On 0 comments

ဆောင်းနှင်းတွေ ဝေစပြုတဲ့ နိုဝင်ဘာလရဲ့ နံနက်ခင်း တစ်ခုမှာ ပုဇွန် မွေးမြူမဲ့ ကန်တွေ တူးထားတဲ့ ငွေဆောင် ကမ်းခြေ ကို ကျွန်မတို့  စတင် ထွက်လာခဲ့ရပါတယ်။ အဲဒီအချိန်က (၂၀၀၀ ခုနှစ် ၀န်းကျင်က) ငွေဆောင် ကမ်းခြေဆိုတာ ခုလို အလွယ် တကူ သွားနိုင်တဲ့ တိုက်ရိုက်လမ်း မရှိသေးသလို ခုလိုလည်း မဖွံ့ ဖြိုးသေးပါဘူး။ သွားရေးလာရေး ခက်ခဲပါသေးတယ်။ ခုချိန်မှာ တော့ ရန်ကုန်-ငွေဆောင် ဆိုတာ ၅နာရီလောက်သာ သွားရတဲ့ ခရီးမို့  တစ်ခါက ခဲယဉ်းတယ်ဆိုတာ ပုံပြင် တစ်ခုသာပါ။

ကျွန်မတို့  ရန်ကုန်ကနေ ပုသိမ်ကို ကားနဲ့  လာခဲ့ကြတယ်။ မနက် ၁၁နာရီလောက်မှ ထွက်လာခဲ့တာဆိုတော့ ပုသိမ် ရောက်ချိန်မှာ ညနေ ၄နာရီ ထိုးနေပြီလေ။ ဒါကြောင့် ကားလမ်းက မဟုတ်ပဲ မြန်မြန် ရောက်အောင် ကျွန်မ တို့ ကို င၀န်မြစ်ကြော အတိုင်း စက်လှေနဲ့  သလပ်ခွာဆိပ်ကို ပို့ မယ်လို့ ပြောပါတယ်။ ပုံမှန်ဆိုရင် ပုသိမ် ကနေ ငွေဆောင်ကို သွားရင် ချောင်းသာသွားတဲ့ ရွှေမြင်တင် ဇက်ဆိပ် ကနေ ကူးပြီး ရှောပြာရွာတို့  ဘာတို့ ကို ဖြတ်ပြီးမှ လမ်းခွကြနေ စိန်တောင်လမ်းအတိုင်း တောလမ်းက ဆက်တက် ရတာမို့  လမ်းက ကြမ်းလည်း ကြမ်း ရှည်လည်း ရှည်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ကို ကားလမ်းနဲ့  မသွားခိုင်းတော့ပဲ စက်လှေနဲ့  တင်ပေးလိုက်တာပါ။ စက်လှေပေါ်မှာ ကျွန်မတို့  မိန်းကလေး ၁၁ယောက်ရယ်။ စက်လှေဆရာ ၂ယောက်ရယ်၊ အုပ်စုထဲက ယောကျာ်းလေး ၁ယောက်ရယ် အားလုံး ၁၄ယောက်ပါ ပါတယ်။ စက်လှေ စထွက်တုံးက စနောက် ရယ်မောနေကြပေမဲ့ တဖြည်းဖြည်း ညနက်လာသလို ပုသိမ်ဆိပ်ကမ်းနဲ့ လည်း ဝေးသထက် ဝေးလာတာချိန်မှာ အသံ မထွက် ကြတော့ပါဘူး။ ပတ်ဝန်းကျင်မှာလည်း ကျွန်မတို့ ရဲ့ စက်လှေသံမှ အပ ဘာမှ မကြားရ ဘာမှ မမြင်ရတဲ့ ရေပြင်ကျယ်မှာ တဖြည်းဖြည်းနဲ့  ကြောက်လာမိပါတယ်။

ညမှောင်မှောင် လရောင်အောက်မှာ ကျွန်မတို့  စက်လှေလေး တစ်စီးသာ ထီးထီး ရွေ့ လျားနေတာပါ။ ပိုဆိုး တာက ချောင်းရိုး အတိမ်ပိုင်းလေးတွေကို ဖြတ်တဲ့အခါမျိုးမှာပါ။ စက်လှေလေးဟာ ရေနည်းတဲ့ နေရာရောက် ရင် သောင်တင်ပြီး ရပ်သွားပြီး ချောင်းထဲ ရေ၀င်လာမှ လှေဆက်ထွက်လို့  ရတာပါ။

