On 0 comments

စာရေးခြင်း အနုပညာဟာ ခွဲဝေ ခံစားလို့ ရတဲ့ ကိစ္စမျိုး မဟုတ်သလို နည်းစနစ်နဲ့  သင်ပေးလို့ ရတဲ့ အတတ်ပညာလည်း မဟုတ် ဘူး။ စာရေးဆရာအားလုံးဟာ ကိုယ့်ဘာသာကိုယ် ရေးကြည့်ရင်းနဲ့  စာရေးတတ်လာကြတဲ့သူတွေချည်းပါပဲ။ ရေးရင်းရေးရင်းနဲ့ ပဲ စာရေးနည်း စည်းကမ်းတွေကို သိသွားကြတာပါပဲ။ ဒါကြောင့် စာရေးချင်သူဟာ စာဖတ်ရမယ်။ စဉ်းစားရမယ်။ ကိုယ်တိုင်ရေးပြီး လေ့ကျင့်ရမယ်။ စာရေးနည်း သင်တန်းတို့ ၊ ဆွေးနွေးပွဲတို့  ဆိုတာတွေက စာရေးချင်သူတွေအတွက် အရိပ်အငွေ့ လောက်ပဲ ပညာရစေပါတယ်။

တစုတဝေးတည်း စာရေးကြတဲ့အတွက် ရင်ခုန်မှုတော့လည်း ရှိတာပေါ့လေ။ ကိုယ့်စာကို ကိုယ်ရေးကြတာပါပဲ။ စုပေါင်းရေးလို့ မှ မရတာ။ ဂီတမှာတော့ စုပေါင်း တီးမှုတ်လိုက်ကြရင် အော်ခက်စထရာ သံစုံတီးဝိုင်းကြီး ဖြစ်လာခဲ့ပေမဲ့ စာပေမှာ ဒီလို ဖြစ်မလာနိုင် တာသေချာပါတယ်။ ကိုယ့်မူကိုယ်ကိုယ်ဟန်နဲ့  တသီးတခြားစီ ရပ်တည်ကြရတာပါ။ ဒါကြောင့် စာရေးခြင်း အနုပညာမှာ စည်းကမ်း ကန့် သတ်ချက်ဆိုတာ မရှိပါဘူး။

စာရေးဆရာဆိုတာ လွတ်လပ်တယ်။ လူတစ်ယောက်ရဲ့ အလွတ်လပ်ဆုံး အချိန်ဟာ စာရေးချိန်ပါပဲ။ ဒီလွတ်လပ်ရေးကို တစ်ယောက်ထဲ နေရခြင်း၊ အထီးကျန်ခြင်းဆိုတဲ့ တန်ဖိုးတွေ ပေးပြီး ၀ယ်ထားတာပါ။ စာရေးသူ ဖန်တီးတဲ့ တိုင်းပြည်မှာ စာရေးသူ ဟာ ဥပဒေ ထုတ်တဲ့သူပါပဲ။ အဲဒီတိုင်းပြည်က ဘယ်သူမှ အခြေမချဖူးသေးတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်ရဲ့ နယ်နမိတ်ဖြစ်တဲ့ မြေပုံကို စာရေးသူက ရေးဆွဲရမှာ ဖြစ်သလို မြို့ ရွာတွေကိုလည်း ကိုယ်ကပဲ တည်ဆောက်ပေးရပါမယ်။ ဒီတိုင်းပြည်ကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမှ မတည်ဆောက်ခဲ့ဘူးသလို ဘယ်သူမှ တည်ဆောက်မှာ မဟုတ်ပါဘူး။ ဘယ်သူမှ လည်း နောက်တစ်ကြိမ် ထပ်တူ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

