On 0 comments

ကျွန်မတို့ ရဲ့ ပုဇွန်ကန် မွေးမြူမွေးမြူရေးသမား ဘ၀အစက ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ပုဇွန်မွေးကန်တွေ၊ ရေလှောင်ကန် တွေ တည်ဆောက်နေဆဲ ဖြစ်သလို ကျွန်မတို့  နေထိုင်ဖို့  အိမ်တွေလည်း မပြီးသေးတာမို့  ဆိုဒ်ထဲမှာ မနေနိုင်သေးပဲ ဟိုတယ်မှာ ညပြန်အိပ်ပြီး ဆိုဒ်ထဲကို မနက်အစောကြီး ထလာရတာလေ။

မနက် ၄နာရီဆိုရင် ဟိုတယ်က Morning Call လာပြီ။ အထဲကနေ ဘယ်လောက်ပဲ နိုးပါပြီ ပြောပြော တံခါး ဖွင့်ပြီး တစ်ယောက်ယောက်က “ထပါပြီ” ထွက် မပြောမချင်း တံခါးခေါက်တတ်တဲ့ Bell Boy လေးတွေကို မနက်တိုင်း ကျွန်မတို့ တွေ မေတ္တာ ပို့ နေကျလေ။ သူ့ ခမျာမလည်း အခန်းတံခါး မဖွင့်မချင်း ပြန်မလာနဲ့ ဆိုတဲ့ လူကြီးတွေရဲ့ အမှာကြောင့် မနက်တိုင်း ကျွန်မတို့  အငြူ အစူကို ခံနေရရှာတာလေ။

နေမြင့်မှ အိပ်ရာထတတ်တဲ့ ကျွန်မအတွက် ဒါက ပုဇွန်ကန်ရဲ့ သင်ခန်းစာ နံပါတ်တစ်ပေါ့။ ဘယ်လိုပဲ ၄နာရီ နှိုးနှိုး အလှပြင် တာ မြန်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အခန်းဖော်တွေကို ရေချိုးခန်း ဦးစားပေးရင်း နောက်ဆုံးမှ ထတတ်ခဲ့တာ။ ချမ်းချမ်း စီးစီးမှာ ရေတွေ တ၀ုန်းဝုန်း လောင်းချိုး၊ သနပ်ခါး ထူထူလူးရင်း နေ့  တစ်နေ့ ရဲ့ စာမျက်နှာ စဖွင့်ခဲ့တယ်။

မနက် ၅နာရီမှာ Breakfast စားရတယ်။ ၅နာရီခွဲမှာ Canter အမိုးပွင့် ကားကြီးပေါ်ကို ရေဗူးတွေ နေ့ လည် စာ ထမင်းချိုင့်တွေ တင်ပြီး ကန်တွေရှိရာဆီကို လာခဲ့ကြတယ်။ ၃-၄မိုင် ခရီးဖြစ်ပေမဲ့ လမ်းကြမ်းကြီး ဖြစ်တာမို့  နာရီဝက်လောက် ကားစိးရပါတယ်။ မနက် ၆နာရီဆိုရင် ကန်ဘောင်တွေပေါ်မှာ လုပ်ငန်းခွင် ၀င်ရန် အဆင် သင့် ဖြစ်နေခဲ့ပြီ။

ကျွန်မတို့  ကန်ထဲကို သွားတိုင်း ရွာထဲက ဖြတ်သွားရတယ်လေ။ ရွာထဲက လူတွေက ကျွန်မတို့ ကို ယောကျာ်း တွေလား၊ မိန်းမတွေလားတဲ့လေ။ ဘာလို့ လဲဆိုတော့ အားလုံးက ချမ်းချမ်းစီးစီးထဲမှာ ကားစီးရတာ ဆိုတော့ အနွေးထည်တွေအထပ်ထပ်၊ ခေါင်းစီးတွေ၊ လည်ပတ်တွေနဲ့ လေ။ နောက်ပြီး ဖုန်ကလည်း ထူတာ ကြောင့် နှာခေါင်းစီးတွေလည်း တပ်ထားကြတာဆိုတော့လေ။

အဲဒီအချိန်က ငွေဆောင် ရွာဆိုတာဟာလည်း ဘာဆိုဘာမှ မရှိသေးတဲ့ အစောပိုင်းက ကျွန်မပြောခဲ့သလို လက်ဘက်ရည် ဆိုင်တောင် မရှိခဲ့တဲ့ ရွာလေးတစ်ခုလေ။ ဟိုတယ်တွေကလည်း အဲဒီအချိန်ကမှ စတင် တည်ဆောက်ဆဲကာလ ဖြစ်နေတာလေ။ ခုချိန်မှာတော့ ဟိုတယ်ဇုံတွေရဲ့ ၁၀နှစ်ပြည့်အခမ်းအနားကို ခုလာမဲ့ ၂၀၁၀ ခုနှစ် မတ်လ ၂၆ရက်မှာ ကျင်းပတော့မှာလေ။ ခုချိန်မှာတော့ ငွေဆောင်မှာ မရနိုင်တာ ဘာမှ မရှိ သလောက် နီးပါး တိုးတက်လာရုံသာမက ငွေဆောင်က ရွာမဟုတ်ပဲ မြို့ နယ်ခွဲအဖြစ် သတ်မှတ် ခံခဲ့ရပြီလေ။

