On 0 comments

နောက်ပိုင်း ကျွန်မတို့  အလုပ် ကျွမ်းကျင်သွားချိန်မှာတော့ ဟိုးအရင် ဆောင်းတစ်ညရဲ့ အဖြစ်အပျက်ဟာ ရယ်စရာ တစ်ခု အဖြစ် ကျန်ရှိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ကျွန်မတို့ တွေကလည်း ပထမဆုံး အတွေ့ အကြုံမို့  စိတ်လှုပ်ရှား နေကြတာလည်း ပါတယ်။ ထိုင်းဆရာတွေက ကိုယ့်ကန်မှာပဲ ကိုယ်နေဖို့  မှာထားပြီး လိုအပ်တဲ့ သားပေါက်ထုတ်တွေ ၁ကန်ချင်း လိုက်ပို့ ပေးမယ် ပြောထားပါရက်နဲ့ လေ။ ကားပေါ်က အထုတ်တွေ ချမပြီးခင်မှာပဲ ကိုယ့်ကန်ကို သားပေါက်ထုတ် မရမှာစိုးပြီး လုပြီး သယ်ကြတာလေ။

ဆရာတွေက မယူပါနဲ့  ပြောလည်းမရ သူ့ ကန်က အထုတ်ကို ကိုယ်က ဆွဲလိုက်၊ ကိုယ့်ကန်က အထုတ်ကို သူက ဆွဲလိုက်နဲ့  ကန်တစ်ကန်အတွက် ထည့်ရမဲ့ အထုတ်တွေက မပြည့်နိုင်တော့ဘူး။ အချင်းချင်းလည်း စိတ်တွေဆိုးကြ ရန်တွေ ဖြစ်ကြနဲ့  ပြီးတော့လည်း ဘာမှ ဟုတ်တာလည်း မဟုတ်ပဲနဲ့ လေ။

ကန်တွေ ထည့်ပြီးချိန်မှာတော့ ယောကျာ်းလေးတွေက ဟိုတယ်မှာ ပြန်အိပ်လို့  မရတော့ဘူး။ ပုဇွန် ထည့်ပြီး သား ကန်ဘောင်ရဲ့ ဘေးမှာ ယာယီ တဲလေးတွေနဲ့  အိပ်ပြီး စောင့်ခဲ့ရတယ်။ သူတို့ ရဲ့ အတွေ့ အကြုံကလည်း ရင်ခုန်ဖို့  ကောင်းပါတယ်။ တောနက်ကြီးတွေမှာ ကန်တွေတူး၊ လမ်းတွေ ဖောက်၊ အိမ်တွေ ဆောက်လုပ်ပြီး နေကြပေမဲ့ တောအထာကို သိပ် မကျွမ်းဝင်သေးပါဘူး။

သူတို့ တွေ ကန်ဘောင်ဘေးမှာ ယာယီတဲလေးတွေနဲ့  ပထမ စအိပ်တဲ့ညမှာပဲ ကန်တွေ နောက်ဘက် တောထဲ က ဆင်အော်သံတွေ ကြားလို့  ကြောက်ကြောက်နဲ့  မီးဖို ထဖိုနေတုံး ခွေးအတွေ အုပ်လိုက် ဆင်းလာတာနဲ့  ကြုံရတာ။ လက်နှိပ်ဓာတ်မီးတွေ ၀ိုင်းထိုးပြီး ခွေးအတွေ မလာအောင် ၀ိုင်းခြောက်လှန့် ရတာ၊ (အဲဒီအချိန်က ခွေးအတွေက မီးရောင်နဲနဲ ကြောက်သေးတယ်။ နောက်ပိုင်းမှာတော့ ခွေးအတွေက ခေတ်မှီ သွားပြီ။ တော်ရုံ မီးရောင် မကြောက်တော့ဘူး) ဆင်အော်သံလည်း ဝေး၊ ခွေးအလည်း ပြေးသွားပေမဲ့ ချမ်းကလည်း ချမ်း၊ ကြောက်ကလည်း ကြောက်နဲ့  မအိပ်ရဲပဲ တညလုံး သူတို့ တွေ ထိုင်စကားပြောနေရတာတဲ့။

