On 0 comments








မြန်မာ မာတီပလိုင်းအဖွဲ့ (MMG) နဲ့  သဒ္ဓါဓိက လူငယ်အဖွဲ့ ရဲ့ စုပေါင်း ရေလှူဒါန်းပွဲကို ၂၃.၅.၁၀ နေ့ က ရန်ကုန်တိုင်း ဒလမြို့ နယ် ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။ MMG အဖွဲ့ ရဲ့ ဒုတိယအကြိမ်မြောက် ရေလှူဒါန်းခြင်း ဖြစ်ပါတယ်။ MMG ၏ ပထမအကြိမ် ရေလှူပွဲကို ၂၀.၅.၁၀ နေ့ က ဒလမြို့ နယ်ဘက်မှာပဲ သွားရောက် လှူဒါန်းခဲ့တာပါ။

ပထမအကြိမ်က PMG ရေသန့် ဘူးတွေနဲ့ အတူ ဓာတ်ဆား၊ ၀မ်းပိတ်ဆေး စတာတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ ရုံးဖွင့်ရက် ဖြစ်တာကြောင့် ကျွန်မ မလိုက်နိုင်ခဲ့ပါဘူး။ ဒုတိယအကြိမ်မှာမှ လိုက်ပါဖြစ်ခဲ့တာပါ။

ခုတကြိမ် လှူဒါန်းတဲ့ ရေသန့် ဘူးတွေက Toki သောက်ရေသန့် ကပါ။ ၂၃.၅.၁၀ မနက် ၉နာရီမှာ ပန်းဆိုးတန်း အထက်ဘလောက်က Super King လားရှိုး ခုနှစ်လွှာ ပေါက်စီနှင့် ကဖေးဆိုတဲ့ ဆိုင်လေးမှာ ချိန်းဆိုထား ကြတာပါ။ မနက် ၉နာရီကျော်မှာ လိုက်ပါကြမဲ့သူတွေ အတော်များများ တဖွဲဖွဲနဲ့  ရောက်လာကြပါတယ်။

မိန်းကလေးထဲက ကျွန်မ ရောက်ပြီး သိပ်မကြာခင် ညီမလေး မြလေးသျှင် ရောက်လာပါတယ်။ မရင်သွေးဦး လည်း လာမယ် ပြောပါ တယ်။ ၉နာရီခွဲခါနီးမှာ ကိုနဂါး၊ ကိုသစ်ကိုတို့  ဦးဆောင်တဲ့အဖွဲ့ က ဆင်ရေတွင်းမှာ ရှိ တဲ့ Toki သောက်ရေသန့် ကို သွားသယ်ကြပါ တယ်။

ကိုလင်းအောင်ပြည့်ကတော့ အချိန်နီးမှ ကိုသစ်ကိုက MMG ရင်ထိုး Sticker လုပ်ချင်တယ်။ Vinyl လုပ်ချင် တယ်လို့  လှမ်းဂျီကျ ထားတာကြောင့် မနက်ပိုင်းမှ အသည်းအသန် အင်တာနက်ဆိုင် ပြေးပြီး ဓာတ်ပုံတွေယူ Vinyl လုပ်၊ Sticker Paper ပြေးဝယ်ပြီး Print ထုတ်နဲ့  အလုပ်ရှုပ်နေပါတယ်။

ကျွန်မတို့  ကိုအလင်းစေတမန်တို့  သျှင်တို့ ကတော့ သူတို့ ကို စောင့်ရင်း MMG တစ်နှစ်ပြည့်မှာ ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ထိုင် စကားပြောရင်း စိတ်ကူးနဲ့  ကိုယ်လုပ်ချင်တာတွေကို ဆွေးနွေးနေကြတာပါ။ ပထမ အစီ အစဉ်က ဒလဘက်ကို ၁၁နာရီခွဲ ဇက်နဲ့ ကူးဖို့  စီစဉ်ထားတာပါ။ ဒါပေမဲ့ ရေသွားဖြည့်နေတဲ့ ကိုနဂါးတို့  က ဖုန်းဆက်လာပါတယ်။

ရေသန့် ကားတွေက Weight များတော့ ဇက် အတက်အဆင်း အဆင်မပြေမှာစိုးလို့  လှိုင်သာယာဘက်ကပဲ သွားကြမှာမို့  ကျွန်မတို့ တွေ ကို သူတို့ ရှိတဲ့ ဆင်ရေတွင်းကို လိုက်လာခဲ့ဖို့  ကိုလင်းအောင်ပြည့်ကို လှမ်းပြော တာပါ။ အဲဒီအချိန်မှာပဲ ကိုလင်းအောင်ပြည့်ရဲ့ Vinyl တွေ Sticker တွေ ရလာတာမို့  ကျွန်မတို့ သွားဖို့  စီစဉ် ထားတဲ့ ကားနဲ့  ဆင်ရေတွင်းကို လိုက်ခဲ့ကြပါတယ်။

