On 0 comments





ငါးပြားဓမ္မာရုံလေးက အပြန်လမ်းတလျှောက်မှာ တွေ့ တဲ့ ကလေးတွေကို အိုဗာတင်း လက်ကျန်လေးတွေ ဝေ ရင်း အိမ်ပြန်လာကြပါတယ်။ အိမ်ရောက်တော့ တညလုံး မအိပ်ရသေးတာကြောင့် ခဏ နားပြီး အိပ်ဖို့  လုပ်ကြပါတယ်။ ညနေ ၄နာရီမှ မစိုးရိမ် ကျောင်းတိုက်ကို သွားဖို့  ကားလာကြိုမှာပါ။


တရေးတမော အိပ်မပျော်ပေမဲ့ မျက်စိမှိတ်ပြီး ကျောခဏ ဆန့် လိုက်တော့လည်း အတန်အသင့်တော့ အညောင်းပြေ သွားတာပါပဲ။ အောက်ထပ်မှာ အမေတူးတို့  အမေလှတို့ နဲ့ အတူ ကျွန်မက အိပ်နေပေမဲ့ အိမ်ပေါ်ထပ်မှာတော့ ကိုသူရိန်၊ သဲစုတို့ ရဲ့ ဂီတာဝိုင်း လေးကလည်း စိုစိုပြည်ပြည်။ ဆရာသစ်နဲ့  ဗလကြီး ကတော့ လဘက်ရည်ဆိုင် လစ်ပြီ။

ဒီလိုနဲ့  ၁နာရီလောက် နားပြီး အိပ်ရာထ ရေမိုးချိုးချိန်မှာ အပေါ်ထပ် ဂီတာဝိုင်းက လူစုံ တက်စုံနဲ့  အရှိန် ရနေကြပြီ။ ဒါနဲ့  ကိုယ့် တစ်ယောက်ထဲ ရေမိုးချိုး အလှပြင်ပြီးတော့ ကိုသူ့ ရိန်သမီး အလတ်မလေး ဆန်းမီကို လာတဲ့နေ့ ထဲက ကျွန်မပဲ သနပ်ခါး လူးပေးနေကြဆိုတော့ ၂ယောက်သား သနပ်ခါး အဖွေးသားနဲ့  သွားရန် အဆင်သင့် ဖြစ်ချိန်မှ အပေါ်ထပ်က အုပ်စုက အူယားဖားယား ရေပြေးချိုးကြတာပေါ့။

ဒီလိုနဲ့  ညနေ ၄နာရီခွဲမှာ မနက်က ချက်ပြီးသားကို တ၀က် အသန့် ဖယ်ထားတဲ့ ဟင်းအိုးကို  ကားပေါ်တင်၊ ကျွန်မတို့ အားလုံး ကားပေါ် တက်ပြီး မစိုးရိမ်ကျောင်းတိုက်ကို ချီတက်ခဲ့ပါတယ်။ လမ်းမှာ ကို34 မိသားစုကို ၀င်ခေါ်ပြီး ဘုန်းကြီးကျောင်းကို ရောက်လာချိန်မှာ တော့ ကျွန်မနဲ့ အတူ ပါလာမဲ့ ဟင်းအိုးကို မလောက်မှာ စိုးလို့  စိတ်ပူစွာ စောင့်ဆိုင်းနေတဲ့ ကျောင်းက ဟင်းချက်အဖွဲ့ ကို တွေ့ ရပါတယ်။

ကျောင်းမှာ စတုဒီသာ လာစားမဲ့သူတွေက ရောက်နှင့်နေခဲ့ပြီ။ ကျောင်းထိုင် ဘုန်းဘုန်းက ညနေ ၅နာရီခွဲမှ စကျွေးမယ် ပြောထားပေမဲ့ ကျောင်းဝမှာ ရစ်သီ ရစ်သီနဲ့  ရောက်လာပြီး နေရာယူနေကြပြီမို့  အလှူ ရှင်တွေ စောင့်ပါအုံး မနည်း ပြောထားရတာလို့  ဆရာတော်က ပြောပါတယ်။ ကျွန်မတို့ ရောက်တဲ့ ၅နာရီထိုးလုမှာ စကျွေးပါတယ်။

အလှူမှာ လာတဲ့ကလေးတွေကို အပေါ်ထပ်မှာ နေရာ ချထားပေးပြီး လူကြီးတွေကတော့ အောက်ထပ်မှာပါ။ ဒီမှာ တစ်ခု ပြောချင် တာက ကျောင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ဆရာတော်က သေချာစွာ ပြုလုပ်ပေး ထားတဲ့ ဆိုင်းဘုတ်ကြီးက ကျွန်မတို့ တတွေကို ဆီးကြိုနေပါတယ်။ ဘာတဲ့……….

