On 0 comments

အပြာရောင် အိမ်လေးထဲမှာ ကျွန်မတို့ ရဲ့ ခင်မင်မှုတွေ တွယ်တာမှုတွေ ရှည်ကြာခဲ့တယ်။ မနက်စာ စားပြီးချိန် ကစလို့  ကန် ထဲကို ဆင်းလိုက်ရင် ပုဇွန်တွေကို နောက်ဆုံး ည ၁၁နာရီ အစာကျွေးပြီးသည်အထိ ကန်ထဲမှာပဲ နေရတာလေ။ ရေမိုးချိုးချိန်နဲ့  ည အိပ်ရာ ၀င်ချိန်လောက်ပဲ ကိုယ့်အဆောင်ကို ပြန်ဖြစ်တာ။

နေ့ လယ်စာ အတူစားကြပြီး နေ့ ခင်း တရေးတမော အိပ်ချိန်ဆို ကျွန်မတို့  မိန်းကလေးတွေက အိမ်ပြာလေး မှာ ပဲ နားနေတတ်ကြတာ။ ၈ယောက် စလုံးမှာလည်း ဆိုင်သူတွေ ကိုယ်စီ ရှိပြီးသားမို့  တစ်ယောက်နဲ့ တစ်ယောက် အဖြူရောင် မေတ္တာတွေနဲ့  သာ တွယ်တာခဲ့ကြတာ။

ဘာပြောပြော စိတ်မဆိုးကြေး၊ အချင်းချင်း ရိုင်းပင်း ကူညီကြေးဆိုတာ တိုင်ပင်စရာ မလိုပဲ စိတ်တူ ကိုယ်တူ ရှိခဲ့ကြတာ။ တစ်စုံတစ်ယောက်ရဲ့ သက်ဆိုင်သူဆီက စာလာရင် ခိုးဖတ်ကြတာ၊ မုန့် တွေကို အကုန် ၀ိုင်းလု စားကြတာ၊ အိပ်ရာဘေးမှာ ထားတဲ့ ရည်းစားတွေရဲ့ ဓာတ်ပုံကို သူ့ ရည်းစားနဲ့  ငါ့ရည်းစား ပြောင်းလဲထားတတ် တာ၊ ဓာတ်ပုံတွေ ဖွက်ထားတတ်တာ စသဖြင့် နည်းမျိုးစုံနဲ့  စိတ်မဆိုး၊ စိတ်မခုကြေး နေခဲ့ကြတာ။

မိဝေး ဖဝေး လာနေကြရတော့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြပြီး မောင်နှမတွေလို တရင်းတနှီး နေ ခဲ့ကြတာ။ သွားစရာ ဆိုလို့  ငွေဆောင် ရွာထဲသာ ရှိတာမို့  သွားရင်လည်း ဆိုင်ကယ်တွေ တန်းစီပြီး သွားကြ တာ။ ရွာထဲမှာ လဘက်ရည်ဆိုင် မပြောနဲ့  စူပါ ကော်ဖီမစ်ကို ရေနွေးနဲ့  ဖျော်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တောင် ကျွန်မတို့  ရောက်ပြီး တစ်လလောက်နေမှ ပေါ်ခဲ့တာ လည်း အမှတ်တရ တစ်ခုရယ်သာ။

ရောက်ရောက်ချင်း ရွာထဲက အိမ်ဆိုင်လေးတစ်ခုကို ကျွန်မတို့  အုပ်စု ၀င်ဝယ်လိုက်ကြတာ နောက်နေ့  ရောင်း စရာ မရှိတော့တဲ့ အထိလေ။ ကျွန်မတို့  အများကြီး ၀ယ်တာကြောင့် မဟုတ်ပဲ သူတို့ ဆိုင်မှာကိုက နဲနဲလေး သာ တင်တတ်ကြတာ။ ဥပမာ - ရေပုံးတို့  ရေခွက်တို့ ဆိုလည်း တစ်ဆိုင်လုံးမှာမှ ၁လုံး ၂လုံးလောက်ပဲ ရှိတတ် တာမျိုးလေ။

တစ်ယောက် နေမကောင်းရင် အားလုံးက ၀ိုင်းဝန်း ဂရုစိုက် ပြုစုပေးတတ်ခဲ့တာ၊ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့ ကျွန်မကို အားလုံးက ဂရုတစိုက် ရှိခဲ့ကြတာကလည်း မမေ့စရာပါ။ အချိန် ၃လလောက် အတွင်း မှာ နောက်ထပ် တူးဖော်ပြီး ထပ်မံ တိုးချဲ့ တဲ့ ဆိုဒ်အသစ်တွေ ရှိလာတဲ့အတွက် တာဝန်ထမ်းဆောင်ဖို့  အသီး သီး ခွဲထွက်ကြရတယ်။ ကျွန်မတို့  အုပ်စုလေးမှာ တဖြည်းဖြည်းနဲ့  လူ နည်းသွားခဲ့ပြီ။

