Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts
On 0 comments

ကျွန်မ ဘ၀မှာ ခရီးသွားခြင်းကို နှစ်တိုင်းလိုလို စွဲစွဲမြဲမြဲ လုပ်ဖြစ်ခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ အရင်ကတော့ ခရီးသွားခြင်းကို ရံဖန် ရံခါ လုပ်ဖြစ်ခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်က စပြီး နှစ်တိုင်းလိုလို ပုံမှန် ခရီးသွား ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ခု ၂၀၁၀ အထိ ဆိုပါတော့။

၂၀၀၅ ခုနှစ်က ပုဂံ၊ ညောင်ဦး၊မန္တလေး ၊ စစ်ကိုင်း၊ မင်းကွန်းဘက်ကို ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာ သွားဖြစ် ခဲ့ပါတယ်။ ဒီဇင်ဘာလဟာ အညာမှာတော့ အရမ်း အေးပါသေးတယ်။ ဆောင်းတွင်း မှာ ခရီးသွားရတဲ့ ဖီလင်လေးကလည်း အရမ်း နေလို့ ကောင်းပါတယ်။ အရာအားလုံးကို စိုစို ပြည်ပြည်၊ အေးအေး ချမ်းချမ်းနဲ့  မြင်ရ တွေ့ ရ ခံစားရလို့ ပါ။

၂၀၀၆ ခုနှစ်မှာတော့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ၊ အောင်ပန်းတို့ ကို သွားဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာပဲ သွားဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ အောင်ပန်းက လိမ္မော်ခြံ ထဲမှာ ပလိုင်းကြီးနဲ့  လိမ္မော်သီး ခူးနေတဲ့ အိုက်တင်တွေနဲ့  ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာလား အမှတ်တရ ပါပဲ။ နောက် အမှတ်တရ တစ်ခုကတော့ ပြန်မဲ့နေ့ မှာ ကလောမြို့ နား လေးက မြင်းမထိဂူကို မနက်ပိုင်း ၀င်လည်ကြ ပါတယ်။ ပုံမှန်ဆိုရင် အဲဒီက ပြီးရင် ရန်ကုန် ပြန်မယ်လို့  စီစဉ်ထားတာပါ။

အဲဒီမှာပဲ မြင်းမထိဂူ မရောက်ခင် လမ်းခွဲလေးက ဆိုင်းဘုတ်ကို စပ်စပ်စုစု ဖတ်လိုက်တာက ကျွန်မပါ။

“လွိုင်ကော်သို့  ၃၉မိုင်တဲ့ နီးနီး လေးပဲ သွားမလား။ ကယားပြည်ကို တစ်ခါမှ မရောက်ဖူးဘူး” လို့  စတင်ခဲ့ တာပါ။ ခရီးသွားတိုင်းမှာ ကျွန်မက ခရီးစဉ် စီစဉ်သူ ဒုတိယ လက်ထောက်ပါ။ သွားမဲ့ ခရီးစဉ်တိုင်းကို ကိုယ်တိုင် ရေးဆွဲ၊ ဘယ်မှာ တည်းမလဲ စီစဉ်နဲ့  အမြဲတမ်း ပင်တိုင် လုပ်ခဲ့သူပါ။ ကျွန်မရဲ့ စပ်စပ်စုစု စကားကို ကျွန်မရဲ့ ခေါင်းဆောင် ကလည်း လက်ခံပါတယ်။

ဒါနဲ့ ပဲ လွိုင်ကော်သွားမဲ့ လမ်းကို စုံစမ်းပြီး ခရီးဆက်ခဲ့ကြပါတယ်။ မိုင် ၂၀ကျော်လောက် ရောက်မှ စောစောက ဖတ်ခဲ့တဲ့ ခရီးမိုင်ဟာ ၃၉ မိုင် မဟုတ်ပဲ ၉၃ မိုင် ဖြစ်ကြောင်း နောက်ကျမှ သိခဲ့တာပါ။ ဒါပေမဲ့လည်း ရဲဘော် ဆက်လုပ်ပေါ့။ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ရုံးအပိုင် မီနီဘတ်စ်နဲ့  သွားကြတာဆိုတော့ သိပ် မခဲယဉ်းပါဘူး။ ကယားပြည်ဆိုတာ ရောက်ဖူးဖို့  မှ မလွယ်ပဲ။ ဒီတော့ မှားဖတ်မိတာပဲ အမှားကောင်း ဆိုပြီး ဆက်လက် ချီတက်ခဲ့ကြပါတယ်။

ကယားပြည်နယ်ကို ရောက်တော့ ညနေ ၅နာရီ ကျော်နေပါပြီ။ ဒါကြောင့် နာမည်ကြီး တောင်ကွဲစေတီနဲ့  တောင်ပေါ်က ဘုရားလေး ရှိတဲ့ မြို့ ကို အပေါ်စီးက မြင်ရတဲ့ ကျွန်မ နာမည် မမှတ်မိတော့တဲ့ စေတီလေး တစ်ဆူကို ရောက်ခဲ့ပါတယ်။ လွိုင်ကော်မြို့ လေးဟာ အေးချမ်း တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ လေးတစ်ခုရယ်သာပါ။ အဲဒီနှစ်က မှတ်မှတ်ရရ ခြေရှည်ပြီး ကယားပြည်နယ် အထိ ရောက်ခဲ့ တာပါ။

၂၀၀၇ ခုနှစ်မှာတော့ ဒီဇင်ဘာလမှာ မသွားဖြစ်တော့ပါဘူး။ အလုပ်တွေ များနေတော့ ခွင့်ရက်ရှည်ယူပြီး သွားဖို့  မအားတာနဲ့  ၂၀၀၈ ခုနှစ် သင်္ကြန်ကာလမှာ သွားခဲ့တာပါ။ ခရီးစဉ်က ရွှေစက်တော်၊ မုံရွာ၊ မန္တလေး၊ မေမြို့ ၊ လားရှိုး၊ မူဆယ်ဘက်ကို သွားခဲ့ကြတာပါ။ နွေရာသီ ခရီးသွားတဲ့ ဖီလင်ကလည်း တစ်မျိုးလေး ကောင်းပါတယ်။

ဘာလို့ လဲဆိုတော့ ဆောင်းတွင်းသွားရင် အနွေးထည် အထူကြီးတွေနဲ့  ဓာတ်ပုံရိုက်ရင် ပဲပေးလို့  သိပ်မှ မကောင်းတာပဲ။ နွေရာသီ ဆိုတော့ လွတ်လပ် ပေါ့ပါးတဲ့ ၀တ်စုံလေးတွေ စိတ်ကြိုက် ၀တ်နိုင်တယ်လေ။ တစ်ခု မကောင်းတာကတော့ သင်္ကြန်တွင်းမို့  စားစရာ နေစရာ အားလုံး ဈေးနှုန်းက ၂ဆ နီးပါး ဈေးကြီးတာပါ။ နောက်ပြီး သင်္ကြန်ဆိုတော့ ရေစိုတာပေါ့နော်။

အဆိုးဆုံးက တရုတ်ပြည် ရွှေလီဘက်ကို သွားလည်ချိန်ပါ။ အိုး ရွှေလီ သင်္ကြန်က အလွန်ဆိုးတာပဲ။ ရေကို ပုန်းလိုက်ကြီး တိုက်တွေ ပေါ်က လောင်းချတာ၊ စားသောက်ဆိုင်မှာ စားသောက်နေတုံး တိုက်တွေပေါ်ကနေ ရေတွေ လောင်းချတာ၊ ဈေးဝယ်နေရင်း ဆိုင် အတွင်းထဲအထိ ရေ၀င်လောင်းတာမျိုးတွေလေ။ ကျွန်မတို့ ကသာ ဈေးဝယ်နေတုံး ရေလိုက် အလောင်းခံရလို့  စိတ်လည်း ညစ်၊ သူတို့ ဆိုင်တွေ စိုကုန်လို့  အားနာပေမဲ့ သူတို့ ကတော့ အေးဆေးပါ။ ဘာမှ မမှုပါဘူး။

