On 0 comments




ညီမငယ်စုပြည့်တို့ ကားနဲ့  အေးမြသူရဲ့ ကားက လမ်းမှာ အတူဆုံပြီး ဘုန်ကြီးကျောင်းကို တူတူ ရောက် လာပါတယ်။ စုပြည့်နဲ့ လည်း အွန်လိုင်းမှာ ခင်တာမကြာသေးသလို ခုမှ အပြင်မှာ တွေ့ ဖူးတာဖြစ်ပေမဲ့ အားလုံးဟာ ငယ်ပေါင်းတွေလိုပါပဲ။ မောင်နှမတွေလို တသွေးထဲ တသားထဲ ဖြစ်သွားကြတာ ကြည်နူး စရာပါ။
သူတို့ လာပြီ လူစုံပြီဆိုတော့ ကိုစိုးမိုးက ငါးအူချောင်းဗန်းကြီးကိုင်လို့  ကျွန်မက ကလေးတွေကို ငါးအူချောင်း လိုက်ဝေပါတယ်။ ငါးအူချောင်း ရပြီးသား ကလေးတွေကိုတော့ ကျန်တဲ့သူတွေက စာရေး ကရိယာ (စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ချွန်စက်) တွေကို အထုတ်နဲ့  လိုက်ဝေပါတယ်။ မိန်းကလေးတွေ (ကျောင်းသူတွေကိုတော့) အန်တီမီးမီး ထည့်လှူလိုက်တဲ့ ခဲတံထည့်တဲ့ ပိုက်ဆံအိတ်လေးတွေ အပို ထပ်ဝေပါတယ်။ (အန်တီမီးမီးရေ ကျေးဇူးပါနော်)  ကလေးငယ်တွေ ပြီးတော့ ကလေးကြီးတွေ ကို ဝေပါတယ်။

အားလုံးလည်း အဲဒီအချိန်မှာ အပြေးအလွှား မိတ်ဆက်ကြ ပြောကြဆိုကြနဲ့  ကလေးတွေ ပြန်ဖြစ် ကုန်ရော။ သူ့ လိပ်စာ၊ ကိုယ့်လိပ်စာ အပြန်အလှန် ပေးကြ၊ E-mail တွေ ပေးကြနဲ့ ပျော်စရာ ချည်း။ ကျောင်းရှေ့ နဲ့  မီးဖိုဆောင်ရှေ့  အလယ်ခေါင်မှာ မန်ကျည်းပင်လေးရှိတော့ အဲဒီ အပင်လေးအောက်မှာပဲ စုပြီး စကားပြောဖြစ်ကြပါတယ်။

စကားပြောနေရင်းနဲ့ ပဲ အလှူငွေတွေ လိုက်စုကြပါတယ်။ ဒီနေ့ မှာပဲ သူတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်နဲ့  တိုက်ဆိုင်နေတယ်ဆိုပြီး ညီမငယ် စုပြည့်က အလှူငွေ 50,000 ကျပ် လှူဒါန်းပါတယ်။ ကျွန်မတို့  အလှူလာလုပ်မယ်ဆိုတာကြောင့် အခြားနေရာ မရှာတော့ပဲ ဒီမှာပဲ လှူလိုက်တော့တာပါလို့  စုပြည့် က ပြောပါတယ်။ ကျွန်မတို့ လည်း ၀မ်းမြောက်ဝမ်းသာနဲ့  လက်ခံရယူလိုက်ပါတယ်။ ပိုပြီးတော့လည်း မှတ်မှတ်ရရ ရှိသွားတာပေါ့နော်။

ရန်ကုန်က အလှူငွေ လှူလိုက်ကြသူတွေရော၊ ဒီနေ့ လာကြတဲ့သူတွေ အားလုံးရော အကုန်ပေါင်းပြီး ၀ိုင်းဝန်းလှူဒါန်းကြတာ စားစရာနဲ့  စာရေးကရိယာတန်ဖိုးတွေ မပါပဲနဲ့  ငွေသား ချည်းပဲ ၄သိန်းကျော် ရတာမို့  အတော်လေးလည်း ၀မ်းသာသွားမိပါတယ်။ ဒီတစ်ခေါက်က အခြေအနေ လာကြည့်ရုံမို့  အလှူငွေ များများ စားစား မပါတော့ ကျွန်မတို့ မှာ လာသာလာရတယ်။ အားသိပ်မရှိပါဘူး။

