On 0 comments

ကျွန်မအနေနဲ့  MMG အပေါ်မှာ အကြွေးတင်နေတာ နည်းနည်းများနေပါပြီ။ ပွဲတစ်ခုပြီးတိုင်း ပွဲရဲ့ ရယ်စရာ မောစရာ လွဲတာတွေကို ရေးပြီး အားလုံးကို ပြန်လည် မျှဝေပြောပြနေကျ........။ ခုတော့ မအားလပ်တာတွေ ဆက်ပြီး အလုပ်အကြွေးတွေ များနေတာကြောင့် ရေးလက်စ စာမူတွေက တန်းလန်း၊ နှစ်ကုန်ပိုင်းမို့  ရုံးမှာ အလုပ်တွေကများ၊ ဒီကြားထဲမှာမှ ကိုယ်တွေရဲ့ ပရဟိတလုပ် ငန်းတွေကြောင့် MMG ရဲ့ တိုးတက်ရေး နှောင့်နှေးရပါတယ် ဆိုသူတွေကြောင့် ၂နှစ်စာ မေတ္တာအပြည့်နဲ့  (ဘယ်သူမှမခိုင်းရပါပဲ) ကိုယ့်ဘာသာကိုယ် ထမ်းပိုးလာတဲ့ ၀န်ထုပ်ကြီးကို ဘယ်သူ့ မျက်နှာမှ မကြည့်တော့ပဲ လွှတ်ပစ်ချ လိုက်တော့မယ်ရယ်လို့  စဉ်းစားလိုက်မိသည်အထိ ကျွန်မတို့  (ကိုလင်းအောင်ပြည့်၊ ကိုသူရိန်နဲ့ ကျွန်မတို့  Admin 3ဦး) တော်တော်လေးကို စိတ်ထိခိုက်ခဲ့ရပါတယ်။

ဒါကြောင့်လည်း ရေးလက်စတွေ အဆုံးမသတ်ပဲ ပစ်ထားခဲ့တာ အကြာကြီး........... ဘာဆို ဘာမှ ဆက်မလုပ်ချင်လောက်အောင် လျှောက်နေတဲ့လမ်းတွေ၊ ပြေးနေတဲ့ ခြေလှမ်းတွေကို ဖြတ်ရိုက်ချိုးတာ ခံလိုက်သလို နာကျင်ခဲ့ရပါတယ်။ နောက်ပြီး ကျွန်မရဲ့ ၀တ္ထုတို ပေါင်းချုပ်လေးလည်း ထုတ်ဖြစ်တော့ ဒီအတွက် အားထည့်ရနဲ့  ပျက်ကွက်မှုတွေ ထပ်များသွားပြန်ပါတယ်။ ဒါပေမဲ့လည်း MMG ကို အကြာကြီး ပစ်မထားနိုင်တဲ့ စိတ်ကြောင့်ပဲ စာတွေ ပြန်ရေးမယ်လို့  ဆုံးဖြတ်ပြီး ခုလို MMG ရဲ့ Diary ကို စစတင်ရေး သားဖြစ်ခဲ့ပါတယ်။ MMG ၂နှစ်ပြည့်မတိုင်ခင် ဂီတပွဲ လုပ်ဖြစ်တဲ့အကြောင်းကနေ စတင် ပြန်ပြောပြပါမယ်။

MMG အဖွဲ့  တည်ထောင်ခြင်း 2နှစ်ပြည့် အခမ်းအနားလေးကို ဘယ်နေရာမှာ ကျင်းပမလဲ။ ဘယ်လို ပုံစံနဲ့  ကျင်းပမလဲ ရယ်လို့  ကျွန်မတို့  Admin ၄ယောက် အတော့်ကို ခေါင်းစားခဲ့ပါတယ်။ မနှစ်က နဲ့ လည်း မတူချင်ဘူးလေ။ နောက်ပြီး ဒီ 2နှစ်ပြည့်ပွဲလေးက နယ်က လူတွေကလည်း လာကြမယ်လို့  စိတ်ဝင်တစား ပြောကြတဲ့အခါ ကျွန်မတို့ မှာ ၀မ်းလည်းသာသလို ရင်လည်းခုန်မိပါတယ်။

