On 0 comments



6.6.10 မနက် ၇နာရီ မိနစ် ၃၀

ပဲခူးမြို့  အလိုင်နီကျေးရွာကို သွားကြဖို့  MMG အဖွဲ့ ဝင်တွေရယ်၊ My Suboo Fun Club အဖွဲ့ ဝင်တွေရယ်၊ Mistake 51 Area အဖွဲ့  ၀င်တွေရယ်ဟာ မြေနီကုန်းက KING လားရှိုး ပေါက်စီနှင့် ကဖေးဆိုင်မှာ ဆုံရပ် အဖြစ် သတ်မှတ်ပြီး ချိန်းဆို ခဲ့ကြပါတယ်။ သွားမဲ့ အဖွဲ့ ဝင်တွေဟာ သက်ဆိုင်ရာ အုပ်စု အလိုက် ပစ္စည်းတွေ တပုံတပင်နဲ့  ရောက်ရှိ လာကြပါတယ်။

ကျွန်မတို့  MMG အဖွဲ့ ကတော့ ဦးဇင်း အရှင် ၀ရသာမိ (dhammaanalysis)၊ ကိုအလင်းစေတမာန်၊ ကိုနဂါး၊ ကိုကို ညီညီ၊ ကိုဇော်လတ်၊ ကိုသစ်ကို၊ မရင်သွေးဦး၊ မသော်တာတို့  မောင်နှမ ၂ယောက်၊ ကျွန်မနဲ့  ရုံးက ညီမလေး တစ်ယောက်တို့  ရောက်နေကြပါပြီ။ ကိုလင်းအောင်ပြည့် ကတော့ လာနေဆဲပါ။ မရောက်သေး ပါဘူး။ ဒီနေ့ သွားဖြစ်တဲ့ ခရီးစဉ်ကို My Suboo Fun Club က ဦးဆောင် စီစဉ်တာပါ။ ကျွန်မတို့ ကတော့ သူတို့ နဲ့ အတူ တပါထဲ လိုက်ရင်း ကိုယ်နိုင်သလောက် လှူကြ တာပါ။ မနက် ၈နာရီ ၁၅ မိနစ်မှာ စီစဉ်ထားတဲ့ ဘီအမ် ကား ၃စီး ရောက်လာပါတယ်။

ယူသွားကြမဲ့ အလှူပစ္စည်းတွေ တင်ကြရင်း သွားမယ်လည်း လုပ်ရော ဦးဇင်းလေးက မာတီက လူတွေ မတွေ့ ရတာကြာလို့  ဒီကို လာတာ။ ပဲခူးကိုတော့ မလိုက်တော့ပါဘူးတဲ့။ ကိုအလင်းကလည်း သွားမဲ့သူတွေ ကို လာတွေ့ တာပါ။ ဆိုင်မှာ လူစောင့် မရှိလို့  မလိုက်တော့ပါဘူးတဲ့။ ကျွန်မတို့ အုပ်စုက ဦးဇင်းလေးကိုရော ကိုအလင်းကိုပါ လိုက်ခဲ့ပါဆိုပြီး အတင်း ချောဆွဲလာတာပါ။ သူတို့ လည်း ကျွန်မတို့ ကို အားနာစွာနဲ့  လိုက်ခဲ့ ကြ တာ ည ၇နာရီခွဲမှ ရန်ကုန် ပြန်ရောက်ပါတော့တယ်။

ကျွန်မတို့  ကားတွေ မြေနီကုန်းက စထွက်ချိန်အထိ ကိုလင်းအောင်ပြည့်တစ်ယောက် ရောက်မလာသေးပါ ဘူး။ သူ ကျန်ခဲ့မှာဆိုးလို့  ကိုနဂါးတို့  ကိုသစ်တို့  တောက်လျှောက် လှမ်းဖုန်းဆက်ပြီး လိုက်လာရမဲ့ နေရာ ပြောနေ ပါတယ်။ ကျွန်မတို့ ကားတွေက စာသင်ခုံတွေကို ဘုရင့်နောင်မှာ ၀င်တင်ကြပါတယ်။

