On 0 comments

၂၀၀၁ ဇန်န၀ါရီလမှ ဧပြီလအတွင်း ဘာမှ ထူးထူးခြားခြား မလှုပ်ရှား ဖြစ်ခဲ့ပါဘူး။

၂၀၁၀ မေလ- မြန်မာနိုင်ငံမှာ မိုးနောက်ကျတဲ့အတွက် မေလမှာ အညာဒေသသာမက အချို့ အချို့ သော မြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်ပေခဲ့ပါတယ်။ ဒါကြောင့် လှုမှုရေး အဖွဲ့ အစည်း အသီးသီး ကနေ ရေဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ကို သောက်ရေတွေ သုံးရေတွေ သွားရောက် လှူဒါန်း ကြပါတယ်။ ရန်ကုန်နဲ့  မြစ်တဘက်ပဲခြားတဲ့ ဒလမြို့ နယ်တွေ၊ တွံတေးမြို့ နယ်တွေမှာလည်း ရေရှားပါးမှုတွေ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါကြောင့် MMG အဖွဲ့ မှ ဦးဆောင်၍ ၂၀.၅.၁၀ နဲ့  ၂၃.၅.၁၀ နေ့ တွေမှာ ဒလမြို့ နယ် ကို ရေသန့် ကားများဖြင့် သွားရောက်ပြီး အဖွဲ့ ဝင်များ ကိုယ်တိုင် ကိုယ်ကျ ထမ်းပိုးကာ သောက်ရေ ၂ကြိမ်ခန့်  လှူဒါန်းခဲ့ပါတယ်။

၂၀၁၀ ဇွန်လ ကျောင်းတွေ စဖွင့်ဖွင့်ချင်းမှာပဲ ပဲခူးတိုင်း အလိုင်နီဆည်အနီးက အမှတ် (၅)၊ အောင်သိဒ္ဓိ ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စာသင်ကြားနေတဲ့ ကိုရင်လေးတွေနဲ့  ကျောင်းသူ ကျောင်းသားတွေ ၂၇၂ ယောက်ရှိ ထိုကျောင်းလေးမှာ လိုအပ်လျှက်ရှိသော စာသင်ခုံများ၊ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကွန်ပါဗူး၊ ခဲတံနှင့် မုန့် အစရှိသောပစ္စည်းများကို သွားရောက် လှူဒါန်း ခဲ့ပါတယ်။

၂၀၁၀ သြဂုတ်လမှာ ၀ါဆို အလှူ ပြုလုပ်ခဲ့ပါတယ်။ MMG ရဲ့ ၀ါဆို သင်္ဃန်းကပ်ပွဲကို ရွှေတိဂုံဘုရား အရှေ့  ဘက်မုခ်မှာ ရှိတဲ့ မင်္ဂလာမဏ္ဍိုင် ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာပါ။ ၀ါဆို သင်္ဃန်းကပ်ရန်အတွက် လိုအပ် သော ဆွမ်းကိုလည်း အဖွဲ့ ဝင်များ ကိုယ်တိုင် ချက်ပြုတ် လုပ်ကိုင်ခဲ့ကြပါတယ်။ ထိုနေ့ နေ့ လယ်ခင်း မှာပဲ မြိုင်သာယာ (၁) ရပ်ကွက် ကျောက်တန်းမြို့ နယ်မှာ တည်ရှိတဲ့ “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင်သင် (အခမဲ့) ပညာရေးကျောင်း” ကို သွားရောက်ပြီး အလှူဆက်လုပ်ခဲ့ကြပါသေးတယ်။