၂၀၀၉ ခုနှစ်မှာလည်း သင်္ကြန်မှာပဲ သွားဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လည်ပတ်ဖို့  သက်သက် မဟုတ်ပဲ အလုပ်ကိစ္စနဲ့  လုပ်ငန်းခွင် တစ်ခုကိုပါ ၀င်ကြတာပါ။ ကျွန်မတို့ ရဲ့ လုပ်ငန်းက ကချင်ပြည်နယ် တနိုင်း ဘက်မှာလေ။ ဒီတခေါက်မှာတော့ ကျွန်မက ခါတိုင်းသွား နေကျ မီနှီဘတ်စ်နဲ့  မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကြောင့် (Operation လုပ်ထားရတာကြောင့်) လေယာဉ်နဲ့  နောက်မှ မြစ်ကြီးနားကို လိုက်သွားတာပါ။ ဒါပေမဲ့ အပြန်လမ်းမှာတော့ ခေါင်းမာစွာနဲ့  ကားစီးပြီး ရအောင် ပြန်လာခဲ့တာပါ။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့် ၊ မြစ်ဆုံ၊ ကရိန်နော်၊ အင်းတော်ကြီး ရွှေမဉ္ဖူဘက်အထိ ရောက်ခဲ့ တာပါ။ အပြန်ကျမှ ဗန်းမော်၊ နမ့်ခမ်းလမ်းဘက်ကနေ မူဆယ်ဘက်ကို ၀င်ပြီး လှည့်ပြန်လာတာပါ။ တရုတ် နယ်စပ်မြို့ ၂မြို့ ဖြစ်တဲ့ ရွှေလီနဲ့  လိုက်ဇာကို မတူညီတဲ့ နယ်စပ်နေရာ ၂ခုကနေ ရောက်ရှိ လည်ပတ် ခဲ့ရပါတယ်။့ သင်္ကြန် ပိတ်ရက် ၁၀ရက်လုံး ကားပေါ်မှာ ကုန်ခဲ့ကြတဲ့ အမှတ်တရ နှစ်တစ်ခု ပါပဲ။ ဘာလို့ လဲဆို တော့ တနေရာနဲ့  တနေရာ အရမ်းဝေးတော့ ကားစီးရင်း အချိန်ကုန်ရတာမို့ လေ။

ဒီလိုနဲ့  နှစ်တိုင်းလိုလို ခရီးထွက်ဖြစ်လာတော့ ခရီးသွားခြင်း အရသာ ဆိုတဲ့ ဖီလင်ကိုလည်း မူးယစ် ဆေးစွဲ သလို ယစ်မူး စွဲလမ်း နှစ်သက်တတ်လာပါတယ်။ တစ်နှစ်တစ်ခါ ခရီးသွားချိန်နားနီးလာရင် လူက အလိုလို နေရင်း ရင်ခုန်လာပါတယ်။ ဒီနှစ် ဘယ်နေရာ သွားမှာလဲ? ဘယ်သူနဲ့  သွားမှာလဲ။? ဘယ်အချိန်သွားမှာလဲ? ဥပမာ ဆောင်းတွင်းဘက် ဒီဇင်ဘာမှာ သွားမလား? နွေရာသီ သင်္ကြန် ပိတ်ရက်တွေမှာ သွားမလား ဆိုပြီး တော့ပေါ့။

ရင်ခုန်သံက တစ်နှစ်နဲ့  တစ်နှစ် မတူညီပါဘူး။ အညာကို သွားမယ်ဆိုရင် လူက အညာဒေသ မြင်ကွင်းလေး တွေကို ကြိုတင် မြင်ယောင်ရင်း၊ ဖုန်နံ့ လေးတွေ ကြိုရရင်း၊ ရှမ်းပြည် သွားမယ်ဆိုရင်လည်း ရှမ်းအိုးစည်သံနဲ့  ပဲပုတ်နံ့ လေး ကြိုရလာသလိုပဲ ကျွန်မက ကြိုတင် ရင်ခုန်တတ်သူလေ။

ကားပေါ်မှာ ဖွင့်မဲ့ သီချင်းကအစ ရွေးချယ်ထားတာလေ။ ရှမ်းပြည် သွားရင် စိုင်းထီးဆိုင်တို့ ၊ စိုင်းဆိုင်မော်တို့ ၊ အညာသွားရင် စိုးစန္ဒာထွန်းတို့  ပိုးအိစံတို့ အစ အဲဒီလို အသေးစိတ် စီစဉ်ထားတတ်တာ။ အဲဒီလောက်အထိ ခရီးသွားမှုမှာ ရစ်မူးတတ်တဲ့ မိန်းမ တစ်ယောက်ပေါ့။

၂၀၁၀ ခုနှစ်မှာ ကျွန်မ ခရီး ၂ကြိမ် သွားခဲ့ပါတယ်။ နောက်ထပ် ရေးသားပါအုံးမယ်နော်။ ၂၀၁၀ ခရီးစဉ် အသေးစိတ်ကိုပေါ့။ ကျွန်မနဲ့  အတူ လိုက်ပါ ခရီးသွားပေးကြပါအုံးနော်။
read more "ကျွန်မနဲ့  ခရီးသွားခြင်း"

