On 0 comments


ကောင်းခန်းကျမှ မီးပျက်တယ်ဆိုသလိုပါပဲ။ ကျွန်မက အပိုင်း ၇ကို ကိုမင်းမင်းဇော်တို့ မိသားစုကို သွားကြိုတဲ့ နံနက်ခင်းလေးရဲ့ သာယာလှပပုံလေးနဲ့  အဆုံးသတ်ချင်ပေမဲ့ အရမ်းနာနေတဲ့ လက်က ခွင့်မပြုတာကြောင့် တ၀က်တပျက်နဲ့  ရပ်လိုက်ရပါတယ်။ ရန်ကုန်ကို လာချင်ဇောကြီးနေတဲ့ ကျွန်မတို့  အကိုကြီး ကိုမင်းမင်းဇော် က ညရထားဝယ်ပြီး မနက်ရန်ကုန်ရောက်ရမှာကို မှားပြီး မနက်ရထား ၀ယ် လိုက်မိတော့ သူတို့  ရန်ကုန် ကို ရောက်မဲ့အချိန်က ညဘက်မှ ဖြစ်တော့မှာပါ။

ရန်ကုန်က လာကြိုပေးမဲ့သူတွေကို အားနာတဲ့ ကိုမင်းမင်းဇော်က ညဘက်ကြီး လာမကြိုပါနဲ့ တော့ အမတို့  ဒုက္ခများပါတယ်။ ဘူတာမှာပဲ အိပ်လိုက်ပြီး မနက်မှ ထလာတော့မယ်ချည်းပဲ ပြောနေတာပါ။ ကျွန်မတို့ ကလည်း မဟုတ်တာ။ အမနဲ့  ကလေးလည်း ပါမှာ။ ဘာမှမပူနဲ့  ဘယ်အချိန်ဖြစ်ဖြစ် လာကြို မယ် စိတ်ချပါလို့  ပြောရပါတယ်။

ဖြစ်ချင်တော့ သူတို့ ရဲ့ ရထားက နေမြင့်မှထွက်လာဖြစ်ပါတယ်။ ဒီတော့ ကိုမင်းမင်းဇော် ဘယ်ရောက်နေ ပြီလဲလို့  ကျွန်မတို့ က လှမ်းမေးလိုက် သူက ဘယ်နားရောက်နေပါပြီလို့  ဖုန်းဆက်လိုက်နဲ့  အဲဒီနေ့  တနေ့ လုံး မအားကြဘူး။ ဒီလိုနဲ့  ညနေ ကျွန်မရုံးဆင်းချိန် ကိုလင်းအောင်ပြည့်အိမ်မှာ ထုံးစံအတိုင်း အလုပ်လုပ်ရင်း သူတို့ ကို စောင့်နေကြပါတယ်။

ဒါပေမဲ့ ကျွန်မတို့  ညပိုင်းဖုန်းဆက်တော့ ကိုမင်းမင်းဇော်တို့ က တောင်ငူရောက်နေပြီလို့  ပြောပါတယ်။ မဟုတ်လည်း တညလုံး အလုပ်လုပ်ကြမဲ့ အတူတူ ကျွန်မတို့ လည်း မပြန်တော့ပဲ သူတို့ ကို စောင့်နေ လိုက်ပါတော့တယ်။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် အကို စိတ်ချလက်ချ လာ။ ရန်ကုန်ဝင်ခါနီးမှ ဖုန်းဆက်လိုက်တော့လို့  ပြောလိုက်ပါတယ်။

သူတို့  ဖုန်းဆက်လာတော့ မနက် ၄နာရီရှိပါပြီ။ တညလုံး မှုန်ဝါးဝါး အလုပ်လုပ်နေရာကနေ ကမန်းက တန်း ထပြီး ၃၉လမ်းကနေ ဘူတာကြီးကို ကိုသူရိန်ရယ်၊ ကျွန်မရယ်၊ ကိုလင်းအောင်ပြည့်ရယ် ထပြေးကြတာလေ။ ဗိုလ်ချုပ် လမ်းမပေါ်မှာ ကျွန်မတို့ က လွဲလို့  ဘယ်သူမှ  မရှိကြဘူး။ အဲဒီအချိန်မှာ ခံစားရတာက အေးမြ လတ်ဆတ်တဲ့ လေအေးအေးလေးရယ်၊ ပန်းဆိုးတန်း ဂုံးတံတားကြီးပေါ် မှာ ဖွေးဖွေးလှုပ်အောင် သာနေတဲ့ လပြည့်ဝန်း ၀ိုင်းဝိုင်းစက်စက်ရယ်၊ ဘူတာကြီးက လွင့်ပျံ့ လာတဲ့ ရထားဥသြသံ ချိုမြမြရယ် အရမ်း လွမ်းဖို့ ကောင်းတယ်။

