း နှုတ်ဆက်လိုက်ပါရစေ La corn”

     ပြောပြီးတာနှင့် လုံးဝ လှည့်မကြည့်ဘဲ သူ ထွက်လာခဲ့သည်။ ကားပေါ်အတက် သူမနှင့် မျက်ဝန်းချင်း အဆုံမှာ အရာရာ ကို နားလည်ပေးရင်းနှင့် ရင်နာစွာနှင့်ပင် “La corn” ဟုထပ်ပြီး နှုတ်ဆက်ခဲ့ပါသည်။ ဒီလောက်ဆို သူမလည်း သူ့ ဆုံးဖြတ် ချက်ကို သိလောက်ပြီပေါ့။ တကယ်တော့ သူလည်း သူ့နိုင်ငံကို ချစ်တာပါပဲလေ။ ဘယ်လောက်ပဲ မြန်မာမလေး တစ်ယောက် ကို ချစ်ချစ် မြန်မာပြည်မှာ တစ်သက်လုံးမှ နေမသွားနိုင်တာ။ သူမမှာလည်း သူ့လိုပင် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသော၊ ကိုယ့်ရေမြေကို မစွန့်ခွာချင်သော အတွေးတို့ ရှိပါလိမ့်မည်။ မဖြစ်နိုင်သော ဇာတ်လမ်းကို သူမက ရှေ့ဆက် ခွင့်မရအောင် ဖြတ်တောက်ခဲ့လေပြီ။ သူ့ လက်ထဲမှာတော့ သူမ ပေးလိုက်သည့် အနီရောင် နှင်းဆီတစ်ပွင့်။

      ထိုနှင်းဆီပွင့်ထဲတွင် ထပ်မံ ပြောခွင့်မရလိုက်သော သူ၏ ချစ်စကားများနှင့် ပြန်မဖြေဖြစ်လိုက် သော သူမ၏ ချစ်ခြင်းတို့ ပါဝင် ပေါင်းစည်းနေလိမ့်မည်ဟု သူ ယုံကြည်ပါသည်။ သူမလည်း သူ့ကို ချစ်နေကြောင်း သူ နားလည်နေတာပဲလေ။

     သူ့နိုင်ငံ ပြန်ရောက်တဲ့အခါ သူ နေသားကျအောင် အတော်လေးကို ကြိုးစားရပါဦးမည်။ သူဟာလည်း သူ့ နိုင်ငံကို ချစ်သူ ပီပီ သူ့နိုင်ငံမှာ နေထိုင်ရင်း အချစ်တစ်ခုကို ကြိုးစားမေ့ပျောက်ကာ ဘ၀တစ်ခုကို တည့်မတ်အောင် ထူထောင်ရပေဦးမည်။

     ကျင်လည်နေကျ ပုဇွန်ကန်နှင့် ပတ်သက်သော အလုပ်များကို လုပ်ကိုင်ရင်း ပျော်ရွှင်စရာကောင်းသော မြန်မာပြည်နှင့် ချစ် စရာကောင်းသော မြန်မာမလေးတစ်ယောက်ကို မေ့နိုင်ဖို့ကိုတော့ နှစ်ပေါင်းများစွာ ကြိုးစားရပေဦးမည်။

     အဝေး ကနေပဲ ချစ်သူ၏ အောင်မြင်မှုကို မျှဝေ ခံစား ကျေနပ်နေရင်းနှင့်သာ ………..

မကုန်နိုင်သော ချစ်ခြင်း

မရောင့်ရဲနိုင်သော တမ်းတခြင်းတို့ဖြင့်

တစ်ခါက ချစ်ခဲ့ဖူးသော

မြန်မာမလေး တစ်ယောက်ကို

တစ်သက်လုံး

သူ သတိရနေဦးမှာပါ ………. ။
                                                           

                                                                                                  

                                                                                       ၂၀၀၂ ခုနှစ်၊ မတ်လ၊ အပျိုစင် မဂ္ဂဇင်း

0 comments:

Post a Comment