စာရေးသူဟာ အဲဒီလို လုံးဝ ဥသုံ လွတ်လပ်ခွင့်ရထားတဲ့အတွက် တာဝန် အများကြီး ရှိလာပြန်တယ်။ စာရေးဆရာ တစ်ယောက်ရဲ့ တာဝန်ဟာ အမှန်တရားကျု ပြောပြဖို့ ပါပဲ။ တခြားသူရဲ့ အမှန်တရား မဟုတ်ပါဘူး။ စာရေးသူရဲ့ ရင်ထဲက အမှန်တရား။ ဒါက ပြောရလွယ်သလောက် လက်တွေ့ လုပ်ရတာ မလွယ်ပါဘူး။ ကိုယ်သိတဲ့ လူတစ်ယောက်ကို ကိုယ်ဘယ်လို ခံစားရတဲ့ အကြောင်း၊ ဘယ်လို စဉ်းစားတဲ့အကြောင်း၊ အရိုးအဖြောင့်ဆုံး အမှန်ကန်ဆုံး ပြောနိုင်ပါ့မလား။ ကိုယ်က သူ့ အပေါ် ယုံကြည်မှုရှိဖို့  လိုသလို ကိုယ့်ကိုကိုယ်လည်း နားလည်သဘောပေါက်ဖို့ ရာ လိုပါတယ်။ အဲဒီလိုရှိမှသာ အမှန်တရားနဲ့  အနီးစပ်ဆုံးကို ပြောနိုင်လိမ့်မယ်။ အဲဒါ သိပ်ကို ခက်ခဲတဲ့အလုပ်။ စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့ အလုပ်ပါပဲ။

အဲဒီ အခက်အခဲတွေကို အဆပေါင်း ထောင်နဲ့  မြှောက် နားထောင်နေတဲ့ ကိုယ့်မိတ်ဆွေ၊ အသွေးအသားနဲ့  သက်ရှိ ပုဂ္ဂိုလ်၊ ကိုယ် ယုံကြည်စိတ်ချတဲ့ လူနေရာမှာ ကိုယ်လုံးသ မသိတဲ့ မြင်လည်း မမြင်ရတဲ့ စာဖတ်ပရိသတ်ကို အစားထိုး၊ ကိုယ့်ရင်ထဲမှာ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်နိုင်ငံကလေးအကြောင်း ဒါမှမဟုတ် ကိုယ့်ခံစားချက် ဘာမှ မချွင်းမချန် မကွယ်မ၀ှက်ပဲ ရေးပြ ကြည့်ပါလား။ အောင်မြင်မယ် မထင်နဲ့ ။ ကိုယ်ရေးပြနေတဲ့ နယ်နမိတ် မြေပုံကလေးဟာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ် သလို တိကျ မှန်ကန်မှု ရှိမှလည်း မဟုတ်ပါဘူး။ ရေးထားတာ ပြန်ဖတ်ကြည့်ရင်တော့ ချောမွေ့ လှပနေမှာပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲ မှာ ဘယ်နေရာမှာတော့ ချန်ထားတယ်။ ဘယ်နေရာတော့ ကွယ်ထားတယ်။ ဘယ်နေရာတော့ ၀ှက်ထားတယ်ဆိုတာ ကိုယ့်ရင် ထဲက သိနေမှာပဲ။

ကောင်းပြီ။ ရေးပြီးသားကို ထားလိုက်တော့။ နောက်တစ်ကြိမ် ပိုပြီး မှန်ကန်အောင်၊ တိကျအောင် ရေးကြည့်။ ရေးတိုင်း ရေးတိုင်း ကိုယ်တစ်ယောက်ထဲ ရေးရတာပါပဲ။ ပေါ်လာတဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ကို မေးရင်း ဖြေရင်း ရေးသွားရင်းနဲ့  စာရေးဆရာ ဆိုတာ ဖြစ်လာပါလိမ့်မယ်။

စာရေးဆရာမ အာဆူလာရဲ့ ဆောင်းပါးပါ အာဘော်များကို ပြန်လည် မျှဝေတာပါ။

0 comments:

Post a Comment