ထိုကျောင်းမှာ ပညာသင်ကြားနေတဲ့ ဆရာလေးတွေနဲ့  ကလေးတွေ အတွက် သူတို့ လက်ရှိ သုံးနေတဲ့ မြေဖြူနဲ့  ရေးနေရတဲ့ Black board အစား Maker Pen နဲ့  ရေးရတဲ့ White board လေးတွေကို အခန်းတိုင်းမှာ လဲလှယ်ပေးခဲ့ပါတယ်။ နောက်ပြီး အဖွဲ့ သားတွေ အားလုံး စုပေါင်း ၀ိုင်းဝန်း လှူဒါန်းကြတဲ့ ဗလာစာအုပ်တွေ၊ ခဲတံတွေနဲ့  ကလေးတွေအတွက် မုန့် တွေကို ကျောင်းသူ ဆရာလေးတွေနဲ့  ကလေး ၁ဦးချင်းစီကို ပေးအပ် လှူဒါန်းကြပါတယ်။ ဒီကျောင်းလေးကလည်း ဆရာလေးတွေနဲ့  နေ့ ကျောင်းလာတက် ကြတဲ့ ကလေးတွေ ပေါင်းရင် ၃၈၄ ယောက်တောင် ရှိပါတယ်။ သူတို့ မှာလည်း စာရေးကရိယာနဲ့  ဆွမ်းအတွက် အလှူငွေ အမြဲတမ်း လိုအပ်လျှက် ရှိပါတယ်။

၂၀၁၀ စက်တင်ဘာလ - ၀ါဆိုသင်္ဃန်းကပ်ပွဲ ပြီးချိန်မှာပဲ ပညာသင်ကြားနေတဲ့ ကလေးတွေကို တတ်နိုင် သလောက် ကူညီ အားဖြည့်သောအားဖြင့် ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ် ရှင်သာမဏေ တန်ဆောင်းမှာ လူငယ် လိမ္မာ ယဉ်ကျေးမှု သင်တန်း တက်နေကြသော လူငယ် အယောက်၆၀ ၀န်းကျင်ကို တနင်္ဂနွေနေ့ တိုင်း ကော်ဖီ နဲ့  မုန့် များ တိုက်ကျွေးခဲ့ပါတယ်။ အဖွဲ့ ဝင် အားလုံးလည်း အမြဲတမ်း တွေ့ နိုင်အောင် ဆုံရပ်အဖြစ် တနင်္ဂနွေ အပတ်တိုင်း ရှင်သာမဏေ တန်ဆောင်းမှာ အလှူလုပ်ရင်း စုစည်းခဲ့ကြပါတယ်။

၂၀၁၀ အောက်တိုဘာလ - ကျွန်မတို့ ရဲ့ MMG ရဲ့ တစ်နှစ်ပြည့် တွေ့ ဆုံပွဲလေးကို အမှတ်၂၅၊ ဓမ္မစေတီလမ်း၊ Yuzana Twin Tower မှာရှိတဲ့ Ocean Princess ပင်လယ်စာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ တစ်နှစ်ပြည့် အမှတ်တရ အဖြစ် MMG အထူးထုတ် စာအုပ်လေးလည်း ထုတ်ဝေ ဖြစ်ခဲ့ပါတယ်။

၂၂.၁၀.၁၀ မှာတော့ ကျွန်မတို့  မြန်မာနိုင်ငံမှာ ဒုတိယ နာဂစ်လို့  ပြောလို့ ရတဲ့ ဂီရိမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခြင်း ခံခဲ့ရပါတယ်။ နာဂစ်လောက် မုန်တိုင်းတိုက်ခတ်ချိန် မကြာမြင့်ပေမဲ့ ဂီရိ မုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နဲ့  အနီးဝန်းကျင် တ၀ိုက်က လူတွေဟာ ဆုံးရှုံး ပျက်စီးမှုတွေကို နာဂစ်လိုပဲ ရင်ဆိုင်ခဲ့ရတာပါ။ ဂီရိ မုန်တိုင်း ဖြစ်ပွားခဲ့ရာ ကျော်ဖြူမြို့ နှင့် အနီးတ၀ိုက် က ရွာတွေကို မုန်တိုင်း ဖြစ်ပွားပြီး ၂ရက်အကြာမှာ MMG အဖွဲ့ မှ ကိုလင်းအောင်ပြည့်က သွားရောက်ခဲ့ပါတယ်။ ပြည်သူတွေ မုန်တိုင်း ခံစားရပုံ အသေးစိတ်ကို သိရှိရန်နဲ့  အကူအညီ လိုအပ်သော နေရာတွေကို လိုအပ်သော ကူညီမှုများ ပေးနိုင် ရန်အတွက် ၄င်းဒေသအထိ သွားရောက်ကာ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ထို့ နောက် လှူဒါန်း ပေးပို့ ကျသော အလှူငွေများကို စု၍ ကျောက်ဖြူမြို့ တွင် ရောက်ရှိနေသော ကိုလင်းအောင်ပြည့်ထံ ပေးပို့ ကာ MMG ၏ ပထမအကြိမ် အလှူအဖြစ် မုန်တိုင်းသင့် ဒုက္ခသည်များကို ရည်စူး လှူဒါန်းနိုင်ခဲ့ပါသည်။

