Showing posts with label အတွေးအရေး. Show all posts
Showing posts with label အတွေးအရေး. Show all posts
On 0 comments

ငွေဆောင်မှာ နေတဲ့ ကာလတလျှောက်လုံးမှာ သရဲ မကြောက်၊ တစ္ဆေ မကြောက်သလို သူခိုးကိုလည်း မကြောက်ပဲ နေ တတ်ခဲ့တဲ့ ကျွန်မ ကြောက်တဲ့ သတ္တ၀ါတော့ ရှိပါတယ်။ အဲဒါကတော့ မြွေပါပဲ။

ထိုင်းနိုင်ငံကို ပညာတော်သင် သွားတုန်းကလည်း နေခဲ့တဲ့ အဆောင်ရဲ့ ပတ်ပတ်လည်မှာ မြွေတွေ အမြဲ တွေ့ ရတတ်ပါတယ်။ ကျွန်မတို့ နဲ့  ကပ်ရက် ညီမငယ်တွေ အိပ်တဲ့ အခန်းထဲကို မြွေဝင်တုန်းကလည်း လူကောင်ကြီး ပြီး မကြောက်တတ်ဘူးလို့  ကြွေးကြော် နေတဲ့ ကျွန်မက မြွေကိုတော့ ကြောက်ရွံ့ စွာ ထွက်ပြေးနေပေမဲ့ လူကောင်သေးသေး ကရင်မလေး ညီမငယ်နော်က သတ္တိရှိစွာနဲ့  မြွေကို ရိုက်သတ် ခဲ့တာလည်း ကျွန်မတို့  အုပ်စုထဲမှာ ရယ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုင်းကို ရောက်ခါစက သူတို့ ရုံးခန်းရှေ့ က စံပယ်ရုံကြီးက ဖွေးဖွေးလှုပ် မွှေးကြိုင်အောင် ပွင့်နေတာမို့  မိန်းကလေးပီပီ လှမ်း ခူးဖို့  လက်ရွယ်ရုံ ရှိသေးတယ်။ ကျွန်မရဲ့ ဆရာက “မခူးနဲ့ အုံး” လို့  ကမန်းကတန်း အော်ရင်း ကျွန်မရဲ့ လက်ကို လှမ်းဆွဲပါတယ်။ သူ ဘာလို့  အော်လည်း ဆိုတဲ့ အဖြေကို သူက လက်တွေ့ ပြပါတယ်။

မီးမလင်းတလင်း အလင်းရောင် မှိန်မှိန်အောက်မှာ ကျွန်မက စံပယ်ပန်း ဖြူဖြူကိုပဲ မြင်တာကိုး။ သူ ဓာတ်မီးနဲ့  ထိုးပြလိုက်တော့မှ စံပယ်ကိုင်းတွေပေါ်မှာ ရှိနေတဲ့ မြွေမဲမဲတွေကို တွေ့ ရတာပါ။ မရှိဘူးဆိုရင်တောင် ၁၀ကောင်လောက် ရှိတယ်လေ။ အဲဒီထဲက စပယ်ပန်းကို ညဘက် မခူးရဲတော့ပါဘူး။

ညဘက် အဆောင်ရဲ့ အနောက်က ခုံတန်းလေးမှာ အေးအေးလူလူ စာထိုင်ရေးလို့  ရပေမဲ့ တရှပ်ရှပ် အသံကြား လို့  ကြည့် လိုက်ရင် မြွေတွေ သွားနေတာပါ။ ဒါကြောင့် ညဘက်ဖြစ်ဖြစ် နေ့ ဘက်ဖြစ်ဖြစ် ခြေထောက်ချပြီး မထိုင်ရဲလောက်တဲ့အထိ မြွေပေါတာ ပါ။ သူတို့ က အတော်များများက အဆိပ်မရှိပါဘူးလို့  ပြောပေမဲ့ ကျွန်မ ကတော့ ကြောက်တာပါပဲ။

ဒါနဲ့  စကားမစပ် ပြောရရင် ငွေဆောင် ကမ်းခြေမှာ ဂျပ်မြွေပေါတယ်ဆိုတဲ့ ကောလဟာလ သတင်းတစ်ခု ထွက်ခဲ့ဘူးပါတယ်။ တကယ်တော့ ကျွန်မတို့ က ငွေဆောင်ကမ်းခြေ စပေါ်တဲ့ သက္ကရာဇ် ၂၀၀၀ ၀န်းကျင် ထဲ က ငွေဆောင်မှာ ရှိနေခဲ့တာပါ။ တစ်ခါမှ ကမ်းခြေမှာ ဂျပ်မြွေ မတွေ့ ခဲ့ဘူးသလို ဂျပ်မြွေ အကိုက်ခံရတဲ့သူ လည်း တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ ဒီစကားက ဘယ်က ထွက်လဲဆိုတော့ ငွေဆောင်နဲ့  အပြိုင် ကမ်းခြေတစ်ခုဆီက စီးပွားရေးအရ သူတို့ ကမ်းခြေကို လူမလာမှာစိုးလို့  တိုက်ခိုက်ခြင်း ဖြစ်တယ်လို့  မှတ်သားခဲ့ရပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်မ မသိပါဘူး။ ဂျပ်မြွေ မရှိတာတော့ သေချာပါတယ်။

ငွေဆောင်မှာ ကျွန်မတို့  နေတဲ့ နေရာက တောအုပ် ထူထပ်တယ်လေ။ ဒါကြောင့် မြွေ တအားပေါတယ်။ ဘယ်လောက်များ ပေါလဲဆိုရင် ကျွန်မတို့ နေတဲ့ အပြာရောင်အိမ်လေးမှာဆို ခဏ ခဏ မြွေတွေ အပုံလိုက် အခွေလိုက် တက်ခွေနေတတ်တာ။ တခါ တလေ နေ့ လည်ပိုင်း ကျွန်မနဲ့  မီမီတို့  အိပ်နေချိန်မျိုးမှာ အိမ်ပြာ လေးရဲ့ ထုပ်တန်းပေါ်(ကျွန်မတို့  အိပ်ရာရဲ့ အပေါ်ဘက်) မှာ တရွေ့  ရွေ့ နဲ့  သွားနေတဲ့ မြွေကို လှမ်းမြင်လို့  အိပ်နေရာကနေ ထပြေးပြီး ကလေးတွေကို အော်ခေါ်ရတာမျိုး၊ မနက် မိုးလင်း အိပ်ရာသိမ်း ရင် ခြင်ထောင် ကြိုး မှာ မြွေရေခွံ တွဲလောင်းကြီး ကျန်နေတာမျိုးတွေ မကြာခဏ တွေ့ ရတတ်ပါတယ်။

နောက်ပြီး ကျွန်မတို့  အစာအိတ်တွေ ထားတဲ့ အစာဂိုဒေါင်ထဲမှာ ကြွက်တွေ တအားပေါတယ်လေ။ အဲဒီမှာ ကြွက်လာဖမ်းတဲ့ မြွေကလည်း ပေါမှပေါပဲလေ။ ကျွန်မကတော့ မြွေတွေ့ ပြီဆို ဘာမြွေရယ် ဘာရယ် မသိဘူး။ မျက်စိမှိတ်ပြီး အော်တော့တာပဲ။ တခါ တလေကျရင် ကလေးတွေက ပြောတယ်။

“ဆရာမကလည်း စွတ်အော်နေတာပဲ။ သေချာလည်း ကြည့်ပါအုံး။ ဒါလေးက ရေမြွေလေးပါ။ ဒါလေးက မြက်ရှောလေးပါ” နဲ့  ပြောကြတယ်။

ကျွန်မကလည်း အားကျမခံ ပြန်ပြောတာပါပဲ။

“ဟဲ့ နင့်မြွေက ငါ့ကို ကိုက်ပြီး သူက မြက်ရှောပါ။ ရေမြွေပါ။ မြွေဟောက်ပါလို့  ပြောသွားမှာ မဟုတ်ဘူး။ ကိုက်ပြီး ထွက် ပြေးသွားမှ ငါက ဘာမြွေလည်းလို့  ဘယ်သူ့ ကို လိုက်မေးရမလဲ။ အဲဒီတော့ ကြောက်တယ်။ ကြောက်လို့  ကြိုအော်ထားမှာ တော်ရုံကြတာ မဟုတ်လား”လို့ လေ။

ကျွန်မတို့  ညဘက် အပြင်ထွက်ရင် များသောအားဖြင့် တွတ်ပီဖိနပ်လို့  ခေါ်တဲ့ တောဘွတ်တွေ စီးလေ့ရှိပါ တယ်။ အထူး သဖြင့် မိုးတွင်းဆို မြွေတွေက အိမ်ပေါ်ကို ပိုတက်တတ်တယ်လေ။ အဲဒီ တွတ်ပီ ဖိနပ်တွေကို မစီးတဲ့ အချိန်တွေဆို မှောက်ထားရ တယ်။ မဟုတ်ရင် မြွေတွေက အဲဒီ ဖိနပ်ထဲ ၀င်နေတတ်တာလေ။

ဖိနပ်စီးခါနီးတိုင်း ဖိနပ်ကို ခါပြီးမှ စီးရဲသလို အိပ်ခါနီးတိုင်းလည်း အိပ်ရာပေါ် မတက်ခင် ထရံကို ပုတ်ပြီး ရှူးရှူးနဲ့  ခြောက်ရ တယ်။ မြွေရှိနေရင် သူ့ ဘာသာ ထွက်သွားအောင်လို့ လေ။ ဘာလို့ လဲဆိုတော့ ကျွန်မ အိပ်ရာပေါ်မှာ မြွေအခွေလိုက် တက်အိပ်နေ တာကြုံခဲ့ရတာမို့ လေ။ ဆက်ပြောပြအုံးမယ်နော်။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၁၀ {အတွေး၊ အရေး - ၁၆}"

On 0 comments

အပြာရောင် အိမ်လေးထဲမှာ ကျွန်မတို့ ရဲ့ ခင်မင်မှုတွေ တွယ်တာမှုတွေ ရှည်ကြာခဲ့တယ်။ မနက်စာ စားပြီးချိန် ကစလို့  ကန် ထဲကို ဆင်းလိုက်ရင် ပုဇွန်တွေကို နောက်ဆုံး ည ၁၁နာရီ အစာကျွေးပြီးသည်အထိ ကန်ထဲမှာပဲ နေရတာလေ။ ရေမိုးချိုးချိန်နဲ့  ည အိပ်ရာ ၀င်ချိန်လောက်ပဲ ကိုယ့်အဆောင်ကို ပြန်ဖြစ်တာ။

နေ့ လယ်စာ အတူစားကြပြီး နေ့ ခင်း တရေးတမော အိပ်ချိန်ဆို ကျွန်မတို့  မိန်းကလေးတွေက အိမ်ပြာလေး မှာ ပဲ နားနေတတ်ကြတာ။ ၈ယောက် စလုံးမှာလည်း ဆိုင်သူတွေ ကိုယ်စီ ရှိပြီးသားမို့  တစ်ယောက်နဲ့ တစ်ယောက် အဖြူရောင် မေတ္တာတွေနဲ့  သာ တွယ်တာခဲ့ကြတာ။