နောက်ပြီး ကျွန်မတို့ ဆီ လာကြမဲ့ အဝေးကလူတွေကို အလေးထား စဉ်းစားပြီး ကျွန်မတို့  ပွဲကို ဘယ်လို စီစဉ်ကြမလဲ။ သူတို့ တွေကိုပါ ကျွန်မတို့ ရဲ့ အစီအစဉ်တွေထဲမှာ ဘယ်လို ပါဝင် ဆင်နွှဲစေမလည်းရယ်လို့  ကြိုတင် တွေးတော စဉ်းစားခဲ့ကြပါတယ်။ နောက်ပြီး ကျွန်မတို့  အလေးအထားဆုံးက MMG နှစ်ပတ် လည် မဂ္ဂဇင်း ။ ၁လပြည့်၊ ၁နှစ်ပြည့်မှသည် ခု ၂နှစ်ပြည့်မှာ ဘယ်လို အကောင်းဆုံး ဖြစ်အောင် စီစဉ် တင်ဆက်ကြမလဲ...?


အမှန်အတိုင်း ၀န်ခံရရင် MMG ၂နှစ်ပြည့် မဂ္ဂဇင်းထုတ်ဖို့ ကို ကျွန်မတို့  အတော်လေး ခုံမင် မက်မော သလို အတော်လေးလည်း ၀န်လေးခဲ့ပါတယ်။ မက်မောတာက ကျွန်မတို့ ရဲ့ သမိုင်း မှတ်တိုင်လေး တစ်ခုကို မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းထားချင်လို့ ။ ၀န်လေးတာက မဂ္ဂဇင်းလုပ် ရလောက်အောင် ကျွန်မတို့ မှာ ရန်ပုံငွေ မရှိသေးလို့ ပါ။

ဒီမှာ ပြောချင်တာ တစ်ခု ရှိပါတယ်။ (ဒီအကြောင်းအရာလေးကို ကျွန်မ ရေးထားခဲ့တာ လွန်ခဲ့တဲ့ ၄လကျော် MMG မှာ ဘာပြသနာမှ မပေါ်ခင်ထဲကပါ)။ တချို့  တချို့ က ပြောကြတယ်။ ပိုက်ဆံမရှိရင် ရန်ပုံငွေ မရှိရင် ဘာမှ မလုပ်နဲ့ ပေါ့ တဲ့။ သူတို့  ပြောတာလည်း ဟုတ်ပါတယ်။ ကျွန်မတို့  ဘာမှ မရှိလို့  ဘာမှ မလုပ်ခဲ့ရင် MMG ဆိုတာလည်း ဒီနေ့ လို အခြေအနေမျိုးလည်း  ဖြစ်လာမှာ မဟုတ်ပါဘူး။

တကယ်တမ်းပြောရမယ်ဆိုရင် ပိုက်ဆံ အဆင်သင့်ရှိလို့  ထလုပ်ရတဲ့ အလှူရယ်လို့  တခါမှ မရှိခဲ့ဖူးပါဘူး။ အရေး အကြောင်းတစ်ခုခု ပေါ်လာရင် သဘာဝဘေးအန္တရယ် တစ်ခုခု ကြုံလာ တိုင်း ကျွန်မရဲ့ Admin အကိုကြီး ၂ယောက် ဖြစ်တဲ့ ကိုသူရိန်နဲ့ ကိုလင်းအောင်ပြည့်က ကျွန်မကို အမြဲတမ်း တိုင်ပင်တတ် ပါတယ်။

“အမရေ… ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီ။ ကျွန်တော်တို့ အဖွဲ့  သွားကူကြရင် မကောင်းဘူးလား”
ဆိုပြီးတော့ပေါ့။ သေချာအောင် ခွဲပြောရရင် ဒီလို အဆိုမျိုးကို အမြဲတမ်း တင်သွင်းတတ်တာက ကိုလင်းအောင်ပြည့် ဖြစ်ပြီးတော့ ကိုလင်းအောင်ပြည့် အဆိုကို  ချွင်းချက်မရှိ ထောက်ခံတတ်တာက ကိုမင်းသူရိန်ပါ။ (Admin တစ်ဦးဖြစ်တဲ့ ကိုအုန်းကတော့ နိုင်ငံခြားမှာ နေတာများတော့ သူနဲ့ က သိပ်မတိုင်ပင်ဖြစ်ဘူးပေါ့။ ပြီးမှပဲ ပြန်ပြောပြရတာ များပါတယ်။ သူကတော့ ကျွန်မတို့  ဘာပဲလုပ် လုပ် ထောက်ခံတတ်သူပါ။ ခုတော့ ကိုအုန်းလည်း မြန်မာပြည်ကို ပြန်ရောက်နေပါပြီ။)