ဘူတာရောက်တော့ ရထားက ၀င်နေပြီ။ ကိုမင်းမင်းဇော်တို့ ကို အပြေးကြို၊ အထုတ်တွေ ၀ိုင်းဆွဲပြီး သိပ်မဝေးတဲ့ ကိုလင်းအောင်ပြည့်အိမ်ကို ချီတက်ကြပါတယ်။ အမနဲ့  သမီးကတော့ တအားကို ပင်ပန်းနေ ပြီ။ ခရီးထွက်နေကျ မဟုတ်တာရော၊ ရထားအချိန်လွန်တာရော ပေါင်းပြီး ၂၄နာရီလုံးလုံး မနားရဘူး ဖြစ်သွားတာလေ။

ကိုမင်းမင်းဇော်ကတော့ ခုမှ တွေ့ တဲ့ Admin အကိုကြီး ၂ယောက်နဲ့  စကားတပြောပြောနဲ့  လမ်းလျှောက် လာပါတယ်။ လသာနေတဲ့ ရန်ကုန်ညအလှကို သူလည်း ကင်မရာ တဖြတ်ဖြတ်နဲ့  မှတ်တမ်းတင်နေလေ ရဲ့။ အိမ်ရောက်တော့လည်း စကားပြောချင်စိတ်တွေ များနေတာကြောင့် မအိပ်ဖြစ်ပါဘူး။ ကိုမင်းမင်းဇော် က ကျွန်မတို့  တညလုံး မအိပ်ပဲ စာအုပ် ထိုင်ထိုင်လုပ်နေတာကိုသိတော့ တအံ့တသြနဲ့ လေ။

ကိုယ်တွေက ခုမှတွေ့ လို့  စကားကောင်းနေပေမဲ့ အမနဲ့  သမီးကို အားနာတာကြောင့် အတင်း အနားယူ ခိုင်းရပါတယ်။ သူတို့ မိသားစုက ဒီညနေကားနဲ့  ကျိုက်ထီးရိုး ဘုရားဖူးသွားကြမှာလေ။ ဒါကြောင့် ဒီနေ့  က နေဖို့  အချိန်လည်း သိပ်မရှိတော့တာမို့  ကိုလင်းအိမ်မှာပဲ သူတို့ ကို နားခိုင်းလိုက်ပါတော့တယ်။ မဟုတ်ရင် ၁ရက်စာ ဟိုတယ်စရိတ်ကုန်မှာစိုးလို့ လေ။

ဒီတော့ မနက်မိုးလင်းချိန်မှာ ကိုမင်းမင်းဇော်တို့  မိသားစုကို ထားခဲ့ပြီး ရုံးကို ပြေးရပါတယ်။ သူတို့  သွားလာဖို့  အဆင်ပြေအောင် ကိုလင်းတို့  စီစဉ်ပေးကြမှာပါ။ ညနေကျတော့ ကားဂိတ်ကို သူတို့  မိသားစု သွားကြပါတယ်။ အဆင်ပြေရဲ့လား အကိုရေလို့ ပဲ လှမ်းပြီး မေးရပါတယ်။ ကိုယ်တိုင် လိုက်မပို့ လိုက်နိုင်ပါ ဘူး။ တောင်ပေါ်ကနေလည်း ကိုမင်းမင်းဇော်က လှမ်းဆက်တာမို့  အဆင်ပြေရဲ့လားလို့  မေးရပါသေး တယ်။ အသွားအပြန် စားစရိတ်ငြိမ်း လက်မှတ်ဝယ်ထားတာဆိုတော့ အစဉ်မပြေမှာစိုးလို့ ပါ။ ဒါပေမဲ့ ကျွန်မ အကိုကြီးက စီစဉ်ပေးတဲ့ ကျွန်မ စိတ်ချမ်းသာအောင် အစဉ်ပြေတယ်ပဲ ပြောရှာတာပါ။
 
ဒီနေ့ ကတော့ မန္တလေးသားကြီးရဲ့ ဇာတ်ပါပဲ။ ကျွန်မတို့ ရဲ့ ဇာတ်လိုက်ကျော် ကျုံတိုင်းအကိုများရဲ့ လပွတ္တာ ဇာတ်လမ်းကိုတော့ အပိုင်း ၉ကျမှ အားပေးကြပါအုံးနော်။

0 comments:

Post a Comment