On 0 comments

နန်းမြိုင် ဟိုတယ်မှာ သရဲ အချောက်ခံရတဲ့ အကြောင်းကို ပြောမယ်ဆိုရင် ဘာကြောင့် ပြင်ဦးလွင်မှာ ညအိပ် ဖြစ်ကြတာလဲ ဆိုတာက ပြန်စရမယ် ထင်တယ်နော်။
ကျွန်မတို့  ပထမ ရည်ရွယ် ထားတာက မုံရွာကို သွားပြီး အလောင်းတော် ကဿဖကို ၀င်ဖူးကြဖို့  ပါ။ ဒါပေမဲ့ မုန်တိုင်း ရှိတယ်ဆိုပြီး မိုးတွေ ရွာလာတာကြောင့် အလောင်းတော် ကဿဖကို တက်တဲ့ ကားတွေ မထွက်ကြတော့ပါဘူး။ ဒါကြောင့်ပဲ ဗန်းမော်မှာ ညအိပ်တဲ့ ကျွန်မတို့ တတွေရဲ့ အပြန် ခရီးစဉ်ကို မူဆယ် ဖက်က လှည့်ပြန်ဖို့  ပြောင်းလဲ လိုက်ရပါတယ်။
တကယ်လို့  မူဆယ်ကို စောစော ရောက်ခဲ့ရင် လားရှိုးအထိ ဆင်းမယ် စိတ်ကူး ခဲ့ပေမဲ့ မန်စီ-နန့်  ခမ်းလမ်းက ဖြေးဖြေးချင်း သွားရတာမို့  မူဆယ်ကို ၀င်ချိန်မှာ ညနေ 4 နာရီထိုးနေပါပြီ။ ဒါနဲ့ ပဲ မူဆယ်မှာ အိပ်ဖို့  ဆုံးဖြတ်လိုက် ကြတာလေ။ နောက်နေ့  မနက်မှာတော့ မူဆယ်က ပြန်ဆင်းပြီး ပြင်ဦးလွင်မှာ ညအိပ်မယ်လို့  စဉ်းစားခဲ့ကြတယ်။ ပြင်ဦးလွင်မှာ ညအိပ်ပြီး နောက်နေ့ မှာ ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားကြမယ်ပေါ့။
ပထမ စီစဉ်ထားတဲ့ အထဲမှာ မပါတဲ့ အတွက်ကြောင့် ဟိုတယ်က Booking မလုပ်ရသေးပါဘူး။ ကျွန်မတို့ က အစီအစဉ်ဆွဲပြီး အိပ်မယ်လို့  စီစဉ်ထားတဲ့ မြို့ တွေဆို ဟိုတယ်က Booking ကြိုယူ ထားပြီးသားလေ။ ခုတော့ ပြင်ဦးလွင်မှာ တည်းဖို့  ဟိုတယ် စဉ်းစားတော့ နန်းမြိုင် ဟိုတယ်ရဲ့ ဖုန်းနံပါတ်ပဲ ကျွန်မတို့ ဆီမှာ ပါတယ်လေ။
အဲဒီ ဟိုတယ်က သရဲချောက်တာ နာမည်ကြီးတယ်နော်လို့  ကျွန်မတို့  ပြောဖြစ်ကြသေးတယ်။ ဒါပေမဲ့ တည်းဖူးတဲ့ သူငယ်ချင်းက သူ တည်းတာ ၃ခါ ရှိပြီ ဘာမှ မဖြစ်ပါဘူး ဆိုတာနဲ့  တခြား ရွေးစရာလည်း အဆင်သင့် မရှိတာနဲ့  နန်းမြိုင် ဟိုတယ်မှာ အခန်းလှမ်းယူ လိုက်ပါတယ်။ မူဆယ်ကနေ လှမ်းပြီး ဖုန်းဆက်လိုက်တာပါ။
ဖြစ်ချင်တော့ ကျွန်မ သူငယ်ချင်းပါတဲ့ တခြား ခရီးသွား အဖွဲ့ ကလည်း နန်းမြိုင်မှာပဲ အခန်း ယူထားတယ်လို့  ဟိုတယ် ကပြောတော့ ကျွန်မတို့ လည်း အဲဒီမှာပဲ သေချာပေါက် အခန်းယူ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဟိုတယ်က ကျွန်မ လိုချင်တဲ့ အခန်း ၇ခန်း ရမရ မသိသေးဘူးလို့  ပြောပါတယ်။ မနက်ဖြန် မနက်မှ သေချာပေါက် သိမှာမို့  ထပ်ဆက်ပါတဲ့လေ။
မူဆယ်ကနေ မနက်စော ထွက်လာပေမဲ့ ကျွန်မတို့ ကား တာယာ ၂လုံး ပွင့်သွားတာကြောင့် ပြန်ဖာ နေရတာနဲ့  ၁၀၅မိုင် စစ်ဆေးရေး ဂိတ်က ထွက်ချိန်မှာ မနက် ၉နာရီ ကျော်နေပါပြီ။ အဲဒီအချိန်မှာ မေးတုံးကလည်း အခန်းရဖို့  မသေချာ သေးပါဘူးတဲ့။
ဒီလိုနဲ့  လားရှိုးကိုရောက်တော့ နေ့ ခင်း ၂နာရီ ထိုးနေပြီ။ အဲဒီမှာ ထမင်းဝင်စားရင်း နန်းမြိုင်ဟိုတယ်ကို လှမ်းမေး တော့ ကျွန်မ မှာထားတဲ့ အခန်း၇ခန်းလုံး ရတယ်ဆိုတာကြောင့် ၀မ်း သာသွားပါတယ်။ နေ့ လည်စာ စားပြီးတော့ ခရီး ဆက် ထွက်ခဲ့ကြတာ ပြင်ဦးလွင် ၀င်တော့ ည ၁၀နာရီ ထိုးနေခဲ့ပြီ။
အဲဒီအချိန်မှာ လူတွေက အရမ်း ပင်ပန်းပြီး အိပ်ချင် နေကြပြီ။ ဒါကြောင့် ကိုယ့်အခန်းသော့ ကိုယ်ဆွဲပြီး ကျွန်မတို့  တည်းရမဲ့ အဆောင်-၁ ကို လာခဲ့ကြပါတယ်။ (အခန်းနံပါတ်တွေတော့ မပြောတော့ဘူးနော်။ တော်ကြာ နန်းမြိုင် ဟိုတယ်က ကျွန်မကို ချောင်းရိုက်လိမ့်မယ်။)
အဆောင်က အကျယ်ကြီးပါ။ အခန်းက အောက်ထပ်မှာ ၅ခန်း၊ အပေါ်ထပ်မှာ ၂ခန်း ရတာ မို့  အပေါ်ထပ်မှာ ယောကျာ်းလေးတွေ နေခိုင်းပြီး အောက်ထပ် ၅ခန်းကို မိန်းကလေးတွေ ခွဲယူ လိုက်ပါတယ်။ ပြီးတော့ ရေမိုး ချိုးပြီး အိပ်ဖို့  ပြင်ဆင် ကြတာပေါ့။ သူများတွေ အိပ်ချိန်မှာ ကျွန်မက မအိပ်နိုင် သေးပါဘူး။ ကျွန်မ သူငယ်ချင်းပါတဲ့ ခရီးသွား ကားက ဟိုတယ်ကို မရောက်သေးပါဘူး။
ဒါပေမဲ့ ပြင်ဦးလွင်ကိုတော့ ရောက်နေပြီ။ သူတို့  ထမင်းစားနေတုံးမို့  ကျွန်မကို လာခဲ့မယ် မအိပ်နဲ့ အုံးတဲ့။ ကျွန်မ အခန်းထဲ ၀င်ဝင်ချင်း ခံစားရတာက စိတ် မသန့် တာပါ။ တမျိုးကြီးပဲလို့  ထင်မိပါတယ်။ ဒါပေမဲ့ ကျွန်မက မကြောက်တတ်သူ လေ။ ဒီတော့ အခန်းတံခါးတွေ လိုက်စစ်ရင်း ပြတင်းတံခါး တချို့ ပွင့်နေတာ တွေ့ လို့  တခြားအခန်းတွေကို စစ်ဖို့  လိုက်ပြော လိုက်သေးတယ်။
အခန်း ၅ခန်းမှာ ကျွန်မတို့  အခန်းက အလယ်ခန်း။ ကျွန်မတို့ ရထားတာက ဟိုဘက်မှာ ၂ခန်း၊ ဒီဘက်မှာ ၂ခန်းစီ ရှိတယ်။ ကြားထဲမှာ တခြား အခန်းတွေလည်း ရှိသေးတယ်။ ည ၁၁ နာရီ လောက်မှာ ကျွန်မ သူငယ်ချင်းပါတဲ့ ခရီးသွား ကားကြီး နန်းမြိုင် ဟိုတယ်ကို ၀င်လာပါတယ်။ သူတို့  အုပ်စုထဲက တချို့ က အဆောင်-၁ ရဲ့ ကျန်နေတဲ့ အခန်းတွေ မှာပါ။
သူငယ်ချင်းကို ကျွန်မ ထွက်တွေ့ ချိန်မှာ သူတို့ အဖွဲ့ က ကားပေါ်က ပစ္စည်းတွေ ဆွဲချရင်း ကိုယ့်အခန်း သူ့ အခန်း ၀င်ကြရင်း ဆူညံနေတာ နေ့ ခင်းလိုပါပဲ။ ဒါပေမဲ့ပေါ့ အဲဒီအချိန်မှာ ကျွန်မတို့  အဖွဲ့ က တချို့ က သရဲခြောက်တယ်လို့  ထင်ရ နိုင်တဲ့ ကိစ္စ တချို့  ဖြစ်နေခဲ့ပြီ။
သူငယ်ချင်းနဲ့  စကားပြောပြီး ပြန်ဝင်လာချိန်မှာ အတူတူ အိပ်တဲ့ အခန်းဖော် ညီမလေးက ရေသောက်ချင်တယ် ဆိုတာ ကြောင့် ရေတောင်းပေးဖို့  တခြားအခန်းကို ကျွန်မ တံခါး သွားခါက်ခဲ့ပါတယ်။ ရေယူပြီး ပြန်လာချိန်မှာ သူငယ်ချင်းက ဖုန်းလှမ်းဆက် ပါတယ်။