ဘာပြောပြော စိတ်မဆိုးကြေး၊ အချင်းချင်း ရိုင်းပင်း ကူညီကြေးဆိုတာ တိုင်ပင်စရာ မလိုပဲ စိတ်တူ ကိုယ်တူ ရှိခဲ့ကြတာ။ တစ်စုံတစ်ယောက်ရဲ့ သက်ဆိုင်သူဆီက စာလာရင် ခိုးဖတ်ကြတာ၊ မုန့် တွေကို အကုန် ၀ိုင်းလု စားကြတာ၊ အိပ်ရာဘေးမှာ ထားတဲ့ ရည်းစားတွေရဲ့ ဓာတ်ပုံကို သူ့ ရည်းစားနဲ့  ငါ့ရည်းစား ပြောင်းလဲထားတတ် တာ၊ ဓာတ်ပုံတွေ ဖွက်ထားတတ်တာ စသဖြင့် နည်းမျိုးစုံနဲ့  စိတ်မဆိုး၊ စိတ်မခုကြေး နေခဲ့ကြတာ။

မိဝေး ဖဝေး လာနေကြရတော့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြပြီး မောင်နှမတွေလို တရင်းတနှီး နေ ခဲ့ကြတာ။ သွားစရာ ဆိုလို့  ငွေဆောင် ရွာထဲသာ ရှိတာမို့  သွားရင်လည်း ဆိုင်ကယ်တွေ တန်းစီပြီး သွားကြ တာ။ ရွာထဲမှာ လဘက်ရည်ဆိုင် မပြောနဲ့  စူပါ ကော်ဖီမစ်ကို ရေနွေးနဲ့  ဖျော်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တောင် ကျွန်မတို့  ရောက်ပြီး တစ်လလောက်နေမှ ပေါ်ခဲ့တာ လည်း အမှတ်တရ တစ်ခုရယ်သာ။

ရောက်ရောက်ချင်း ရွာထဲက အိမ်ဆိုင်လေးတစ်ခုကို ကျွန်မတို့  အုပ်စု ၀င်ဝယ်လိုက်ကြတာ နောက်နေ့  ရောင်း စရာ မရှိတော့တဲ့ အထိလေ။ ကျွန်မတို့  အများကြီး ၀ယ်တာကြောင့် မဟုတ်ပဲ သူတို့ ဆိုင်မှာကိုက နဲနဲလေး သာ တင်တတ်ကြတာ။ ဥပမာ - ရေပုံးတို့  ရေခွက်တို့ ဆိုလည်း တစ်ဆိုင်လုံးမှာမှ ၁လုံး ၂လုံးလောက်ပဲ ရှိတတ် တာမျိုးလေ။

တစ်ယောက် နေမကောင်းရင် အားလုံးက ၀ိုင်းဝန်း ဂရုစိုက် ပြုစုပေးတတ်ခဲ့တာ၊ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့ ကျွန်မကို အားလုံးက ဂရုတစိုက် ရှိခဲ့ကြတာကလည်း မမေ့စရာပါ။ အချိန် ၃လလောက် အတွင်း မှာ နောက်ထပ် တူးဖော်ပြီး ထပ်မံ တိုးချဲ့ တဲ့ ဆိုဒ်အသစ်တွေ ရှိလာတဲ့အတွက် တာဝန်ထမ်းဆောင်ဖို့  အသီး သီး ခွဲထွက်ကြရတယ်။ ကျွန်မတို့  အုပ်စုလေးမှာ တဖြည်းဖြည်းနဲ့  လူ နည်းသွားခဲ့ပြီ။

ဟိုးအရင်က လူ၈ယောက်နဲ့  စည်ကားစွာ ရှိခဲ့တဲ့ အိမ်လေးမှာ ခုတော့ ကျွန်မနဲ့ မီမီ ၂ယောက်သာ ကျန်တော့ တယ်။ နီလာ ဆိုတဲ့ သူငယ်ချင်းက မင်္ဂလာဆောင်သွားခဲ့ပြီ။ နောက်ပိုင်းမှာတော့ မီမီနဲ့  ကျွန်မဟာ ဒီိအိမ် ပိုင်ရှင်တွေ ဖြစ်လာခဲ့တယ်။ ကျန်တဲ့သူတွေ ကတော့ တခါတရံမှာ ကျွန်မတို့ ဆီကို ဧည့်သည် အဖြစ်နဲ့ သာ ပြန်လာလည်နိုင်ကြတော့တာလေ။

အရင်က အမျိုးသားတွေက ကန်ထဲမှာ ဆင်းနေပြီး ကန်နားမှာတင် အိပ်တဲ့အတွက် ကျွန်မတို့ မှာ တာဝန် သိပ်မရှိခဲ့ဘူး။ ညဘက်မှာ လုံခြုံရေး တာဝန်ယူရတာ၊ ကန်လုပ်သားတွေ အုပ်ချုပ်ရတာ၊ ပုဇွန်တွေအတွက် အောက်စီဂျင် မပြတ်ရလေအောင် စက်တွေကို မရပ်အောင် ညနက် သန်းခေါင် ထကြည့်ရတာတွေက သူတို့  မရှိတော့မှ ကိုယ်တွေ တာဝန်ယူရတော့တာလေ။ အိပ်ရာက ဖြတ်ဆို နိုးလိုက်တာနဲ့  လက်နှိပ်ဓာတ်မီးနဲ့  အိုင်ကွန် (icom) ဆွဲပြီး ကန်တွေ ထပတ်တတ်တာက နောက်ပိုင်းမှာ အကျင့် ဖြစ်နေခဲ့ပြီ။

တောကြီးမျက်မည်းမှာ နေပေမဲ့ သရဲ တစ္ဆေဆိုတာကို ကျွန်မက အယုံအကြည် မရှိသလို ကြောက်လည်း မကြောက်တတ်ခဲ့ ဘူး။ တကယ်တော့ သရဲ တစ္ဆေထက် ကြောက်ဖို့ ကောင်းတာက စိတ်ထား မကောင်းတဲ့သူ ပဲလို့  ကျွန်မကတော့ ခံယူတယ်။ ဟုတ် တယ်လေ။ စိတ်ထားမကောင်းတဲ့သူကသာလျှင် ကိုယ့်အပေါ် အချိန်မရွေး မကောင်းကြံနိုင်၊ အကောက်ကြံနိုင်တာလေ။

ကျွန်မတို့  အုပ်စုထဲက အကိုတွေက အမြဲတမ်း ကျွန်မကို မှာတယ်။ ဘယ်တော့မှ ညနက် သန်းခေါင် တစ်ယောက်ထဲ ကင်း မပတ်ဖို့ လေ။ မိန်းကလေး တစ်ယောက်ထဲဆိုတော့ အရေးဟယ် အကြောင်းဟယ် သူခိုးတွေ ဘာတွေနဲ့  တွေ့ ရင် ကိုယ်က မိန်းကလေး ဆိုတော့ သူများက ကိုယ့်ကို အန္တာရယ်ပြုသွားမှာ စိတ်ပူကြတာလေ။

ဒါကြောင့် သွားချင်ရင် ကင်းသမား ဒါမှမဟုတ် ကန်က စိတ်ချရတဲ့ ကန်လုပ်သားလေး တစ်ယောက်ယောက်ကို ခေါ်ပြီး သွားစေချင်တာ။ ဒါပေမဲ့ စိတ်မြန်တဲ့ ကျွန်မကလည်း ဘယ်သူ့ မှ မခေါ်ပဲ ကန်ပတ်ဖြစ်တာ များပါတယ်။ ဘုရားတရား မိဘ ဆရာသမား ဂုဏ်ကျေးဇူးနဲ့  ကျွန်မ တစ်ခါမှ ဆိုးဆိုးရွားရွား အန္တာရယ်တော့ မတွေ့ ခဲ့ရဘူး။

သူတို့  ကျွန်မကို စိတ်ပူတယ် ဆိုတာကလည်း ကျန်တဲ့သူတွေ အားလုံးက ဆိုင်ကယ် စီးတတ်တော့ ကန်ပတ် ရင် ဆိုင်ကယ် နဲ့ ပဲသွားလာတာလေ။ ကျွန်မက ဆိုင်ကယ် မစီးတတ်တော့ ခြေကျင်ပဲ လျှောက်ပတ်တာလည်း ပါတာပေါ့။ ပုဇွန်ကန်မှာ ၄နှစ်သာ နေခဲ့တာ ကျွန်မ ဆိုင်ကယ် မစီးတတ်ခဲ့တာလည်း အမှတ်တရ တစ်ခုပါပဲ။

ဘာလို့ လည်းဆိုတော့ ငယ်ငယ်လေးထဲက စိတ်ပူတတ်တဲ့ အဘွားနဲ့  နေခဲ့ရတော့ စက်ဘီးတောင် မစီးတတ် ခဲ့လို့ လေ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၉ {အတွေး၊ အရေး - ၁၅}"

On 0 comments

ပုဇွန်တွေက တနေ့ ကို အစာ ၅ကြိမ် ကျွေးရတယ်။ မနက် ၇နာရီ၊ မနက် ၁၁နာရီ၊ နေ့ လယ် ၃နာရီ၊ ညနေ ၇နာရီနဲ့  ည ၁၁ နာရီတို့ ပါ။ (အစာကျွေးချိန်ကတော့ ကိုယ့်ရဲ့ ပညာရှင်အပေါ် မူတည်ပြီး အနည်းအကျဉ်း တော့ အပြောင်းအလဲ ရှိတတ်ပါတယ်။)

အစာ ကျွေးခါနီး နာရီဝက် အလိုမှာ ပုဇွန်တွေ အောက်စီဂျင် ရအောင်၊ ပုဇွန်ချေး စတဲ့ မလိုလားအပ်တဲ့ အညစ်အကြေးတွေ အလည်မှာ စုအောင်ဆိုပြီး မောင်းထားတဲ့ Paddle Wheel ခေါ် ရေဒလက်တွေ လိုက်ပိတ် ရတယ်။ ပြီးရင် ကန်လုပ်သားလေးတွေက အစာဂိုဒေါင်ကို လာပြီး နောက်တကြိမ် ကျွေးမဲ့အစာကို လာယူကြ ရတယ်။ သူတို့ အတွက် အစာနဲ့  အတူ လိုအပ်တဲ့ ဗီတာမင်တွေ၊ အာဟာရဓာတ် တွေ ပါအောင် ဆေးတွေနဲ့  အစာကို နယ်ပေးရတယ်။ အရင်က ပုဇွန် ကျန်းမာရေး မကောင်းရင် Antibiotics တို့  ဆေးဝါးတို့ သုံးပေမဲ့ ခုချိန်မှာ ဒါတွေက သုံးမရတော့ဘူး။ ပြင်းထန်စွာ တားမြစ်ထားပြီ။

သူတို့ ကို အစာ ကျွေးပြီး ၂နာရီနေရင် အစာဗန်း လှန်ရတယ်။ ကန်၁ကန်မှာ အစာဗန်း ၄ဗန်း ရှိတယ်လေ။ အစာဗန်း လှန်တယ်ဆိုတာက ပုဇွန်တွေ အစာ စား/မစား၊ သူတို့ ရဲ့ ကျန်းမာရေး ကောင်းမကောင်းကို စစ် ဆေးရတာလေ။ ဒါမှသာ သူတို့  ကျန်းမာရေး မကောင်းရင် ချက်ချင်းသိပြီး ကုသနိုင်ပါ။ အစာဗန်း မရင်းနဲ့  လက်မောင်းတွေ ပိုကြီးလာသလို လက်ချောင်းလေးတွေလည်း နောက်ပိုင်းမှာ အသားမာတက်လာတယ်။ အစာဗန်း ချည်တဲ့ ကြိုးက နိုင်လွန်ကြိုး အကြီးစားတွေလေ။