ဟိုးအရင်က လူ၈ယောက်နဲ့  စည်ကားစွာ ရှိခဲ့တဲ့ အိမ်လေးမှာ ခုတော့ ကျွန်မနဲ့ မီမီ ၂ယောက်သာ ကျန်တော့ တယ်။ နီလာ ဆိုတဲ့ သူငယ်ချင်းက မင်္ဂလာဆောင်သွားခဲ့ပြီ။ နောက်ပိုင်းမှာတော့ မီမီနဲ့  ကျွန်မဟာ ဒီိအိမ် ပိုင်ရှင်တွေ ဖြစ်လာခဲ့တယ်။ ကျန်တဲ့သူတွေ ကတော့ တခါတရံမှာ ကျွန်မတို့ ဆီကို ဧည့်သည် အဖြစ်နဲ့ သာ ပြန်လာလည်နိုင်ကြတော့တာလေ။

အရင်က အမျိုးသားတွေက ကန်ထဲမှာ ဆင်းနေပြီး ကန်နားမှာတင် အိပ်တဲ့အတွက် ကျွန်မတို့ မှာ တာဝန် သိပ်မရှိခဲ့ဘူး။ ညဘက်မှာ လုံခြုံရေး တာဝန်ယူရတာ၊ ကန်လုပ်သားတွေ အုပ်ချုပ်ရတာ၊ ပုဇွန်တွေအတွက် အောက်စီဂျင် မပြတ်ရလေအောင် စက်တွေကို မရပ်အောင် ညနက် သန်းခေါင် ထကြည့်ရတာတွေက သူတို့  မရှိတော့မှ ကိုယ်တွေ တာဝန်ယူရတော့တာလေ။ အိပ်ရာက ဖြတ်ဆို နိုးလိုက်တာနဲ့  လက်နှိပ်ဓာတ်မီးနဲ့  အိုင်ကွန် (icom) ဆွဲပြီး ကန်တွေ ထပတ်တတ်တာက နောက်ပိုင်းမှာ အကျင့် ဖြစ်နေခဲ့ပြီ။

တောကြီးမျက်မည်းမှာ နေပေမဲ့ သရဲ တစ္ဆေဆိုတာကို ကျွန်မက အယုံအကြည် မရှိသလို ကြောက်လည်း မကြောက်တတ်ခဲ့ ဘူး။ တကယ်တော့ သရဲ တစ္ဆေထက် ကြောက်ဖို့ ကောင်းတာက စိတ်ထား မကောင်းတဲ့သူ ပဲလို့  ကျွန်မကတော့ ခံယူတယ်။ ဟုတ် တယ်လေ။ စိတ်ထားမကောင်းတဲ့သူကသာလျှင် ကိုယ့်အပေါ် အချိန်မရွေး မကောင်းကြံနိုင်၊ အကောက်ကြံနိုင်တာလေ။

ကျွန်မတို့  အုပ်စုထဲက အကိုတွေက အမြဲတမ်း ကျွန်မကို မှာတယ်။ ဘယ်တော့မှ ညနက် သန်းခေါင် တစ်ယောက်ထဲ ကင်း မပတ်ဖို့ လေ။ မိန်းကလေး တစ်ယောက်ထဲဆိုတော့ အရေးဟယ် အကြောင်းဟယ် သူခိုးတွေ ဘာတွေနဲ့  တွေ့ ရင် ကိုယ်က မိန်းကလေး ဆိုတော့ သူများက ကိုယ့်ကို အန္တာရယ်ပြုသွားမှာ စိတ်ပူကြတာလေ။

ဒါကြောင့် သွားချင်ရင် ကင်းသမား ဒါမှမဟုတ် ကန်က စိတ်ချရတဲ့ ကန်လုပ်သားလေး တစ်ယောက်ယောက်ကို ခေါ်ပြီး သွားစေချင်တာ။ ဒါပေမဲ့ စိတ်မြန်တဲ့ ကျွန်မကလည်း ဘယ်သူ့ မှ မခေါ်ပဲ ကန်ပတ်ဖြစ်တာ များပါတယ်။ ဘုရားတရား မိဘ ဆရာသမား ဂုဏ်ကျေးဇူးနဲ့  ကျွန်မ တစ်ခါမှ ဆိုးဆိုးရွားရွား အန္တာရယ်တော့ မတွေ့ ခဲ့ရဘူး။

သူတို့  ကျွန်မကို စိတ်ပူတယ် ဆိုတာကလည်း ကျန်တဲ့သူတွေ အားလုံးက ဆိုင်ကယ် စီးတတ်တော့ ကန်ပတ် ရင် ဆိုင်ကယ် နဲ့ ပဲသွားလာတာလေ။ ကျွန်မက ဆိုင်ကယ် မစီးတတ်တော့ ခြေကျင်ပဲ လျှောက်ပတ်တာလည်း ပါတာပေါ့။ ပုဇွန်ကန်မှာ ၄နှစ်သာ နေခဲ့တာ ကျွန်မ ဆိုင်ကယ် မစီးတတ်ခဲ့တာလည်း အမှတ်တရ တစ်ခုပါပဲ။

ဘာလို့ လည်းဆိုတော့ ငယ်ငယ်လေးထဲက စိတ်ပူတတ်တဲ့ အဘွားနဲ့  နေခဲ့ရတော့ စက်ဘီးတောင် မစီးတတ် ခဲ့လို့ လေ။

0 comments:

Post a Comment