On 0 comments

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

တချို့  ၀တ္ထုတွေက ဆက်တင်နဲ့  စဖွင့် တယ်။ တချို့ က ဇာတ်ကွက် တစ်ကွက်နဲ့  စ ဖွင့်တတ်ပြီး တချို့ ကတော့ ဇာတ်အိမ်နဲ့ ပဲ စ ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ အတွက် ဇာတ်ကောင်ဆိုတာ အမြဲ စိတ်ဝင်စားစရာ ကောင်းနေပြီး အလှည့်အပြောင်း မြန် ပါတယ်။ ၀တ္ထုရေးရာမှာ အလွတ်လပ်ဆုံးက ဇာတ်ကောင်ပါပဲ။

ဇာတ်ကောင်က ၀တ္ထုကို ရွေ့ လျားသွားစေတဲ့ အင်ဂျင်နဲ့  တူပါတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်စေ တယ်။ ပြီးတော့ အိမ်ကို လည်း ပြန်ရောက်စေတယ်။

စာရေးဆရာက သူ့ ဇာတ်ကောင်ကို ဘယ်မှာ (သို့ ) ဘယ်လို ရှာဖွေ တွေ့ ရှိသလဲ။ ကျွန်မ ယုံကြည်တာက ၀တ္ထုထဲက ဇာတ်ကောင် တွေဟာ တကယ့်ဘ၀ကနေ တိုက်ရိုက် ရောက်လာတာ မဟုတ်ပါဘူး။ စာရေးဆရာရဲ့ စိတ်ကူးကနေ ရောက်လာတာပါ။ စာရေးဆရာ က သူ့ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်ကောင်ရဲ့ ပုံတူကို ပန်းချီဆရာတွေက ဆေးနဲ့  ချယ်မှုန်းရေးသလို သူက စကားလုံးနဲ့  ခြယ်မှုန်းပြီး ပုံ ဖော်တာပါပဲ။

စာရေးဆရာက သူ့ ရဲ့ ရင်ထဲမှာ အချိန်ကာလ အတော်ကြာကြာ စွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေ ကနေ ခံစားပြီး စာရေး ဆရာ အတွက် ဇာတ်ကောင်ဆိုတာ မွေးဖွားလာခဲ့တာပါ။ စာရေးဆရာရဲ့ မျက်မြင် ကိုယ်တွေ့  ဖြစ်ရပ်တစ်ခု (သို့ ) တစ်ဆင့် ကြားရတဲ့ ကိစ္စကနေ ဇာတ်ကောင်ဆိုတာ မွေးဖွားလာတယ်။ ဥပမာ ဆိုကြပါစို့ ။ စတိုးဆိုင် တစ်ခုမှာတွေ့ ခဲ့ရတဲ့ အင်မတန် ထူးဆန်းတဲ့ ကလေး တစ်ယောက်။ ပင်လယ်ကမ်းခြေမှာ ရေကူးနေတဲ့ မိန်းကလေး တစ်ယောက်နဲ့  ယောကျာ်းတစ်ယောက်။ စားသောက်ဆိုင်မှာ လက်ထပ် ပြီးစီးကြောင်း သတင်းစာ ကြော်ငြာ ဖတ်နေတဲ့  ဇနီးမောင်နှံ။ ဒါတွေ အားလုံးက စာရေးသူရဲ့ ရင်ကို ထိမှန် တိုက်ခိုက်စေ နိုင်တာပါပဲ။ အဲဒီကနေ စာရေးဆရာအတွက် ၀တ္ထုတိုတွေ၊ ၀တ္ထုရှည်တွေ ပေါက်ဖွား လာစေနိုင်ပါတယ်။

သူတို့ အားလုံးဟာ စာရေးသူနဲ့  ပြင်ပလောကမှာ သူစိမ်းတွေ ဖြစ်ပေမဲ့ တနည်းအားဖြင့်တော့ ရင်းနှီးနေ ပါတယ်။ စာရေးဆရာက သူတို့ ကို သိနေပါတယ်။ ဒါကြောင့်လည်း သူတို့ ကို ဇာတ်ကောင်အဖြစ် ထားပြီး ၀တ္ထုကို ဖန်တီးလိုက်တဲ့အခါ အသက်ဝင်တဲ့ ၀တ္ထု တွေ ဖြစ်လာပါတယ်။ သူတို့ က ဘာကို အသက်ဝင်စေ သလဲဆိုတော့ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုက အသက်ဝင်တာပါပဲ။

စိတ်ကူးယဉ်မှု ဆိုတာကလည်း ဆွဲဆောင်မှု ရှိမှ ဖြစ်လာတဲ့အရာပါ။ ဒီလိုပြောလိုက်လို့  စာရေးဆရာတွေရဲ့ ဇာတ်ကောင်တွေ အားလုံးက သူသိတဲ့၊ မြင်တဲ့ ကိစ္စတွေထဲက ထူးခြားတဲ့ မြင်ကွင်းတွေကမှတဆင့် အမြဲတမ်း ပေါ်ပေါက်ကြတယ်လို့  ဆိုလိုတာတော့ မဟုတ်ပါဘူး။ စာရေးဆရာဆိုတာမျိုးက ကာယကံရှင်က အရေးမပါ ဘူးလို့  ထင်တဲ့ ကိစ္စမျိုးကိုလည်း အရေးတယူ ကြည့်တတ်၊ မြင်တတ်တဲ့ ပုဂ္ဂိုလ်မျိုးပါ။

ကျွန်မ အထင်ပြောရရင် ဇာတ်ကောင်ကို ကြောက်မနေတာက အကောင်းဆုံးပါပဲ။ ဇာတ်ကောင်ကောင်း တစ်ယောက်ဟာ စာရေး ဆရာက ယုံယုံကြည်ကြည်နဲ့ ပဲ သူ့ နောက်က လိုက်သွားဖို့ လိုပါတယ်။

စာရေးတဲ့နေရာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ မိမိစိတ်ကို မိမိကိုယ်တိုင် ရှာဖွေ တွေ့ ရှိခြင်းပါပဲ။ ကိုယ် ဘာကို သိသလဲ၊ ဘယ်လို ခံစားရသလဲ၊ ကိုယ် ဘာလုပ်ပေးနိုင်သလဲ။ အဲဒါ ကို ဆန်းစစ်ကြည့်ချိန်မှာ ရလာတဲ့ အဖြေဟာ စာရေးဆရာအတွက် ရင်ခုန်စရာ အကောင်းဆုံးလို့  ကျွန်မ ထင်ပါတယ်တဲ့။

0 comments:

Post a Comment