ပုဇွန်တွေက အရမ်းနုနယ်တယ်။ သူတို့ ကို ကလေးတွေ ကြည့်သလို တစိမ့်စိမ့် အရိပ်တကြည့်ကြည့်နေရတာ။ တခုခု ဖြစ်ရင်လည်း ဆုံးဖြတ်ချက် ပိုင်နိုင်စွာနဲ့  ချက်ချင်း လုပ်ဆောင်နိုင်မှ အသေအပျောက်နည်းတာလေ။ စစချင်းမှာတော့ ကျွန်မတို့  တွေက ထိုင်းပညာရှင်ရဲ့ လက်အောက်မှာ ပညာသင်ရင်း လက်ထောက်ဘ၀နဲ့ ပဲ နေရသေးတယ်။

ကိုယ်တကယ် စပြီး မွေးဖို့ ကြိုးစားကြည့်တော့မှ အခက်အခဲဆိုတာ တွေ့ ရတာလေ။ သူတို့ ဆီမှာတုံးကတော့ ဒီနေ့  ထုံး ထည့်တယ်ဆို ထည့်တယ်ပေါ့။ ဒီနေ့  ရေလှယ်တယ်ဆို လှယ်တယ်ပေါ့။ ဘာကြောင့် လှယ်တယ် ဆိုတာ သေချာမသိခဲ့ဘူး။ ဒီရောက်တော့မှ ကိုယ်တာဝန်ယူရတဲ့ ကန်ကို ထိုင်းပညာရှင်က ဘာလုပ်ခိုင်းတယ် ဆိုရင် ဒါဟာ ဘာကြောင့် ဖြစ်နိုင်တယ် ဘာညာနဲ့  ကန်ရဲ့ ရေတို့ ၊ ပုဇွန်တို့ ကို စစ်ထားတဲ့ ဓာတ်ခွဲခန်းရဲ့ အဖြေ တွေနဲ့  စပ်ဆက် စဉ်းစားရတာလေ။

ပြီးတော့မှ ကိုယ့်အယူအဆ မှန်မမှန်ကို သူနဲ့  ပြန်ဆွေးနွေး၊ သူလုပ်တာ ဆုံးဖြတ်တာလေးတွေ လိုက်မှတ်နဲ့  ပညာကို ဆည်းပူးခဲ့ရတယ်။ ပုဇွန်သားပေါက်ထည့်ပြီး ၃၅ ရက်ပြည့်ရင် ပုဇွန်တွေရဲ့ အလေးချိန်ကို စတင် ချိန်ရပြီ။ အစာဗန်းထဲပါလာတဲ့ ပုဇွန် သေးသေးလေးတွေကို မနာကျင်အောင် အသာလေး ယူပြီး ခွက်ကလေး ထဲထည့် အလေးချိန် ဘယ်လောက်ရှိလဲကြည့် ပြီးတော့မှ ဘယ်နှစ်ကောင်ပါလဲဆိုတာနဲ့  စားပြီး သူတို့ ရဲ့ ပျှမ်းမျှ အလေးချိန်ကို ရှာရတာ။ ၃၅ရက်ကနေပြီး တပါတ်တစ်ခါ ချိန်ရတာ ပုဇွန်ဖော် ချိန်အထိပါပဲ။

ပုဇွန်ကို ကန်ထဲစထည့်ချိန်ကနေစပြီး ၁ရက်လို့  ရေတွက်ပါတယ်။ ပုဇွန်အသက် ၁၄၀ကနေ ၁၆၀ ကြားမှာ ပုဇွန်ဖော် (Harvest) ရပါတယ်။ အဲဒီအချိန်မှာ အဖြေတစ်ခု ထွက်လာပါတယ်။ ပုဇွန်တန်ချိန် ဘယ်လောက် ထွက်လဲ။ ထွက်နှုန်းကောင်းလား ဆိုတာ ကြည့်ကြပါတယ်။ ကိုယ်ရဲ့ကန်က ဖော်ချိန်မှာ ကောင်းမွန်တဲ့ ရလာဒ် တစ်ခု ထွက်လာရင် အရမ်းပျော်ရပါတယ်။

ပုဇွန်တန်ချိန်များများ ထွက်ခြင်း၊ ကျန်းမာ သန်စွမ်းသော ဈေးကွက်ဝင် ပုဇွန် အကောင်ကြီးများ ထွက်ရှိရင် ကိုယ်က မျက်နှာပန်း လှပါတယ်။ ဒီတရာသီစာ (1 Crop) အတွင်း ကိုယ်ရဲ့ ဂရုစိုက်မှု၊ ဆုံးဖြတ်ချက် မှန်ကန် မှုတို့ ကြောင့်သာ ဒီလို ရလာဒ်ကောင်း ထွက်တာပါ။ ကိုယ့်ရဲ့ နည်းပညာ၊ ကိုယ့်ရဲ့ အားထုတ်မှု ညံ့ဖျင်းခဲ့ရင် ရလဒ် ကောင်းမှာ မဟုတ်ပါဘူး။

ကျွန်မတို့  ပုဇွန်မွေးသမားချင်း အမြဲ ပြောနေကြစကားလေး ရှိပါတယ်။ ပုဇွန်ကန်တစ်ခုမှာ အောင်မြင်သော ရလာဒ် ထွက်လာဖို့ ဆိုရင် ကံကောင်းမှ (Good Luck)၊ ကန်ကောင်းမှ (Good Pond)၊ ဂရုစိုက်မှုကောင်းမှ (Good Take Care) အားလုံး ဖြစ်ပါမှ ရတာလို့ လေ။

ကိုယ့်ရဲ့ ကုသိုလ်ကံလေး ကလည်း ကောင်းမယ်။ ကိုယ် မွေးမြူရတဲ့ ကန်ကလည်း ရေအခြေအနေ၊ မြေအခြေ အနေတွေ ကောင်း မွန်မယ်။ ကိုယ့်ရဲ့ ဂရုစိုက်မှုကလည်း သားပေါက် စထည့်ချိန်က ကန်ဖော်သည်အထိ တစိုက်မတ်မတ် ရှိခဲ့မယ်။ ရောဂါ ဘာဘညာလည်း ကြီးကြီးမားမားလည်း မဖြစ်ခဲ့ဘူး စတဲ့ အခြေအနေတွေ ပြည့်စုံတယ် ဆိုရင်လို့ ပြောချင်တာပါ။

တစ်ခါတစ်ရံမှာ လုံးဝ မွေးမြူလို့  မကောင်းသော ကန် (Bad Pond) များလည်း ရှိတတ်ပါတယ်။ သူ့ ရာဇ၀င်က မကောင်းတော့ ဘယ်သူ မွေးမွေး၊ ဘယ်လောက် တော်သော ပညာရှင် မွေးမွေး ပုဇွန် ကောင်း ကောင်း မထွက်ပါဘူး။

တစ်ခါတရံမှာတော့ မွေးမြူလို့  ဘယ်လိုပင် ကောင်းသော ကန်ပင် ဖြစ်စေအုံးတော့ ထိုသူမှာ (Good Luck) မရှိတဲ့အတွက် ဘယ်လို မွေးမွေး မအောင်မြင်ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့  ပုဇွန်က မထွက်ပါဘူး။

ကြုံတုန်း ကြော်ငြာဝင်ရရင် ကျွန်မ လက်ထောက် (Assistant Technician) ဘ၀မှာ ၁နှစ်၊ ကိုယ်တိုင် ပညာရှင် (Technician) ဘ၀မှာ ၃နှစ် ပုဇွန် မွေးတဲ့ သက်တမ်းတလျှောက်မှာ ပုဇွန် ဘယ်နှစ်တန်ထွက်လဲလို့  မေးတဲ့ မေးခွန်းတိုင်းကို တခါမှ အားငယ်စွာနဲ့  ခေါင်းငုံ့ ပြီး မဖြေခဲ့ဘူးပါဘူး။ အမြဲတမ်း ခေါင်းမော့ပြီး ပြုံးပြုံးလေး ဘယ်နှစ်တန် ထွက်ပါတယ်လို့  ဂုဏ်ယူစွာ ပြောနိုင်ခဲ့တာလည်း အမှတ်တရ တစ်ခုပါပဲလို့ လေ။

read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၈ {အတွေး၊ အရေး - ၁၄}"

On 0 comments

နောက်ပိုင်း ကျွန်မတို့  အလုပ် ကျွမ်းကျင်သွားချိန်မှာတော့ ဟိုးအရင် ဆောင်းတစ်ညရဲ့ အဖြစ်အပျက်ဟာ ရယ်စရာ တစ်ခု အဖြစ် ကျန်ရှိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ကျွန်မတို့ တွေကလည်း ပထမဆုံး အတွေ့ အကြုံမို့  စိတ်လှုပ်ရှား နေကြတာလည်း ပါတယ်။ ထိုင်းဆရာတွေက ကိုယ့်ကန်မှာပဲ ကိုယ်နေဖို့  မှာထားပြီး လိုအပ်တဲ့ သားပေါက်ထုတ်တွေ ၁ကန်ချင်း လိုက်ပို့ ပေးမယ် ပြောထားပါရက်နဲ့ လေ။ ကားပေါ်က အထုတ်တွေ ချမပြီးခင်မှာပဲ ကိုယ့်ကန်ကို သားပေါက်ထုတ် မရမှာစိုးပြီး လုပြီး သယ်ကြတာလေ။

ဆရာတွေက မယူပါနဲ့  ပြောလည်းမရ သူ့ ကန်က အထုတ်ကို ကိုယ်က ဆွဲလိုက်၊ ကိုယ့်ကန်က အထုတ်ကို သူက ဆွဲလိုက်နဲ့  ကန်တစ်ကန်အတွက် ထည့်ရမဲ့ အထုတ်တွေက မပြည့်နိုင်တော့ဘူး။ အချင်းချင်းလည်း စိတ်တွေဆိုးကြ ရန်တွေ ဖြစ်ကြနဲ့  ပြီးတော့လည်း ဘာမှ ဟုတ်တာလည်း မဟုတ်ပဲနဲ့ လေ။

ကန်တွေ ထည့်ပြီးချိန်မှာတော့ ယောကျာ်းလေးတွေက ဟိုတယ်မှာ ပြန်အိပ်လို့  မရတော့ဘူး။ ပုဇွန် ထည့်ပြီး သား ကန်ဘောင်ရဲ့ ဘေးမှာ ယာယီ တဲလေးတွေနဲ့  အိပ်ပြီး စောင့်ခဲ့ရတယ်။ သူတို့ ရဲ့ အတွေ့ အကြုံကလည်း ရင်ခုန်ဖို့  ကောင်းပါတယ်။ တောနက်ကြီးတွေမှာ ကန်တွေတူး၊ လမ်းတွေ ဖောက်၊ အိမ်တွေ ဆောက်လုပ်ပြီး နေကြပေမဲ့ တောအထာကို သိပ် မကျွမ်းဝင်သေးပါဘူး။

သူတို့ တွေ ကန်ဘောင်ဘေးမှာ ယာယီတဲလေးတွေနဲ့  ပထမ စအိပ်တဲ့ညမှာပဲ ကန်တွေ နောက်ဘက် တောထဲ က ဆင်အော်သံတွေ ကြားလို့  ကြောက်ကြောက်နဲ့  မီးဖို ထဖိုနေတုံး ခွေးအတွေ အုပ်လိုက် ဆင်းလာတာနဲ့  ကြုံရတာ။ လက်နှိပ်ဓာတ်မီးတွေ ၀ိုင်းထိုးပြီး ခွေးအတွေ မလာအောင် ၀ိုင်းခြောက်လှန့် ရတာ၊ (အဲဒီအချိန်က ခွေးအတွေက မီးရောင်နဲနဲ ကြောက်သေးတယ်။ နောက်ပိုင်းမှာတော့ ခွေးအတွေက ခေတ်မှီ သွားပြီ။ တော်ရုံ မီးရောင် မကြောက်တော့ဘူး) ဆင်အော်သံလည်း ဝေး၊ ခွေးအလည်း ပြေးသွားပေမဲ့ ချမ်းကလည်း ချမ်း၊ ကြောက်ကလည်း ကြောက်နဲ့  မအိပ်ရဲပဲ တညလုံး သူတို့ တွေ ထိုင်စကားပြောနေရတာတဲ့။