တစ်ယောက်တစ်လက်နဲ့  ၀ိုင်းဝန်းလှူဒါန်းလိုက်ရတာ ပျော်စရာ၊ ကြည်နူးစရာပါ။ အားလုံးထမင်းစု စားကြတော့လည်း ကျွန်မချက်တဲ့ ငါးအူချောင်းဟင်း၊ ကျောင်းက ချက်တဲ့ ငါးဟင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ကြော်၊ အရွက်စုံ ဟင်းချိုတို့ နဲ့  စားမြိန်လှပါတယ်။ (သော်တာလေးသိရင် စားချင်အုံးမှာနော်)။ စားလို့ လည်းပြီးရော ကျောင်းရှိကလေးအားလုံး၊ ဆရာမတွေနဲ့  ဘုန်းဘုန်းအပါအ၀င် ကျွန်မတို့ တွေ အားလုံး ကျောင်းနောက်ခံ (တဲလေး) Background နဲ့  မြိုင်မြိုင်ဆိုင်ဆိုင် ဓာတ်ပုံရိုက်ကြပါတယ်။

ဓာတ်ပုံရိုက်ပြီးတော့ ဆရာတော်ကို ၀တ္ထုငွေ ဆက်ကပ်ကြပါတယ်။ ဆရာတော်က ကျောင်းသားတွေ အတွက် အမြဲလိုအပ်တာက ဆန်ဖြစ်တယ်လို့  ပြောပါတယ်။ တလကို ကျောင်းသားတွေအတွက် ဆန်ဖိုးတစ်ခုထဲတင် ငွေကျပ် 250,000/ လောက်လိုအပ်တယ်လို့  သိရပါတယ်။ နောက်ပြီး စာရေး ကရိယာ မလုံလောက်တာ၊ ကျောင်းစာသင်ခန်းလေးတွေ အမိုးသာရှိပြီး အခင်းတွေ အကာတွေ မပြည့် စုံသေးတာ၊ ဆရာ ဆရာမ မလုံလောက်သေးတာ၊ ကျောင်းအိပ်ကျောင်းစား ကလေးတွေအတွက် အ၀တ်အထည်က စလို့   အိပ်စရာ ခြင်ထောင်ဖျာအဆုံး လိုအပ်တာ ...................... ကျောင်းလေး က ကျောင်းသားတွေအတွက် ဆရာတော့်မှာ လိုအပ်တာတွေ အများကြီးပါပဲ။

ဒါကြောင့် ဆရာတော့်ကို ကျွန်မတို့ တွေက နီးစပ်ရာကို အလှူခံပေးပါ့မယ်လို့  ဂတိပေးခဲ့ပါ တယ်။ နောက် တကြိမ်လည်း အလှူငွေ များများနဲ့  ပြန်လာခဲ့ပါအုံးမယ်လို့ လည်းပြောခဲ့ပါတယ်။ မန္တလေးက သူငယ် ချင်းတွေကိုလည်း အလှူခံပေးဖို့  တတ်နိုင်တဲ့သူတွေကို လက်တို့ ပြီး လမ်းညွှန်ပေးဖို့  မှာခဲ့ကြပါတယ်။

နေ့ လည် ၁နာရီခွဲလောက်မှာတော့ ဆရာတော်ကို နှုတ်ဆက်ပြီး အားလုံး ပြန်လာကြပါတယ်။ ကိုဇာနည်ဌေးရဲ့ကားရယ်၊ မမြနန်းအေးရဲ့ ကားရယ်၊ ဆိုင်ကယ်တွေရယ်မျှပြီး ပြန်လာကြပါတယ်။ ကျွန်မတို့  မိန်းကလေးအဖွဲ့ က အိမ်မှာ ခဏတဖြုတ် ပြန်နားမယ်လို့  ပြောချိန်မှာ ကိုစိုးမိုး၊ ကိုမင်းမင်းဇော်၊ ကိုဇာနည်ဌေး၊ မြိတ်ကြီး၊ စိုင်းခွန်နော်၊ လင်းထက်၊ ကိုသူရိန်တို့  အဖွဲ့ က လဘက်ရည်သောက်လို့ အကြောင်းပြ ကာ ဘီယာဆိုင်ကို ပြေးတဲ့ အကြောင်းကိုတော့ မပြောပြတော့ပါဘူးနော်။

လက်ကို ချွေတာ ညှာတာပြီးရေးရတာမို့ လို့  တောင်သမန်အင်းသွားတဲ့အကြောင်းနဲ့  အလှူအတွက် ပီတိဖြစ်ရတဲ့ အဖွဲ့ ဝင်တွေရဲ့ ရင်တွင်းစကားကိုတော့ အပိုင်း- ၄ နောက်ဆုံးအပိုင်းမှာ ဖတ်ပေးကြပါအုံး လို့ လေ။

0 comments:

Post a Comment