On 0 comments

ကျွန်မရဲ့ MMG Diary ကို စိတ်ဝင်တစား အားပေးစောင့်မျှော် ဖတ်ရှုပေးတာ ကျေးဇူးအထူးပါနော်။ ပထမ ပြောခဲ့တဲ့ အပိုင်းကို အစပြန်ကောက်ရရင် မဂ္ဂဇင်း ထုတ်ဖို့  စဉ်းစားကြတာပါ။

မဂ္ဂဇင်းစာအုပ်က မနှစ်ကထုတ်တာတောင် ၃သိန်းလောက် ကုန်ပါတယ်။ ဒီနှစ်ကတော့ စာအုပ်လည်း ပိုထူမယ်။ Quality လည်း ပိုကောင်းချင်တယ် ဆိုတာကြောင့် ပိုကုန်မှာက သေချာပါတယ်။ တချို့  ကတော့  အားပေးကြပါတယ်။ ပိုက်ဆံ မရှိရင် စာအုပ် မထုတ်နဲ့ ။ ပွဲပဲ လုပ်လိုက်ပေါ့တဲ့။ ဒါလည်း တကယ် စဉ်းစားကြည့်ရင်တော့ ဟုတ်ပါတယ်။ မလုပ်နိုင်ရင် မလုပ်နဲ့ ပေါ့နော်။

ဒါပေမဲ့ ကျွန်မတို့  လျှောက်ခဲ့တဲ့ လမ်းကြောင်းမှာ အရေးပါတဲ့၊ MMG ရဲ့ ဒုတိယအသက်လို့ တောင် ပြော လို့  ရတဲ့ မဂ္ဂဇင်းစာအုပ်ကိုလည်း ကျွန်မတို့  ချန်လှပ်မထားခဲ့ချင်ပါဘူး။ ( ဒီနေရာမှာ ကြုံတုံး ပြောပြ ချင်တာက MMG ဆိုတာ ဘာမှန်း၊ MMG ဆိုတာ ဘာလုပ်တဲ့အဖွဲ့ မှန်း မသိကြတဲ့ နေရာတွေမှာတောင် ဒီစာအုပ်လေး ထုတ်ပြလိုက်ရင် MMG ရဲ့ လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းကို ကြည့်ပြီး လိုအပ်တဲ့ အကူ အညီတွေ၊ ပံ့ပိုးပေးမှုတွေ ရတယ်လို့  ကိုလင်းအောင်ပြည့်က ပြောလေ့ရှိပါတယ်။ သူက ဘယ်နေရာ ဘာဖြစ်ဖြစ် အရင်ဆုံးသွားနေကျသူဆိုတော့ သွားတဲ့နေရာက ဒေသဆိုင်ရာ အခက်အခဲတွေကို သူက အရင်ဆုံး အများဆုံး ဖြတ်ကျော်ရသူမို့ ပါပဲ)။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ထုတ်ဖြစ်အောင် ထုတ်မယ်။ ပွဲလည်း လုပ်မယ်။ အဲဒီအတွက် ပိုက်ဆံ ဘယ်လိုရှာကြမလဲပေါ့။ ရန်ပုံငွေ ရအောင် ဘာလုပ်ကြမလဲ စဉ်းစားရင်း ဂီတဖျော်ဖြေပွဲလေး တစ်ခု လုပ်မယ်လို့  အကြံ ရခဲ့ပါတယ်။ ဒီပွဲမှာ မုန့် ရောင်းမယ်။ ဖျော်ဖြေပွဲ လက်မှတ်ရောင်းမယ်ပေါ့။ ရတဲ့အမြတ်ငွေနဲ့  လိုတာစိုက်ပြီး စာအုပ်ရယ်၊ ၂နှစ်ပြည့် ပွဲလေးရယ် လုပ်ကြမယ်ပေါ့။

ဂီတဖျော်ဖြေပွဲလေးကို ခန်းမ ငှားရမ်းစရိတ်လည်း သိပ်ပေးစရာ မလိုတဲ့ ကျွန်မတို့ ကို Free စပွန်ဆာ လုပ်ပေးမဲ့ ဟက်ပီးဝေါလ် စတိတ်ရှိုးခန်းမကလည်း အဆင်သင့် ရနိုင်တယ်ဆိုတာကြောင့် ကျွန်မတို့  စပြီး စီစဉ်ကြပါတယ်။