မနက်မိုးလင်းလို့ ကျွန်မတို့  ဟိုတယ်က ရောက်တော့ သူတို့ က သူတို့  အတွေ့ အကြုံကို ကျွန်မတို့ ကို ပြန် ပြောပြတော့ သူတို့ ကို အထင်ကြီးစွာနဲ့  ၀ိုင်းမေးကြတာပေါ့။ သူတို့ ကလည်း ပဲများပြီး ငါတို့ က ဘာလုပ်လိုက် တာပေါ့။ ညာလုပ်လိုက်တာပေါ့နဲ့  အာဘောင်အာရင်း သန်သန် ပြောကြတာပေါ့။ ကျွန်မကတော့ မယုံပါဘူး။

ကျွန်မမှာ သူငယ်ချင်း စပိုင်ရှိတယ်လေ။ စက်လှေနဲ့  လာတုံးက ပါလာတဲ့ တစ်ဦးတည်းသော အမျိုးသား လေးက ကျွန်မတို့  မိန်းကလေးအုပ်စုရဲ့ စပိုင်ပေါ့။ သူ့  ကို “ခင် ရှင်တို့  မကြောက်ဘူးလား” လို့  တိုးတိုးလေး ကပ်မေးတော့ “ကြောက်တာပေါ့ အမရယ်။ သူတို့ လည်း ကြောက်တာပဲ အမ တို့ ကို မကြောက်ခင်ယောင် ဆောင်နေတာ။ ခုပြောနေတဲ့ ကိုမျိုးဆို အဆိုးဆုံး။ အသံတွေတောင် တုန်လို့ ”တဲ့လေ။

နောက် စကားကြုံလို့  ပြန်ပြောကြတိုင်း တစ်ခါတုံးက သူတို့  ကြောက်ရဲ့သားနဲ့  မကြောက်ဟန်ဆောင်တာကို ကျွန်မတို့  သိပြီးသား။ အားနာလို့  နားထောင်နေတာ ။ဘာညာနဲ့  သူတို့ ကို ပြန်နှိပ်ကွပ်တာပေါ့။ သူတို့ ရဲ့ အဲဒီ အဖြစ်အပျက်ဟာလည်း ရယ်စရာ အဖြစ် အမြဲ ပြန်ပြောခဲ့ကြတာလေ။ ကန်တွေ ထည့်ပြီးချိန်မှာတော့ တာဝန် ကျရာ ကန်တွေအလိုက် ခွဲပြီး နေရတာမို့  အဖွဲ့ လေးတွေ ကွဲကုန်ကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့  ၈ယောက် အုပ်စုလေးကတော့ အဲဒီအချိန်မှ စပြီး ဖြစ်တည်ခဲ့တာလေ။ ကျွန်မတို့  အုပ်စုမှာ ယောကျာ်းလေးက ၅ယောက်၊ မိန်းကလေးက ၃ယောက်ပါတယ်။

ကန်တွေနဲ့  မနီးမဝေးမှာ နေထိုင်ဖို့ အိမ်လေးတစ်လုံး ဆောက်လို့  ပြီးသွားခဲ့ပြီ။ တောအုပ်လေးရဲ့ အလယ်မှာ အိမ်လေးက အပြာရောင်လေးနဲ့  ချစ်စရာလေး။ အိမ်လေးရဲ့ အရှေ့ မှာ တံတားခုံးခုံးလေးရယ်၊ အိမ်လေးရဲ့ အနောက်မှာ စမ်းချောင်းလေးရယ် ရှိပါတယ်။ နောက်ဘက်မှာတော့ တောအုပ်ကြီး ရှိတယ်။

ကျွန်မတို့  အုပ်စုထဲက ယောကျာ်းလေး ၅ယောက်ဟာ ဒီအိမ်ပြာလေးရဲ့ ပိုင်ရှင်တွေပေါ့။ ကျွန်မတို့ မိန်းကလေး တွေ အတွက်ကတော့ ဟိုးအဝေး တောင်ပေါ် ကုန်းမြင့်လေးထက်မှာ အဆောင်လေးတွေ ရှိတယ်လေ။

ဒါပေမဲ့ ကျွန်မတို့ ကတော့ အိမ်ပြာလေးမှာ ညအိပ်ချိန်ကလွဲလို့  အမြဲ ရှိပါတယ်။ အိမ်ထဲမှာ အမျိုးသား ၅ယောက်ရဲ့ အိပ်ရာ ၅ခုရယ်၊ ထမင်းစားခန်းလေးရယ် ရှိတယ်။ ကျွန်မတို့  တာဝန်ကျရာ ကန်တွေကလည်း အိမ်နားမှာမို့  ညအိပ်ချိန်လောက်မှသာ အဆောင်ပြန်လေ့ရှိကြတာလေ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၇ {အတွေး၊ အရေး - ၁၃}"

On 0 comments

ကျွန်မတို့ ရဲ့ ပုဇွန်ကန် မွေးမြူမွေးမြူရေးသမား ဘ၀အစက ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ပုဇွန်မွေးကန်တွေ၊ ရေလှောင်ကန် တွေ တည်ဆောက်နေဆဲ ဖြစ်သလို ကျွန်မတို့  နေထိုင်ဖို့  အိမ်တွေလည်း မပြီးသေးတာမို့  ဆိုဒ်ထဲမှာ မနေနိုင်သေးပဲ ဟိုတယ်မှာ ညပြန်အိပ်ပြီး ဆိုဒ်ထဲကို မနက်အစောကြီး ထလာရတာလေ။

မနက် ၄နာရီဆိုရင် ဟိုတယ်က Morning Call လာပြီ။ အထဲကနေ ဘယ်လောက်ပဲ နိုးပါပြီ ပြောပြော တံခါး ဖွင့်ပြီး တစ်ယောက်ယောက်က “ထပါပြီ” ထွက် မပြောမချင်း တံခါးခေါက်တတ်တဲ့ Bell Boy လေးတွေကို မနက်တိုင်း ကျွန်မတို့ တွေ မေတ္တာ ပို့ နေကျလေ။ သူ့ ခမျာမလည်း အခန်းတံခါး မဖွင့်မချင်း ပြန်မလာနဲ့ ဆိုတဲ့ လူကြီးတွေရဲ့ အမှာကြောင့် မနက်တိုင်း ကျွန်မတို့  အငြူ အစူကို ခံနေရရှာတာလေ။

နေမြင့်မှ အိပ်ရာထတတ်တဲ့ ကျွန်မအတွက် ဒါက ပုဇွန်ကန်ရဲ့ သင်ခန်းစာ နံပါတ်တစ်ပေါ့။ ဘယ်လိုပဲ ၄နာရီ နှိုးနှိုး အလှပြင် တာ မြန်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အခန်းဖော်တွေကို ရေချိုးခန်း ဦးစားပေးရင်း နောက်ဆုံးမှ ထတတ်ခဲ့တာ။ ချမ်းချမ်း စီးစီးမှာ ရေတွေ တ၀ုန်းဝုန်း လောင်းချိုး၊ သနပ်ခါး ထူထူလူးရင်း နေ့  တစ်နေ့ ရဲ့ စာမျက်နှာ စဖွင့်ခဲ့တယ်။

မနက် ၅နာရီမှာ Breakfast စားရတယ်။ ၅နာရီခွဲမှာ Canter အမိုးပွင့် ကားကြီးပေါ်ကို ရေဗူးတွေ နေ့ လည် စာ ထမင်းချိုင့်တွေ တင်ပြီး ကန်တွေရှိရာဆီကို လာခဲ့ကြတယ်။ ၃-၄မိုင် ခရီးဖြစ်ပေမဲ့ လမ်းကြမ်းကြီး ဖြစ်တာမို့  နာရီဝက်လောက် ကားစိးရပါတယ်။ မနက် ၆နာရီဆိုရင် ကန်ဘောင်တွေပေါ်မှာ လုပ်ငန်းခွင် ၀င်ရန် အဆင် သင့် ဖြစ်နေခဲ့ပြီ။

ကျွန်မတို့  ကန်ထဲကို သွားတိုင်း ရွာထဲက ဖြတ်သွားရတယ်လေ။ ရွာထဲက လူတွေက ကျွန်မတို့ ကို ယောကျာ်း တွေလား၊ မိန်းမတွေလားတဲ့လေ။ ဘာလို့ လဲဆိုတော့ အားလုံးက ချမ်းချမ်းစီးစီးထဲမှာ ကားစီးရတာ ဆိုတော့ အနွေးထည်တွေအထပ်ထပ်၊ ခေါင်းစီးတွေ၊ လည်ပတ်တွေနဲ့ လေ။ နောက်ပြီး ဖုန်ကလည်း ထူတာ ကြောင့် နှာခေါင်းစီးတွေလည်း တပ်ထားကြတာဆိုတော့လေ။

အဲဒီအချိန်က ငွေဆောင် ရွာဆိုတာဟာလည်း ဘာဆိုဘာမှ မရှိသေးတဲ့ အစောပိုင်းက ကျွန်မပြောခဲ့သလို လက်ဘက်ရည် ဆိုင်တောင် မရှိခဲ့တဲ့ ရွာလေးတစ်ခုလေ။ ဟိုတယ်တွေကလည်း အဲဒီအချိန်ကမှ စတင် တည်ဆောက်ဆဲကာလ ဖြစ်နေတာလေ။ ခုချိန်မှာတော့ ဟိုတယ်ဇုံတွေရဲ့ ၁၀နှစ်ပြည့်အခမ်းအနားကို ခုလာမဲ့ ၂၀၁၀ ခုနှစ် မတ်လ ၂၆ရက်မှာ ကျင်းပတော့မှာလေ။ ခုချိန်မှာတော့ ငွေဆောင်မှာ မရနိုင်တာ ဘာမှ မရှိ သလောက် နီးပါး တိုးတက်လာရုံသာမက ငွေဆောင်က ရွာမဟုတ်ပဲ မြို့ နယ်ခွဲအဖြစ် သတ်မှတ် ခံခဲ့ရပြီလေ။

နေပူပူ၊ ကွင်းခေါင်ခေါင်မှာ အလုပ်လုပ်ကြရတယ်။ နားနေစရာ အရိပ်လည်း မရှိဘူး။ ပင်ပန်းလည်း ပေမဲ့လည်း ပျော်နေကြ တာပါပဲ။ ခိုင်းစရာ အလုပ်သမားတွေ မရှိသေးတော့ ကျွန်မတို့  ကိုယ်တိုင် ၀င်လုပ်ကြရတယ်။ မွေးမဲ့ ကန်တွေမှာ ရေတွေ ဖြည့်ကြ၊ Paddle Wheel ခေါ် ရေဒလက်တွေ တပ်ကြ၊ ပိုက်အိတ်တွေ ကိုယ်တိုင် ချုပ်ကျနဲ့  မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ တာဝန် ကိုယ်စီ ခွဲယူရင်း နေ့ ရက်တွေ ကျော်ဖြတ် ခဲ့ကြတယ်။

