On 0 comments

ငွေဆောင်မှာ နေတဲ့ ကာလတလျှောက်လုံးမှာ သရဲ မကြောက်၊ တစ္ဆေ မကြောက်သလို သူခိုးကိုလည်း မကြောက်ပဲ နေ တတ်ခဲ့တဲ့ ကျွန်မ ကြောက်တဲ့ သတ္တ၀ါတော့ ရှိပါတယ်။ အဲဒါကတော့ မြွေပါပဲ။

ထိုင်းနိုင်ငံကို ပညာတော်သင် သွားတုန်းကလည်း နေခဲ့တဲ့ အဆောင်ရဲ့ ပတ်ပတ်လည်မှာ မြွေတွေ အမြဲ တွေ့ ရတတ်ပါတယ်။ ကျွန်မတို့ နဲ့  ကပ်ရက် ညီမငယ်တွေ အိပ်တဲ့ အခန်းထဲကို မြွေဝင်တုန်းကလည်း လူကောင်ကြီး ပြီး မကြောက်တတ်ဘူးလို့  ကြွေးကြော် နေတဲ့ ကျွန်မက မြွေကိုတော့ ကြောက်ရွံ့ စွာ ထွက်ပြေးနေပေမဲ့ လူကောင်သေးသေး ကရင်မလေး ညီမငယ်နော်က သတ္တိရှိစွာနဲ့  မြွေကို ရိုက်သတ် ခဲ့တာလည်း ကျွန်မတို့  အုပ်စုထဲမှာ ရယ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုင်းကို ရောက်ခါစက သူတို့ ရုံးခန်းရှေ့ က စံပယ်ရုံကြီးက ဖွေးဖွေးလှုပ် မွှေးကြိုင်အောင် ပွင့်နေတာမို့  မိန်းကလေးပီပီ လှမ်း ခူးဖို့  လက်ရွယ်ရုံ ရှိသေးတယ်။ ကျွန်မရဲ့ ဆရာက “မခူးနဲ့ အုံး” လို့  ကမန်းကတန်း အော်ရင်း ကျွန်မရဲ့ လက်ကို လှမ်းဆွဲပါတယ်။ သူ ဘာလို့  အော်လည်း ဆိုတဲ့ အဖြေကို သူက လက်တွေ့ ပြပါတယ်။

မီးမလင်းတလင်း အလင်းရောင် မှိန်မှိန်အောက်မှာ ကျွန်မက စံပယ်ပန်း ဖြူဖြူကိုပဲ မြင်တာကိုး။ သူ ဓာတ်မီးနဲ့  ထိုးပြလိုက်တော့မှ စံပယ်ကိုင်းတွေပေါ်မှာ ရှိနေတဲ့ မြွေမဲမဲတွေကို တွေ့ ရတာပါ။ မရှိဘူးဆိုရင်တောင် ၁၀ကောင်လောက် ရှိတယ်လေ။ အဲဒီထဲက စပယ်ပန်းကို ညဘက် မခူးရဲတော့ပါဘူး။

ညဘက် အဆောင်ရဲ့ အနောက်က ခုံတန်းလေးမှာ အေးအေးလူလူ စာထိုင်ရေးလို့  ရပေမဲ့ တရှပ်ရှပ် အသံကြား လို့  ကြည့် လိုက်ရင် မြွေတွေ သွားနေတာပါ။ ဒါကြောင့် ညဘက်ဖြစ်ဖြစ် နေ့ ဘက်ဖြစ်ဖြစ် ခြေထောက်ချပြီး မထိုင်ရဲလောက်တဲ့အထိ မြွေပေါတာ ပါ။ သူတို့ က အတော်များများက အဆိပ်မရှိပါဘူးလို့  ပြောပေမဲ့ ကျွန်မ ကတော့ ကြောက်တာပါပဲ။

ဒါနဲ့  စကားမစပ် ပြောရရင် ငွေဆောင် ကမ်းခြေမှာ ဂျပ်မြွေပေါတယ်ဆိုတဲ့ ကောလဟာလ သတင်းတစ်ခု ထွက်ခဲ့ဘူးပါတယ်။ တကယ်တော့ ကျွန်မတို့ က ငွေဆောင်ကမ်းခြေ စပေါ်တဲ့ သက္ကရာဇ် ၂၀၀၀ ၀န်းကျင် ထဲ က ငွေဆောင်မှာ ရှိနေခဲ့တာပါ။ တစ်ခါမှ ကမ်းခြေမှာ ဂျပ်မြွေ မတွေ့ ခဲ့ဘူးသလို ဂျပ်မြွေ အကိုက်ခံရတဲ့သူ လည်း တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ ဒီစကားက ဘယ်က ထွက်လဲဆိုတော့ ငွေဆောင်နဲ့  အပြိုင် ကမ်းခြေတစ်ခုဆီက စီးပွားရေးအရ သူတို့ ကမ်းခြေကို လူမလာမှာစိုးလို့  တိုက်ခိုက်ခြင်း ဖြစ်တယ်လို့  မှတ်သားခဲ့ရပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်မ မသိပါဘူး။ ဂျပ်မြွေ မရှိတာတော့ သေချာပါတယ်။

