On 0 comments



ကိုယ် မြတ်နိုးတဲ့ ယောကျာ်း တစ်ယောက်ကို မပိုင်ဆိုင်ချင်တဲ့ မိန်းမရယ်လို့  မရှိပါဘူး မောင်။ ပိုင်ဆိုင်ခွင့် မရနိုင်လို့ ၊ မဖြစ်နိုင်လွန်းလို့ ၊ ကံကြမ္မာရဲ့  မညှာတာမှုတို့ ကြောင့်သာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ၁၀၀ မှာ ၉၉ ယောက်သော မိန်းမတွေဟာ ကိုယ့်ချစ်သူကိုသာ ပိုင်ဆိုင်ချင် ကြတာပါ။

မောင် စဉ်းစားကြည့်စမ်းပါ။ မိန်းမဆိုတာ သ၀န်တိုတတ်တဲ့ အမျိုးအစားလေ။ ဘယ်မိန်းမကများ ကိုယ့်ချစ်သူ တခြား တစ်ယောက်နှင့် လက်ထပ်တာကို ကြည်ဖြူနိုင်ပါ့မလဲ။ ကိုယ် မဟုတ်တဲ့ အခြားသူနဲ့  ချစ်ခင် ကြင်နာနေတာကို ရင်ဆိုင်နိုင်စွမ်း ဘယ်ရှိပါ့မလဲနော်။

ဒါပေမဲ့လေ ကျွန်မကတော့ မောင် အခြား တစ်ယောက်နဲ့  လက်ထပ်မှာကို ကြည်ဖြူ ပေးနိုင်ခဲ့ တယ်။ တခြား တစ် ယောက် ကို ကြင်နာမဲ့ မောင့်ကို ခွင့်လွှတ်နိုင်စွမ်းတွေ ရှိနေခဲ့တယ်။ အဲဒါ မောင့်ကို မချစ်လို့  မဟုတ်ပါဘူး။ ချစ်လွန်းလို့ ပါ။ မောင့် ကိုချစ်တဲ့စိတ်ကပဲ အရာရာကို အနိုင်ယူပြီး အားလုံးကို ကျွန်မ စွန့် လွှတ်နိုင်စွမ်း ရှိသွားတာပါ။

မောင်နဲ့  လက်ထပ်မဲ့သူဟာ ကျွန်မ မဟုတ်ပေမဲ့ မောင့် ဘ၀ သာယာချမ်းမြေ့  ပျော်ရွှင်မယ်ဆိုရင် မောင့်ကိုစွန့်  လွှတ်ရ ကျိုးနပ်ပါပြီ။ တကယ်တော့ မောင်ရယ် မတူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်ဖို့ ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဖြစ်အောင် ဖန်တီးယူရင်တော့ ရတာပေါ့ကွယ်။ ဒါပေမဲ့ ဖန်တီးတယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုကို မဖြစ်ဖြစ်အောင် ကြိုးစားခြင်းလို့  နားလည်ထားပါတယ်။

မမှီတဲ့ပန်းကို တုံးခုလို့  မလှမ်းချင်ပါဘူးမောင်။ အဆင်မသင့်လို့  ပြုတ်ကျရင် အထိနာမှာစိုးလို့ ပါ။ မောင်ရှိရာ အမြင့် ကို ကျွန်မ လိုက်တက်ဖို့  မမှီလို့  မောင့်ကို အနိမ့်ထဲ ဆွဲချမယ်ဆိုတဲ့ စိတ်ကူးမျိုး ကျွန်မမှာ ရှိမနေခဲ့ဘူး။ နိမ့်ပါးတဲ့ဘ၀မှာ မောင့် ကို မနေစေချင်ဘူးလေ။ နောက်ပြီး မောင်က ပိုက်ဆံ ချမ်းသာလို့  ရအောင်ယူတယ် ဆိုတဲ့ အပြောမျိုးကိုလည်း မခံ နိုင်ပါဘူး။ အဲဒီလို သေးသိမ် ညံ့ဖျင်းတဲ့စိတ်မျိုး ကျွန်မမှာ ရှိမနေခဲ့ဘူး။