ဒီလိုနဲ့  ပုဇွန်လေးတွေ သားပေါက်ထည့်လို့  ရတဲ့အဆင့်ထိ ရောက်ခဲ့ပြီ။ အဲဒီအချိန်က ကျွန်မတို့  ကုမ္ပဏီက သားပေါက် မဖောက်နိုင်သေးတော့ ရခိုင်ပြည်နယ်ဘက်က သားပေါက်တွေ ၀ယ်ကြရတယ်။ ရခိုင်ပြည်နယ် ကနေ စက်လှေနဲ့  လာတာလေ။ ရောက်လာတဲ့ သားပေါက်လေးတွေကို တတ်နိုင်သမျှ Stress နဲအောင် ကြိုး စားပေးရတယ်။ သားပေါက်တွေကို တစ်အိတ်ကို ဘယ်လောက်နှုန်းဆိုပြီး ပျှမ်းမျှနှုန်းနဲ့  ထည့်လာတာလေ။

ဒီတော့ ကိုယ်ထည့်ရမဲ့ ကန်ရဲ့ ဧရိယာ ဘယ်လောက်မှာ Density ( 1 စတုရန်းမီတာမှာ ထည့်ရမဲ့ အကောင် အရေအတွက်) ဘယ် လောက် ထည့်မှာလဲလို့  ကြိုတွက်ထားရပါတယ်။ ဥပမာ - 35 pieces/meter square ဆိုတာမျိုးပေါ့။ ကိုယ် တာဝန်ယူတဲ့ ကန်မှာ ထည့်သွင်းရမဲ့ သားပေါက်အရေအတွက်နဲ့  ကိုက်ညီတဲ့ သားပေါက်အိတ် ဘယ်နှစ်အိတ်ဆိုပြီး ယူထားရတယ်။

ပြီးရင် သားပေါက် အိတ်လေးတွေကို အသာဖွင့်ပြီး သားပေါက်အိတ်ထဲက Temperature တို့  Salinity တို့  PH တို့ ကို ကန်က Temperature တို့  Salinity တို့  PH တို့ နဲ့ ညီအောင် ကန်ရေလေးကို သားပေါက် အိတ်ထဲ အသာလေး ပက်ပေးရင်း ဖြည်းဖြည်းချင်း ညှိုပေးရပါတယ်။ သူတို့ က ရုတ်တရက် ပြောင်းလဲတဲ့ ဒဏ်ကို ခံနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် သူတို့  လက့်ခံနိုင်မဲ့ အနေအထားကို ရောက်မှ အိတ်ထဲက သားပေါက်တွေကို ကန်ထဲကို သွန်ချ ရပါတယ်။ ဒါမျိုး ကို ၁အိတ်ချင်း လုပ်ပေးရတာပါ။ ဖြစ်ချင်တော့ ရခိုင်က လာတဲ့ သားပေါက်ဟာ ငွေဆောင်ကို ရောက်ချိန်မှာ ည ၈နာရီထိုးနေပါပြီ။ ဆောင်းတွင်းရဲ့ အေးစက်တဲ့ ညမှာ ကန်ရေထဲဆင်းပြီး သားပေါက် လွှတ် ရတာ၊ ရေထဲမှာ နေတုံးက မသိသာပေမဲ့ ကန်ပေါ်ပြန်တက် တော့မှ အရမ်းကို ချမ်ားတော့တာ။ ဒီဇင်ဘာ ဆောင်းည အလယ်မှာ ရေစိုအ၀တ်တွေနဲ့  ဟိုတယ်လည်း ပြန်လို့ မရသေးတော့ မီးလှုံရင်း သားပေါက် ထည့် မပြီးသေးတဲ့သူတွေကို စောင့်ခဲ့ရတယ်။

ကျွန်မတို့ ကို အနီးကပ် ပညာသင်ပေးတဲ့ ထိုင်းဆရာ၂ယောက်ကတော့ စိတ်မချနိုင်စွာနဲ့  ဟိုကန် ပြေးကြည့် လိုက် ဒီကန် ပြေးကြည့်လိုက်နဲ့ ပေါ့။ မှတ်မှတ်ရရ ခါတိုင်းဆို ညနေ ၆နာရီမှာ အလုပ်သိမ်းကြပြီး ဟိုတယ် ပြန်ဖြစ်ပေမဲ့ အဲဒီညကတော့ ၁၂နာရီမှ ပြန်ရောက်ကြတာလည်း အမှတ်တရ တစ်ခုပါပဲ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၆ {အတွေး၊ အရေး - ၁၂}"

On 0 comments

ဆောင်းနှင်းတွေ ဝေစပြုတဲ့ နိုဝင်ဘာလရဲ့ နံနက်ခင်း တစ်ခုမှာ ပုဇွန် မွေးမြူမဲ့ ကန်တွေ တူးထားတဲ့ ငွေဆောင် ကမ်းခြေ ကို ကျွန်မတို့  စတင် ထွက်လာခဲ့ရပါတယ်။ အဲဒီအချိန်က (၂၀၀၀ ခုနှစ် ၀န်းကျင်က) ငွေဆောင် ကမ်းခြေဆိုတာ ခုလို အလွယ် တကူ သွားနိုင်တဲ့ တိုက်ရိုက်လမ်း မရှိသေးသလို ခုလိုလည်း မဖွံ့ ဖြိုးသေးပါဘူး။ သွားရေးလာရေး ခက်ခဲပါသေးတယ်။ ခုချိန်မှာ တော့ ရန်ကုန်-ငွေဆောင် ဆိုတာ ၅နာရီလောက်သာ သွားရတဲ့ ခရီးမို့  တစ်ခါက ခဲယဉ်းတယ်ဆိုတာ ပုံပြင် တစ်ခုသာပါ။

ကျွန်မတို့  ရန်ကုန်ကနေ ပုသိမ်ကို ကားနဲ့  လာခဲ့ကြတယ်။ မနက် ၁၁နာရီလောက်မှ ထွက်လာခဲ့တာဆိုတော့ ပုသိမ် ရောက်ချိန်မှာ ညနေ ၄နာရီ ထိုးနေပြီလေ။ ဒါကြောင့် ကားလမ်းက မဟုတ်ပဲ မြန်မြန် ရောက်အောင် ကျွန်မ တို့ ကို င၀န်မြစ်ကြော အတိုင်း စက်လှေနဲ့  သလပ်ခွာဆိပ်ကို ပို့ မယ်လို့ ပြောပါတယ်။ ပုံမှန်ဆိုရင် ပုသိမ် ကနေ ငွေဆောင်ကို သွားရင် ချောင်းသာသွားတဲ့ ရွှေမြင်တင် ဇက်ဆိပ် ကနေ ကူးပြီး ရှောပြာရွာတို့  ဘာတို့ ကို ဖြတ်ပြီးမှ လမ်းခွကြနေ စိန်တောင်လမ်းအတိုင်း တောလမ်းက ဆက်တက် ရတာမို့  လမ်းက ကြမ်းလည်း ကြမ်း ရှည်လည်း ရှည်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ကို ကားလမ်းနဲ့  မသွားခိုင်းတော့ပဲ စက်လှေနဲ့  တင်ပေးလိုက်တာပါ။ စက်လှေပေါ်မှာ ကျွန်မတို့  မိန်းကလေး ၁၁ယောက်ရယ်။ စက်လှေဆရာ ၂ယောက်ရယ်၊ အုပ်စုထဲက ယောကျာ်းလေး ၁ယောက်ရယ် အားလုံး ၁၄ယောက်ပါ ပါတယ်။ စက်လှေ စထွက်တုံးက စနောက် ရယ်မောနေကြပေမဲ့ တဖြည်းဖြည်း ညနက်လာသလို ပုသိမ်ဆိပ်ကမ်းနဲ့ လည်း ဝေးသထက် ဝေးလာတာချိန်မှာ အသံ မထွက် ကြတော့ပါဘူး။ ပတ်ဝန်းကျင်မှာလည်း ကျွန်မတို့ ရဲ့ စက်လှေသံမှ အပ ဘာမှ မကြားရ ဘာမှ မမြင်ရတဲ့ ရေပြင်ကျယ်မှာ တဖြည်းဖြည်းနဲ့  ကြောက်လာမိပါတယ်။

ညမှောင်မှောင် လရောင်အောက်မှာ ကျွန်မတို့  စက်လှေလေး တစ်စီးသာ ထီးထီး ရွေ့ လျားနေတာပါ။ ပိုဆိုး တာက ချောင်းရိုး အတိမ်ပိုင်းလေးတွေကို ဖြတ်တဲ့အခါမျိုးမှာပါ။ စက်လှေလေးဟာ ရေနည်းတဲ့ နေရာရောက် ရင် သောင်တင်ပြီး ရပ်သွားပြီး ချောင်းထဲ ရေ၀င်လာမှ လှေဆက်ထွက်လို့  ရတာပါ။

ဒီလိုနဲ့  သောင်တင်လိုက်၊ ဆက်ထွက်လိုက်နဲ့  ညမှောင်မှောင် ချမ်းချမ်းစီးစီးမှာ စက်လှေသမားတွေက စက်လှေ သောင် မတင်အောင် ကြိုးစားရင်း ချွေးပြန်နေသလို၊ ကျွန်မတို့  အုပ်စုကလည်း ကြောက်လို့  ချွေးပြန် နေတာပါပဲ။ အုပ်စုထဲက အမျိုးသားတွေ က ကျွန်မတို့ ထက် အရင် ၁ပတ်စောပြီး ထွက်ခွာသွားကြပါပြီ။ တစ်ယောက်သော သူကသာ ဆေးခန်းပြ လက်စမို့  ကျွန်မတို့  မိန်းကလေး အုပ်စုနဲ့  လိုက်ဖို့  ကျန်ရစ်ခဲ့တာ။ အဲဒီ ပါလာတဲ့ တစ်ဦးတည်းသော ယောကျာ်းသားက အစပိုင်းမှာတော့ လှေဦးမှာ အိုက်တင်နဲ့  ထိုင်နေသေးပြီး မှောင်လာချိန်မှာတော့ ကျွန်မတို့  မိန်းကလေးတွေ ကြားထဲ လာတိုးထိုင်သူလေ။ သူ့ ရဲ့ သတ္တိကလည်း ကျွန်မ တို နဲ့  ပိန်မသာ လိမ်မသာ ရယ်သာလေ။

အမှောင်ထဲမှာ အားကိုးတကြီး သူ့ လက်ကို ဆုပ်ကိုင်မိချိန်မှာ သူ့ လက်က ကျွန်မထက်တောင် အေးစက်နေ တာမို့  ကြောက် နေတဲ့ကြားက ထရယ်ဖြစ်သေးတာ။ ကျွန်မက ရေလမ်းခရီးဆို ဘာကြောင့်မှန်း မသိ ကြောက် တတ်သူလေ။ ဒီလိုနဲ့ ပဲ အချင်းချင်း တစ်ယောက် နဲ့  တစ်ယောက် အားပေးရင်း ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီညလေး ဟာ ကျွန်မတို့ ရဲ့ဘ၀မှာ အမြဲတမ်း အမှတ်ရစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် ၁နာရီခွဲလောက်ပဲ ကြာမဲ့ ခရီးဟာ ရေကျချိန် သောင်တင်နေတာမို့  ၃နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ သလပ်ခွာ ဆိပ်ကမ်းရဲ့ မီးရောင်တွေကို လှမ်းမြင်ရချိန်၊ မီးရောင်အောက်က ကျွန်မတို့ ကို လာကြိုတဲ့ လူကြီး တွေကို တွေ့ ချိန်မှာ ၀မ်းသာအားရ အော်လိုက်ကြတဲ့ အသံကလည်း မမေ့စရာပါ။ သူတို့  လာကြိုတဲ့ကားနဲ့  ၁၃မိုင်ကျော် ခရီးကြမ်း လမ်းကြမ်းကို စီးခဲ့ပြီးမှ ကျွန်မတို့ ရဲ့ ဟိုတယ်ကို ရောက်ခဲ့တာပါ။

