On 0 comments



သတင်းစာ ကိုင်ထားသော လက်တို့ ၏ တုန်ယင်မှုကို သူမဘာသာ မြင်နေရသည်၊၊ စာလုံးများကို ကြည့်နေမိပေမဲ့ အရာအားလုံးသည် မပီဝိုးတ၀ါးရယ်သာ။ မျက်စိထဲမှာ ထင်ထင်ရှားရှား မြင်နေရတာက လက်ထပ်ပြီးစီးခြင်းဟု အဓိပ္ပါယ် ရသည့် မင်္ဂလာ ဧည့်ခံပွဲ ကျေးဇူးတင်လွှာ၊၊ ရက်စွဲကို လှမ်းကြည့်လိုက် တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီဇင်ဘာ (10) ရက်နေ့ ၊၊ သူမဘ၀တွင် ဒီလို ရက်စွဲပေါင်းများစွာကို မှတ်မှတ် ထင်ထင် ကျော်ဖြတ်ခဲ့ဘူးပါသည်၊၊ ဒီနေ့သည်လည်း သူမအတွက်တော့ အမှတ်တရပင်၊၊

2001 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
ဒဂုံတက္ကသိုလ်ရဲ့  ကျောင်းဖွင့်ရက်လေးတစ်ခုတွင် သူမတို့ နှစ်ယောက် စတင် ဆုံစည်း ခဲ့ကြသည်။ အေးချမ်း လှသော နှင်းပွင့်များအလယ်တွင် ဆုံတွေ့ ခဲ့ရာမှာ ကဗျာ မဆန်လှပေမဲ့ ရင်ခုန်ဖို့ တော့ကောင်း နေခဲ့သည်။ ရန်ကုန်မြို့ တွင် ပထမနှစ် လာတက်သော ကောင်မလေး တစ်ယောက်အတွက် နောင်တချိန် မှာ “မောင်” လို့  တယုတယ ခေါ်ဖြစ်မဲ့ ချစ်သူတစ်ယောက်ကို မြူနှင်းမှုန်များ ကြားမှာပဲ ရရှိခဲ့သည်၊၊ မြူနှင်းတွေ မသဲကွဲပေမဲ့ မောင့်အပြုံးတွေ၊ မောင့်အကြည့်တွေ ချိုမြိန်စူးရှမှန်း ကောင်မလေး သိရှိခဲ့သည်။ ရှေ့ ဆက်ရသော နေ့ ရက်များမှာတော့ အပြုံးချိုချို၊ အပြောနုနု၊ အကြည့်နက်နက်တို့ အောက်တွင် ကောင်မလေး ရုန်းမထွက်နိုင်ခဲ့။ သူမ ကိုယ်တိုင်ကလည်း သံယောဇဉ် ချည်တိုင်လေးမှာ ချည်နှောင်ခံ ခဲ့တာ ဖြစ်သည်။

2002 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
စတင်ဆုံတွေ့ ကြတာ (1) နှစ်၊ ချစ်ရေးဆိုခဲ့တာ (6) လ ကြာပြီးချိန်မှာတော့ ကောင်မလေးသည် “မောင်“ ဆိုသော ကောင်လေး၏ အချစ်ကို လက်ခံခဲ့လေသည်။ မောင့်ရဲ့  ပျော်ရွှငြ်ကြည်နူးခြင်းများကို မျှဝေခံစားရင်း မောင့်လက်ကို အားကိုးတကြီး ဆုပ်ကိုင်ရင်း ချစ်သူဘ၀လေးကို ထိုနေ့ မှာပင် မှတ်မှတ် ရရစတင်ခဲ့သည်။ ခုချိန်မှာတော့ လောကကြီးသည် အချစ်၏ စွမ်းအားဖြင့် မြင်မြင်သမျှကို လှပစေခဲ့သည်။