“ဟင်္သာတ ရေဘေးသင့် ပြည်သူများအား အာဟာရ ဒါန အလှူရှင် MMG မိသားစု” တဲ့။

ဆိုင်းဘုတ်က ကြီးကျယ်လွန်းတာကြောင့် ကျွန်မတို့ တောင် ပြန်အားနာသွားမိပါတယ်။ မနက်ကတော့ ဆရာတော်က ကျွန်မနဲ့ ကိုလင်းကို ဆိုင်းဘုတ် ရေးပေးမယ် ဘာအဖွဲ့  လည်းလို့  မေးတာကြောင့် MMG လို့ ပဲ ပြောခဲ့တာပါ။ အနက်အဓိပ္ပါယ်ကိုတောင် မပြောဖြစ်ခဲ့ပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် ဆိုင်းဘုတ်နဲ့  တင် တော်တော်လေးကို ကျေနပ်သွားမိပါတယ်။

အလှူမှာ လာစားတဲ့သူတွေကို စနစ်တကျနဲ့  ဧည့်ခံကျွေးမွေးပြီး ဧည့်ခံပေးတဲ့သူတွေကလည်း အများကြီး ပါပဲ။ ကျွန်မတို့ က ဟိုယောင် ဒီယောင် ဓာတ်ပုံရိုက်လိုက် လိုက်ကြည့်လိုက်နဲ့  ဘာမှ ပင်ပင်ပန်းပန်း လုပ် မပေးခဲ့ရပါဘူး။ လူတွေက တစ်သုတ်ပြီး တစ်သုတ် ၀င်လာကြတာ အရင်ဆုံး ကုလားဟင်း အရင် ကုန်သွား ပါတယ်။ နောက်တော့ ငါးအူချောင်းဟင်းကို လျှော့ခပ် ပေးရတော့တာပေါ့။

နောက်မှ သူတို့ က ပြောတာက သူတို့ မှာ လူ ၃၀၀ကျော်လောက် လာဖို့ ရှိတာ ကျွန်မတို့ ကို အားနာ လို့ မပြောခဲ့တာပါတဲ့။ တကယ်လို့ သာ ကြိုသိခဲ့ရင် တစ်မျိုးမျိုး ထပ်စီစဉ်ပေးနိုင်မှာလေ။ တကယ်တမ်းမှာ ကလေးတွေကို ဝေဖို့  ချိုချဉ် (လော်လီပေါ့) တွေ ယူလာထားပေမဲ့ လူတွေများနေတာကြောင့် မဝေခဲ့ရပါဘူး။ အ၀တ်ထုတ်တွေကိုလည်း မဝေနိုင်ခဲ့ပါဘူး။ မလောက်ငှမှာစိုးလို့  ပါ။ လာစားကြတဲ့သူတွေက အများကြီးပါပဲ။ အားလုံးပေါင်း လူဦးရေ ၃၅၀ကျော်လောက် ရှိမလား မသိဘူး။

ထမင်းကျွေးနေတုံးမှာ မိုးတွေ ရွာလိုက်တာမှ သည်းကြီး မည်းကြီး။ လူတွေအားလုံးက ထမင်းစားပြီး မိုးစဲ တာ စောင့်နေကြတယ်။ တကယ်လို့  မိုးသာ သည်းကြီး မည်းကြီး မရွာခဲ့ရင် ထမင်းတောင် လောက်မယ် မထင်ဘူး။  ဒီလိုနဲ့  ဆရာတော်တွေကို မနက် ဆွမ်းကပ်ဖို့ တောင် ငါးအူချောင်းဟင်း သီးသန့် ချန်ထားလို့  မရ၊ ၀ိုင်းလုပ်ပေးကြတဲ့ ဝေယျာဝိစ္စအဖွဲ့ တောင် ဟင်း ဘာအရသာမှန်း မသိလောက်အောင် ကျွန်မတို့  စတုဒီသာပွဲလေးက ရောင်းကောင်းခဲ့ပါတယ်။