“ယူတို့  အိပ်တဲ့ အဆောင်-၁က သရဲချောက်တာ နာမည်ကြီးတယ်နော်။ ညကျရင် သတိထားအိပ်။ ရေဘုံဘိုင်ခေါင်း တွေက ညကျရင် ဖွင့်တဲ့သူ မရှိပဲ ရေတွေ ကျကျ လာတတ်တယ်”တဲ့ ။ သူကတော့ အဆောင်-၂ မှာတဲ့လေ။ သူက စောစော ထဲက နန်းမြိုင်က သရဲချောက်တာ နာမည်ကြီးတယ်နော်နဲ့  နောက်နေတာလေ။
ကျွန်မက မကြောက်တတ်ပေမဲ့ ပါလာတဲ့သူတွေက ကြောက်တတ်တော့ သူ့ ကိုတောင် မဟုတ်တရုတ်တွေ လျှောက် မပြောဖို့ ကျိန်းနေခဲ့တာ။ ရေသောက်ပြီးလို့  ရေဘူးသွားပြန်ပေးချိန်မှာ အဲဒီအခန်းနဲ့  ကပ်ရက်က အသက်နဲနဲငယ်တဲ့ ကျွန်မရဲ့ ညီမတော်လေးတွေ နေတဲ့ အခန်းက ငိုသံကြားရပါတယ်။ ဒါနဲ့  စိုးရိမ်ပြီး တံခါးခေါက်လိုက်တော့ ကုတင်ပေါ်မှာ တစ်ယောက် က တရှုံ့ ရှုံနဲ့  ငိုနေပြီ။ ကျန်တဲ့ ၂ယောက်ကလည်း မျက်လုံး အပြူးသားလေးတွေနဲ့  ထိုင်နေပါတယ်။ သူတို့ အခန်းက ၃ယာက် အိပ်တာလေ။
ဘာဖြစ်တာလဲဆိုတော့ မငိုတဲ့ တစ်ယောက်က သူတို့ ၂ယောက် အတူတူ အိပ်နေကြရင်း ၂ယောက်လုံး တပြိုင်နက် ထဲ ဘီလူးစီးသလို လှုပ်လို့ မရဘူးတဲ့။ အတင်းရုန်းတော့လည်း မရပဲ တော်တော်ကြာမှ ၂ယောက်လုံး ပြိုင်တူ လှုပ်လို့ ရပါသတဲ့ ခရီးပန်းလာလို့  ဖြစ်တာနေမှာပါလို့  ပြောပေမဲ့ ငိုနေတဲ့ တစ်ယောက်ကတော့ မရပ်ပါဘူး။ ဒါနဲ့  ငိုနေတဲ့ တစ်ယောက်ကို ဟိုဘက် အခန်းက အမတွေဆီမှာ သွားအိပ် ခိုင်းလိုက်ပါတယ်။
ကျန်တဲ့ ၂ယောက်ကတော့ အိပ်ရဲပါတယ်တဲ့။ ဒါပေမဲ့ စိတ်မချတာကြောင့် သူတို့ အခန်းကို သော့ခတ် ပိုက်ဆံအိတ် လောက်သာ ယူလာ ခိုင်းပြီး ကျွန်မတို့ အခန်းကို ၁ယောက်၊ ကပ်ရက်က အမတို့  အခန်းကို ၂ယောက် ပို့ လိုက်ပါတော့တယ်။ ဒါပေမဲ့ အဲဒီအချိန်က လုံးဝကို တိတ်ဆိတ်နေခြင်း မရှိသေးပါဘူး။ အသစ်ဝင်လာတဲ့ ခရီးသွား အဖွဲ့ တွေ ရေချိုးနေတုံး၊ အခန်း ကူးနေကြတုံး၊ အပေါ်ထပ် ဧည့်ခန်းမှာ ယောကျာ်းလေးတွေ ဘောလုံးပွဲ ကြည့်လို့  ကောင်းတုံးပဲ ရှိပါသေးတယ်။ ကျွန်မတို့  အဖွဲ့  ကတော့ တိုက်ပွဲ စနေပါပြီ။
ဒါနဲ့  အခန်း ပြန်ရောက်ချိန်မှာ ကုတင်၂လုံးပူးပြီး စောစာက ဘီလူးစီးတယ်လို့  ပြောတဲ့ ညီမလေးကို အလယ်မှာ ထားသိပ်လိုက်ပါတယ်။ ပြီးတော့ အခန်းဖော်နဲ့  ကျွန်မ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်လုံးချင်း စကားပြော လိုက်ပါတယ်။ ဇာတ်လမ်းတော့ စပြီလားပေါ့။ ဒါပေမဲ့ ပင်ပန်းနေတဲ့ ကလေးတွေ စိတ်အထင်ကြောင့်ပါလို့ ပဲ ယူဆပါတယ်။
ဒါပေမဲ့ ပိုက်ဆံအိတ်လေးထဲက ပုတီးကိုတော့ အပြင်ကို ထုတ်လိုက်ပါတယ်။ ဒါနဲ့  သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ကောက် နှိပ်လိုက်တော့ သူက ဖုန်းကိုင်ကိုင်ချင်း သရဲချောက် ခံရ်ပြီလားတဲ့။ သူ့ အမေးကို ရယ်လည်းရယ်ချင် ဒေါသလည်း ထွက်သွား ပါတယ်။ မဟုတ်ပါဘူးလို့  ပြောလိုက်ရပေမဲ့ စိတ်ထဲမှာတော့ သိပ် မသင်္ကာပါဘူး။
လက်ထဲက ပုတီးကို ကိုင်ရင်း အိပ်ရာထဲ လှဲချလိုက်ပါတယ်။ အိပ်ဖို့ ကြိုးစားတာ ၁၀ မိနစ်တောင် မပြည့်သေးပါဘူး။ အခန်းပေါက်ဝမှာ လူရိပ်တွေနဲ့  ခြေသံတွေ ကြားရပြန်ပါတယ်။ ကျွန်မ အိပ်တာက ၀င်ပေါက်နဲ့  တည့်တည့်မို့  အခန်းဝမှာ လူ ရပ်တာနဲ့  မြင်နိုင်ပါတယ်။ တံခါးခေါက်သံနဲ့  ခေါ်သံ ကြား ရချိန်မှာတော့ ဒါ ပုံမှန် မဟုတ်တော့ဘူးလို့  ကျွန်မတို့ ၂ယောက် တပြိုင်နက်ထဲ တွေးလိုက်မိပါတယ်။
တံခါးဖွင့်ပေးချိန်မှာ နောက်ထပ် ၃ယောက် အိပ်သော အခန်းမှ ညီမငယ် တစ်ယောက် အခန်းကို ထပ်မံ ရောက်ရှိခဲ့ပါ တယ်။ ကျန်တဲ့ ၂ယောက်ကတော့ စောစောက အမတွေရှိတဲ့ ၄ယောက် အခန်းကို ကူးသွားခဲ့ကြပြီ။ ခုဆို ကျွန်မတို့ အခန်းမှာ ၄ယောက်၊ ဟိုဘက်ထောင့် အခန်းမှာ ၆ယောက် ဖြစ်သွားပြီ။ တခြား လူကြီး၂ယောက် အိပ်တဲ့ အခန်းကတော့ ဘာသံမှ မကြားရတာကြောင့် ထားလိုက်ပါတော့တယ်။ သူတို့ က လူကြီးတွေ ဆိုတော့ ပြဿနာ မရှိလောက်ဘူးပေါ့။
ကျွန်မအခန်းဖော် ညီမလေးက သတ္တိ ကောင်းစွာ ပုတီးတစ်ကုံး လည်ပင်းမှာ ဆွဲပြီး ၆ယောက် အခန်းကို ကူးသွားခဲ့ သေးတယ်။ အဲဒီမှာလည်း နောက်ကူးလာတဲ့ အခန်းက ညီမလေး ၁ယောက်က သူ့ လည်ပင်းကို လက်၂ဖက်နဲ့  လာညှစ်တာ ခံစားရတယ်ဆိုပြီး ငိုနေပါတယ်။ သူ့ ကို မငိုအောင် ချော့မော့ပြီး ပြန်လာချိန်က စလို့  အခန်းဖော် ညီမလေးဟာ ကြက်သီးတွေ ထပြီး တချိန်လုံး ကျောချမ်းနေတော့တာ တညလုံးပါပဲ။
အခန်းထဲက ကုတင် ၂လုံးပေါ်မှာ လူ ၄ယောက် စုပြီး အိပ်နေကြတယ်။ ကျွန်မက နံရံကို ကျောပေး အိပ်တာဆိုတော့ မကြောက်တတ် တာတောင်မှ စိတ်တော့ သိပ်မလုံလှဘူး။ နောက်ကျောမှာ ပြတင်း တံခါးကလည်း ကပ်ရက် မဟုတ်လား။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီအချိန်မှာ ကြောက်စိတ်ထက် တလမ်းလုံး ပင်ပန်းလာတော့ အိပ်ချင်စိတ်က အရမ်းကို ဖြစ်နေပြီ။ အိပ်ပျော်သွားလို့  သရဲတွေ့ ခါမှ တွေ့ ရော အိပ်ချင်လှပြီ။
ကျွန်မ အိပ်ပျော်တော့မဲ့ ဆဲဆဲမှာပဲ အခန်းဖော် ညီမလေးရဲ့ ရင်ခေါင်းထဲက လာတဲ့ အသံကြီးနဲ့ 
“အမ အိပ်ပြီလား။ မအိပ်နဲ့ အုံးနော်” ဆိုတာနဲ့  လန့် ဖြန့် ပြီး မျက်လုံးကို ဖွင့်ရင်း
“မအိပ်သေးဘူး။ မကြောက်နဲ့ နော်” လို့  လှမ်းနှစ်သိမ့် ရပါတယ်။ သရဲချောက်သော အခန်းမှ လာသော ညီမငယ် ၂ယောက်ကတော့ အလယ်ခေါင်မှာ နှစ်ချိုက် လုံခြုံ စိတ်ချစွာ အိပ်ပျော်နေကြပြီလေ။ ကျွန်မမှာတော့ မျက်လုံးကို အသာကုန် ပြူးအောင် လုပ်ရင်း ပုတီး စိတ်ရပြန်ပါတယ်။