2003 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
ချစ်သူသက်တမ်း (1) နှစ်ပြည့်သောနေ့ ၊ ကောင်မလေးနှင့် သူမ ချစ်သူ မောင်တို့ သည် သူတို့ ၏ ပထမ အကြိမ် နှစ်ပါတ်လည်နေ့လေးကို မင်္ဂလာရှိစွာ ကျင်းပခဲ့သည်။ Anniversary Card လေးတွေ အပြန်အလှန် ပေးရင်း၊ လက်ဆောင်လေးတွေ အမှတ်တရလဲရင်း၊ မုန့် အတူစားရင်း ထိုနေ့ရက်တွင် ပျော် ရွှင်ခြင်းကို အတိုင်းဆမဲ့ ခံစားနေခဲ့သည်၊၊ ချစ်သူသက်တမ်း ကြာရှည်ရပါလိုကြောင်း ဆုတောင်းရန် ဘုရား သွားဖို့ ကိုလည်း မမေ့ခဲ့ပေ။ အဲဒီနေ့ မှာ မောင်က ချစ်စရာ ကောင်းသော ၀က်ဝံရုပ်လေးကို ကောင်မလေး အတွက် ပေးခဲ့ပြီး ကောင်မလေးကလည်း မောင့်အတွက် တီရှပ်အဖြူတစ်ထည်နှင့် မျက်နှာသုတ်ပုဝါ အဖြူရောင်လေး တစ်ထည်ရယ်ကို လက်ဆောင် ပြန်ပေးခဲ့သည်။ ချစ်သူချင်း ပုဝါ မပေးကောင်းဘူးဆို သော စကားကို ကောင်မလေး မေ့လျော့နေခဲ့သည်။


2004 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
ဒုတိယနှစ်ပါတ်လည်နေ့ လေးသည်လည်း ကြည်နူးစရာအတိနှင့် ပျော်ရွှင်စရာ ကောင်းနေဆဲ ဖြစ်သည်။ ထုံးစံအတိုင်း လက်ဆောင်အပြန်အလှန်လဲရင်း၊ ဘုရားအတူသွားရင်း၊ ရှေ့ ဆက်ရမည့် အနာ ဂါတ်ခရီးအတွက် စိတ်ကူးအိမ် တစ်လုံးကို အလှပဆုံး တည်ဆောက် နေခဲ့ကြသည်။ တကယ်တမ်းမှာ သူ တို့ သည် မိဘပိုက်ဆံ သုံးပြီး ကျောင်းတက်နေသော အရွယ်သာ ဖြစ်တာမို့  ဘ၀လမ်းကို ဘယ်လို လျှောက်ရမယ်ဆိုတာ မသိသေးပေ၊၊

2005 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
တတိယ နှစ်ပါတ်လည်နေ့ နဲ့  မရှေးမနှောင်း မှာပဲ သူတို့ တွေ ကျောင်းပြီးကြတော့မည်။ တစ်မြို့  ထဲနေသူတွေမို့  မတွေ့ ကြရမှာ မဟုတ်ပေမဲ့ ကျောင်းတက်တုံးကလို စားအတူ၊ သွားအတူ ရှိနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့တာမို့  ကြိုတွေးပြီး ၀မ်းနည်းနေမိသည်။ ဒါပေမဲ့ သူတို့ လက်ထဲမှာတော့ မျှော်လင့်ခြင်းကို အားကိုးတကြီး ဆုပ်ကိုင်ကာ ရှေ့ ဆက်ရမဲ့လမ်း အတွက် ခွန်အားတို့  ရှိနေခဲ့သည်။

2006 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
စတုတ္ထမြောက် နှစ်ပါတ်လည်နေ့ လေးသည် အရင် ကျောင်းသားဘ၀လို ပျော်စရာ မကောင်း တော့ပါ။ လူသုံးကုန်ပစ္စည်း ဖြန့် ချီရေး ကုမ္ပဏီတစ်ခုမှ အရောင်းမြှင့်တင်ရေး ၀န်ထမ်းကောင်လေးနှင့် သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီလေးတစ်ခုမှ ကွန်ပျူတာ အော်ပရေတာ ကောင်မလေးတို့ ၏ အချစ်ပါတ်လည် နေ့ လေးသည် ဘ၀အမောများနှင့် သက်ပြင်းတွေ ကိုယ်စီသီဖွဲ့ ရင်း ကုန်ဆုံးသွားခဲ့သည်၊၊
နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်သော စိတ်ဓါတ်၊ လက်ရှိ အခြေအနေထက် သာလွန် ချမ်းသာချင် သော စိတ်ဓါတ်တို့ က လည်း နှစ်ယောက်စလုံးမှာ ရှိနေတော့ အနာဂါတ်ဘ၀ တည်ဆောက်ဖို့ ကို သူတို့  ကိုယ်တိုင် ကြောက်နေခဲ့သည်၊၊ ထုံးစံအတိုင်း ၀တ္တရား မပျက် ဘုရားသွားခဲ့ပေမဲ့ ဘုရားမှာ ခါတိုင်းလို ချစ်သူသက်တမ်းကြာရှည်ရပါလို၏တို့ ၊ အမြန် ပေါင်းရပါလို၏တို့  ဆုမတောင်း ဖြစ်ကြပေ။ ဘာဆု တောင်းရမယ်မှန်းလည်း မသိစွာနဲ့ ပဲ ဘုရားကိုသာ ဦးသုံးကြိမ်ချပြီး ပြန်ဆင်းလာမိကြောင်းကို သူတို့  ကိုယ်တိုင်တောင် သတိမထားမိခဲ့ပေ။ ဒီနှစ်မှာတော့ လမ်းလျှောက်များသော သူ့ချစ်သူမောင့်အတွက် ကောင်မလေးက ဖိနပ်တစ်ရန် ၀ယ်ပေးခဲ့ပြီး ကွန်ပျူတာ အမြဲကြည့်နေရသော ကောင်မလေးအတွက် ပါဝါမျက်မှန်တစ်လက်ကို မောင်က ၀ယ်ပေးခဲ့သည်။ သူတို့ ၏ လက်ဆောင်တွေသည် တကယ့်ဘ၀နှင့် နီးစပ်လာခဲ့ပြီ။