ငွေဆောင်မှာ ကျွန်မတို့  နေတဲ့ နေရာက တောအုပ် ထူထပ်တယ်လေ။ ဒါကြောင့် မြွေ တအားပေါတယ်။ ဘယ်လောက်များ ပေါလဲဆိုရင် ကျွန်မတို့ နေတဲ့ အပြာရောင်အိမ်လေးမှာဆို ခဏ ခဏ မြွေတွေ အပုံလိုက် အခွေလိုက် တက်ခွေနေတတ်တာ။ တခါ တလေ နေ့ လည်ပိုင်း ကျွန်မနဲ့  မီမီတို့  အိပ်နေချိန်မျိုးမှာ အိမ်ပြာ လေးရဲ့ ထုပ်တန်းပေါ်(ကျွန်မတို့  အိပ်ရာရဲ့ အပေါ်ဘက်) မှာ တရွေ့  ရွေ့ နဲ့  သွားနေတဲ့ မြွေကို လှမ်းမြင်လို့  အိပ်နေရာကနေ ထပြေးပြီး ကလေးတွေကို အော်ခေါ်ရတာမျိုး၊ မနက် မိုးလင်း အိပ်ရာသိမ်း ရင် ခြင်ထောင် ကြိုး မှာ မြွေရေခွံ တွဲလောင်းကြီး ကျန်နေတာမျိုးတွေ မကြာခဏ တွေ့ ရတတ်ပါတယ်။

နောက်ပြီး ကျွန်မတို့  အစာအိတ်တွေ ထားတဲ့ အစာဂိုဒေါင်ထဲမှာ ကြွက်တွေ တအားပေါတယ်လေ။ အဲဒီမှာ ကြွက်လာဖမ်းတဲ့ မြွေကလည်း ပေါမှပေါပဲလေ။ ကျွန်မကတော့ မြွေတွေ့ ပြီဆို ဘာမြွေရယ် ဘာရယ် မသိဘူး။ မျက်စိမှိတ်ပြီး အော်တော့တာပဲ။ တခါ တလေကျရင် ကလေးတွေက ပြောတယ်။

“ဆရာမကလည်း စွတ်အော်နေတာပဲ။ သေချာလည်း ကြည့်ပါအုံး။ ဒါလေးက ရေမြွေလေးပါ။ ဒါလေးက မြက်ရှောလေးပါ” နဲ့  ပြောကြတယ်။

ကျွန်မကလည်း အားကျမခံ ပြန်ပြောတာပါပဲ။

“ဟဲ့ နင့်မြွေက ငါ့ကို ကိုက်ပြီး သူက မြက်ရှောပါ။ ရေမြွေပါ။ မြွေဟောက်ပါလို့  ပြောသွားမှာ မဟုတ်ဘူး။ ကိုက်ပြီး ထွက် ပြေးသွားမှ ငါက ဘာမြွေလည်းလို့  ဘယ်သူ့ ကို လိုက်မေးရမလဲ။ အဲဒီတော့ ကြောက်တယ်။ ကြောက်လို့  ကြိုအော်ထားမှာ တော်ရုံကြတာ မဟုတ်လား”လို့ လေ။

ကျွန်မတို့  ညဘက် အပြင်ထွက်ရင် များသောအားဖြင့် တွတ်ပီဖိနပ်လို့  ခေါ်တဲ့ တောဘွတ်တွေ စီးလေ့ရှိပါ တယ်။ အထူး သဖြင့် မိုးတွင်းဆို မြွေတွေက အိမ်ပေါ်ကို ပိုတက်တတ်တယ်လေ။ အဲဒီ တွတ်ပီ ဖိနပ်တွေကို မစီးတဲ့ အချိန်တွေဆို မှောက်ထားရ တယ်။ မဟုတ်ရင် မြွေတွေက အဲဒီ ဖိနပ်ထဲ ၀င်နေတတ်တာလေ။

ဖိနပ်စီးခါနီးတိုင်း ဖိနပ်ကို ခါပြီးမှ စီးရဲသလို အိပ်ခါနီးတိုင်းလည်း အိပ်ရာပေါ် မတက်ခင် ထရံကို ပုတ်ပြီး ရှူးရှူးနဲ့  ခြောက်ရ တယ်။ မြွေရှိနေရင် သူ့ ဘာသာ ထွက်သွားအောင်လို့ လေ။ ဘာလို့ လဲဆိုတော့ ကျွန်မ အိပ်ရာပေါ်မှာ မြွေအခွေလိုက် တက်အိပ်နေ တာကြုံခဲ့ရတာမို့ လေ။ ဆက်ပြောပြအုံးမယ်နော်။

0 comments:

Post a Comment