ဒီလိုနဲ့  ငိုက်မယ်ကြံလိုက် အမ မအိပ်နဲ့ နော်လို့  အလန့် တကြား ထအော်သံကြောင့် မျက်လုံး ပြန်ပြူးလိုက်နဲ့  ည ၂နာရီကျော် သွားပါပြီ။ ခဏနေတော့ ရှုးပေါက်ချင်တယ်ဆိုတာကြောင့် သူတို့ ကို ရှုးထတည်ရင်း ကျွန်မှာ မျက်လုံးကျယ် အောင် မက်မန်းသီးတွေ သကြားလုံးတွေ ထစား ရပါတယ်။ ဟုတ်တယ်လေ မဟုတ်ရင် ကျွန်မလည်း အိပ်ပျော်တော့မှာ။ သူတို့  အခြေအနေကို ကြည့်ရတာ ကိုယ်ပဲ အိပ်မပျော်အောင် လုပ်ပြီး သူတို့ ကို ထိုင်စောင့် ပေးရမဲ့ပုံပါ။
ကျွန်မရဲ့ အိပ်ချင်စိတ်တွေ လုံးဝကို ကွယ်ပျောက် သွားချိန်မှာတော့ ကျေးဇူးရှင်လေးတွေက စောင့်မဲ့သူ ရှိတာမို့  စိတ်ချလက်ချနဲ့  အိပ်ပျော်သွားကြတာ ထတောင် မခေါ်ကြည့်တော့ပါဘူး။ ကျွန်မမှာသာ အိပ်လို့ ကလည်း မပျော်တော့ တာမို့  ပုတီးစိတ်ရင်း သူတို့ ကို ထစမ်းရင်းနဲ့ သာ အချိန်ကုန်သွားပါတယ်။ ကျွန်မက မကြောက်တတ်တော့ သရဲဆိုရင် မှန်ထဲမှာ မြင်ရတယ် ဆိုတာကြောင့် မှန် ထထ ကြည့်တာလည်း ခဏ ခဏပါပဲ။ ဘာမှ မတွေ့ ရပါဘူး။ မနက် ၅နာရီ ထိုးချိန်မှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့  ရေချိုးပြီး သူတို့ တွေ အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်ခိုင်းရပါတော့တယ်။
အဲဒီတော့မှ ညက ကြောက်လို့  တိတ်ဆိတ်နေကြတဲ့ မမတွေရဲ့ ဖွင့်ဟ ၀န်ခံချက်တွေ တန်းစီပြီး ကြားရတော့တာပဲ။ ပထမဆုံး ဘီလူးစီးတယ် ဆိုပြီး ထငိုတဲ့ တစ်ယောက်က သူအိပ်နေတဲ့ ဘေးမှာ အင်္ကျီအဖြူနဲ့  တစ်ယောက်၊ အညိုနဲ့  တစ်ယောက် လမ်းလျှောက်ပြီး သူ့ ကို ငုံ့ ကြည့်နေသတဲ့။ ပြီးတော့ သူ့ ရဲ့ လည်ပင်းကို တစ်ယောက်က ဖိထားပါသတဲ့လေ။ သူ ရုန်းပေမဲ့ ဘယ်လိုမှ မရဘူးတဲ့။ တော်တော်ကြမှ လှုပ်လို့  ရလာတာတဲ့။
သူနဲ့  အတူတူ တကုတင်ထဲ အိပ်ပြီး သူ့ လိုပဲ ဘီလူး စီးတယ်လို့  ထင်တဲ့ တစ်ယောက်ကတော့ အိပ်ပျော်သလို မပျော်သလို ဖြစ်နေချိန်မှာ အပေါ်ထပ်ကနေ မိန်းမတစ်ယောက် ဆင်းလာပြီး ရေချိုးခန်း ပြတင်းပေါက်ကနေ ၀င်လာပါသတဲ့။ နောက်ပြီး နင်တို့ တွေ ဘယ်ောက် ပိတ်ထားထား ၀င်လို့ ရတယ် ဆိုပြီး ရေချိုးခန်း တံခါးပေါက်ဘုကို လှည့်ဖွင့် ပြတယ်တဲ့။ နောက်ပြီး အရှေ့ တံခါးပေါက်ကိုလည်း ၀င်ထွက်လို့ ရတယ်ဆိုပြီး လိုက်ဖွင့် ပြနေတယ်တဲ့။ အဲဒီအချိန်မှာ လှုပ်မရ၊ ရုန်းမရနိုင်အောင် ဖြစ်နေပြီး နောက်မှ ၂ယောက်ထဲ တပြိုင်နက် ထလို့ ရခဲ့ ကြတာတဲ့လေ။
ဒုတိယ အခန်းက ညီမငယ် တစ်ယောက်ကိုတော့ လက်နှစ်ဖက်နဲ့  လည်ပင်း လာညှစ်ပါသတဲ့။ နောက် တစ်ယောက် ကိုလည်း လည်ပင်းညှစ်ထားပြီး နားထဲမှာ ၀ူးဝူးဝါးဝါး လာအော်နေသတဲ့။ လူ ၆ယောက် စုအိပ်တဲ့ အခန်းကတော့ လူများချိန်မှာ အားရှိသွားပြီး ပြန်အိပ်ကြတာ အလယ်ခေါင်မှာ အိပ်တဲ့ တစ်ယောက်ကို ခြေထောက်နှစ်ချောင်းကနေ ကုတင်ပေါ်က လာဆွဲချ ပါသတဲ့လေ။ သူ အလန့် တကြား ထအော်ပြီးချိန်မှာတော့ သူတို့ မအိပ်ရဲ ကြတော့ပါဘူး။ အပြင်လည်း မထွက်ရဲပဲ တညလုံး ပုတီး စိတ်တဲ့သူစိတ်၊ အမျှဝေတဲ့သူ ဝေနဲ့  မိုးလင်း သွားပါသတဲ့။
လူကြီးတွေ ချည်းပဲ နေတဲ့ နောက်တစ်ခန်း မှာကြတော့ သူတို့ ဆီက ဘာမှ အသံမကြားလို့  ဘာမှ မဖြစ်ဘူး ထင်ပေ မဲ့ ရေဘုံဘိုင်က ရေတွေ ကျကျလာတာ၊ သူတို့  အိပ်တဲ့ ကုတင်ကို တညလုံး ပုခက်လို လွှဲနေတာကို ခံစားခဲ့ရပါတယ်တဲ့။ သရဲ ချောက်တယ်လို့  စိတ်ထင်တာလို့  ပြောရင်လည်း တစ်ယောက်ထဲ မဟုတ်ပဲ တစ်အုပ်စုလုံး နီးပါး ဖြစ်တာဆိုတော့ ဘယ်လို ပြောရမလဲပေါ့နော်။
ထူးထူးခြားခြား ဘာမှ မဖြစ်တာ ဆိုလို့  ယောကျာ်းလေးတွေ နေတဲ့ အခန်း ၂ခန်းရယ်၊ ကျွန်မတို့  အခန်းရယ်ပဲ ပြော ရမယ် ထင်တယ်။ ဒါတောင် ကျွန်မ စိတ်နေတဲ့ ပုတီးဟာ အောက်ကနေ လူတစ်ယောက် လာလာ ဆောင့်ဆွဲသလို ခဏခဏ လွတ်လွတ် ကျသွားတတ်တယ်။ အိပ်ငိုက်လို့  လက်ထဲက ပြုတ်ကျတာမျိုး မဟုတ်ပဲ သူ့ ဘာသာသူ ပြုတ်ပြုတ်ကျတာလေ။ အဲဒီတော့ ကျွန်မလည်း လက်က ကိုင်မစိတ်ပဲ အိပ်ရာထဲ ချပြီး စိတ်လိုက်တော့တယ်။ လာဆွဲလို့  မရအောင်။
ကျွန်မတို့ တွေက သရဲခြောက်ခံရတယ်လို့  ပြောရမှာလည်း ရှက်တယ်။ ဒါပေမဲ့ ညတုံးက အဖြစ်အပျက်ကိုလည်း ပြန်မပြောပဲ မနေနိုင်ဆိုတော့ ထမင်းစားခန်းမှာ မနက်စာ breakfast စားရင်း ပြောဖြစ်ကြတယ်။ အဲဒီတော့မှပဲ ကျွန်မ သူငယ် ချင်းပါတဲ့ ခရီးသွားအဖွဲ့ က အန်တီတို့ ကလည်း သူတို့ အခန်းမှာ တညလုံး ရေတွေ ကျကျလာတာ၊ ပြန်ပိတ်လည်း ပြန်ကျတာ ပဲတဲ့။ နောက်ပြီး ကုတင်ကို တညလုံး ပုခက်လွှဲသလို လာလွှဲနေတာ သူတို့ လည်း ခံစားရပါတယ်တဲ့။
ဘောလုံးပွဲကြည့်ပြီးမှ အခန်းထဲ ၀င်အိပ်ကြတဲ့ ချာတိတ်ငယ်တွေရဲ့ အခန်းမှန်ကို လာလာ ခေါက်တာ၊ ယောကျာ်းလေး တွေဆိုတော့ အယုံအကြည်လည်းမရှိ ကြောက်လည်း မကြောက်တတ်တော့ မှန်တံခါးကို သွားဖွင့်ကြည့်ရင် ဘယ်သူမှ မရှိတာ၊ ကျောခိုင်းပြီး ပြန်ထွက်ရုံ ရှိသေး တံခါးခေါက်သံ ပြန်ကြားရတာကြောင့် ထပ်မကြည့်ရဲတော့တာ အားလုံးဟာ စိတ်အထင်ကြီးပဲ တော့ မဟုတ်နိုင်ဘူး ထင်ပါတယ်နော်။
ညက အရှိန်နဲ့  မဟာ အံ့ထူးကံသာ ဘုရားမှာ ခါတိုင်းထက် ပိုကြာအောင်၊ ဘုရားရှစ်ခိုးကြတာလဲ အမှတ်တရ တစ်ခု ပါပဲ။ သရဲချောက်တာ တကယ် ဟုတ်မဟုတ် မပြောတတ်ပေမဲ့ နန်းမြိုင် ဟိုတယ်မှာ အိပ်ခဲ့တဲ့ ညတစ်ညကိုတော့ ကျွန်မတို့  အမြဲ အမှတ်တရ ရှိနေမှာကတော့ အသေအချာပါနော်။
(ကျွန်မမှာ ဘယ်သူ့ ကိုမှ ထိခိုက် နစ်နာ စေချင်တဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာတော့ သေချာပါတယ်နော်။ ကြုံခဲ့ရ တာကို အမှတ်တရ အနေနဲ့ သာ ပြန်ရေးပြတာပါလို့ )
read more "ကြုံခဲ့ရတဲ့ တညတာ (၂၀၀၉ သင်္ကြန် ခရီးသွားမှတ်တမ်း- ၂)"

