On 0 comments

တကယ်တော့ ပုဇွန်မွေးမြူရေး လုပ်ငန်းဆိုတာ အခြားလုပ်ငန်းတွေနဲ့  မတူတာက အချိန်အခါ မရွေး လုပ်ကိုင် ရတဲ့ လုပ်ငန်းမျိုးပါ။ ကျွန်မလုပ်မဲ့ မွေးမြူရေး (Grow out) လုပ်ငန်းက ပိုတောင်ဆိုးသေး။ ဒါပေမဲ့ ကျွန်မတို့  က မိန်းကလေးတွေ ဖြစ်တာ တစ်ကြောင်းး၊ သူများနိုင်ငံမှာ ပညာသင်နေရတာတစ်ကြောင်းမို့  ထိုင်းမန်နေဂျာ တွေက ညဘက် အလုပ်ဆင်းချိန်ကို ကင်းလွတ်ခွင့် ပေးခဲ့တယ်။

မနက် ၆နာရီထိုး Breakfast စားပြီးချိန်က စလို့  ကန်ပတ်လိုက်ရင် နေ့ လည် ၁၁ နာရီ ထမင်းစားနားချိန်မှ အဆောင်ကို ပြန်ရောက်တာ၊ ခဏနား၊ နေ့ လယ်စာစားပြီး နေ့ လည် ၁နာရီဆို ကန်ဘောင်ပေါ် ပြန်ရောက် နေရတာ၊ ညနေစောင်း ၅နာရီမှ တန်းဖြုတ်ပြီး ရေပြန်ချိုးရတယ်။ အဲဒီနောက်ပိုင်းတော့ ညစာ စားပြီးရင် ကိုယ်ပိုင် အားချိန်ရပြီ။ သူတို့ က ည ၉နာရီလောက်မှာ ကန်ထဲ တစ်ခါ သွားကြသေးပေမဲ့ ကျွန်မတို့ လိုက်စရာ မလိုတော့ဘူးလေ။ အလုပ်ကတော့ ဘာကြမ်းသလဲမေးမနေနဲ့ ။ နေပူထဲမှာ တနေကုန် ပတ်နေရတယ်။ ဖြူဖွေး တဲ့ အသားအရေဟာ တစ်ပတ်မပြည့်ခင်မှာပဲ အညိုနု ဖြစ်သွားခဲ့ပြီ။

ပညာတော်သင် သွားတဲ့ ၃လမှာ အဆိုးဆုံးကတော့ အိမ် လွမ်းတာပါပဲ။ နောက်တစ်ခုက ထမင်းစားပြီဆိုတာနဲ့  ငိုရတာပါပဲ။ ကျွန်မက အစပ်ကြောက်တယ်လေ။ သူတို့ ဟင်းတွေက ချိုစပ်ချည်းပဲမို့  မစားနိုင်ဘူး။ ဒါကြောင့် ထမင်းစားတိုင်း စပ်လို့  မျက်ရည်ကျ ရတာက ကျွန်မရဲ့ သီးသန့် ဒုက္ခပေါ့။ နောက်ပြီး သူတို့ မှာက ကင်တင်း လေးမှာ ထမင်းစားရတယ်။ ကိုယ်စားချင်တဲ့ ဟင်းကို တနပ်စာ ကြိုပြောပေးရတယ်။ ဥပမာ ညနေ စားချင်တဲ့ ဟင်းကို မနက်စာ ထမင်းစားပြီးချိန်မှာ ကိုယ့်အုပ်စုအလိုက် စားချင်တာလေးတွေ ရေးပေး ခဲ့ရင် သူတို့ က ချက်ပြုတ်ထားပြီး ခူးခပ်ထားပေးရော။ လူ၁၀၀ကျော်လောက် ရှိတာကို သူ့ အုပ်စုအလိုက် ချက်ပေးတယ်လေ။