ကျွန်မ မောင့်ဆီက လိုချင်တာဆိုလို့  မောင်ဆိုတဲ့ လူတစ်ယောက်ရယ်၊ သူ့ ရဲ့ ဖြူစင်တဲ့ စိတ်ထား တွေရယ်၊ ကျွန်မကို ချစ်တဲ့ အချစ်တွေရယ်ပဲ ရှိပါတယ်။ ကျန်တဲ့ ဘာ အဆောင်အယောင်ကမှ မဖမ်းစားနိုင်ပါဘူး။ ကျွန်မရဲ့ မာနကလည်း လူ တစ် ယောက် ရဲ့ စည်းစိမ် ချမ်းသာကိုကြည့်ပြီး နှလုံးသား ဆန္ဒမပါပဲ လက်ထပ်တဲ့ ကိစ္စမျိုးကို ခွင့်မပြုပါဘူး။

မောင့်ကို စချစ်မိချိန်ထဲက မောင့်နာမည်ရယ်၊ မောင့် အပြုံးချိုချိုတွေရယ်၊ မြတ်နိုးရိပ်နဲ့  ကြည့်တတ်တဲ့ မောင့်မျက်ဝန်း အကြည့် တွေရယ် ဒါပဲ ကျွန်မသိတယ်။ တခြား ဘာမှ စိတ်မ၀င်စားခဲ့ဘူး။ မောင့်ရဲ့  ပိုင်ဆိုင်မှုတွေ မသိချင်ခဲ့ဘူး။ မောင့် မိဘ ဘယ်လောက်ချမ်းသာလို့  မောင် ဘယ်လောက် အမွေရမယ်ဆိုတာလဲ စိတ်မ၀င်စားခဲ့ဘူး။

မောင်နဲ့ ကျွန်မ ချစ်သူဘ၀က အေးချမ်းပါတယ်။ မနက်ဆိုရင် ကျွန်မအဆောင်ကို မောင် လာကြို တယ်။ မနက်စာကို နှစ်ယောက် အတူစားပြီး ဘတ်စ်ကားစီးပြီး ကျောင်းသွားရတာဟာ ကျွန်မအတွက် ဘာနဲ့ မှ မလဲနိုင်တဲ့ ပျော်ရွှင်ခြင်းပါပဲ။ (နောက်မှ သိရတာက မောင်က သူ့ အိမ်ကကားကို ကျွန်မရဲ့  အဆောင် ရှိရာ လှည်းတန်းကို ပို့ ခိုင်းလေ့ရှိတယ်တဲ့။)

ပိုက်ဆံချမ်းသာပေမဲ့ ၀င့်ကြွားတဲ့ဟန် မရှိတာရယ်၊ မောင်က စကားနဲတာရယ်၊ ကျွန်မက စပ်စပ် စုစု မမေးမြန်းတတ် တာရယ်တွေကြောင့် မောင့် အခြေအနေမှန်ကို ကျွန်မ မသိခဲ့ဘူး။ ချစ်သူ ဖြစ်ပြီး (၂)နှစ်ကျော်ကြာမှ မောင်က မမေးပဲ နေနိုင် လွန်းလို့ ဆိုပြီး သူ့ အခြေအနေကို ကျွန်မ သိအောင် ပြောပြ ခဲ့တာ။ မောင့်ရဲ့ ချမ်းသာမှုတွေ၊ မောင့်မိဘရဲ့  ဂုဏ်ဒြပ် အရှိန် အ၀ါတွေကို သိရပြီးချိန်မှာတော့ ကျွန်မ ရင်မှာ ပူလောင်လာခဲ့ပြီ။ မောင့်ရဲ့  ပိုင်ဆိုင်မှုတွေကို သိရလို့ လည်း ကျွန်မရဲ့  ချစ်ခြင်း တွေဟာ အရောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ ချမ်းသာ ကြွယ်ဝမှုကို ကျွန်မ မမက်မောခဲ့လို့ ပါ။

သိပ်ကို ချမ်းသာပြီး မာနကြီးလွန်းတဲ့ မောင့်မိဘတွေဟာ ကျွန်မလို ဘာမှ ထူးထူးခြားခြား ထင်ထင်ရှားရှား မရှိလှတဲ့ မိန်းကလေး တစ်ယောက်ကို ချွေးမအဖြစ် လက်ခံနိုင်ပါ့မလားနော်။ မောင် ဘာမှပြန်မပြောပြခဲ့ပေမဲ့ သူငယ်ချင်းတွေဆီက တဆင့် မောင့်အိမ်က ကျွန်မနဲ့  သတောမတူဘူးဆိုတာ သိခဲ့ရတယ်။ ကျွန်မကို စိတ်မဆင်းရဲစေချင်လို့  ပြန်ပြောမပြဘူး ဆိုပေ မဲ့ မောင့် မိဘတွေရဲ့  သဘောထားကိုတော့ ကျွန်မ သိထားသင့်ပါတယ်လေနော်။