On 0 comments

13.4.09 မနက် ၇ နာရီ လေယာဉ်နဲ့  မြစ်ကြီးနားကို သွားခဲ့ပါတယ်။
မနက် ၁၀ နာရီ ၀န်းကျင်လောက်မှာ မြစ်ကြီးနားမြို့ ကို ရောက်ခဲ့ပါတယ်။
ထမင်းစားပြီးချိန်မှာ တနိုင်းမှာ ရှိတဲ့ စိုက်ပျိုးရေး စီမံကိန်း တစ်ခုကို အလုပ်တာဝန်နဲ့  လေ့လာရေး သွားခဲ့ပါတယ်။
ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်း တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။
အဲဒီညမှာ တနိုင်းမြို့ နယ်က ၀ါရဇွတ်ဆိုတဲ့ ကျေးရွာလေးမှာ အိပ်ခဲ့တယ်။

14.4.09 တနိုင်းမြို့ နယ်အတွင်းမှာ ရှိတဲ့ နန်ဖြတ်၊ နောင်းမီ၊ ရှရစွပ်၊ ရှဒူစွပ် ဆိုတဲ့ ကျေးရွာလေး တွေကို သွားလည် ဖြစ်ခဲ့ပါတယ်။ သင်္ကြန်ဆိုတာ ဘာမှန်း သိပ်မသိကြသလို သင်္ကြန်ရဲ့  အရသာကိုတော့ အဲဒီရွာလေးတွေ မှာ မခံစားခဲ့ရဘူး။
15.4.09 မနက်အစောကြီး ၅နာရီခွဲမှာ စပြီး ၀ါရစွပ်ဆိုတဲ့ ကျေးရွာလေးကနေ ဖားကန့်  ဒေသကို သွားခဲ့တယ်။
ဖားကန့် မှာ တန် ၃၀၀၀ ကျောက်စိမ်းတုံးကို တူးဖော်ရရှိပြီး ရွှေ့ ပြောင်း မရတာကြောင့် မြေအောက် ပြတိုက် အဖြစ် ထားရှိတဲ့ အဆောက် အဦးထဲကို ၀င်ပြီး လေ့လာ ဖြစ်ခဲ့ ပါတယ်။
အရမ်းကို ကြီးမားတဲ့ (တန် ၃၀၀၀ လောက် လေးတဲ့) ကျောက်စိမ်းတုံးကြီးကို ၀န်းရံပြီး အဆောက်အဦး အမိုးအကာ လုပ်ပြီး ထား ထားတာပါ။ မြေအောက်ကို သံလှေကားတွေ နဲ့  ဆင်းပြီး သွားကြည့်ရပါတယ်။ ကျောက်စိမ်းကို သူ့ အရည်အသွေး အလိုက် ပိုင်းဖြတ်ပြ ထားတာကိုလည်း တွေ့ ခဲ့ရတယ်။
ဖားကန့် မှာ လျှောက်ကြည့်ပြီးတော့ အင်းတော်ကြီး ရွှေမဉ္ဖူဘုရားကို
ဝင်ခဲ့ပါတယ်။
ဖားကန့် ဘက်ကသွားတဲ့ လမ်းက တိုပေမဲ့ လမ်းတွေက မတ်စောက်
ပါတယ်။




တောင် အတက်အဆင်း အကွေ့ အကောက်တွေ များပါတယ်။


အချိန် တော်တော် ပေးပြီး သွားပြီးချိန်မှာမှ အားလုံး မျှော်လင့် စောင့်စား
နေတဲ့ မိုးညှင်းမြို့ နယ် အတွင်းမှာ ရှိတဲ့ အင်းတော်ကြီးရဲ့ ရေပြင်ကျယ်ကြီး
ကို စမြင်ရတာပါ။


