On 0 comments

Happy New Year ပါ MMG ချစ်သူတွေရေ။ မင်္ဂလာပါနော်။ 2011 ဆိုတဲ့ နှစ်တစ်နှစ်ရဲ့ အသစ် အသစ်တို့  စတင်ခဲ့ပါပြီ။ နှစ်တစ်နှစ်ရဲ့ နှစ်ဦးအစ အဖွင့်ကို အလှူနဲ့  စဖွင့်ချင်တယ်လို့ စတင် အကြံပေးခဲ့တာ ကိုလင်းအောင်ပြည့်ပါ။ သူ့ အကြံကို ကျွန်မတို့  ကလည်း ၀မ်းသာအားရ ထောက်ခံပါတယ်။ ဒါနဲ့ ပဲ ကမန်း ကတန်း တိုင်ပင် စီစဉ်ကြပြီး ဒီကိစ္စ ကို MMG မှာ Post လိုက်ပါတယ်။ အလှူလုပ်မဲ့ရက်နဲ့  နီးကပ်မှ တင်ပြရတဲ့ အထဲမှာမှ Connection က မကောင်းတော့ Post က ချက်ချင်း မတင်နိုင်ဘူး ဖြစ်သွားတယ်။

အလှူ ခရီးစဉ်က မြိုင်သာယာ (၁) ရပ်ကွက် ကျောက်တန်းမြို့ မှာ တည်ရှိတဲ့ “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင်သင် (အခမဲ့) ပညာရေးကျောင်း” ကို သွားဖို့ ပဲ ဖြစ်ပါတယ်။ ကမန်း ကတန်း စီစဉ်ရတာမို့  အလှူရှင် မရှိရင် ဒါမှမဟုတ် အလှူငွေ မရခဲ့ရင်လည်း ကျွန်မတို့ တွေပဲ စုပြီး နိုင်သလောက်လေးနဲ့  သွားလှူကြမလို့ ပါ။

အနီးကပ်မှ post တင်ဖြစ်ပေမဲ့ မမျှော်လင့်ပဲ အဖွဲ့ ဝင် မဟုတ်တဲ့သူများထံမှ အလှူငွေကို ကျွန်မတို့  လက်ခံ ရရှိခဲ့ပါ တယ်။ MMG အဖွဲ့ ဝင်တစ်ဦးရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုလင်းနဲ့  မအိအိခင်တို့ ဇနီးမောင်နှံက ငွေကျပ် ၁၀၀,၀၀၀နဲ့  ကျွန်မတို့ ရုံးက အန်တီ ဒေါ်အေးမှီ ခေါင်းဆောင်သော ရုံးအဖွဲ့ သားများက ငွေကျပ် ၇၇,၀၀၀ တို့ ဖြစ်ပါတယ်။ ကိုသူရိန် (ကိုအလင်းစေတမန်)ထံမှလည်း စာအုပ် ၇ဒါဇင် ရရှိခဲ့ပါတယ်။ ကျွန်မက ကလေး တွေအတွက် စာကြည့်တိုက်မှာ ဖတ်ဖို့  ပုံပြင်စာအုပ်လေးတွေ၊ ဥာဏ်စမ်း ဗဟုသုတ စာအုပ်လေးတွေ၊ ဆောင်ပုဒ် ကားချပ်လေးတွေ ၀ယ်သွားပါတယ်။ ကိုလင်းအောင်ပြည့်ထံမှ အလှူ လက်ခံ ရရှိထားသော ကွေကာအုပ်ထုတ်များနဲ့  ဗလာစာအုပ်များလည်း ပါဝင်ပါတယ်။ နောက်ပြီး ကျောင်းစာသင်ခန်းများတွင် အသုံးပြုရန်အတွက် White Board Marker Pen များကိုလည်း ကျွန်မ ၀ယ်လာခဲ့ပါတယ်။

ဒါကြောင့် ၁.၁.၁၁ ခုနှစ်မှာ သွားလှူတဲ့ ကျွန်မတို့  အလှူက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားခဲ့ပါတယ်။ မနက်အစောကြီး ထဲက သွားဖို့ ပြင်ဆင်ခဲ့ပေမဲ့ အားလုံး အားတဲ့ (ကျွန်မက အားတော့ မအားဘူး။ ရုံးက အသာလေး လစ်လာရတာ) မနက် ၁၁နာရီခွဲလောက်မှာမှ Lite Ace ကားလေး ငှားပြီး ထွက်လာကြတာပါ။

ဒီခရီးစဉ်မှာ MMG အဖွဲ့ က ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ မချို (Designer) နဲ့  ကျွန်မတို့ ၎ဦးပါဝင်သလို Thadadika အဖွဲ့  ၀င်အချို့ ၊ စေတနာဓိက အဖွဲ့ ဝင်အချို့ နဲ့  ကိုလင်းအောင်ပြည့်ရဲ့ မိတ်ဆွေအချို့  ပါဝင် ပါတယ်။

ကံကောင်းချင်တော့ ၁.၁.၁၁ မှာ ဒီ သီလရှင်ကျောင်းမှာ ဆွမ်းလာကျွေးတဲ့ အလှူရှင်တွေ ရှိနေပါတယ်။ ကျွန်မတို့  ရောက်သွားချိန်ကလည်း ၁၂နာရီထိုးနေပြီ ဖြစ်တာကြောင့် ကျောင်းအုပ် ဆရာလေးက ကျွန်မတို့  ကို ထမင်း အရင်ကျွေးပါတယ်။ ဆွမ်း အလှူရှင်တွေဖြစ်တဲ့ ကိုအောင်တင်မြင့်+ဒေါက်တာမိုးမိုးအောင် စကားဝါ အိမ်ယာ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်နော်။

ထမင်း စားပြီးတဲ့နောက် ကျောင်းသူ သီလရှင် ဆရာလေးတွေက ကျွန်မတို့ တွေကို ကဗျာတွေ၊ မေတ္တာသုတ် တွေ ရွတ်ဆိုပြကြပါတယ်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်ဆိုတော့ အပြင်က လာတက်တဲ့ ကလေးတွေ မရှိပါဘူး။ နောက်တော့ ဆရာလေးတွေကို လှူဖွယ်ပစ္စည်း၊ ကျောင်းရှိ ဆရာလေး အားလုံးအတွက် ဆွမ်းတစ်နပ်စာ အလှူငွေနဲ့ လိုအပ်တဲ့ နေရာမှာ သုံးနိုင်ရန် အတွက် အလှူ ကျပ် ၁၀၉,၀၀၀ တို့ ကို ပေးအပ် လှူဒါန်းပြီး ရန်ကုန်ဘက်ကို ပြန်လာခဲ့ပါတော့တယ်။

သိပ်ကို ခမ်းနား ကြီးကျယ်တဲ့ အလှူမျိုး မဟုတ်ပေမဲ့ ကိုယ် တတ်နိုင်သလောက်လေးနဲ့ နှစ်ဦးမှာ လှူဒါန်းခွင့် ရတာကိုပဲ ပီတိဖြစ်ရပါတယ်။ ဒီအလှူ ပါဝင် လှူဒါန်းသူများနဲ့  မအားလပ်တဲ့ကြားက အတူလိုက်ပါသူများကို ကျေးဇူးတင်ရှိပါတယ်လို့ နော်။ MMG အဖွဲ့ သားအားလုံးကို သာဓုခေါ်နိုင်အောင် တင်ပြလိုက်ရပါတယ်။ နောင်ကိုလည်း ဒါထက် လှူဒါန်းခွင့် ရချင်ပါသေးတယ်လို့  လေ။

1.1.11

0 comments:

Post a Comment