မောင့်အိမ်က သဘောမတူဘူးလို့ တရားဝင်သိရပြီးတဲ့နောက်မှာတော့ မောင်က ကျွန်မတို့ နှစ်ယောက် လက်ထပ်ရ အောင်လို့  ပြောလာခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် မောင်ရယ်။ မိန်းမတစ်ယောက် အတွက် ကိုယ့်ချစ်သူဆီက လက်ထပ်ခွင့် အတောင်းခံရတယ်ဆိုတာ ဂုဏ်ယူ ကျေနပ်စရာပါ။ ဒါပေမဲ့ ကျွန်မ မပျော်နိုင်ခဲ့ဘူး။

တကယ်လို့  ကျွန်မတို့  လက်ထပ် ဖြစ်ခဲ့မယ်ဆိုရင်တောင် နှစ်ဦး သဘောတူ လက်ထပ်ခြင်းမျိုးကိုပဲ ရမှာပါ။ မောင့် အသိုင်းအ၀ိုင်းက ကျွန်မနဲ့  သဘောမတူဘူးလေ။ အဲဒီတော့ ကျွန်မတို့  ဘာလုပ်ကြမှာလဲ။ ခိုးပြေးရမှာပေါ့။ ဒီလိုလုပ်မယ် ဆိုရင် မောင့်အိမ်ကရော၊ ကျွန်မအိမ်ကပါ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတော့မှာလေ။ အသက်ကြီးပြီဖြစ်တဲ့ မောင်တို့ ၊ ကျွန်မတို့  မိဘတွေကို စိတ် မဆင်းရဲစေချင်ပါဘူး။

နောက်ပြီး ယောကျာ်းလေးဘက်က သဘောမတူပဲ ကျွန်မ လက်မထပ်ချင်ပါဘူး။ ကျွန်မဟာ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ မိန်းမတစ်ယောက်အတွက် တစ်သက်မှာ တမင်္ဂလာပဲ ရှိပါတယ်။ အဲဒီ မင်္ဂလာဟာလဲ လူကြီးမိဘ သဘောတူ ကြည်ဖြူတာမျိုးပဲ ဖြစ်ချင်ပါတယ်။ မိဘတွေကို ကျွန်မတို့ အတွက် နဲ့  ပါတ်ဝန်းကျင်မှာ မျက်နှာမငယ်စေချင်ဘူး။

မောင့်အပေါ် ချစ်မြတ်နိုးခြင်းမှာ ဘာမျှော်လင့်ခြင်းမှ မပါပါဘူး။ မောင့်ကို ချစ်နေခွင့်ရရုံလေးနဲ့ တင် ကျေနပ်နေမဲ့  သူပါ။ မောင့်ကို မချစ်လို့  ဒီစကားမျိုး ပြောတယ်လို့  မစွပ်စွဲ လိုက်ပါနဲ့ နော်။ မောင့်ကို ချစ်လွန်းလို့  ကျွန်မ ရင်နာစွာနဲ့ ပဲ ပြောပါရစေ။

“ကျွန်မ မောင့်ကို ဘယ်တော့မှ လက်မထပ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မောင့်ကို သိပ်ချစ်လို့ ပါ”

ကျွန်မကို ရူးနေပြီလို့ ပြောကြမလားဟင်။ တကယ်လို့  မောင် ကျွန်မကို လက်ထပ်ဖြစ်ခဲ့ရင် ဆင်းရဲတဲ့ ကျွန်မ ဘ၀ ထဲကို မောင်ဝင်လာရတော့မယ်။ ခုလိုမျိုး ကားလေးကိုယ်တိုင်မောင်းပြီး၊ ဆဲလ်ဖုန်းလေး ခါးမှာ ချိတ်ပြီး ကျော့ကျော့လေး ဘယ် နေနိုင်ပါတော့မလဲ။