မနက်မိုးလင်းလို့ ကျွန်မတို့  ဟိုတယ်က ရောက်တော့ သူတို့ က သူတို့  အတွေ့ အကြုံကို ကျွန်မတို့ ကို ပြန် ပြောပြတော့ သူတို့ ကို အထင်ကြီးစွာနဲ့  ၀ိုင်းမေးကြတာပေါ့။ သူတို့ ကလည်း ပဲများပြီး ငါတို့ က ဘာလုပ်လိုက် တာပေါ့။ ညာလုပ်လိုက်တာပေါ့နဲ့  အာဘောင်အာရင်း သန်သန် ပြောကြတာပေါ့။ ကျွန်မကတော့ မယုံပါဘူး။

ကျွန်မမှာ သူငယ်ချင်း စပိုင်ရှိတယ်လေ။ စက်လှေနဲ့  လာတုံးက ပါလာတဲ့ တစ်ဦးတည်းသော အမျိုးသား လေးက ကျွန်မတို့  မိန်းကလေးအုပ်စုရဲ့ စပိုင်ပေါ့။ သူ့  ကို “ခင် ရှင်တို့  မကြောက်ဘူးလား” လို့  တိုးတိုးလေး ကပ်မေးတော့ “ကြောက်တာပေါ့ အမရယ်။ သူတို့ လည်း ကြောက်တာပဲ အမ တို့ ကို မကြောက်ခင်ယောင် ဆောင်နေတာ။ ခုပြောနေတဲ့ ကိုမျိုးဆို အဆိုးဆုံး။ အသံတွေတောင် တုန်လို့ ”တဲ့လေ။

နောက် စကားကြုံလို့  ပြန်ပြောကြတိုင်း တစ်ခါတုံးက သူတို့  ကြောက်ရဲ့သားနဲ့  မကြောက်ဟန်ဆောင်တာကို ကျွန်မတို့  သိပြီးသား။ အားနာလို့  နားထောင်နေတာ ။ဘာညာနဲ့  သူတို့ ကို ပြန်နှိပ်ကွပ်တာပေါ့။ သူတို့ ရဲ့ အဲဒီ အဖြစ်အပျက်ဟာလည်း ရယ်စရာ အဖြစ် အမြဲ ပြန်ပြောခဲ့ကြတာလေ။ ကန်တွေ ထည့်ပြီးချိန်မှာတော့ တာဝန် ကျရာ ကန်တွေအလိုက် ခွဲပြီး နေရတာမို့  အဖွဲ့ လေးတွေ ကွဲကုန်ကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့  ၈ယောက် အုပ်စုလေးကတော့ အဲဒီအချိန်မှ စပြီး ဖြစ်တည်ခဲ့တာလေ။ ကျွန်မတို့  အုပ်စုမှာ ယောကျာ်းလေးက ၅ယောက်၊ မိန်းကလေးက ၃ယောက်ပါတယ်။

ကန်တွေနဲ့  မနီးမဝေးမှာ နေထိုင်ဖို့ အိမ်လေးတစ်လုံး ဆောက်လို့  ပြီးသွားခဲ့ပြီ။ တောအုပ်လေးရဲ့ အလယ်မှာ အိမ်လေးက အပြာရောင်လေးနဲ့  ချစ်စရာလေး။ အိမ်လေးရဲ့ အရှေ့ မှာ တံတားခုံးခုံးလေးရယ်၊ အိမ်လေးရဲ့ အနောက်မှာ စမ်းချောင်းလေးရယ် ရှိပါတယ်။ နောက်ဘက်မှာတော့ တောအုပ်ကြီး ရှိတယ်။

ကျွန်မတို့  အုပ်စုထဲက ယောကျာ်းလေး ၅ယောက်ဟာ ဒီအိမ်ပြာလေးရဲ့ ပိုင်ရှင်တွေပေါ့။ ကျွန်မတို့ မိန်းကလေး တွေ အတွက်ကတော့ ဟိုးအဝေး တောင်ပေါ် ကုန်းမြင့်လေးထက်မှာ အဆောင်လေးတွေ ရှိတယ်လေ။

ဒါပေမဲ့ ကျွန်မတို့ ကတော့ အိမ်ပြာလေးမှာ ညအိပ်ချိန်ကလွဲလို့  အမြဲ ရှိပါတယ်။ အိမ်ထဲမှာ အမျိုးသား ၅ယောက်ရဲ့ အိပ်ရာ ၅ခုရယ်၊ ထမင်းစားခန်းလေးရယ် ရှိတယ်။ ကျွန်မတို့  တာဝန်ကျရာ ကန်တွေကလည်း အိမ်နားမှာမို့  ညအိပ်ချိန်လောက်မှသာ အဆောင်ပြန်လေ့ရှိကြတာလေ။

0 comments:

Post a Comment