ပထမအကြိမ် ရေလှူချိန်က လိုက်ပြီး လုပ်အားပေးခဲ့ရာက ခါးနာသွားတဲ့ ကိုရာဝဏ္ဏကလည်း သွားမဲ့ သူအချို့  ကို ရေယူတဲ့နေရာအထိ လိုက်ပို့ ပေးသွားခဲ့ပါသေးတယ်။ လုပ်အားပေးတဲ့သူတွေ စီးဖို့ အတွက် Lite Ace တစ်စီး စီစဉ်ထားပြီး ရေသန့်  တင်တဲ့ကားကတော့ ကားကြီး ၁စီး၊ ကားလေး ၁စီး အားလုံးပေါင်း ၃စီးဟာ နေ့  လည် ၁၂နာရီ တိတိမှာ ဆင်ရေတွင်းက စထွက်ခဲ့ပါတယ်။

လှိုင်သာယာဘက်က သွားရတဲ့အတွက် ခရီးက နဲနဲ ပိုဝေးသွားပါတယ်။ တွံတေးဘက်ကို ဖြတ်ပြီးတော့မှ ဒလ ကို သွားရတာမို့ လို့  လေ။ ကျွန်မတို့  သွားရမဲ့နေရာကို ပြောပြပေးမဲ့ ကိုလင်းအောင်ပြည့် မိတ်ဆွေတွေက ဒလမြို့ နာရီစင်ထိပ်မှာ ဆိုင်ကယ်နဲ့  လာကြိုပါ တယ်။ ပြီးတော့ ဒလမြို့  အမှတ် ၉ ရပ်ကွက်ကို ရောက်ခဲ့ပါ တယ်။ အဲဒီကို ရောက်ချိန်မှာ နေ့ လည် ၁နာရီခွဲကျော်ပါပြီ။

ပထမအကြိမ်တုံးက ကားဘီးပေါက်တာကြောင့် ညနေ ၃နာရီမှ ရေ စဝေရတယ်လို့  ပြောပါတယ်။ ပထမဆုံး ကျွန်မတို့  ရေသွားဝေတဲ့ အမှတ် ၉ ရပ်ကွက်နဲ့  အမှတ် ၁၁ ရပ်ကွက်က ကပ်ရပ်ပါ။ သူတို့ ဆီမှာ တကယ့်ကို ရေရှားတာပါ။ သောက်ရေ လိုချင်ရင် ၂မိုင်ကျော် ဝေး တဲ့ နေရာအထိ သွားခပ်ရတာပါ။ အဲဒီ သပြေကုန်းဘက် ကတော့ အိမ်ခြေနည်းတော့ သောက်သုံးရေ လုံလောက်ပါသေးတယ်တဲ့။

သုံးရေကလည်း စိမ်းတောက်နေတာပါပဲ။ ရေညှိုတွေ အရမ်းများတဲ့ အစိမ်းရောင်မျိုး ပေါက်နေတာပါ။ အဲဒီရေနဲ့  ထမင်းချက်ရင် ထမင်းတောင် အစိမ်းရောင် ပေါက်တယ်လို့  သူတို့ က ပြောကြပါတယ်။ အမှတ် ၉ ရပ်ကွက် နဲ့  အမှတ် ၁၁ ရပ်ကွက် ၂ခုမှာ ကျွန်မ တို့  ရေသန့် ဘူး ၃၀၀ လှူခဲ့ပါတယ်။

ကျွန်မ ကလေးတွေကို ပေးချင်လို့ ဆိုပြီး ထုတ်လာတဲ့ မုန့် ထုတ်လေးတွေလည်း ဝေပေးခဲ့ပါသေး တယ်။ မုန့်  ၃-၄မျိုးကို အိတ်လေး တွေ နဲ့  ပြန် ထုတ်ထားတာပါ။ ပါလာတာ အားလုံးမှ မုန့် က အထုတ် ၁၀၀ထဲပါ။ ဝေနေ ရင်းနဲ့  ယူတဲ့ကလေးတွေ များလာပြီး မုန့် ထုတ် မလောက်လို့  ကျွန်မ သူတို့ ကြားက မနည်း ထွက်ပြေး လာရပါသေးတယ်။