၂၀၁၀ နိုဝင်ဘာလ - ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နဲ့  အနီးဝန်းကျင်မှ မုန်တိုင်းသင့် ရွာများ ဖြစ်ကြသော ပြင်ဝန်းနှင့် ကျွန်းသာယာရွာတို့ ကို သွားရောက်ကာ ဒုတိယအကြိမ်အဖြစ် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ယခု လက်ရှိမှာလည်း MMG အနေနဲ့  ဂီရိမုန်တိုင်းသင့် ဒေသတွေကို တတိယအကြိမ် သွားရောက်ရန် ပြင်ဆင် အလှူခံ ပစ္စည်းများ စုဆောင်းဆဲ ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ထိုဒေသတွေဟာ သွားလာရန် ခက်ခဲတာကြောင့် အလှူပစ္စည်းများ တော်ရုံနဲ့  မရရှိတာကြောင့် MMG အနေ နဲ့  တတိယအကြိမ် ထပ်မံ လှူဒါန်းလိုခြင်း ဖြစ်ပါတယ်။ လှူချင်သူများ ရှိရင်လည်း ကျွန်မတို့ ထံ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ကထိန်သင်္ဃန်းကပ်ပွဲကိုတော့ စိတ္တသုခကျောင်းတိုက်၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့  နယ်က ကျောင်းလေးမှာ ပြုလုပ်ခဲ့ပါတယ်။ ကထိန် မခင်းရတာ ၂နှစ်ရှိပြီ ဖြစ်တဲ့ ကျောင်းလေးမှာ ကထိန် ခင်းခွင့် ရတာကလည်း ကျွန်မတို့ အတွက် ၀မ်းမြောက်စရာပါပဲ။

တတ်နိုင်သမျှ ပရဟိတနဲ့  လူမှုရေး လုပ်ငန်းတွေ လုပ်ရင်းနဲ့  ၂၀၁၀ ခုနှစ်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ကောင်းမှု ကုသိုလ်လုပ်ရင်းနဲ့ လည်း စိတ်အခန့် မသင့်လို့  အကုသိုလ်ဘက်နွယ်သွားတာမျိုးလည်း တခါတရံမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှတော့ ကြိုးစားပြီး ကောင်းမှု ကုသိုလ်လေးတွေ ဆက်လုပ်ပါအုံးမယ်။

ဒီလိုလုပ်နိုင်အောင် ကျွန်မတို့ ကို လူအား၊ ငွေအား၊ စိတ်ဓာတ် အင်အားလေးတွေ ပေးခဲ့တဲ့ မာတီက မိတ်ဆွေ တွေ၊ MMG က သူငယ်ချင်းတွေ၊ မာတီက MMG က မဟုတ်ပေမဲ့ ကျွန်မတို့ ကို ခင်မင်မှုနဲ့  လှူဒါန်း ကူညီသူ တွေ၊ ကျေးဇူး ရှိသောသူ ကျေးဇူးတင်ထိုက်သောသူ အားလုံးကို ဒီနေရာက ကျေးဇူးတင်ရင်း ၂၀၁၁မှာလည်း ဒီလို ခွန်အားမျိုးရအောင် ကူညီ အားဖြည့်ပေးကြပါအုံးလို့  ဆန္ဒပြုရင်း

MMG ဒိုင်ယာရီနဲ့  ၂၀၁၀ခုနှစ်ကို နှုတ်ဆက်လိုက်ပါတယ်နော်။

0 comments:

Post a Comment