မှတ်မှတ်ရရ ကျွန်မတို့ ရောက်တဲ့နေ့ က မနက်ဖြန် ဘာစားမလဲ မေးတာ ကိုယ်တွေကလည်း အဆီအငေါ် တည့်အောင် မပြောတတ်၊ သူတို့ ပြောတဲ့ ဟင်းနာမည်တွေလည်း ကိုယ်က ရှင်းရှင်းလင်းလင်း မသိနဲ့  အတော် ဒုက္ခများခဲ့ကြသေးတယ်။ မပြော တတ်ကြတော့ အဆင်ပြေတာ ချက်ပေးပါလို့  ပြောရင်း သူတို့  ချက် ပေးတဲ့ ဟင်းတွေကို ကိုယ်က မစားတတ်၊ မစားနိုင်ရင်းနဲ့  နောက်ဆုံးမှာတော့ သူတို့ ရဲ့ ရေခဲသေတ္တာရှေ့ ကို သွား၊ အထဲက ကိုယ်စားချင်တဲ့ အရွက်တွေကို ဆွဲထုတ်၊ အသားထားတဲ့ နေရာက ဒါနဲ့  ဒါနဲ့  ရောမယ် ပြောနဲ့ လေ။ စကားပြော မကျွမ်းကျင်ခင်မှာ တော်တော့်ကို ဖြေရှင်းခဲ့ရတာ လည်း အမှတ်တရ တစ်ခုပါပဲ။

ပညာသင်သွားကြတဲ့ အုပ်စုမှာမှ ကျွန်မတို့  အုပ်စု ရှိနေတဲ့ နေရာမှာ လူအင်အားက အတောင့်ဆုံးပါပဲ။ ကျွန်မတို့  မွေးမြူရေး အုပ်စုက ယောကျာ်းလေး ၁ ယောက်၊ မိန်းကလေးက ၂ ယောက်၊ သားပေါက်အုပ်စုက မိန်းကလေး ၆ ယောက်တောင်မို့  အားလုံးဆို ၉ ယောက်တောင် ရှိတာလေ။ ကျန်တဲ့ အဖွဲ့ တွေဆို ၂ ယောက် ၁တွဲနှုန်းနဲ့  တနေရာစီမှာ ရှိနေကြရတာလေ။ အုပ်စုတောင့်တော့ တစ်ခုခုဆို အချင်းချင်း အားပေး နှစ်သိမ့်နိုင် တယ်လေ။

ဖြစ်ချင်တော့ ရောက်လေရာမှာ အရာရာနဲ့  အကြောင်းကြောင်း ဖြစ်တတ်တာက ကျွန်မပါ။ ကျွန်မတို့ သွားတဲ့ အချိန်က မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးအရမ်းကောင်းတဲ့ ဇူလိုင်လလေ။ ဒါပေမဲ့ သူတို့ မှာ မိုးမရွာဘူး။ အရမ်း ပူတာ။ သြဂုတ်လရဲ့ နေ့ ရက် တစ်ရက်မှာပေါ့။ အဲဒီနေ့ က ထူးဆန်းစွာ မိုးတွေ အုံ့ ဆိုင်း ညိုမဲနေတာပဲ။ ညနေ ၃နာရီကျော်လောက်ထဲက ပုဇွန်တွေ ကြီးမကြီး Weight ချိန် စစ်ဆေးဖို့  ရှိတာမို့  ကျွန်မတို့ တွေ ကန်ထဲ ရောက်နေကြတယ်။

အဲဒီအချိန်မှာ လေကြီးမိုးကြီးတွေ တိုက်လာတော့တာပဲ။ ဒါနဲ့  ကျွန်မတို့ လည်း နီးစပ်ရာ ကန်လုပ်သားလေးတွေ နေတဲ့ တဲမှာ မိုးဝင်ခိုကြတယ်။ ဒါနဲ့  စကားမစပ် ထိုင်းနိုင်ငံ ပုဇွန်ကန်က အောက်ခြေ အလုပ်သမားတွေရဲ့ နေထိုင်မှု အဆင့်အတန်းကို ပြောပြချင်ပါတယ်။

ပုဇွန်ကန်တစ်ခုရဲ့ အနိမ့်ဆုံး ၀န်ထမ်းတွေနေတဲ့ ၀န်ထမ်းအိမ်လေးတိုင်းမှာ ရေခဲသေတ္တာတစ်လုံးစီရယ်၊ တီဗွီ တစ်လုံးစီရယ် ရှိတယ်။ သူတို့ ရဲ့ အိပ်ရာက ဒီမှာ ပိုက်ဆံရှိတဲ့ လူတန်းစားတွေသာ သုံးနိုင်တဲ့ Dunlop မွေ့  ရာတွေ၊ ခေါင်းအုံးတွေနဲ့ လေ။ အလုပ်ဝင်တဲ့ အလုပ်သမားဟာ အ၀တ်ထုတ်ကလေး ယူလာရင် ရပြီလေ။ သူတို့ နိုင်ငံမှာတော့ ဘယ်သူမှလည်း ဒီပစ္စည်းတွေ အိမ်သယ်သွားမှာ စိတ်မပူရဘူးလေ။ ဒါကတော့ ကျွန်မတို့  ဆီကနဲ့  ကွာခြားချက်ပေါ့လေ။