နောက်ပြီး ရေလာယူတဲ့သူတွေကို ဓာတ်ဆားလည်းဝေခဲ့သေးပါတယ်။ အိမ်ခြေ ၂၅၀ လောက်ရှိတယ်ဆိုပြီး ကိုသစ်ကိုတို့ က အထုတ် ၂၅၀ စီစဉ်ခဲ့တာပါ။ ရေဝေတဲ့နေရာကို ၀င်ရတာ လမ်းအရမ်းဆိုးပါတယ်။ နောက်ပြီး ကျွန်မတို့  ရန်ကုန်က ထွက်ထဲက ရွာလိုက်တဲ့မိုး က သည်းကြီးမည်းကြီးပါပဲ။ ဒလကို ၀င်မှ နဲနဲ တိတ်သွားတာ ပါ။ ဒါပေမဲ့ ဒီရပ်ကွက် ၂ခုကို ရေဝေမပြီးခင်မှာပဲ မိုးက ထပ်ရွာချတာမို့  အားလုံး စိုရွှဲကုန်တာပါပဲ။

ယောကျာ်းလေးတွေကတော့ ရေသန့် ဘူးတွေ ကိုယ်တိုင်တင် ကိုယ်တိုင်ချ ကိုယ်တိုင် လိုက်ထည့်နဲ့  ကုသိုလ် တွေ အများကြီး ရမှာ ဖြစ်သလို တော်တော်လေးလည်း ပင်ပန်းကြပါတယ်။ ပထမအကြိမ်ရော ဒုတိယအကြိမ် ရော ဒီလူတွေက ပြန်ပါတာမို့  သူတို့ ကတော့ ပိုပင်ပန်းပါတယ်။

ရေဝေပြီးလို့  ပြန်မယ်လုပ်တော့ ကားက ပြန်တက်မနိုင်ပါဘူး။ လယ်ကွင်းတွေ ချိုင့်ခွက်တွေထဲ ရုန်းပြီး ဆင်း သွားတဲ့ ကားကြီးက ပြန်အတက်မှာ နစ်ပါတယ်။ နစ်နေတဲ့ကားကို နယ်ခံလူတွေရယ်၊ လုပ်အားပေး အဖွဲ့ တွေ ရယ် တော်တော်လေး ကြိုးပန်းပြီး မနည်း တွန်းတင်ကြရပါတယ်။

နောက်တစ်နေရာကို မသွားခင်မှာ မနက်စာစားဖို့  ဒလ ဆိပ်ကမ်းဘက်ကို ပြန်သွားရပါတယ်။ ဘာလို့ လဲဆို တော့ ညနေ ၄နာရီ ထိုး နေမို့  မပြောကြပေမဲ့ အားလုံးက ဗိုက်ဆာနေကြပါပြီ။ ဒလ ကူးတို့ ဆိပ်နားက ဒေါ်ရှမ်း ဆိုတဲ့ ထမင်းဆိုင်လေးမှာ ထမင်းစားဖြစ်ကြ တော့ ၄နာရီခွဲလုလု ဖြစ်နေခဲ့ပြီ။

ထမင်းစားပြီးချိန်မှာ ရေကုန်သွားတဲ့ ကားတစ်စီးက ပြန်ဖို့  ဇက်ဆိပ်မှာ ကျန်နေခဲ့ပါတယ်။ ကျန်တဲ့သူတွေက နောက်ထပ် ဝေမဲ့ ရပ်ကွက်တစ်ခုကို သွားပါတယ်။ အဲဒီမှာ မပြောမဆိုနဲ့  ကျန်နေခဲ့တာကတော့ ကျွန်မတို့  MMG ရဲ့ အကိုကြီး ကိုအလင်းစေတမန်ပါ။ မပြောမဆိုနဲ့  ကျန်နေခဲ့တာမှ သူ့ အိတ်ထဲမှာ ပိုက်ဆံ တပြားမှ မကျန်တာကို မသိပဲ ကျန်နေခဲ့တာပါ။ သူ့ ပိုက်ဆံတွေက အလုပ်များ ချိန်က ခဏ အပ်ထားတဲ့ ညီမလေး သျှင် ရဲ့ အိတ်ထဲမှာလေ။ အိမ်ကို ဘယ်လို ရောက်အောင် ပြန်မယ်တော့ မပြောတတ်ပါဘူး။