အရင်ရောက်နှင့်နေတဲ့ ကျွန်မတို့  အုပ်စုထဲက အမျိုးသားတွေက ကျွန်မတို့ ကို ၀မ်းပန်းတသာ ကြိုဆိုရင်း၊ သူတို့ ရဲ့ အတွေ့  အကြုံတွေကို ပြန်ပြောပြရင်း ဆူညံနေကြတာပဲ။ သူတို့ က လာတုံးက စိန်တောင်လမ်း အတိုင်း ကားနဲ့  လာခဲ့ကြတာလေ။ ခုချိန်မှာ တော့ ကျွန်မတို့ ရဲ့ ပုသိမ်-ငွေဆောင်လမ်း စွန့် စားခန်း ခရီးလမ်း ဟာ ခုတော့ ရယ်စရာ ပုံပြင်တစ်ပုဒ်သာ ဖြစ်တော့တယ်။ ငွေဆောင်-ပုသိမ် လမ်းမကြီးဟာ ခုဆို ကွန်ကရစ် လမ်းမကြီးအဖြစ် အရမ်းကို ချောမွေ့ နေပါပြီ။ င၀န်မြစ်ကူးတံတားလည်း ပြီးသွားပြီဆိုတော့ အချိန်မရွေး သွားလာနိုင်ခဲ့ပြီ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၅ {အတွေး၊ အရေး - ၁၁}"

On 0 comments

၃လ ဆိုတဲ့ အတိုင်းအတာဟာ မြန်မာပြည်မှာဆို သိပ်မကြာမှာ မဟုတ်ပေမဲ့ ထိုင်းနိုင်ငံမှာတော့ အကြာကြီးလို့  ခံစား ရပါတယ်။ အားတဲ့ အချိန်တိုင်းမှာ အိမ်ကို စာရေးရင်း၊ ဖုန်းဆက်ဖို့  အခွင့်အရေး ရှိခဲ့ရင် မိမိတို့ ရဲ့ အဆက်အထုံးလေးတွေကို ဖုန်းဆက်ကြရင်းနဲ့  နေ့ ရက်တို့ ကို ကျော်ဖြတ်ခဲ့တယ်။

အဲဒီမှာ ကျွန်မတို့  အုပ်စု စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည် လုပ်ဖြစ်တာကတော့ ဆက်ရက် ငှက်လေးတွေကို လိုက် ကြည့်တာပါ ပဲ။ ဒီထုံးစံကို စခဲ့သူက ကျွန်မလေ။ ဆက်ရက်လေးတွေ တွေ့ တိုင်း

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေး ၂ကောင်တော့။ ဒီနေ့ တော့ ပျော်စရာတွေပဲ တွေ့ မယ်ဟေ့”

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေး ၃ကောင်တော့။ ဒီနေ့ တော့ စာလာမယ်ဟေ့”

“ဟယ်၊ ဟိုမှာ ကြည့်စမ်း ဆက်ရက်ကလေးက ၁ကောင်တော့။ ဒီနေ့ တော့ ငိုရတော့မှာပဲ” နဲ့  လျှောက်အော် နေတတ်တာ။

သူတို့ က အစကတော့ နင်ကလည်းဟာ ကလေးကလားလို့  ပြောပေမဲ့ နောက်ပိုင်းမှာတော့ ဆက်ရက်လေး တွေတွေ့  တိုင်း ၀ိုင်းအော်တတ်တာ အကျင့် ဖြစ်ခဲ့ပြီ။

1 for Cry

2 for Joy

3 for Letter ဆိုပြီးတော့လေ။ ၃ကောင်တွဲလေး ၂စုံ တွေ့ တိုင်း အိမ်က စာရော၊ ချစ်သူဆီက စာပါ လာတတ် တာမို့  ဆက်ရက် ၃ကောင်တွဲ တွေ့ ရင်တောင် နောက်ထပ် ၃ကောင် တွေ့ မလား လိုက်ရှာတတ်တဲ့ ကျွန်မကို လောဘကြီးသူရယ်လို့  ၀ိုင်းဟားကြ တယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်က သံယောဇဉ်ရှိတာကိုနော့်။

ဒီလိုနဲ့  သူတို့ ရဲ့ စာ၊ သူတို့ ရဲ့ စကား၊ သူတို့ ရဲ့ ပညာ၊ သူတို့ ရဲ့ အပြော၊ သူတို့ ရဲ့ သံယောဇဉ်၊ သူတို့ ရဲ့ အစား အစာကို နားလည် လက်ခံ သိရှိ ခံစားတတ်လာချိန်မှာပဲ ပညာတော်သင်ကာလ ၃လ ပြည့်ခဲ့ပြီ။ ၃လပြည့်လို့  ကျွန်မတို့  ပြန်မယ်ဆိုတော့ သူတို့ မှာ သံယောဇဉ် တစ်ခုနဲ့  စိတ်မကောင်းဖြစ်နေချိန်မှာ ကျွန်မတို့ ကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကို ပြန်ရတော့မှာမို့  ပျော်ရွှင် နေခဲ့ပြီ။

မြန်မာပြည် မပြန်ခင်မှာပဲ ကျွန်မတို့  ကုမ္ပဏီရဲ့ ကျေးဇူးနဲ့  ဘန်ကောက်မြို့ ထဲက Super Market တွေ၊ Safari World တို့  မြဘုရားတို့  စတဲ့ နေရာတွေကို လည်ပတ်ရင်း မြန်မာပြည်ကို ပြန်လာပါတော့တယ်။

ပြန်ဖို့  လေယာဉ်ပေါ် တက်တက်ချင်း “မင်္ဂလာပါ” လို့  နှုတ်ဆက်သံကို ကြားရတာ ချိုမြိန်လိုက်တာ။ အမေ့ ကိုလည်း ဖုန်းဆက်ပြီး ပြန်လာတဲ့နေ့ မှာ ချဉ်ပေါင်ဟင်းနဲ့  ငပိတို့ စရာ ချက်ခိုင်းထားသေးတယ်။ လေယာဉ်ပေါ် မှာတော့ ခုမှ အားလုံး ပြန်ဆုံတွေ့ ကြတဲ့ ကျွန်မတို့  အုပ်စုရဲ့ အသံက ဆူညံလို့ ပေါ့။

ဒီလိုနဲ့  ၂၀၀၀ ခုနှစ် ဇူလိုင် မိုးစက်တွေနဲ့ အတူ ထွက်ခွာသွားတဲ့ ကျွန်မတို့  အုပ်စုဟာ သီတင်းကျွတ်မှာ ပညာတွေ အတွေ့ အကြုံသစ်တွေရပြီး မြန်မာပြည်ကို ပြန်ရောက် လာခဲ့ပါတော့တယ်။

ရန်ကုန် ပြန်ရောက်ချိန်မှာ လူငယ်တွေပီပီ ပူပူနွေးနွေး တတ်လာတဲ့ ပညာလေးတွေကို အစွမ်းပြချင်နေတဲ့ ကျွန်မတို့ ဟာ တာဝန်ကျရာ ငွေဆောင် ကမ်းခြေကို သွားဖို့  အခွင့်မသာသေးပါဘူး။ ကန်တွေ တူးဖော်ဆဲမို့  ရန်ကုန်မှာ ၁လလောက် စောင့်နေကြ ရသေးတယ်လေ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၄ {အတွေး၊ အရေး - ၁၀}"

On 0 comments

အဲဒီနေ့ က မိုးတွေ လေတွေ တိုက်တော့ ကျွန်မတို့  အဆောင် အနောက်က သဘောင်္ပင်ကြီး ကျိုးသွားတယ်။ ဒီဝင်းထဲက လူတွေ အားလုံးရဲ့ အားထားရာ သဘောင်္ာပင်ကြီးလေ။ (ယိုးဒယားတွေက သဘောင်္သီးထောင်း အရမ်းကြိုက်တယ်လေ) ဒီတော့ သဘောင်္ပင်ကြီး ကျိုးတာကို လာကြည့်ရင်း သဘောင်္သီး လာခူးကြတဲ့သူတွေ ကလေ လဲကျနေတဲ့ သဘောင်္ပင်ရယ်၊ အဲဒီ သဘောင်္ ပင်ရှေ့ က အခန်းမှာ တရှုံ့ ရှုံ့  ငိုနေတဲ့ ကျွန်မရယ်ကို တွေ့ ပြီး ဘာဖြစ်တာလဲဆိုပြီး ၀ိုင်းလာမေးကြတယ်လေ။ သူတို့ က မေးလေ ကိုယ်က ငိုလို့  ကောင်းလေပေါ့။

တချို့ က ဆေးခန်းသွားပြဖို့  ပြောပြီး တချို့ ကတော့ သူတို့ ဆီမှာ မန်းတဲ့ ဆရာတွေ ရှိတယ်။ သွားမန်းကြည့် ပါလားလို့  ပြောတယ်။ ကျွန်မကတော့ စိတ်ညစ်ညစ်နဲ့  ငိုနေတော့တာပါပဲ။ ခြေထောက်ကို ဓာတ်မှန်ရိုက်ကြည့် တော့ ခြေကျင်းဝတ်နေရာ ဒဏ်ရာဟောင်းက ပြန်ကျိုးသွားတာမို့  ကျောက်ပတ်တီး ပြန်စီးရမယ်တဲ့။ သူများ နေရာဒေသမှာ ခြေထောက် ကောင်းနေတာတောင် မနည်း လှုပ်ရှား နေရတာ ဒီကျောက်ပတ်တီးနဲ့  သွားလာ လှုပ်ရှားဖို့ ဆိုတာ မတွေးဝံ့စရာပါ။

ကျွန်မကို ဆေးခန်း လိုက်ပို့ တဲ့ မန်နေဂျာက ပြောတယ်။ သူ့ လက်ကျိုးတုံးက မန်းပေးတဲ့ ဆရာမတော့ ရှိတယ်။ သူတို့ က ထိုင်းလို မော်ဖီ (သရဲဆရာ)လို့  ခေါ်ကြတာ။ မင်း သွားချင်လားတဲ့။ ဘောလုံးကန်ရင်း သူ့  လက်ထက်ပိုင်း ကျိုးသွားတာတောင် သူ မန်းပေးတာ ကောင်းသွားတယ်တဲ့။ မင်း ဘာလုပ်ချင်သလဲ ရွေးပါ။ ကျောက်ပတ်တီး စီးချင်ရင်လည်း ရတယ်ပေါ့။ စိတ်ကြိုက် လုပ်ပါတဲ့လေ။

ကျွန်မလည်း ကျောက်ပတ်တီး စည်းရတာထက်စာရင် အရင် မန်းကြည့်ရင် ကောင်းမယ်လို့  တွေးမိတယ်။ မန်းလို့  အဆင်မပြေမှပဲ ကျောက်ပတ်တီး စီးလည်း ရတာပဲလို့  ဆိုပြီးပဲ ဆုံးဖြတ်လိုက်တော့တယ်။ သိပ်တော့ ယုံကြည်တယ်ရယ်တော့ မဟုတ်ခဲ့ဘူး။ ကျွန်မတို့  ရောက်သွားချိန်မှာ မြင်ရတာက အသက် ၈၀ကျော် ဆံပင် တွေ ဖြူဖွေးနေတဲ့ အမေအိုကြီး တစ်ယောက်။ ကျွန်မကို ချော်လဲ လာတာ လမ်းမလျှောက်နိုင်ဘူးလို့  မန်နေဂျာ က ပြောပြတော့ ဘာမှ ထပ်မမေးပဲ ခြေထောက် ဆင်းပြီး ထိုင်ခိုင်း တယ်။ ပြီးတော့ ရောင်နေတဲ့ ခြေထောက်ကို ဆီပုလင်းထဲက ဆီနဲနဲ ယူပြီး သပ်ချရင်း တတွတ်တွတ်နဲ့  ယိုးဒယားလိုတွေ ရွတ်ပြီး မန်းနေတော့တာပဲ။