2007 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
ပဉ္စမမြောက် နှစ်ပါတ်လည်နေ့ လေးမှာတော့ သူတို့ နှစ်ယောက် လူချင်းပင် မတွေ့ နိုင်ခဲ့ပေ။ ရှေ့  ရေးကို မျှော်မြင်တတ်လာပြီ ဖြစ်သော ကောင်လေးသည် ထိုနေ့ တွင် သူ့အလုပ်ရှင် မမကြီး၏ မွေးနေ့ ပွဲ နှင့်တိုက်ဆိုင်နေတာမို့  ကောင်မလေးကို လာမတွေ့ နိုင်ခဲ့ပေ။ သူ မလာနိုင်ကြောင်း ဖုန်းဆက်ပြောသော မောင့်ကို ကောင်မလေးက စိတ်မဆိုးခဲ့ပါ။ သူမကလည်း သူမရဲ့  သူဌေးနဲ့ အတူ ညနေကျရင် နယ်ကို ခရီးထွက်ရမှာမို့  မအားလပ်ခဲ့ပါ။ ဒီနေ့ မှာ လက်ဆောင်တွေ ပေးဖို့ ကိုရော၊ ဘုရားသွားဖို့ ကိုရော သူတို့  သတိမရခဲ့ပေ၊၊ သူတို့ ဘ၀ရဲ့  တိုးတက်ရာကိုသာ စိတ်ဝင်စားတတ်ခဲ့ပြီ။