ဒီမြင်ကွင်းက ဘုရားဖူး လာတဲ့သူတွေကို အမောပြေ စေတာပါပဲ။
အင်းတော်ကြီးရဲ့  အကျယ်က ၁၄မိုင်ရှိတယ် လို့ သိခဲ့ရတယ်။ အင်းတော်ကြီးကို ကျော်ဖြတ် လာပြီးချိန် မှာတော့ ရွှေမဉ္ဖူ ရေလည်ဘုရားကို ဖူးမျှော်ရတယ်။ မကြာသေးခင်ကမှ ဘုရားပွဲ ပြီးသွားခဲ့တာလေ။
ရွှေမဉ္ဖူ ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်း လဆန်း (၈)ရက်နေ့ ကနေ တပေါင်း လပြည့်ကျော် (၁) ရက် နေ့ အထိ ကျင်းပလေ့ ရှိတယ်။ ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ပြန်လာတော့ ည ၆နာရီကျော် နေ ပါပြီ။
အပြန်ကျတော့ လာတဲ့လမ်းက မဟုတ်ပဲ ဟိုပင်ဘက်က ပြန်ခဲ့တယ်။ အဲဒီလမ်းက ပိုရှည်ပေမဲ့ မြေပြန့်  ဆိုတော့ ညမှောင်ချိန်မှာ ပြန်ရတာ ပိုအဆင်ပြေတယ်လေ။ အဲဒီ နေ့ က မနက် ၂နာရီကျော်မှ တည်းတဲ့ နေရာကို ပြန်ရောက်ခဲ့တာလည်း အမှတ်တရ ပါပဲနော်။
16.4.09 မနက် ၁၀နာရီကျော်မှာ ၀ါရဇွပ် ကျေးရွာကနေပြီး အထုပ်အပိုးတွေ အပြီးတင်ပြီး မြစ်ကြီးနားကို ဆင်းလာခဲ့ ကြတယ်။
မြစ်ကြီးနားမှာ မနက်စာ စားတယ်။ ကချင်ရိုးရာ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ ၀ယ်ဖို့  Shopping ထွက်ကြတယ်။ သင်္ကြန်ဆိုတာကို မြစ်ကြီးနား ရောက်မှပဲ ခံစားရ တော့တယ်။ ပိတောက်တွေ ရယ်၊ ရေကစား မဏ္ဍပ်တွေရယ်ကို မြစ်ကြီးနားရောက်မှ တွေ့ ရတာမို့ ပါ။
ညနေပိုင်းမှာ ရှုခင်းတွေ အရမ်းလှတဲ့ မြစ်ဆုံကို သွားခဲ့ကြတယ်။ စာထဲမှာပဲ သင်ခဲ့၊ အမြဲတမ်း ကြားခဲ့ရတဲ့၊ နာမည်ကြီးတဲ့ မြစ်ဆုံကို ရောက်ခဲ့ရတာ ကျေနပ်စရာပါ။ ဓါတ်ပုံတွေ အများကြီး ရိုက်ကြပြန်ရော။ မြစ်ဆုံရဲ့  လှပတဲ့ ရှုခင်းနဲ့  ညနေခင်း ဆည်းဆာဟာ ပြောမပြ တတ်နိုင်အောင်ပဲ ကြည်နူးလှပနေပါတယ်။


ကရိန်နော်ကိုလည်း ၀င်ခဲ့သေးတယ်။ ဒါပေမဲ့ မြစ်ဆုံမှာ အချိန်ကြာသွားတော့ ကရိန်နော် ရောက်ချိန်မှာ မှောင်နေပြီမို့  ဓါတ်ပုံ ရိုက်ဖို့  အခွင့်အရေး မရခဲ့ဘူး။ ဒီအတိုင်း ရပ်ကြည့် ရုံလေးနဲ့  ကျေနပ်ခဲ့ရတယ်။
17.4.09 မြစ်ကြီးနားမြို့ က ပြန်မထွက်ခင်မှာပဲ နာမည်ကြီး နေရာ တစ်ခုဖြစ်တဲ့ မနောကွင်းကို သွားပြီးဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ နောက်တော့ ကန်ပိုက်တီးကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ “လန်နခ ရေတံခွန်” ကို ၀င်ဖြစ်ခဲ့တယ်။
ပြီးတော့ လိုင်ဇာဆိုတဲ့ တရုတ်ပြည် နယ်စပ်မြို့ လေးကိုလည်း ဈေးဝယ်ဖို့  ၀င်ခဲ့ကြ သေးတယ်။ တရုတ် ပစ္စည်းတွေ ၀ယ်လို့ ရတဲ့ မြန်မာပြည်ဘက်ခြမ်းက မြို့ လေးပါ။
အဲဒီမှာ တရုတ်ပြည်ကို ကူးတဲ့ နယ်စပ်ဂိတ် ရှိတယ်။ ဈေးဝယ်ဖို့  တရုတ် သုံးဘီးကား လေးတွေနဲ့  လိုင်ဇာမြို့ ထဲ ပတ်ခဲ့ကြတယ်။ ၀ယ်စရာတော့ ဘာမှ သိပ်မရှိပါဘူး။
လိုင်ဇာက အပြန်မှာတော့ ဗန်းမော်မှာ ညအိပ်ဖြစ်ခဲ့တယ်။ ကျွန်မတို့ က ၁၅ယောက်ပါတဲ့ အုပ်စုဆိုတော့ တလမ်းလုံး မပျင်းရပါဘူး။ ကားကလည်း ကိုယ့်ကားနဲ့  ကိုယ်ဆိုတော့ ရပ်ချင်တဲ့ အချိန်ရပ် ထွက်ချင်တဲ့ အချိန်ထွက် ကိုယ့်သဘောပါပဲလေ။
ဗန်းမော်မြို့ က Friendship Hotel မှာ ညအိပ်ဖြစ်ခဲ့ကြတယ်။ အဲဒီနေ့ က မိုးတွေ တနေ ကုန် ရွာနေ ခဲ့တာပေါ့။ ညကျတော့ မိုးလေ၀သ သတင်းက မုန်တိုင်းရှိလို့  မိုးဆက် ရွာနိုင် တယ်တဲ့။
18.4.09 နဂို ရည်ရွယ်ထားတာက ဗန်းမော်ကနေ သပိတ်ကျင်း၊ စဥ့်ကူ လမ်းအတိုင်း ဆင်းသွားပြီး အလောင်းတော် ကဿဖ သွားဖို့ လေ။
ဒါပေမဲ့ မိုးတွေ ရွာနေတာကြောင့် အလောင်းတော် ကဿဖကို သွားတဲ့ ကားတွေ ပေးမတက်ဘူး ပိတ်ထားတယ် ဆိုတာနဲ့  လမ်းကြောင်းပြောင်းခဲ့ရတယ်။ နောက်ပြီး အဲဒီလမ်းက မြေသား ဖုန်လမ်း ဆိုတော့ မိုးရွာရင် သွားလို့ မကောင်းဘူး။ လမ်းချော် နိုင်တယ်။ နောက်ပြီး လမ်းလည်း ကျဉ်းတယ် လေ။


ဒါနဲ့ ပဲ ကျွန်မတို့  ခရီးစဉ်ကို မူဆယ်ဘက်ကို ပြောင်းလိုက်တယ်။ ဗန်းမော်မြို့ နဲ့  ၁နာရီ နီးပါးလောက် ဝေးတဲ့ မန်စီမြို့ လေးကနေ နမ့်ခမ်း-မူဆယ် လမ်းဘက်ကို ပြောင်းပြီး သွားခဲ့ကြတယ်။
တကယ်တော့ ဗန်းမော်-နမ့်ခမ်းလမ်းက မိုင် ၆၀ ကျော်ပဲ ဝေးတာပါ။ ဒါပေမဲ့ လမ်းကြမ်း တယ်။ အကွေ့ အကောက်များ တယ်။ ဒါကြောင့် ကားကို တလှိမ့်ချင်းပဲ မောင်းခဲ့ရတယ်။ ကျွန်မတို့  ခရီးသွားကားက မီနီဘတ်စ် အသေးလေးလေ။
နမ့်ခမ်းလမ်းမှာ တွေ့ တဲ့ ကားတိုင်းက ကျွန်မတို့ ကို ဆက်မသွားဖို့  ပြောပေမဲ့ နောက်ပြန် လှည့် ဖို့ မဖြစ်နိုင် တော့တာကြောင့် ရှေ့ ဆက်တိုးပြီးပဲ လာခဲ့ရတယ်။
တလမ်းလုံး မိုးတွေကလည်း မနားတမ်း ရွာခဲ့တယ်။ ကားလမ်းဘေး တလျှောက်မှာ ရွာတွေကလည်း ကျဲပါး တယ်။ တောင်တွေပဲ ရှိတာလေ။
လမ်းအရမ်းဆိုးတဲ့ နေရာတွေမှာ လူတွေက လမ်းဆင်းလျှောက်ပေးရ တယ်။ ကားနစ်မှာ ဆိုးလို့ လေ။ ဒီလိုနဲ့  မနက်၆နာရီက ဗန်းမော်က ထွက်ခဲ့တဲ့ ကျွန်မတို့ ဟာ နမ့်ခမ်းကို နေ့ လည် ၂ နာရီမှာရောက်ခဲ့တယ်။
မနက်စာကို နမ့်ခမ်းမြို့ လေးမှာပဲ စားရင်း မူဆယ်ကို ထွက်ခဲ့ကြတယ်။
မူဆယ်ရောက်တော့ ညနေ ၄နာရီထိုးတော့မယ်။ တရုတ်ပြည်ကို ကူးဖို့  နယ်စပ်ဂိတ်မှာ လက်မှတ်လုပ် ကျယ်ဂေါင်ဘက်ခြမ်းကို ကူးပြီး ရွှေလီဘက်ကို သူတို့ ရဲ့  တရုတ် တက္ကစီလေးတွေနဲ့  သွားခဲ့ကြတယ်။
ညနေ ၄နာရီခွဲ ၅နာရီဝန်းကျင်လောက် ဆိုတော့ လျှောက်မလည်တော့ပဲ Shopping ပဲထွက်ခဲ့ကြတယ်။ (တကယ် တော့ မူဆယ်၊ ရွှေလီ ခရီးစဉ်ကို မနှစ် ၂၀၀၈ သင်္ကြန်ကမှ ကျွန်မတို့  သွားခဲ့ကြတာလေ)။
ညနေစာကို ဟွာဖုန်း ဈေးထဲက စားသောက်ဆိုင်တန်းမှာပဲ စားခဲ့လိုက်ကြတယ်။ ည ၈နာရီ လောက်မှာတော့ မူဆယ် ဘက်ကို ပြန်ကူးလာပြီး ရွှေသီရိ ဆိုတဲ့ ဟိုတယ်မှာ ညအိပ် ခဲ့ကြတယ်။
19.4.09 မူဆယ်မြို့ ကနေ ပြန်ဆင်းခဲ့ကြတယ်။ နေ့ လယ်စာကို လားရှိုးမှာ ၀င်စားခဲ့တယ်။