လာစားကြတဲ့သူတွေကို ကြည့်ရင်း ဆရာတော်က ကျေနပ်နေသလို ကျွန်မတို့ အဖွဲ့ ကလည်း ကြည်နူး ပီတိ ဖြစ်ရပါတယ်။ အဲဒီမှာ ပြောစရာရှိတာက ထမင်းစားပြီး ထွက်လာကြတဲ့ အမျိုးသမီးကြီး တစ်စုက ကျွန်မနဲ့ တွေ့ ပြီး ကျေးဇူးတင်ကြောင်း ပြောနေကြတာ။

သူတို့ ကို ခုလို လာကျွေးတာကို ကျေးဇူးတင်ကြောင်း၊ နောင်ကိုလည်း ဒီလို လာလှူတန်းနိုင်ပါစေဆိုပြီး ဆုတွေ ပေးနေ ကြတာ။ ကျွန်မက မဏ္ဍပ်အ၀လေးမှာ ရပ်နေတာလေ။ သူတို့ တွေက ကျွန်မတို့ ကို ရန်ကုန်က လာလှူတာ ဆိုတာကလွဲပြီး MMG ဆိုတာလည်း မသိ၊ မာတီဆိုတာလည်း မသိကြတဲ့သူတွေပါ။

ဒါပေမဲ့ ကျွန်မတို့ ကို သူတို့  ဘာမှန်း မသိကြပေမဲ့ ကျွန်မတို့  ကျွေးခွင့်ရလိုက်တဲ့ ထမင်းတစ်နပ်ကို သူတို့ က မှတ်မှတ်ရရ ကျေးဇူး တင်နေကြတာလည်း ကြည်နူးစရာ တစ်ခုပါ။ ကျွန်မတို့ တွေ ထမင်းတွေကုန်၊ ဟင်းတွေ ပြတ်သွားတော့ စားပွဲတွေ သိမ်းပြီး ဆရာတော်က Meeting လေး လုပ်ရအောင်လို့  ဆိုပါတယ်။

ဆရာတော် ကိုယ်တိုင်ကလည်း ပရိဟိတ လုပ်ငန်းတွေကို စိတ်ပါဝင်စားစွာ လုပ်ကိုင်နေသူရယ်လေ။ ဆရာတော်တို့ ရဲ့ မစိုးရိမ် ကျောင်းတိုက်မှ နာရေးကူညီမှု လုပ်ငန်းတွေကိုလည်း လုပ်ကိုင် ဆောင်ရွက်ပေး ပါတယ်။ နောက်ပြီး တမြို့ လုံးက သွေးလိုတဲ့သူတွေ မှန်သမျှ ဒီကျောင်းတိုက်ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံ ရယူနိုင်ပါတယ်။

နောက်ပြီး အောက်စီဂျင်အိုး လိုအပ်တဲ့သူတွေအတွက် အောက်စီဂျင်အိုး အချိန်မရွေး ငှားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အရေး ကြီးရင် ကြီးသလို ၂၄နာရီပတ်လုံး ငှားနိုင်အောင် စီစဉ် ပေးထားပါတယ်။ ဆရာတော်ရဲ့ ပရဟိတ လုပ်ငန်းတွေကို ကူညီ လုပ်ဆောင် ပေးနေတဲ့အဖွဲ့ တွေကို ညီမငယ် သဲစုလှိုင်က အင်တာဗျူးနေချိန်မှာ ကျွန်မတို့ က ဆရာတော်နဲ့  စကားပြောဖြစ်ကြပါ တယ်။ 

နောက်ရက်ကျမှ  ကျွန်မတို့ ထားခဲ့တဲ့ အ၀တ်ထုတ်တွေ၊ ဗလာစာအုပ်တွေ၊ မုန့် ဘူးတွေကို ရေဘေး သင့် နေရာတွေ ကို ဝေချမ်းပေးမယ် လို့ ပြောပါတယ်။ ဆရာတော်နဲ့ စကားစမြည် ပြောဆိုကြရင်း ကိုလင်းအောင်ပြည့်က  ဆရာတော်တို့ ကျောင်း On line မှာ Website လုပ်ချင်ရင် ကူညီနိုင်ကြောင်း ပြော ပါတယ်။