ခြေထောက်ကို ထိရုံလေး ဆီနဲ့  ၃ခါ သပ်ချပြီး ၅မိနစ်လောက် မန်းပြီးချိန်မှာတော့ ပြန်လို့ ရပြီတဲ့။ ကျွန်မရော သူငယ်ချင်းတွေရောက တစ်ယောက်ကို တစ်ယောက် ဘယ်လို လုပ်မလဲဆိုပြီး လှမ်းကြည့်ကြတယ်။ ဒီလောက် ထောက်မနိုင်အောင် နာနေတဲ့ ခြေထောက်က ဒီလောက်လေးနဲ့  ဘယ်ပျောက်ပါ့မလဲနော် ဆိုတဲ့ သဘော။ ကျွန်မတို့ ရဲ့ မန်နေဂျာက သဘောပေါက်တယ်။ အသာနေအုံးဆိုတဲ့ ပုံစံ လုပ်ပြတယ်။ မန်းပေးတဲ့ အမေကြီးက ကျွန်မကို ၅ ရက် ဆက်တိုက် လာခဲ့တဲ့။ သူများဆို ၃ ရက်ပဲ နင့်အနာက များလို့  ၅ ရက်လာခိုင်းတာတဲ့။ ပြန်တော့တဲ့လေ။

ပိုက်ဆံ ဘယ်လောက် ပေးရမလဲဆိုတော့ အခု ပေးစရာ မလိုဘူး။ ပျောက်မှ ဘတ် ၂၀၀ ပေးရမယ်တဲ့။ မပျောက်ရင် ပေးစရာ မလိုဘူးတဲ့လေ။ ဘတ် ၁၀၀ က အလှူလုပ်ဖို့ ၊ ဘတ် ၁၀၀ က သူ သုံးဖို့ တဲ့။ နောက်မှ သိရတာ အဲဒီ အမေကြီးဟာ ကျွန်မတို့  ပုဇွန်ကန်က သန့် ရှင်းရေး ၀န်ထမ်း အမကြီးရဲ့ အမေ ဖြစ်နေတာလေ။ သန့် ရှင်းရေး ၀န်ထမ်းဖို့  အထင်မသေးနဲ့ နော်။ သူ့ အိမ် တထပ်တိုက်ပုလေး။ ကားလည်း ရှိတယ်နော်။ မိုက်တယ်။

လမ်းမှာ မန်နေဂျာက နင်တို့  သူ့ အကြောင်း မသိသေးလို့ ပါ။ ခဏစောင့်ကြည့် မနက်ဖြန်မှ မသက်သာရင် ဆေးရုံ လိုက်ပို့  ပေးမယ်တဲ့။ အဲဒီနေ့ က ကျွန်မတို့  အခန်းမှာ လူနာ လာမေးတဲ့သူတွေနဲ့  စည်ကားလို့ ပေါ့။ သူတို့ တွေနဲ့  စကားပြောလို့  မေ့မေ့ ပျောက်ပျောက်နဲ့  ခြေထောက်က သိပ်မနာသလိုပဲ။ ဒါပေမဲ့ ညဆို အရမ်း ကိုက်မှာလို့  တွေးကြောက်ခဲ့တယ်။ ပထမအကြိမ် ကားအက်စီးဒင့် ဖြစ်ချိန်ကလည်း ကျောက်ပတ်တီး ချက်ချင်း မစီးဖြစ်ခဲ့တော့ မအိပ်နိုင်လောက်အောင် ပြင်းပြင်းထန်ထန် နာကျင်ခဲ့ ဘူးတယ်လေ။

အကိုက်အခဲပျောက်ဆေးတွေ ကြိုသောက်ထားခဲ့တယ်။ မန်းလာခဲ့ပေမဲ့ သူက ပတ်တီးတောင် စီးစရာ မလိုဘူး ဆိုတာ ကြောင့် ဘာမှ လုပ်မထားရတာ ဆိုတော့ စိတ်ကလည်း နာမှာပဲလို့  တွက်နေခဲ့တာလေ။ ဒီလိုနဲ့  ည အိပ်ချိန် ရောက်လာခဲ့တယ်။ လူရှင်းချိန်မှာ အရမ်းနာမှာပဲ ထင်ထားတဲ့ ခြေထောက်က ထင်သလောက် မနာကျင်ခဲ့ဘူး။ မအိပ်နိုင် လောက်အောင်လည်း ကိုက် မနေခဲ့ဘူး။ ကျွန်မ မျှော်လင့်ထားသလို မဟုတ်ပဲ အနာ ရှိလို့  နာတာကလွဲလို့  ထူးထူးခြားခြား ပြင်းပြင်းထန်ထန် မနာခဲ့ဘူး။

နောက်တစ်နေ့  မနက်မှာ ကျွန်မရဲ့ ခြေထောက်ဟာ လမ်းမလျှောက်နိုင်သေးတာကလွဲလို့  သက်သာစ ပြုလာ တယ်။ ဒီတော့မှ ကျွန်မတို့  အားလုံး ဟင်းချနိုင်တော့တာ။ မန်နေဂျာကတော့ ငါ ပြောတယ် မဟုတ်လားဆိုတဲ့ ပုံစံနဲ့ လေ။ ကျွန်မ လမ်းမလျှောက်နိုင်တော့ ကျွန်မ သူငယ်ချင်း နီလာပါ ကန်ထဲ မဆင်းစေပဲ ခွင့်ပေးခဲ့တယ်။ ထမင်းတွေ ဟင်းတွေကို အဆောင် အထိ ယူကျွေးကြတယ်။ ၂ရက်မြောက် မန်းဖို့  သွားချိန်မှာ နီလာ့ကို မှေး ပြီး ကျွန်မ တွဲလျှောက်နိုင်ပြီ။ ၃ရက်မြောက်မှာ ကိုယ့် ဘာသာကိုယ် ရေချိုးခန်း အိမ်သာ သွားနိုင်ပြီ။ ၅ရက် မြောက်မှာ လူတွဲ မလိုပဲ လမ်းလျှောက်နိုင်ပြီ။ ၇ရက်မြောက်မှာ ကန်ထဲကို ကျွန်မ ပြန်ဆင်းနိုင်ပြီ။ တကယ့်ကို ကျေးဇူးတင်စရာကောင်းတဲ့ အဖွားအိုပါပဲ။ သူ့ ကျေးဇူးကို ခုချိန်ထိ ကျွန်မ မမေ့သေးပါဘူး။

လမ်းလျှောက်နိုင်တော့ ကျေးဇူးတင်လွန်းလို့  ပိုက်ဆံ ပိုကန်တော့ပေမဲ့ ဘတ် ၂၀၀ အပြင် ပိုပေးလို့  မရခဲ့ဘူး။ အဲဒီ အချိန်က ၁ ဘတ်မှ ၁၀ကျပ်ပဲ ရှိသေးတာလေ။ သူ့ ကျေးဇူးနဲ့  ကျွန်မ သင်ချင်တဲ့ ပညာရပ်တွေကို အေး ချမ်းစွာ ဆက်လက် သင်ယူခွင့်ရခဲ့တယ်။ အဲဒီ အဖြစ်အပျက်ကိုလည်း အမြဲ သတိရနေခဲ့တယ်။ ကျွန်မရဲ့ မိဘ တွေနဲ့  ချစ်သူ ကတော့ ရောက်လေရာမှာ အမြဲတမ်း တစ်ခုခု ဖြစ်တတ်တဲ့ ကျွန်မကို စိတ်မချစွာ မှာရင်း၊ ကျွန်မကလည်း သူတို့  စိတ်ပူတဲ့ အတိုင်း တစ်ခုမဟုတ် တစ်ခု ဖြစ်ရင်း ပညာတော်သင် ၃လကို ရှည်လျား တယ်လို့  ခံယူရင်း ကျော်ဖြတ်ခဲ့ပါတယ်။
read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၃ {အတွေး၊ အရေး - ၉}"

On 0 comments

တကယ်တော့ ပုဇွန်မွေးမြူရေး လုပ်ငန်းဆိုတာ အခြားလုပ်ငန်းတွေနဲ့  မတူတာက အချိန်အခါ မရွေး လုပ်ကိုင် ရတဲ့ လုပ်ငန်းမျိုးပါ။ ကျွန်မလုပ်မဲ့ မွေးမြူရေး (Grow out) လုပ်ငန်းက ပိုတောင်ဆိုးသေး။ ဒါပေမဲ့ ကျွန်မတို့  က မိန်းကလေးတွေ ဖြစ်တာ တစ်ကြောင်းး၊ သူများနိုင်ငံမှာ ပညာသင်နေရတာတစ်ကြောင်းမို့  ထိုင်းမန်နေဂျာ တွေက ညဘက် အလုပ်ဆင်းချိန်ကို ကင်းလွတ်ခွင့် ပေးခဲ့တယ်။

မနက် ၆နာရီထိုး Breakfast စားပြီးချိန်က စလို့  ကန်ပတ်လိုက်ရင် နေ့ လည် ၁၁ နာရီ ထမင်းစားနားချိန်မှ အဆောင်ကို ပြန်ရောက်တာ၊ ခဏနား၊ နေ့ လယ်စာစားပြီး နေ့ လည် ၁နာရီဆို ကန်ဘောင်ပေါ် ပြန်ရောက် နေရတာ၊ ညနေစောင်း ၅နာရီမှ တန်းဖြုတ်ပြီး ရေပြန်ချိုးရတယ်။ အဲဒီနောက်ပိုင်းတော့ ညစာ စားပြီးရင် ကိုယ်ပိုင် အားချိန်ရပြီ။ သူတို့ က ည ၉နာရီလောက်မှာ ကန်ထဲ တစ်ခါ သွားကြသေးပေမဲ့ ကျွန်မတို့ လိုက်စရာ မလိုတော့ဘူးလေ။ အလုပ်ကတော့ ဘာကြမ်းသလဲမေးမနေနဲ့ ။ နေပူထဲမှာ တနေကုန် ပတ်နေရတယ်။ ဖြူဖွေး တဲ့ အသားအရေဟာ တစ်ပတ်မပြည့်ခင်မှာပဲ အညိုနု ဖြစ်သွားခဲ့ပြီ။

ပညာတော်သင် သွားတဲ့ ၃လမှာ အဆိုးဆုံးကတော့ အိမ် လွမ်းတာပါပဲ။ နောက်တစ်ခုက ထမင်းစားပြီဆိုတာနဲ့  ငိုရတာပါပဲ။ ကျွန်မက အစပ်ကြောက်တယ်လေ။ သူတို့ ဟင်းတွေက ချိုစပ်ချည်းပဲမို့  မစားနိုင်ဘူး။ ဒါကြောင့် ထမင်းစားတိုင်း စပ်လို့  မျက်ရည်ကျ ရတာက ကျွန်မရဲ့ သီးသန့် ဒုက္ခပေါ့။ နောက်ပြီး သူတို့ မှာက ကင်တင်း လေးမှာ ထမင်းစားရတယ်။ ကိုယ်စားချင်တဲ့ ဟင်းကို တနပ်စာ ကြိုပြောပေးရတယ်။ ဥပမာ ညနေ စားချင်တဲ့ ဟင်းကို မနက်စာ ထမင်းစားပြီးချိန်မှာ ကိုယ့်အုပ်စုအလိုက် စားချင်တာလေးတွေ ရေးပေး ခဲ့ရင် သူတို့ က ချက်ပြုတ်ထားပြီး ခူးခပ်ထားပေးရော။ လူ၁၀၀ကျော်လောက် ရှိတာကို သူ့ အုပ်စုအလိုက် ချက်ပေးတယ်လေ။