နေပူပူ၊ ကွင်းခေါင်ခေါင်မှာ အလုပ်လုပ်ကြရတယ်။ နားနေစရာ အရိပ်လည်း မရှိဘူး။ ပင်ပန်းလည်း ပေမဲ့လည်း ပျော်နေကြ တာပါပဲ။ ခိုင်းစရာ အလုပ်သမားတွေ မရှိသေးတော့ ကျွန်မတို့  ကိုယ်တိုင် ၀င်လုပ်ကြရတယ်။ မွေးမဲ့ ကန်တွေမှာ ရေတွေ ဖြည့်ကြ၊ Paddle Wheel ခေါ် ရေဒလက်တွေ တပ်ကြ၊ ပိုက်အိတ်တွေ ကိုယ်တိုင် ချုပ်ကျနဲ့  မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ တာဝန် ကိုယ်စီ ခွဲယူရင်း နေ့ ရက်တွေ ကျော်ဖြတ် ခဲ့ကြတယ်။

ဒီလိုနဲ့  ပုဇွန်လေးတွေ သားပေါက်ထည့်လို့  ရတဲ့အဆင့်ထိ ရောက်ခဲ့ပြီ။ အဲဒီအချိန်က ကျွန်မတို့  ကုမ္ပဏီက သားပေါက် မဖောက်နိုင်သေးတော့ ရခိုင်ပြည်နယ်ဘက်က သားပေါက်တွေ ၀ယ်ကြရတယ်။ ရခိုင်ပြည်နယ် ကနေ စက်လှေနဲ့  လာတာလေ။ ရောက်လာတဲ့ သားပေါက်လေးတွေကို တတ်နိုင်သမျှ Stress နဲအောင် ကြိုး စားပေးရတယ်။ သားပေါက်တွေကို တစ်အိတ်ကို ဘယ်လောက်နှုန်းဆိုပြီး ပျှမ်းမျှနှုန်းနဲ့  ထည့်လာတာလေ။

ဒီတော့ ကိုယ်ထည့်ရမဲ့ ကန်ရဲ့ ဧရိယာ ဘယ်လောက်မှာ Density ( 1 စတုရန်းမီတာမှာ ထည့်ရမဲ့ အကောင် အရေအတွက်) ဘယ် လောက် ထည့်မှာလဲလို့  ကြိုတွက်ထားရပါတယ်။ ဥပမာ - 35 pieces/meter square ဆိုတာမျိုးပေါ့။ ကိုယ် တာဝန်ယူတဲ့ ကန်မှာ ထည့်သွင်းရမဲ့ သားပေါက်အရေအတွက်နဲ့  ကိုက်ညီတဲ့ သားပေါက်အိတ် ဘယ်နှစ်အိတ်ဆိုပြီး ယူထားရတယ်။

ပြီးရင် သားပေါက် အိတ်လေးတွေကို အသာဖွင့်ပြီး သားပေါက်အိတ်ထဲက Temperature တို့  Salinity တို့  PH တို့ ကို ကန်က Temperature တို့  Salinity တို့  PH တို့ နဲ့ ညီအောင် ကန်ရေလေးကို သားပေါက် အိတ်ထဲ အသာလေး ပက်ပေးရင်း ဖြည်းဖြည်းချင်း ညှိုပေးရပါတယ်။ သူတို့ က ရုတ်တရက် ပြောင်းလဲတဲ့ ဒဏ်ကို ခံနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် သူတို့  လက့်ခံနိုင်မဲ့ အနေအထားကို ရောက်မှ အိတ်ထဲက သားပေါက်တွေကို ကန်ထဲကို သွန်ချ ရပါတယ်။ ဒါမျိုး ကို ၁အိတ်ချင်း လုပ်ပေးရတာပါ။ ဖြစ်ချင်တော့ ရခိုင်က လာတဲ့ သားပေါက်ဟာ ငွေဆောင်ကို ရောက်ချိန်မှာ ည ၈နာရီထိုးနေပါပြီ။ ဆောင်းတွင်းရဲ့ အေးစက်တဲ့ ညမှာ ကန်ရေထဲဆင်းပြီး သားပေါက် လွှတ် ရတာ၊ ရေထဲမှာ နေတုံးက မသိသာပေမဲ့ ကန်ပေါ်ပြန်တက် တော့မှ အရမ်းကို ချမ်ားတော့တာ။ ဒီဇင်ဘာ ဆောင်းည အလယ်မှာ ရေစိုအ၀တ်တွေနဲ့  ဟိုတယ်လည်း ပြန်လို့ မရသေးတော့ မီးလှုံရင်း သားပေါက် ထည့် မပြီးသေးတဲ့သူတွေကို စောင့်ခဲ့ရတယ်။

ကျွန်မတို့ ကို အနီးကပ် ပညာသင်ပေးတဲ့ ထိုင်းဆရာ၂ယောက်ကတော့ စိတ်မချနိုင်စွာနဲ့  ဟိုကန် ပြေးကြည့် လိုက် ဒီကန် ပြေးကြည့်လိုက်နဲ့ ပေါ့။ မှတ်မှတ်ရရ ခါတိုင်းဆို ညနေ ၆နာရီမှာ အလုပ်သိမ်းကြပြီး ဟိုတယ် ပြန်ဖြစ်ပေမဲ့ အဲဒီညကတော့ ၁၂နာရီမှ ပြန်ရောက်ကြတာလည်း အမှတ်တရ တစ်ခုပါပဲ။

0 comments:

Post a Comment