ဆရာတော်က ကျောင်းသားတွေကို ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ ကိုယ်တိုင် သင်ကြားပေးကြောင်း ပြော ပါတယ်။တကယ်လို့  အဆင်ပြေမယ်ဆိုရင် ရှေ့ လာမဲ့ နွေရာသီမှာ ကွန်ပျူတာ သင်တန်းလေး ဖွင့်လှစ်ပေး ချင်ကြောင်း ပြောပြပါတယ်။ ကျွန်မတို့ တွေ ဒီမှာ စကားပြောနေကြတုံးမှာပဲ အတူပါလာတဲ့ ကိုဗလကြီ်းေ (Crazy Bags) နဲ့  HIV ဝေဒနာသည် တစ်ယောက်ကို တွေ့ ပေးပါတယ်။

ကိုဗလကြီးက HIV, AIDS နဲ့  ပတ်သက်လို့ နှစ်သိမ့် ပညာပေး ဆွေးနွေးတာတွေ လုပ်တာမို့  ဝေဒနာရှင်ကို သွားခေါ်လာပြီး သူနဲ့  သီးသန့် တွေ့ ဖို့  စီစဉ်ပေးထားတာပါ။ ဒီဝေဒနာရှင် အမျိုးသမီးငယ်ကိုလည်း ဆရာတော်တို့ အဖွဲ့ က တတ်နိုင်သလောက် လစဉ် ထောက်ပံ့ပေးနေပါတယ်။ ကျွန်မတို့ အဖွဲ့  က လူစုံ ပါတယ်။ အတတ်ပညာရှင်တွေရော၊ အသိပညာရှင်တွေရောလေ။

ကျွန်မတို့ အဖွဲ့ တွေ ဆရာတော်ကို နှုတ်ဆက် ထွက်ခွာခဲ့ကြတော့ မှောင်ရီ ပျိုးပျ ညနေ ၆နာရီခွဲလောက် ရှိခဲ့ပြီ။ မနေ့ ထဲက တာပေါင်ပေါ် တက်ပြီး လျှောက်ကြည့်ချင်တယ် ဓာတ်ပုံရိုက်ချင်တယ်ဆိုတာကြောင့် မမှောင်ခင် မြန်မြန် သွားကြပါတယ်။

ပြီးတော့ နေ၀င်ရီတရော အချိန်လေးမှာ ဘုရားနောက်ခံ၊ တာပေါင်ပေါ်မှာ ရေပြင်ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကြပါတယ်။ ပြန်လာတော့ မှောင်နေခဲ့ပြီ။ ခဏတဖြုတ်နားပြိးချိန်မှာ နဂိုက သွားမယ် စီစဉ်ထားတဲ့ နေ ရာလေး တစ်ခုကို အမှောင်တွေကြား၊ ဗွက်တွေကြားမှာ စမ်းတ၀ါးဝါး ကျော်ဖြတ်သွားခဲ့ပြီး အပြန်မှာ ထမင်းဆိုင်လေး တစ်ခုမှာ ထမင်းဝင်စားကြပါတယ်။

ထမင်းစားအပြီးမှာ လဘက်ရည်ဆိုင် ထိုင်ချင်ပေမဲ့ လူတွေက မနေ့ က တညလုံး မအိပ်ရသေးတော့ ပင်ပန်းနေကြပြီ။ ဒါကြောင့် အိမ်မှာပဲ စကားထိုင်ပြောကြရင်း ကိုသစ်၊ ဗလကြီးနဲ့  သဲစုတို့ က ဂစ်တာ တစ်လက်နဲ့  သီဆို ဟစ်ကြွေးနေချိန်မှာ ကျွန်မရယ်၊ ကိုလင်းအောင်ပြည့်ရယ်၊ ကိုသူရိန်ရယ်က တောင်ငူက စာပေဟောပြောပွဲမှာ ဆရာ ချစ်ဦးညိုရဲ့ ဟောပြောမှုကို တိတ်တဆိတ် နားထောင်ရင်း ငြိမ်သက်နေကြတယ်။

မနက် ၂နာရီမှာ ကားထစီးရမှာ ဆိုတော့ စကားတွေ ထိုင်ပြောကြရင်းနဲ့  ၁နာရီကျော်သွားတယ်။ ဘယ်သူ မှ ကောင်းကောင်း မအိပ် ဖြစ်ကြဘူး။ ဒါနဲ့ ပဲ မနက်စော ၁နာရီခွဲမှာ အားလုံးထပြီး မျက်နှာသစ် အ၀တ်အစား လဲကြပြီး ကားသွားစီးရမဲ့ တက္ကသိုလ်ရှေ့ မှာ သွားထိုင်စောင့်ကြပါတယ်။