သူတို့ ဆီက အလုပ်သမားအကြောင်းပြောချင်တာနဲ့  ကျွန်မအကြောင်းတောင် ပျောက်တော့မယ်နော်။ မိုးတွေ လေတွေ စဲသွားတော့ ကျွန်မတို့  ပုဇွန် Weight ပြန်ချိန်တယ်။ မိုးက ရွာထားတာမို့  ဗွက်ရေတွေက ရှိနေ သေးတယ်လေ။ ပုဇွန်ထည့်ထားတဲ့ ပုံးကို မပြီး ကန်စပ်ကနေ အနောက်ဘက်ကို လှည့်အတက် မြက်ပင်တွေ ဖုံးနေတဲ့ ကျင်းထဲကို ကျွန်မ ခြေထောက် ၀င်သွားပြီး ကလန့် လိုက် သလို ဖြစ်သွားတော့တာပဲ။

ကျွန်မ ပြုတ်ကျသွားတာကို သိပေမဲ့ သူတို့ က လက်ထဲက ပုဇွန်ပုံးကိုပဲ လာယူသွားကြတာလေ။ လာမထူကြ ဘူး။ ကျွန်မ ခြေထောက်က လုံးဝ လှုပ်လို့  မရတော့ဘူး။ ကျွန်မ သိတယ်။ ခြေထောက်က အတော် ဆိုးသွား တယ် ဆိုတာကို။ ဒါပေမဲ့ သူတို့ က ထလေ ထလေသာ ပြောနေကြတာ။ ကျွန်မ လုံးဝ မထနိုင်သလို အသံ လည်း မထွက်နိုင်ပဲ မျက်ရည်တွေ ကျနေတာ မြင်မှ ပြေးလာ ကြတာ။ ကျွန်မနဲ့  အတူနေ သူငယ်ချင်း နီလာက အနားကို ပြေးလာရင်း

“ရှင် တော်တော် နာနေလား။ တို့ ကိုတွဲပြီး ထလေလို့ ” ပြောတယ်။

“ဟင်အင်း၊ ခြေထောက်က ထောက်ဖို့  မပြောနဲ့ ။ လှုပ်လို့ တောင် မရဘူး။ ဒီခြေထောက်က ကျွန်မ ကား အက်စီးဒင့် ဖြစ်ပြီး ကျိုးထားတဲ့ ခြေထောက်လေ။ မ, မနိုင်ဘူး။”

ကျွန်မ ပြောမှ အားလုံး စိုးရိမ်စွာနဲ့  ကျင်းထဲက ခြေထောက်ကို ဆွဲထုတ်လိုက်တာ။ နာလိုက်တာမှ အသည်း ခိုက်ပါပဲ။ ဝေါ့ကင်းရှုး ချွတ်လိုက်တော့ အောက်က ခြေထာက်က ယောင်ကိုင်းစ ပြုနေခဲ့ပြီ။ မတ်တတ်တောင် မရပ်နိုင်တော့တဲ့ အခြေအနေမို့  အားလုံးက ဖေးမစွာနဲ့  အဆောင် ပြန်ပို့ ပေးတယ်။

ကျွန်မ သိတယ်။ ကျွန်မ ခြေထောက် ပြန်ကျိုးသွားခဲ့ပြီ။ မနေနိုင်လောက်အောင် တဆစ်ဆစ် ကိုက်ခဲလာခဲ့ပြီ။ အဲဒီနေ့ က မိုးနဲ့  အပြိုင် ကျွန်မ ငိုကြွေးခဲ့တယ်လေ။ သူများနိုင်ငံမှာ စာလာသင်တာ ထောက်မနိုင်လောက် အောင် ကျိုးနေတဲ့ ခြေထောက်နဲ့  ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ။ ပထမအကြိမ် ကျိုးတုံးကတောင် အိမ်မှာ ပြုစုတဲ့ မိသားစု ရှိတာတောင် ကျောက်ပတ်တီး ၄၅ ရက် စီးရတာမို့  အတော် ဒုက္ခ ရောက်တာလေ။ ခုလို တစိမ်းတွေကြားမှာ ဖြစ်တော့ ပိုဆိုးတာပေါ့။ သတိအရဆုံးကတော့ အမေ့အိမ်ကိုပေါ့။

0 comments:

Post a Comment