ဆင်းရဲတယ်ဆိုတာ ကျွန်မအတွက်တော့ နေသားကျနေပါပြီ။ မောင့်ကို ဆင်းရဲတဲ့ဘ၀မှာ ရုန်းကန်ပြီး ပင်ပန်းနေရ တာမျိုး ကျွန်မ မမြင်ရက်ဘူး။ ဘ၀ အမောတွေကို မခံနိုင်တဲ့ တစ်နေ့ ကျရင် ကျွန်မကို ယူမိလို့  ဒီလိုဖြစ်ရတာပါလားလို့  မောင် နောင်တရ နာကျင်နေမှာကို မမြင်ရက်ပါဘူး။ နာကျင်စွာနဲ့ ပဲ ငြင်းပါရစေ။

ကျွန်မက နေရောင်အောက်က မိန်းကလေးပါ။ ကျွန်မကို ယူမိလို့  မောင်ပါရောပြီး နေမလောင်စေချင်ဘူး လေ။ အဲယားကွန်း အခန်းလေးထဲက ကိုယ်ပိုင်အလုပ် စားပွဲမှာ ထိုင်ရင်း၊ ဆဲလ်ဖုန်းလေး ပြောရင်း၊ ကိုယ့်ကား ကိုယ်မောင်းပြီး သွားချင်ရာ သွားလို့ ရတဲ့ ဘ၀မှာပဲပေါမောင်ရယ်။ ဆင်းရဲတယ်ဆိုတဲ့ ခေါင်းစဉ် ဟာ မောင်နဲ့  မအပ်စပ်ပါဘူး။

ရင်နာစွာနဲ့ ပဲ ထပ်ပြောပါရစေ မောင်။ ကျွန်မ မဟုတ်တဲ့ မောင်နဲ့  ဂုဏ်ရည်တူ မိန်းကလေးတစ်ယောက် ကိုသာ လက်ထပ် လိုက်ပါတော့ကွယ်။ ကျွန်မအတွက် မောင် ဂုဏ်မတက်ရင်တောင် ရှိပြီးသား ဂုဏ်တော့ မပျက်စေချင်ဘူး။ မောင် ပျော်တာကို ထာဝရ မြင်ချင်သူပါ။

ကိုယ်ချစ်မြတ်နိုးတဲ့ ယောကျာ်းကို မပိုင်ဆိုင်ချင်တဲ့ မိန်းမရယ်လို့ တော့ မရှိပါဘူးမောင်ရယ်။ မပိုင်ဆိုင် ထိုက်ဘူးလို့  ယူဆလို့ သာ ကျွန်မ အရှုံးပေးပြီး မောင့်အနားက ထွက်ပြေးခဲ့တာပါ။ မကြာခင်မှာ မောင့် အိမ်က သဘောတူတဲ့သူနဲ့  မောင် လက်ထပ်ရတော့မယ်နော်။ မချစ်ပေမဲ့လည်း တနေ့ ကျရင် သံယောဇဉ် တွေနဲ့  မောင့်ဘ၀လေး စိုပြေသွားမှာပါ။

ကျွန်မဆိုတဲ့ မောင့်ချစ်သူကတော့ မောင့်ကို သိပ်ချစ်လွန်းလို့  စွန်လွှတ်ရင်း အဝေးကနေ လွမ်းနေ ပါရစေ။ ကျွန်မ ဘ၀မှာ ကျွန်မကို သိပ်ချစ်ရတဲ့ ချစ်သူတစ်ဦး ရှိခဲ့ဘူးတယ်။ သူက ကျွန်မကို လက်ထပ်ဖို့  အထိ ရည်ရွယ်ပြီး ချစ်ခဲ့ဘူးတယ် ဆိုတဲ့အသိလေးနဲ့ တင် ကျွန်မဘ၀ကြီး ပြည့်စုံသွားခဲ့ပါပြီ။

ကျန်တဲ့သက်တမ်း တလျှောက်မှာတော့ ကျွန်မတို့  ချစ်ခြင်းတွေကို ပြန်တမ်းတရင်း မောင့်ကို လွမ်းနေ ရင်းနဲ့ သာ ကျွန်မရဲ့ နေ့ရက်တို့  ကုန်ဆုံးသွားမှာပါ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မက မောင်အတွက် ထာဝရ သူငယ်ချင်း အဖြစ်နဲ့  ဆက်လက် ရှင်သန်နေဦးမှာပါ။
မေဇူး

0 comments:

Post a Comment