သူတို့ က အဲလို ပြောလာပြီဆိုရင်လည်း ဘယ်လိုမှ မသိချင်ယောင်ဆောင်မနေတတ်တာက ကျွန်မလေ။ ဒါကြောင့်ပဲ ကျွန်မတို့ တွေ အတူ လက်တွဲ ဖြစ်ကြတာ ထင်ပါရဲ့။ အဲလို အခါမျိုးမှာ အရေးပေါ် လိုက်အလှူ ခံ၊ ပစ္စည်းစု၊ ကိုယ်တတ် နိုင်လေးတွေ စိုက်ပြီး ဒုက္ခရောက်တဲ့ နေရာကို တန်းပြေးကြတော့တာပါပဲ။ တကယ်လို့ သာ ရန်ပုံငွေ ရှိမှ အလှူလုပ်ဖို့  စဉ်းစားမယ်ဆိုရင် ဘာအလှူမှ ဖြစ်မလာနိုင်တော့ဘူးလေ။

လိုအပ်တဲ့နေရာတွေကို ကူညီတဲ့အခါမှာလည်း အရေးပေါ် အခြေအနေမှာ ကူညီနိုင်မှသာ သူတို့ အတွက် ကိုယ့်အလျူက ပိုပြီး ထိရောက်တာပါ။ ဒါကြောင့် တခါတရံမှာ အဖွဲ့ ဝင်တွေကို အကြောင်းကြားဖို့  နောက် ကျတာမျိုး၊ ကမန်းကတန်း စီစဉ်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ တတ်နိုင်သလောက် ကိုယ်နိုင်သလောက် စိုက်ထုတ် အလှူခံလို့  ပြန်ရတဲ့အခါလည်းရှိ၊ ပြန်မရတဲ့အခါမျိုးတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ ပေးဆပ်မှုသည် အခက်အခဲရှိသူတွေထံ ကူညီနိုင်ခဲ့ရင်၊ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခဲ့ ရင် ကျေနပ်ပြီး ရလာတဲ့ ပီတိကို စားပြီး ရှေ့ ဆက်ဖို့  ခွန်းအားများကို ဖန်တီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတွေဟာ အဖွဲ့ ကို ရည်ရွယ်ချက် ပြောင်းအောင်၊ အဖွဲ့ ရဲ့ မူရင်း ဦးတည်ချက်ဖြစ်တဲ့ နည်းပညာ ဖလှယ်ဖို့  Knowledge Sharing ဆိုတဲ့ ခေါင်းစဉ်ကို ပျောက်ပျက်အောင် လုပ်နေခြင်း မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ်။

နည်းပညာပိုင်းကို အထူးတလည် အားထုတ် ရေးသားသူက ရေးသာပြီး ပရဟိတ လုပ်သူက လုပ်နေရင် အဖွဲ့ ဟာ ပိုပြီးတော့တောင် မြိုင်ဆိုင်လာမှာပါ။ ကျွန်မက နည်းပညာသမား မဟုတ်တော့ နည်းပညာပိုင်း ဆိုင်ရာ တိုးတက်ရေးကို စွမ်းစွမ်းတမံ ကြိုးစားနိုင်ခြင်း မရှိသေးတာကတော့ ကျွန်မရဲ့ အားနည်းချက်ပါ။ ဒါပေမဲ့ အဖွဲ့ က လက်ရှိမှာ ဦးတည်သွားနေတဲ့ ပရဟိတလိုင်းကလည်း ဘယ်သူ့ ကိုမှ ထိခိုက် နစ်နာ အကျိုးမယုတ်စေခဲ့ဘူး ထင်ပါတယ်နော်။ (အဲ ၂နှစ်ပြည့်စာအုပ်ကိစ္စကနေ ဘယ်အကြောင်းတွေ ရောက် ကုန်ပါလိမ့်နော်)

0 comments:

Post a Comment