ကိုလင်းအောင်ပြည့် က Victoria Shopping Mall ရှေ့ ကနေ စောင့်နေပါတယ်။ သူက လည်း ကျွန်မတို့  ၀တ် ဖို့  ၀တ်စုံတွေ လိုက်ယူရင်း နောက်ကျနေတာ။ နေ့ လည် ၁နာရီမှာ သွားစရာ ရှိပေမဲ့ MMG က သွားရင် မလိုက်ပဲ မနေနိုင်လို့  ဆိုပြီး လိုက်လာတာပါ။

ကျွန်မတို့ ကလည်း ကိုလင်းအောင်ပြည့် လိုက်လာရင် ပုံကောင်းကောင်းလေးတွေ ရလို့  သူ့ ကို အမြဲ လိုက် စေချင်တာ။ (သူ့  ကင်မရာက မိုက်တယ်လေ။) ဓာတ်ပုံ လိုချင်လို့  သူ့ ကို လိုက်စေချင်မှန်းတော့ သူမသိစေ နဲ့  နော်။ နောက်ဆို မလိုက်ပဲ နေလိမ့်မယ်။

မနက် ၉နာရီကျော်မှာ ကျွန်မတို့  အဝေးပြေး လမ်းမကြီးပေါ်ရောက်နေကြပါပြီ။ ကျွန်မတို့ ဟာ ရန်ကုန်တိုင်း ကို ကျော်ပြီး ပဲခူးတိုင်း ဘက်ကို ရောက်ခဲ့ပြီ။ ရန်ကုန်- မန္တလေး အမြန် လမ်းသစ်ကြီးက မဟုတ်ပဲ နဂို လမ်း ဟောင်းဘက်က လာခဲ့ကြတယ်။ ကျွန်မတို့ သွား ရမဲ့ လမ်းခွဲထိပ်မှာ အလိုင်နီရွာက ကျောင်းဆရာလေးနဲ့  ဦးဇင်းတစ်ပါးက လာကြိုပါတယ်။

ရန်ကုန်- ပဲခူးကားလမ်းမဘေးက ချိုးကွေ့ တဲ့လမ်းချိုးကနေ ကျွန်မတို့  သွားမဲ့ အလိုင်နီ ရွာအထိ အတော် ကြာအောင် ကားစီး ရပါသေးတယ်။ လမ်းမှာ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်ကို ဖြတ်ကျော်ရပါ တယ်။ အဲဒီမှာ ကားတွေ ဖြတ်ကျော်ခွင့်ရအောင်လို့  ကျွန်မတို့  နာရီဝက်လောက် ရပ်စောင့်ရပါတယ်။

နေ့ လည် ၁၂နာရီ ထိုးလုမှာ အလိုင်နီဆည်ထိပ်မှာရှိတဲ့ အမှတ်(၅) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အောင်သိန္ဓိကျောင်းတိုက် ကို ရောက်ရှိကြပါတယ်။ ကျွန်မတို့ တွေကို ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်းထိုင် ဘုန်းဘုန်းတွေ၊ ဆရာ ဆရာမတွေ လာကြိုကြပါတယ်။ ကားတွေပေါ် က အထုတ်တွေ ၀ိုင်းချပေး၊ သယ်ပိုးပေးကြပါတယ်။

အဲဒီအချိန်မှာ ကျောင်းတက် ခေါင်းလောင်းထိုးတာကြောင့် ကလေးတွေ ကျောင်းဘက်ကို ပြန်သွားကြပါ တယ်။ ကျောင်းထဲမှာ ကလေးတွေ အားလုံးစုပေါင်း ထိုင်နေပြီး ကလေးတွေ စားဖို့  ထမင်းပွဲတွေ ပြင်ထား ပေးပါတယ်။ ကလေး အားလုံးပေါင်း ၂၇၂ယောက် ပါ။ ကလေးတွေ များပေမဲ့ အရမ်း စည်းကမ်း ရှိပါတယ်။ ငြိမ်သက် တိတ်ဆိတ်နေတာပါပဲ။