အဆိုတော်တွေကိုတော့  မာတီက ကိုနေရောင် (သီချင်းရေးဆရာ)နဲ့  ကိုလင်းအောင်ပြည့်တို့ က ခေါ်ပေး ကြမှာပါ။ အဆိုတော်တွေ ခေါ်ပေးမဲ့သူရှိပြီဆိုတော့ ဟက်ပီးဝေါလ်မှာ ရက်ရအောင် လိုက်ချိတ်ရပါတယ်။ ကျွန်မတို့  နဂိုရည်ရွယ် စိတ်ကူးတာက စတိတ်ရှိုးကို စက်တင်ဘာ ၁၈ရက် တနင်္ဂနွေနေ့ မှာ လုပ်မယ်။ ဒီက ရလာတဲ့ အမြတ်အစွန်း ပိုက်ဆံနဲ့  စာအုပ်ထုတ်ကြမယ်ပေါ့။ ဒီတော့ ၂နှစ်ပြည့်ပွဲကို လပွတ္တာက လာကြမဲ့ ဆရာငြိမ်း၊ ဆရာကျောင်း၊ ကိုသတိုးနဲ့  မိုးမြင့်တို့ လည်း လာနိုင်မဲ့ သေချာပေါက် လာအားမဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၆ရက်နေ့ မှာ လုပ်မယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။ ဒါဆို စာအုပ်လုပ်ဖို့ လည်း တစ်လလောက် အချိန် ရတယ်လေ။

စီစဉ်လုပ်ကိုင်သူတွေလည်း အေးအေးဆေးဆေး ပြင်ဆင်ချိန် ရမယ်ပေါ့။ ဒီလို ရိုးရှင်းစွာ တွေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ကူးနဲ့  လက်တွေ့ ဘ၀က ထပ်တူ မကျခဲ့ပါဘူး။ ကျွန်မတို့  လုပ်မယ်လို့  ဆုံးဖြတ်ချက်တွေ ခိုင်မာသွားချိန် ဟက်ပီးဝေါကိုပြေး  ပွဲစီစဉ်သူ မန်နေဂျာ ကိုဖက်တီးကို သွားတွေ့ ချိန်မှာတော့ ထင်ထား တာတွေ ဖြစ်မလာခဲ့ပါဘူး။ ကျွန်မတို့  သွားတွေ့ တာက စက်တင်ဘာလဆန်းကပါ။ ဒါပေမဲ့ ဒိတ်ရဖို့ က မသေချာပါဘူး။ သူတို့ တွေရဲ့ ပရိုဂရမ်ကို ပြန်ကြည့်ပြီး ရက်ပြန်ပြောပေးပါမယ်တဲ့။ ဒါနဲ့  ကျွန်မတို့ လည်း အဲဒီကိစ္စကို ဆက်ပြီး စီစဉ်ရမလို မစီစဉ်ရမလို ယောင်ချာချာ ဖြစ်သွားရပြန်ရော။

စီစဉ်ပြီး လက်မှတ်ရောင်းပြီးခါမှ သူတို့ က ရက်မပေးနိုင်ဘူးဆိုခဲ့သော်....................................ဒီလိုနဲ့  ကျွန်မတို့  လုပ်ချင်တဲ့ အားလုံးလာနိုင်လောက်တဲ့ တနင်္ဂနွေတွေမှာ သူတို့ က ပွဲလက်ခံထားပြီးသားရှိနေ၊ စက်တင်ဘာ ၁၆ရက်နေ့ က သူတို့  ရက်မအား၊ (Free ပေးတာဆိုတော့လည်း တစ်ပွဲကို ၃-၄သိန်း ပေးတဲ့ သူတွေနဲ့  ယှဉ်ရင် ရက်မရတာလည်း သဘာဝပဲလေ) ကိုယ်မလိုချင်တဲ့ ကြားရက်တွေမှာ သူတို့ က အား နဲ့  အဆင်မပြေနိုင် ဖြစ်နေခဲ့ပါတယ်။ အဆိုတော်တွေ ချိတ်ပေးမဲ့ ကိုနေရောင်ကလည်း ဘယ်နေ့ ရက်ရပြီ လဲလို့  ဖုန်းဆက် မေးလှပြီ။ အမှန်အတိုင်း ပြောရရင် စတိတ်ရှိုးရက် မသေချာပဲနဲ့ လည်း လက်မှတ်တွေ၊ ဗွီနိုင်းတွေလည်း ထုတ်မထားရဲပါဘူး။ ဟက်ပီးဝေါလ်ရဲ့ ပူအိုက်အိုက် အခန်းကျဉ်းလေးထဲကို စတိတ်ရှိုး ရက်ရဖို့  ကျွန်မတို့  အခေါက်ခေါက် သွားခဲ့ရပါတယ်။