သီပေါမြို့  အထွက်မှာရှိ တဲ့ ဘော်ကြို ဘုရားကိုလည်း ၀င်ဖူးခဲ့ကြသေးတယ်။



ညကိုတော့ ပြင်ဦးလွင်က နန်းမြိုင်ဟိုတယ်မှာတည်း ဖြစ် ခဲ့ကြ တယ်။ နန်းမြိုင် ဟိုတယ်မှာ အိပ်ဖြစ်ခဲ့တဲ့ ညတစ်ညကတော့ ဘ၀မှာ အမှတ်တရပါပဲ။ ကျွန်မက လွဲလို့  ကျွန်မတို့  အုပ်စုထဲက လူတွေ အားလုံးကို သရဲချောက်ခံရလို့ ပါပဲ။
နန်းမြိုင်မှာ ကြုံခဲ့ရတဲ့ တညတာ အကြောင်းကို နောက်မှပဲ ပြောပြတော့မယ်နော်။ အဲဒီညကတော့ ဘယ်သူမှ ကောင်းကောင်း မအိပ်ရပဲ ကျွန်မကတော့ တညလုံး လုံးဝ မအိပ်ဖြစ်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။
20.4.09 ပြင်ဦးလွင်ရဲ့  မနက်ခင်းဟာ ကြည်နူးစရာ ကောင်းပါတယ်။ ဒါပေမဲ့  ကျွန်မတို့  အုပ်စု ကတော့ ညက ကြုံ တွေ့ လိုက်ရတဲ့  အတွေ့ အကြုံ (သရဲချောက်တဲ့ အကြောင်းကို ပြန်ပြောရင်း) ဆူညံနေပါတယ်။
မနက်စာ သွားစားချိန်မှာတော့ ညက ကိစ္စဟာ ကျွန်မတို့  အုပ်စု တစ်ခုထဲ မဟုတ်ပဲ ကျွန်မတို့  အဆောင်မှာ တည်း တဲ့ အခြား ခရီးသွား အဖွဲ့ လည်း ကျွန်မတို့ လိုပဲ အချောက်ခံ ရတယ်လို့ သိလိုက်ရပါတယ်။
မနက်စာ စားပြီးတော့ မဟာအံ့ထူးကံသာ ဘုရားသွားဖူးကြတယ်။ ညက အတွေ့ အကြုံနဲ့  ဘုရားကို ဖင်ထောင်အောင် ရှိခိုးကြတယ်လေ။ ဘုရားဖူးပြီးတော့ ပြင်ဦးလွင်မြို့  တပတ် ပတ်ကြည့်ပြီး ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားခဲ့ကြတယ်။
ပွဲကောက် ရေတံခွန်တို့ ၊ ရုက္ခဗေဒဥယျာဉ်တို့ ၊ တိုင်းရင်းသားကျေးရွာတို့ က မနှစ်က လည်ဖူးပြီးသားမို့  လာတိုင်းလည်း လည်နေကြမို့  ဒီနှစ်တော့ မလည်တော့ပဲနဲ့  အချိန်ပေးပြီး ကြာကြာသွားရတဲ့ ရောက်ဖို့ ခဲယဉ်းတဲ့  ဓါတ်တော်ချိုင့် ရေတံခွန်ကိုပဲ သွားခဲ့ပါတော့တယ်။
ဓါတ်တော်ချိုင့် ရေတံခွန်က ပြင်ဦးလွင် အထွက်နားက အနီးစခန်းနားမှာပါ။
ဓါတ်တော်ချိုင့် ရေတံခွန်ကို တောလမ်းလေးကနေ ဆင်းသွားရတယ်။ အသွားက ကုန်းဆင်းဆိုတော့ ၄၅ မိနစ်လောက် သွားရတယ်။ အပြန်က ကုန်းတက်ဆိုတော့ ၁ နာရီ ၁၅ မိနစ်လောက် ကြာတယ်။
ရေတံခွန်မှာ ဓါတ်ပုံရိုက်တာ အမော ဖြေတာက ၁ နာရီလောက် ကြာတာဆိုတော့ အနည်းဆုံး ၃ နာရီလောက် အချိန်ပေးရတယ်။

ကျွန်မရဲ့ ကျန်းမာရေးကြောင့် ဓါတ်တော်ချိုင့် ရေတံခွန်ကို မလိုက်သွားနိုင်တာမို့  အသေးစိတ်တော့ ပြောမပြနိုင် တော့ဘူးပေါ့။ ဒါပေမဲ့ ရေတံခွန်ကြိးကို မြင်လိုက်ရရင် တလမ်းလုံး မောပန်းလာသမျှ ပြေပျောက်သွားရ အောင် အရမ်းကို အေးမြ လှပ ပါတယ်တဲ့နော်။
ဓါတ်ေတော်ချိုင့်က အပြန် ၂၁မိုင်မှာ ထမင်းဝင်စားပြီး မန္တလေး ဆင်းခဲ့ကြတယ်။ မန္တလေးက Swan Hotel မှာ တည်းတယ်။

Hotel Check in ၀င်လုပ်ပြီးတာနဲ့  မမှောင်ခင်မှာ အောင်တော်မူ ဘုရား၊ ကောင်းမှုတော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီး၊ မန္တလေးတောင်တို့ ကို ၀င်ပြီး ဘုရားဖူးခဲ့ကြတယ်။ ညစာ စားပြီး ဟိုတယ် ပြန်အိပ် ကြတယ်။
21.4. 09 မနက် ၅ နာရီမှာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးရဲ့ မျက်နှာသစ်တော် အမှီဝင်ဖူး ကြပြီး ရန်ကုန်ကို ပြန်လာခဲ့တာ ည ၁၁နာရီ ထိုးကာနီးမှာ အိမ် ပြန်ရောက်ခဲ့ပါတယ်။
ကျွန်မရဲ့ ခရီးသွား မှတ်တမ်းကို ၀တ္ထု တစ်ပုဒ်လို ပြောပြချင်ပေမဲ့ ကြာနေမှာစိုးလို့  ဒိုင်ယာရီ ရေးသလိုပဲ ရေးလိုက် ပါတယ်နော်။ သွားဖြစ်တဲ့ နေရာတိုင်းမှာ မာတီက သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ၊ မောင်လေးတွေ၊ ညီမလေးတွေကို သတိရရင်း ပြုခဲ့တဲ့ ကုသိုလ်မျာ်းကိုလည်း မျှဝေပါတယ်နော်။ အားလုံးနှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေနော်။
read more "၂၀၀၉ သင်္ကြန် ခရီးသွားမှတ်တမ်း"