ဒီနေ့ မှာတော့ အလှူရှိတဲ့ အထိမ်းအမှတ်နဲ့  ကလေးတွေကိုရော မိဘတွေကိုပါ ဘုန်းကြီးကျောင်းမှာ ထမင်း ကျွေးမှာပါ။ ကလေးတွေ ကို သူ့ သက်ဆိုင်ရာ အတန်းအလိုက် ထမင်းခေါ်ကျွေးပါတယ်။

သူတို့ တွေကို ထမင်းကျွေးနေတုံး My Suboo Fun Club အဖွဲ့ ဝင်တွေက ကလေးတွေကို ပေးဖို့  အင်္ကျီတွေ၊ စာအုပ်တွေကို အထုတ်တွေ ခွဲထုတ်နေပါတယ်။ ကျွန်မတို့ အဖွဲ့ ကတော့ ကလေးတွေအတွက် ကျွန်မ ယူလာ တဲ့ Cake Boy နဲ့  Lolly Pop လေးတွေကို လိုက်ဝေ ပေးပါတယ်။ ကလေးတွေ အားလုံး ထမင်းကျွေးပြီးတော့ ကျောင်းသား မိဘတွေကိုလည်း ကျွေးပါတယ်။ ကျွန်မတို့  အဖွဲ့ တွေကိုလည်း ဘုန်းကြီးကျောင်းပေါ်မှာ ထမင်း ပြင်ဆင်ကျွေးပါတယ်။

အားနေချိန်လေးမှာ ကျောင်းဘေး ကပ်ရက်ရှိတဲ့ အလိုင်နီဆည်ပေါ်တက်ပြီး ကျွန်မတို့ အုပ်စု အမှတ်တရ ဓာတ်ပုံ ရိုက်ကြ ပါသေးတယ်။ အလိုင်နီ ဆည်ပေါ်က မြင်ရတဲ့ ရွာကျောင်းလေးဟာ ချစ်စရာ အေးအေး ချမ်းချမ်းလေးပါ။

ထမင်းစားပြီး ခဏနားနေချိန်မှာ ဇွန်လဖွား မွေးနေ့ ရှင်တွေအတွက် စုပြီး My Suboo Fun Club အဖွဲ့ ဝင် မွေးနေ့ ကိတ်ခွဲပြီး တပျော် တပါး ကျင်းပနေတာကိုလည်း တွေ့ ခဲ့ရပါတယ်။ နေ့ လည် ၂နာရီခွဲလောက်မှာ ကျောင်းထိုင်ဆရာတော်က အလှူရှင်တွေ အားလုံးစု ပြီး ရေစက်ချ တရားနာကြပါတယ်။

တရားနာပြီးချိန်မှာတော့ အလှူရှင်တွေက (ကျွန်မတို့ အဖွဲ့ တွေ) လှူမဲ့ပစ္စည်းတွေ အားလုံးစုပြီး ကလေးတွေ ကို တတန်းချင်းအလိုက် တစ်ယောက်ချင်းအလိုက် နာမည်ခေါ်ပြီး ကျောင်းသုံးပစ္စည်းတွေ ပေးအပ်ပါတယ်။ My Suboo Fun Club အဖွဲ့ ဝင် အလှူရှင်တွေ စီစဉ်လာတာက တကယ့်ကို သဘောကျစရာပါ။ ကလေးတွေ အတွက် ကျောင်းသုံး ပစ္စည်းသာမက ကလေး ကစားစရာလေးတွေကိုပါ အယောက်တိုင်းအတွက် စီစဉ် လာ တာကိုက ချီးကျူးလောက်ပါတယ်။