ဒီလိုနဲ့  သောင်တင်လိုက်၊ ဆက်ထွက်လိုက်နဲ့  ညမှောင်မှောင် ချမ်းချမ်းစီးစီးမှာ စက်လှေသမားတွေက စက်လှေ သောင် မတင်အောင် ကြိုးစားရင်း ချွေးပြန်နေသလို၊ ကျွန်မတို့  အုပ်စုကလည်း ကြောက်လို့  ချွေးပြန် နေတာပါပဲ။ အုပ်စုထဲက အမျိုးသားတွေ က ကျွန်မတို့ ထက် အရင် ၁ပတ်စောပြီး ထွက်ခွာသွားကြပါပြီ။ တစ်ယောက်သော သူကသာ ဆေးခန်းပြ လက်စမို့  ကျွန်မတို့  မိန်းကလေး အုပ်စုနဲ့  လိုက်ဖို့  ကျန်ရစ်ခဲ့တာ။ အဲဒီ ပါလာတဲ့ တစ်ဦးတည်းသော ယောကျာ်းသားက အစပိုင်းမှာတော့ လှေဦးမှာ အိုက်တင်နဲ့  ထိုင်နေသေးပြီး မှောင်လာချိန်မှာတော့ ကျွန်မတို့  မိန်းကလေးတွေ ကြားထဲ လာတိုးထိုင်သူလေ။ သူ့ ရဲ့ သတ္တိကလည်း ကျွန်မ တို နဲ့  ပိန်မသာ လိမ်မသာ ရယ်သာလေ။

အမှောင်ထဲမှာ အားကိုးတကြီး သူ့ လက်ကို ဆုပ်ကိုင်မိချိန်မှာ သူ့ လက်က ကျွန်မထက်တောင် အေးစက်နေ တာမို့  ကြောက် နေတဲ့ကြားက ထရယ်ဖြစ်သေးတာ။ ကျွန်မက ရေလမ်းခရီးဆို ဘာကြောင့်မှန်း မသိ ကြောက် တတ်သူလေ။ ဒီလိုနဲ့ ပဲ အချင်းချင်း တစ်ယောက် နဲ့  တစ်ယောက် အားပေးရင်း ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီညလေး ဟာ ကျွန်မတို့ ရဲ့ဘ၀မှာ အမြဲတမ်း အမှတ်ရစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် ၁နာရီခွဲလောက်ပဲ ကြာမဲ့ ခရီးဟာ ရေကျချိန် သောင်တင်နေတာမို့  ၃နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ သလပ်ခွာ ဆိပ်ကမ်းရဲ့ မီးရောင်တွေကို လှမ်းမြင်ရချိန်၊ မီးရောင်အောက်က ကျွန်မတို့ ကို လာကြိုတဲ့ လူကြီး တွေကို တွေ့ ချိန်မှာ ၀မ်းသာအားရ အော်လိုက်ကြတဲ့ အသံကလည်း မမေ့စရာပါ။ သူတို့  လာကြိုတဲ့ကားနဲ့  ၁၃မိုင်ကျော် ခရီးကြမ်း လမ်းကြမ်းကို စီးခဲ့ပြီးမှ ကျွန်မတို့ ရဲ့ ဟိုတယ်ကို ရောက်ခဲ့တာပါ။

အရင်ရောက်နှင့်နေတဲ့ ကျွန်မတို့  အုပ်စုထဲက အမျိုးသားတွေက ကျွန်မတို့ ကို ၀မ်းပန်းတသာ ကြိုဆိုရင်း၊ သူတို့ ရဲ့ အတွေ့  အကြုံတွေကို ပြန်ပြောပြရင်း ဆူညံနေကြတာပဲ။ သူတို့ က လာတုံးက စိန်တောင်လမ်း အတိုင်း ကားနဲ့  လာခဲ့ကြတာလေ။ ခုချိန်မှာ တော့ ကျွန်မတို့ ရဲ့ ပုသိမ်-ငွေဆောင်လမ်း စွန့် စားခန်း ခရီးလမ်း ဟာ ခုတော့ ရယ်စရာ ပုံပြင်တစ်ပုဒ်သာ ဖြစ်တော့တယ်။ ငွေဆောင်-ပုသိမ် လမ်းမကြီးဟာ ခုဆို ကွန်ကရစ် လမ်းမကြီးအဖြစ် အရမ်းကို ချောမွေ့ နေပါပြီ။ င၀န်မြစ်ကူးတံတားလည်း ပြီးသွားပြီဆိုတော့ အချိန်မရွေး သွားလာနိုင်ခဲ့ပြီ။

0 comments:

Post a Comment