ဂီတပွဲအတွက် စိတ်လျှော့ရတော့မလို ဖြစ်နေချိန်မှ ဟက်ပီးဝေါလ် မန်နေဂျာ ဦးဌေးအောင်က ဆက်သွယ် လာပါတယ်။ ၂.၁၀.၁၁ နေ့  မှာ ကျွန်မတို့  MMG ကို ရက်ပေးမယ်လို့  ဖုန်းဆက်လာခဲ့ပါတယ်။ ဒီတော့မှ ကျွန်မတို့ လည်း နဂိုမေ့ထားတာတွေကို ပြန်လည် အသက်သွင်းရပါတော့တယ်။ သိရချိန်မှာ ၁၀ရက် လောက်ပဲ  အချိန်ရပါတော့တယ်။

ဒီတော့ ဒီပွဲမှာ ကျွန်မတို့  လက်မှတ်ရောင်းချိန် အနည်းငယ် တိုတောင်းခဲ့ပါတယ်။ အားလုံးက လက်မှတ် သာ ကြိုရခဲ့ရင် ပိုရောင်းရမှာလို့  ပြောကြပါတယ်။ တကယ်တော့ ရန်ပုံငွေ ရချင်တဲ့ စိတ်နဲ့ သာ ပွဲလုပ်မယ်၊ လက်မှတ်ရောင်းမယ် ပြောခဲ့ကြပေမဲ့ ဖိဖိစီးစီး လိုက်လုပ်နိုင်သူက ကျွန်မတို့  အဖွဲ့ မှာ နည်းလွန်းပါတယ်။

ကိုသူရိန်က သူ့ ဆိုင်တစ်ဖက်နဲ့ မို့  အားချိန်နည်းပါတယ်။ ကျွန်မကလည်း တနေ့ တနေ့ ရုံးချိန်က မနက် ၉နာရီကနေ ည ၇နာရီခွဲလောက်ထိ ဘယ်တော့မှ မအားတဲ့သူ၊ ကိုအုန်းကြီးကလည်း မအား၊ ကိုသစ်ကို ကလည်း စာမေးပွဲ ဖြေရက်နဲ့ တိုက်နေပြန်ပါတယ်။ ဒီတော့ လက်မှတ်ထုတ်ဖို့  ဗွီနိုင်းလုပ်ဖို့  အဆိုတော် ချိတ်ဖို့  အားလုံးက ကိုလင်းအောင်ပြည့် အပေါ်ပဲ ပုံကျလာပါတော့တယ်။ သူ့ မှာလည်း သူ့ အလုပ်က ခပ်များများ ရယ်လေ။



အတိုချုပ်ပြောရရင် ဒီလိုနဲ့ ပဲ လက်မှတ် အသည်းအသန်လုပ်၊ တွေ့ ရာလူကို လက်မှတ်စပ်ရောင်းနဲ့  ပွဲနီး လာလေ ရင်ပူရလေပါပဲ။ လက်မှတ်ရောင်းရတဲ့နှုန်းကလည်း ရက်တိုတော့ နည်းနည်းတော့ စိတ်ပူစရာ ကောင်းပါတယ်။ 

ဒါပေမဲ့ ၀မ်းသာစရာ ကောင်းတာက ဒီပွဲမှာ ကျွန်မတို့ ကို အင်တိုက်အားတိုက်နဲ့  ၀ိုင်းဝန်း ကူညီပေးခဲ့ တာက မာတီမှာ အတော်ကြာပျောက်နေတဲ့ အကိုကြီး ကိုရီး၊ သူသည်လည်း ကျွန်မတို့ နည်းတူ လက်မှတ် မရောင်းရမှာ ပွဲမစည်မှာကို စိတ်ပူနေခဲ့ပါတယ်။

နောက်ပြီး လက်မှတ်ရောင်းရပြီလား မကြီး အခြေအနေ ကောင်းရဲ့လားလို့  အွန်လိုင်းမှာ တွေ့ တိုင်း စိတ်ပူစွာနဲ့  ကျုံတိုင်းကနေ လှမ်းမေးတတ်တဲ့ မောင်ငယ် မိုးမြင့်သီဟ၊ နောက်ပြီး ကျွန်မတို့  ပွဲကြီး အောင်မြင်ချောမွေ့  စွာ မပြီးမချင်း ကျုံတိုင်းကနေ ၀ိုင်းဝန်းစိတ်ပူ ရင်ခုန်ပေးခဲ့တဲ့ ဆရာငြိမ်း၊ ဆရာကျောင်းတို့ အဖွဲ့  .........အားလုံးရဲ့ လက်တွဲမှုက ကျွန်မတို့ အဖွဲ့ အတွက် ကြီးစွာသော အား ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
 



0 comments:

Post a Comment