ကလေးတွေ ဖတ်ဖို့  စာကြည့်တိုက်လေး လုပ်ထားပေးတာကိုလည်း ၀မ်းသာစရာ ဒီကျောင်းမှာ တွေ့ ခဲ့ရပါ တယ်။ ဘာပဲပြောပြော ကျွန်မတို့ ရဲ့ ခုံလှူတန်းမှု၊ ကလေးတွေအတွက် စာအုပ် စာတမ်း ကျောင်းသုံး ပစ္စည်း လှူဒါန်းမှုတွေသာမက ကျွန်မတို့ လာတဲ့သူ အတော်များများ မှာလည်း ကလေးတွေ ဖတ်ဖို့  ပုံပြင် စာအုပ် လေးတွေ၊ ဗဟုသုတ စာအုပ်စာတမ်းတွေ၊ ဂျာနယ်တွေ၊ စာကြည့်တိုက်အတွက် စာအုပ်တွေ အများကြီး ပါ လာကြပါတယ်။ ဒီစာအုပ်လေး တွေကလည်း သူတို့ အတွက် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။

ဒီကျောင်းက ကျောင်းသားစာရင်းကို တင်ပြရရင်

သူငယ်တန်း - ၁၁၈ ယောက်
ပထမတန်း - ၄၃ ယောက်
ဒုတိယတန်း - ၃၀ ယောက်
တတိယတန်း - ၂၅ ယောက်
စတုတ္ထတန်း - ၁၈ ယောက်
ပဉ္စမတန်း - ၁၇ ယောက်
ဆဌမတန်း - ၁၂ ယောက်
သတ္တမတန်း - ၅ ယောက်
အဌမတန်း - ၄ ယောက်
အားလုံးပေါင်း - ၂၇၂ ယောက် ဖြစ်ပါတယ်။

ကျွန်မတို့ တွေ ညနေ ၄နာရီ ၄၅ မိနစ်မှာ အောင်မြင်စွာနဲ့  ပြန်လာခဲ့ကြပါတယ်။ သူတို့ လေးတွေဟာ ဒီ အမှတ် (၅) ဘုန်းတော်ကြီးတော်သင် ပညာရေးကျောင်းမှာမှ မတက်ရရင် ဟိုးအ၀းကြီး မြို့ ပေါ်မှာ ကျောင်း သွားတက်ရမဲ့ ကလေးငယ်တွေပါ။ ဘာပဲပြောပြော ခုလို ကျောင်းနဲ့  အလှမ်းဝေးလို့  မြို့ ကျောင်းမှာ စာသွား မသင်နိုင်တဲ့ ကလေးငယ်တွေကို အဆင်ပြေစွာ စာသင်နိုင်အောင် ကူညီရာ တွင် ကိုယ်အား၊ စိတ်အား၊ လူအား၊ ငွေအား စသည့် ကိုယ်နိုင်ရာ တတပ်တအားဖြင့် ပါဝင်ခဲ့သောသူများ၊ ကိုယ်တိုင် မပါဝင် နိုင်သော် လည်း နှုတ်အားဖြင့် နှိုးဆော် ဦးဆောင်ခဲ့သူ များ၊ မာတီမှ သူငယ်ချင်းများ၊ MMG မှ သူငယ်ချင်းများ၊ My Suboo Fun Club မှ မိတ်ဆွေများ၊ Mistake 51 Area မိတ်ဆွေများနှင့် အားလုံးသော မိတ်ဆွေ သူငယ်ချင်း များကို ကျွန်မတို့  ပြုသမျှ ကုသိုလ်ကို သာဓုခေါ်နိုင်အောင် ပြန်လည် ခံစား တင်ပြ လိုက်ရပါတယ်နော်။

မေဇူး
7.6.10
12:15 pm

0 comments:

Post a Comment