2008 ခုနှစ်၊ ဇွန်လ (10) ရက်နေ့ 
ကောင်မလေးနှင့် မောင်တို့  တွေ့ ဖြစ်ကြသည့် ရှားရှားပါးပါးနေ့ လေးတစ်နေ့ ရယ်သာ၊၊ နှစ်ပါတ် လည်နေ့  မဟုတ်ပေမဲ့ ပြောစရာရှိတာမို့  တွေ့ ရအောင်လို့  မောင်က ချိန်းတော့ ကောင်မလေးက လက်ခံခဲ့သည်။ မတွေ့ ရတာကြာပြီဖြစ်သော ချစ်သူနှစ်ဦး ဆုံဖြစ်ချိန်မှာတော့ တစ်ယောက်နှင့်တစ် ယောက် မလွတ်တမ်း ဖက်တွယ်ထား မိသည်။ သို့ သော် ဒါဟာ အခိုက်အတန့်  ခဏလေးရယ်သာ၊၊ တဒင်္ဂ သူတို့  စိတ်၏ ထွက်ပေါက်သာ ဖြစ်သည်။ သတိရလာချိန်မှာတော့ မောင်က သူ့ ရင်ခွင်ထဲမှ ကောင်မလေးကို ခွာထုတ်လိုက်သည်။ ထိုင်ခုံတစ်ခုမှာ တူယှဉ်တွဲ ထိုင်ဖြစ်ပေမဲ့ စိတ်နှင့်လူ တွဲရက်မရှိ ကြပေ။ မောင်က
“ကိုယ် လက်ထပ်တော့မယ်။ ကိုယ့်ကို ခွင့်လွှတ်ပါ” တဲ့ ။ သူ့စကားကို ကောင်မလေး တုန်လှုပ် သွားပြီး ဒေါသတကြီး တုန့် ပြန်လိမ့်မည်ဟု မျှော်လင့်ထားပေမဲ့ သူ ထင်သလို မဟုတ်ပေ။ ကောင်မလေး ၏ အေးစက်စက် အကြည့်နက်တို့ ကိုသာ သူပြန်လည် ရရှိခဲ့သည်။
“ဖြစ်သင့်ပါတယ်တဲ့လေ။” အသက်မပါသော ကောင်မလေး စကားသံက သူ့ ကို အပြစ်တင်တာ ထက်ပိုပြီး နာကျင်စေသည်၊၊ ကောင်မလေးရဲ့  ရင်ထဲမှာ သူမရှိတော့ပြီလား။ ကောင်မလေးက တည်ငြိမ် စွာနဲ့ ပဲ
“ပြောစရာ မရှိရင် ပြန်တော့မယ်” ဟုဆိုကာ ထထွက်သွားတော့သည်။ သူ့ကိုမထားခဲ့ဖို့  ကောင်မ လေးကို တားချင်ပေမဲ့ မတားဖြစ်ခဲ့ပေ။ ထွက်ခွာသွားသော ကောင်မလေးရဲ့ ကျောပြင်ကို ကြည့်ရင်း သူတို့ နှစ်ယောက်ကြားမှ အချစ်တွေ ဘယ်ရောက်သွားပြီလဲဟု မောင် တွေးနေမိသည်။

2008 ခုနှစ်၊ ဒီဇင်ဘာလ (10) ရက်နေ့ 
သတင်းစာကို ကိုင်ထားသော ကောင်မလေး၏ လက်တို့  တုန်ယင်နေခဲ့သည်။ သူမ မြင်နေရတာ က မောင်နှင့် သူ့အလုပ်ရှင် မမကြီးတို့ ၏ မင်္ဂလာဧည့်ခံပွဲ ကျေးဇူးတင်လွှာပင် ဖြစ်သည်။ အဲဒီမမကြီးဟာ မောင့်ထက် ဆယ်နှစ်လောက် အသက်ကြီးကာ ရုပ်လည်းဆိုးကြောင်းကို အကြားနဲ့တင်သာမက ပြီးခဲ့တဲ့ အပါတ်ကပဲ မောင်တို့ စုံတွဲကို သူမတွေ့ ခဲ့ပြီးပြီမို့  အလှကြိုက်သော မောင့်အတွက် ရင်နာမိပါသည်။ ချစ်ခဲ့ ကြသောနေ့များအကြောင်းတွေးမိတော့ သူမ မျက်ဝန်းမှ မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ တကယ်တမ်း မှာတော့ သူမကရော -
နောက်လထဲတွင် သူမအလုပ်ရှင် သူဌေး မုဆိုးဖိုနှင့် လက်ထပ်ရပါတော့မည်။ သူမထက် အသက် နှစ်ဆယ်ကျော်ကြီးသော သူဌေးထံတွင် သားသမီး တစ်ယောက်မှ ရှိမနေခြင်းနှင့် သူဌေး ကိုယ်တိုင်က သူမကို ချစ်မြတ်နိုးတာကတော့ အဆိုးထဲမှ အကောင်းဟု သတ်မှတ်ရမည်ပင်။ Sedona Hotel တွင် ကျင်းပမည့် သူမ၏ မင်္ဂလာဖိတ်စာကို ကိုင်ကြည့်ရင်း သူမ၏အချစ်တို့  ဘယ်ကိုရောက်သွားပြီလဲဟု တွေး နေမိသည်။ ထို့ အတူပင် Traders Hotel တွင် မင်္ဂလာပွဲ ကျင်းပနေသော မောင်သည်လည်း သူ၏ အချစ် တို့  ဘယ်ကိုရောက်သွားပြီလဲဟု တွေးနေမည်ထင်ပါသည်။ တကယ်တမ်းမှာတော့ မောင်နှင့် သူမ ရင်ထဲ မှ အချစ်တို့ သည် နေရာဒေသ တစ်ခုဆီသို့  ရောက်ရှိသွားခဲ့ပြီ ထင်ပါသည်။

0 comments:

Post a Comment