On 0 comments

၃လ ဆိုတဲ့ အတိုင်းအတာဟာ မြန်မာပြည်မှာဆို သိပ်မကြာမှာ မဟုတ်ပေမဲ့ ထိုင်းနိုင်ငံမှာတော့ အကြာကြီးလို့  ခံစား ရပါတယ်။ အားတဲ့ အချိန်တိုင်းမှာ အိမ်ကို စာရေးရင်း၊ ဖုန်းဆက်ဖို့  အခွင့်အရေး ရှိခဲ့ရင် မိမိတို့ ရဲ့ အဆက်အထုံးလေးတွေကို ဖုန်းဆက်ကြရင်းနဲ့  နေ့ ရက်တို့ ကို ကျော်ဖြတ်ခဲ့တယ်။

အဲဒီမှာ ကျွန်မတို့  အုပ်စု စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည် လုပ်ဖြစ်တာကတော့ ဆက်ရက် ငှက်လေးတွေကို လိုက် ကြည့်တာပါ ပဲ။ ဒီထုံးစံကို စခဲ့သူက ကျွန်မလေ။ ဆက်ရက်လေးတွေ တွေ့ တိုင်း

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေး ၂ကောင်တော့။ ဒီနေ့ တော့ ပျော်စရာတွေပဲ တွေ့ မယ်ဟေ့”

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေး ၃ကောင်တော့။ ဒီနေ့ တော့ စာလာမယ်ဟေ့”

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေးက ၁ကောင်တော့။ ဒီနေ့ တော့ ငိုရတော့မှာပဲ” နဲ့  လျှောက်အော် နေတတ်တာ။

သူတို့ က အစကတော့ နင်ကလည်းဟာ ကလေးကလားလို့  ပြောပေမဲ့ နောက်ပိုင်းမှာတော့ ဆက်ရက်လေး တွေတွေ့  တိုင်း ၀ိုင်းအော်တတ်တာ အကျင့် ဖြစ်ခဲ့ပြီ။

1 for Cry

2 for Joy

3 for Letter ဆိုပြီးတော့လေ။ ၃ကောင်တွဲလေး ၂စုံ တွေ့ တိုင်း အိမ်က စာရော၊ ချစ်သူဆီက စာပါ လာတတ် တာမို့  ဆက်ရက် ၃ကောင်တွဲ တွေ့ ရင်တောင် နောက်ထပ် ၃ကောင် တွေ့ မလား လိုက်ရှာတတ်တဲ့ ကျွန်မကို လောဘကြီးသူရယ်လို့  ၀ိုင်းဟားကြ တယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်က သံယောဇဉ်ရှိတာကိုနော့်။

ဒီလိုနဲ့  သူတို့ ရဲ့ စာ၊ သူတို့ ရဲ့ စကား၊ သူတို့ ရဲ့ ပညာ၊ သူတို့ ရဲ့ အပြော၊ သူတို့ ရဲ့ သံယောဇဉ်၊ သူတို့ ရဲ့ အစား အစာကို နားလည် လက်ခံ သိရှိ ခံစားတတ်လာချိန်မှာပဲ ပညာတော်သင်ကာလ ၃လ ပြည့်ခဲ့ပြီ။ ၃လပြည့်လို့  ကျွန်မတို့  ပြန်မယ်ဆိုတော့ သူတို့ မှာ သံယောဇဉ် တစ်ခုနဲ့  စိတ်မကောင်းဖြစ်နေချိန်မှာ ကျွန်မတို့ ကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကို ပြန်ရတော့မှာမို့  ပျော်ရွှင် နေခဲ့ပြီ။

မြန်မာပြည် မပြန်ခင်မှာပဲ ကျွန်မတို့  ကုမ္ပဏီရဲ့ ကျေးဇူးနဲ့  ဘန်ကောက်မြို့ ထဲက Super Market တွေ၊ Safari World တို့  မြဘုရားတို့  စတဲ့ နေရာတွေကို လည်ပတ်ရင်း မြန်မာပြည်ကို ပြန်လာပါတော့တယ်။

ပြန်ဖို့  လေယာဉ်ပေါ် တက်တက်ချင်း “မင်္ဂလာပါ” လို့  နှုတ်ဆက်သံကို ကြားရတာ ချိုမြိန်လိုက်တာ။ အမေ့ ကိုလည်း ဖုန်းဆက်ပြီး ပြန်လာတဲ့နေ့ မှာ ချဉ်ပေါင်ဟင်းနဲ့  ငပိတို့ စရာ ချက်ခိုင်းထားသေးတယ်။ လေယာဉ်ပေါ် မှာတော့ ခုမှ အားလုံး ပြန်ဆုံတွေ့ ကြတဲ့ ကျွန်မတို့  အုပ်စုရဲ့ အသံက ဆူညံလို့ ပေါ့။

ဒီလိုနဲ့  ၂၀၀၀ ခုနှစ် ဇူလိုင် မိုးစက်တွေနဲ့ အတူ ထွက်ခွာသွားတဲ့ ကျွန်မတို့  အုပ်စုဟာ သီတင်းကျွတ်မှာ ပညာတွေ အတွေ့ အကြုံသစ်တွေရပြီး မြန်မာပြည်ကို ပြန်ရောက် လာခဲ့ပါတော့တယ်။

ရန်ကုန် ပြန်ရောက်ချိန်မှာ လူငယ်တွေပီပီ ပူပူနွေးနွေး တတ်လာတဲ့ ပညာလေးတွေကို အစွမ်းပြချင်နေတဲ့ ကျွန်မတို့ ဟာ တာဝန်ကျရာ ငွေဆောင် ကမ်းခြေကို သွားဖို့  အခွင့်မသာသေးပါဘူး။ ကန်တွေ တူးဖော်ဆဲမို့  ရန်ကုန်မှာ ၁လလောက် စောင့်နေကြ ရသေးတယ်လေ။

0 comments:

Post a Comment