မနက် ၂နာရီခွဲမှာ ကျွန်မတို့ ကို ရန်ကုန်ကို တင်ဆောင်လာမဲ့ ဟင်္သာညီနောင်ကား ရောက်လာတာကြောင့် ဟင်္သာတ ရောက်စဉ် က ပြန်သည်အထိ လိုလေသေးမရှိ ကူညီခဲ့တဲ့ အခုလည်း အစောကြီးထပြီး လိုက်ပို့ တဲ့ အမေလှကို နှုတ်ဆက်ပြီး ထွက်ခွာလာပါ တယ်။ တကယ်ဆို ဒီမှာတင် ကျွန်မတို့ ရဲ့ ဟင်္သာတ ခရီးစဉ် ဟာ အောင်မြင်စွာ ပြီးဆုံးပြီပေါ့နော်။

ဒါပေမဲ့ သိတယ်ဟုတ် တခုခုတော့ ပြောစရာ ကျန်စမြဲ ဖြစ်နေကျအတိုင်း အဝေးပြေးကားဂိတ်နားကျမှ ဆရာလင်းအောင်ပြည့်က အလန့် တကြား ထအော်ပါတယ်။ ကျွန်တော့်ဖုန်းကျန်ခဲ့ပြီထင်တယ်။ ဆက် ကြည့်ကြပါအုံးတဲ့။ ဖုန်းဆက်လိုက်တော့ ဧရိယာ ပြင်ပ သေချာပါတယ်။ တည်းတဲ့အိမ်မှာ ကျန်ခဲ့လောက်ပြီ။ အဲဒီမှာ လိုင်းမမိဘူးလေ။

ဒါနဲ့  အဝေးပြေး ကားဝင်းလည်း ရောက်ရော ဆိုင်ကယ်တက္ကစီကို အပြေးအလွှား ငှားပြီး ဆရာ လင်းအောင်ပြည့် တစ်ယောက် ဖုန်းပြန်ယူရပါတယ်။ တော်သေးတာပေါ့။ ကားဂိတ်မှာ လူစောင့်တင်နေတုံး သူ ပြန်ရောက်လာလို့ ။ ဒီတစ်ခါ ကားထွက်တော့ အားလုံးက အတုံးအရုံးပဲ။ ၂ညတောင် ဆက်တိုက်ဆိုတော့ မရတော့ဘူး။ ချာဂျင်ဒေါင်းနေကြပြီ။ ပြီးတော့ မနက် ရန်ကုန်ရောက် တာနဲ့  လုပ်ငန်းခွင်ထဲ အပြေးအလွှား ၀င်ကြရမှာ။

ဒီတော့ အိပ်လာလိုက်ကြတာ ဗိုလ်မြတ်ထွန်းတံတားအဆင်းက သမုဒယမှာ မနက်စာ စားမှပဲ တကယ်နိုး ကြတော့တယ်လေ။ နောက် ကားပြန်ထွက်လာတော့မှ စကားတပြောပြော စီးလာလိုက်ကြတာ မနက် ၇နာရီခွဲမှာ ဒဂုံ-ဧရာ အဝေးပြေးကွင်းကို ရောက်ရှိခဲ့ပါ တယ်။ ရန်ကုန်မြို့ ပြန်ရောက်တယ်ဆိုရင်ပဲ တလမ်းလုံး လွတ်လပ်စွာ လှုပ်ရှားသွားလာထားသမျှကို ခ၀ါချလို့  လုပ်ငန်းခွင်ဆိုတဲ့၊ မြို့ ပြဆိုတဲ့ မွန်းကျပ်မှု ကမ္ဘာထဲ ပြန် ရောက်ခဲ့ပြီလေ။


ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ တတ်နိုင်တဲ့ ၀န်လေးနဲ့  လှုပ်ရှားခဲ့တဲ့ ကျေနပ် ပီတိ ဖြစ်စရာ မြင်ကွင်းလေး၊ အလှူလေးကို ပြန်လည် ဝေမျှရင်းနဲ့  ကျွန်မရဲ့ ပို့ စ်လေးကို အဆုံးသတ်လိုက်ပါတယ်နော်။

0 comments:

Post a Comment