နောက်ရပ်ကွက်က ပွဲစားတန်းဆိုတဲ့ အမှတ် ၁၄ရပ်ကွက်လေးမှာပါ။ သူတို့ ရပ်ကွက်ကို လာတဲ့ လမ်းမှာ သောက်ရေကန် ၃ကန် တွေ့ ခဲ့ပါတယ်။ ဒါပေမဲ့ ၂ကန်က ရေလုံးဝ မရှိပဲ အလယ်ကျွန်း သောက်ရေကန်ဆိုတဲ့ ၁ကန်ကတော့ ကန်လယ်မှာ ကြာတွေ အများအပြား ရှိနေပေမဲ့ ရေနဲနဲပါးပါး ခပ်လို့ ရပါသေးတယ်။ အနည်းဆုံးတော့ သုံးရေ တော့ ရပါသေးတယ်။

လမ်းမှာ ကျွန်မတို့ လို ရေလာလှူတဲ့ အဖွဲ့  ၃-၄ဖွဲ့ တွေ့ ခဲ့ပါတယ်။ တချို့ က သံတိုင်ကီတွေ၊ စည်ပိုင်းတွေနဲ့  သုံးရေ လာလှူတာပါ။ ကျွန်မတို့ ရဲ့ လက်ကျန်ရေ ပုံး၂၀၀ကို ဒီရပ်ကွက်လေးမှာပဲ ဖြတ်ပြီး ပေးခဲ့ပါတော့တယ်။ ညနေ ၆နာရီကျော်ပြီမို့  မှောင်စ ပြုလာပြီလေ။ ကားကူးတဲ့ ဇက်က ညနေ ၆နာရီ နောက်ဆုံး ဆိုတာကြောင့် ရေသန့် ကားတွေ ကျွန်မတို့ လာတဲ့ ကားတွေက ဒလဘက်က ပြန်ကူး မယ် စိတ်ကူးထားပေမဲ့ မမှီတော့ပါဘူး။

လှိုင်သာယာဘက်က ပြန်မှ ရတော့မှာမို့  ကျွန်မတို့  မိန်းကလေးတွေနဲ့  တချို့ သူတွေ ဒလဘက်ကမ်းကနေ လူကူးဇက်နဲ့  ပြန်ဖို့  စီစဉ် ပြီး လမ်းခွဲကြပါတယ်။ ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ ကိုနဂါးတို့ ကတော့ သောက်ရေသန့် ဘူးတွေ ပြန်အပ်ရအုံးမှာမို့  ကားတွေနဲ့  ပဲ ပြန်ဖို့  ကျန်နေခဲ့ပါတော့တယ်။

အားလုံး ဒလဘက်ကမ်းမှာပဲ လူစု ခွဲခဲ့ကြတာပါ။ ခရီးစဉ်တစ်ခုလုံးမှာ စိတ်အေးချမ်း ကြည်နူးစွာနဲ့  အဆင်ပြေ ချောမွေ့ စွာ ပြီးဆုံးသွား ခဲ့ပါတယ်။ ပီတိတွေ ကြည်နူးမှုတွေလည်း ဖြစ်ရပါတယ်။ အားလုံးရဲ့ အလှူလည်း အထမြောက် အောင်မြင်ခဲ့တာ မို့  ရေလှူသော သူများ ရော၊ မလှူဖြစ်တဲ့ သူတွေရော ၀မ်းသာ ကြည်နူး သာဓုခေါ်နိုင်အောင် ရည်ရွယ်ပြီး ဒီစာမူလေးကို ကျွန်မ ရေးတင်ဖြစ်တာပါ။

ဒီခရီးစဉ်ကို စာမေးပွဲ နီးလို့  စာကျက်နေရတဲ့ကြားကနေ ကျွန်မ ဂျီကျလို့  လိုက်လာပြီး စိတ်ပါလက်ပါ ကူညီပေးခဲ့တဲ့ ညီမလေး မြလေးသျှင်၊ Victoria Shopping Mall မှာ စီးရီးခွေ အသစ်ထွက်လို့  လက်မှတ်ထိုးပွဲ ရှိတဲ့ ကြားကနေ MMG အတွက် လိုက်ပါ ကူညီ လုပ်အားပေးတဲ့ ကိုနဂါး၊ အခြားအခြားသော လူမှုရေး ကိစ္စ များကို ထားရစ်ကာ စိတ်ပါလက်ပါ ကူညီပေးခဲ့ကြသော သဒ္ဓါဓိက အဖွဲ့ ဝင် များနှင့် လိုက်ပါ ကူညီကြသော MMG အဖွဲ့ ဝင်များကို အားလုံး ကိုယ်စား ကျွန်မက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ……….


23.5.10
11:50 pm

0 comments:

Post a Comment