မှတ်မှတ်ရရ ကျွန်မတို့ ရောက်တဲ့နေ့ က မနက်ဖြန် ဘာစားမလဲ မေးတာ ကိုယ်တွေကလည်း အဆီအငေါ် တည့်အောင် မပြောတတ်၊ သူတို့ ပြောတဲ့ ဟင်းနာမည်တွေလည်း ကိုယ်က ရှင်းရှင်းလင်းလင်း မသိနဲ့  အတော် ဒုက္ခများခဲ့ကြသေးတယ်။ မပြော တတ်ကြတော့ အဆင်ပြေတာ ချက်ပေးပါလို့  ပြောရင်း သူတို့  ချက် ပေးတဲ့ ဟင်းတွေကို ကိုယ်က မစားတတ်၊ မစားနိုင်ရင်းနဲ့  နောက်ဆုံးမှာတော့ သူတို့ ရဲ့ ရေခဲသေတ္တာရှေ့ ကို သွား၊ အထဲက ကိုယ်စားချင်တဲ့ အရွက်တွေကို ဆွဲထုတ်၊ အသားထားတဲ့ နေရာက ဒါနဲ့  ဒါနဲ့  ရောမယ် ပြောနဲ့ လေ။ စကားပြော မကျွမ်းကျင်ခင်မှာ တော်တော့်ကို ဖြေရှင်းခဲ့ရတာ လည်း အမှတ်တရ တစ်ခုပါပဲ။

ပညာသင်သွားကြတဲ့ အုပ်စုမှာမှ ကျွန်မတို့  အုပ်စု ရှိနေတဲ့ နေရာမှာ လူအင်အားက အတောင့်ဆုံးပါပဲ။ ကျွန်မတို့  မွေးမြူရေး အုပ်စုက ယောကျာ်းလေး ၁ ယောက်၊ မိန်းကလေးက ၂ ယောက်၊ သားပေါက်အုပ်စုက မိန်းကလေး ၆ ယောက်တောင်မို့  အားလုံးဆို ၉ ယောက်တောင် ရှိတာလေ။ ကျန်တဲ့ အဖွဲ့ တွေဆို ၂ ယောက် ၁တွဲနှုန်းနဲ့  တနေရာစီမှာ ရှိနေကြရတာလေ။ အုပ်စုတောင့်တော့ တစ်ခုခုဆို အချင်းချင်း အားပေး နှစ်သိမ့်နိုင် တယ်လေ။

ဖြစ်ချင်တော့ ရောက်လေရာမှာ အရာရာနဲ့  အကြောင်းကြောင်း ဖြစ်တတ်တာက ကျွန်မပါ။ ကျွန်မတို့ သွားတဲ့ အချိန်က မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးအရမ်းကောင်းတဲ့ ဇူလိုင်လလေ။ ဒါပေမဲ့ သူတို့ မှာ မိုးမရွာဘူး။ အရမ်း ပူတာ။ သြဂုတ်လရဲ့ နေ့ ရက် တစ်ရက်မှာပေါ့။ အဲဒီနေ့ က ထူးဆန်းစွာ မိုးတွေ အုံ့ ဆိုင်း ညိုမဲနေတာပဲ။ ညနေ ၃နာရီကျော်လောက်ထဲက ပုဇွန်တွေ ကြီးမကြီး Weight ချိန် စစ်ဆေးဖို့  ရှိတာမို့  ကျွန်မတို့ တွေ ကန်ထဲ ရောက်နေကြတယ်။

အဲဒီအချိန်မှာ လေကြီးမိုးကြီးတွေ တိုက်လာတော့တာပဲ။ ဒါနဲ့  ကျွန်မတို့ လည်း နီးစပ်ရာ ကန်လုပ်သားလေးတွေ နေတဲ့ တဲမှာ မိုးဝင်ခိုကြတယ်။ ဒါနဲ့  စကားမစပ် ထိုင်းနိုင်ငံ ပုဇွန်ကန်က အောက်ခြေ အလုပ်သမားတွေရဲ့ နေထိုင်မှု အဆင့်အတန်းကို ပြောပြချင်ပါတယ်။

ပုဇွန်ကန်တစ်ခုရဲ့ အနိမ့်ဆုံး ၀န်ထမ်းတွေနေတဲ့ ၀န်ထမ်းအိမ်လေးတိုင်းမှာ ရေခဲသေတ္တာတစ်လုံးစီရယ်၊ တီဗွီ တစ်လုံးစီရယ် ရှိတယ်။ သူတို့ ရဲ့ အိပ်ရာက ဒီမှာ ပိုက်ဆံရှိတဲ့ လူတန်းစားတွေသာ သုံးနိုင်တဲ့ Dunlop မွေ့  ရာတွေ၊ ခေါင်းအုံးတွေနဲ့ လေ။ အလုပ်ဝင်တဲ့ အလုပ်သမားဟာ အ၀တ်ထုတ်ကလေး ယူလာရင် ရပြီလေ။ သူတို့ နိုင်ငံမှာတော့ ဘယ်သူမှလည်း ဒီပစ္စည်းတွေ အိမ်သယ်သွားမှာ စိတ်မပူရဘူးလေ။ ဒါကတော့ ကျွန်မတို့  ဆီကနဲ့  ကွာခြားချက်ပေါ့လေ။

သူတို့ ဆီက အလုပ်သမားအကြောင်းပြောချင်တာနဲ့  ကျွန်မအကြောင်းတောင် ပျောက်တော့မယ်နော်။ မိုးတွေ လေတွေ စဲသွားတော့ ကျွန်မတို့  ပုဇွန် Weight ပြန်ချိန်တယ်။ မိုးက ရွာထားတာမို့  ဗွက်ရေတွေက ရှိနေ သေးတယ်လေ။ ပုဇွန်ထည့်ထားတဲ့ ပုံးကို မပြီး ကန်စပ်ကနေ အနောက်ဘက်ကို လှည့်အတက် မြက်ပင်တွေ ဖုံးနေတဲ့ ကျင်းထဲကို ကျွန်မ ခြေထောက် ၀င်သွားပြီး ကလန့် လိုက် သလို ဖြစ်သွားတော့တာပဲ။

ကျွန်မ ပြုတ်ကျသွားတာကို သိပေမဲ့ သူတို့ က လက်ထဲက ပုဇွန်ပုံးကိုပဲ လာယူသွားကြတာလေ။ လာမထူကြ ဘူး။ ကျွန်မ ခြေထောက်က လုံးဝ လှုပ်လို့  မရတော့ဘူး။ ကျွန်မ သိတယ်။ ခြေထောက်က အတော် ဆိုးသွား တယ် ဆိုတာကို။ ဒါပေမဲ့ သူတို့ က ထလေ ထလေသာ ပြောနေကြတာ။ ကျွန်မ လုံးဝ မထနိုင်သလို အသံ လည်း မထွက်နိုင်ပဲ မျက်ရည်တွေ ကျနေတာ မြင်မှ ပြေးလာ ကြတာ။ ကျွန်မနဲ့  အတူနေ သူငယ်ချင်း နီလာက အနားကို ပြေးလာရင်း

“ရှင် တော်တော် နာနေလား။ တို့ ကိုတွဲပြီး ထလေလို့ ” ပြောတယ်။

“ဟင်အင်း၊ ခြေထောက်က ထောက်ဖို့  မပြောနဲ့ ။ လှုပ်လို့ တောင် မရဘူး။ ဒီခြေထောက်က ကျွန်မ ကား အက်စီးဒင့် ဖြစ်ပြီး ကျိုးထားတဲ့ ခြေထောက်လေ။ မ, မနိုင်ဘူး။”

ကျွန်မ ပြောမှ အားလုံး စိုးရိမ်စွာနဲ့  ကျင်းထဲက ခြေထောက်ကို ဆွဲထုတ်လိုက်တာ။ နာလိုက်တာမှ အသည်း ခိုက်ပါပဲ။ ဝေါ့ကင်းရှုး ချွတ်လိုက်တော့ အောက်က ခြေထာက်က ယောင်ကိုင်းစ ပြုနေခဲ့ပြီ။ မတ်တတ်တောင် မရပ်နိုင်တော့တဲ့ အခြေအနေမို့  အားလုံးက ဖေးမစွာနဲ့  အဆောင် ပြန်ပို့ ပေးတယ်။

ကျွန်မ သိတယ်။ ကျွန်မ ခြေထောက် ပြန်ကျိုးသွားခဲ့ပြီ။ မနေနိုင်လောက်အောင် တဆစ်ဆစ် ကိုက်ခဲလာခဲ့ပြီ။ အဲဒီနေ့ က မိုးနဲ့  အပြိုင် ကျွန်မ ငိုကြွေးခဲ့တယ်လေ။ သူများနိုင်ငံမှာ စာလာသင်တာ ထောက်မနိုင်လောက် အောင် ကျိုးနေတဲ့ ခြေထောက်နဲ့  ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ။ ပထမအကြိမ် ကျိုးတုံးကတောင် အိမ်မှာ ပြုစုတဲ့ မိသားစု ရှိတာတောင် ကျောက်ပတ်တီး ၄၅ ရက် စီးရတာမို့  အတော် ဒုက္ခ ရောက်တာလေ။ ခုလို တစိမ်းတွေကြားမှာ ဖြစ်တော့ ပိုဆိုးတာပေါ့။ သတိအရဆုံးကတော့ အမေ့အိမ်ကိုပေါ့။

read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၂ {အတွေး၊ အရေး - ၈}"

On 0 comments

ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် တဇွတ်ထိုး လုပ်တတ်တဲ့ ကျွန်မက ဒီအလုပ်ကို ခေါင်းမာစွာနဲ့ ပဲ လျှောက်ခဲ့တယ်လေ။ ကျွန်မရဲ့ အကြောင်းပြချက်က တစ်ခုထဲပါ။ တက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့ ဘာသာရပ်ကို အသုံးချခွင့်ရမဲ့ ကိစ္စမို့ ပါပဲ။ သတ္တဗေဒ ဘာသာရပ်(Zoology) နဲ့  M.Sc ဆက်တက်ဖြစ်ခဲ့ပေမဲ့ ကျွန်မ အခု လုပ်နေတဲ့ အလုပ်တွေဟာ ကျွန်မရဲ့ ဘွဲ့ နဲ့  ဘာမှ မဆက်စပ်ခဲ့ဘူး။

ဒီအကြောင်းပြချက် တစ်ခုထဲနဲ့ တင် ပုဇွန်မွေးမြူရေးဆိုတဲ့ ဒီအလုပ်ကို လျှောက်ဖို့  အဆင်သင့် ရှိနေခဲ့တာ။ အမှန်အတိုင်း ၀န်ခံရရင် “နိုင်ငံခြား ပညာတော်သင်” လွှတ်မယ်ဆိုတဲ့ စကားလုံးလေး အပေါ် ငြိတွယ်မှုလည်း ပါတာပေါ့။ ‘ပညာတော်သင်’ ဆိုတဲ့ စကားလုံးကြောင့်လည်း ဒီအလုပ်ကို လျှောက်တဲ့သူတွေ များပြားခဲ့တယ်။ အယောက် ၃၀၀ နီးပါး အလုပ်လျှောက်ခဲ့ပေမဲ့ ၁၂ယောက်ပဲ အလုပ်ရခဲ့တာမို့  ကျွန်မ ကံကောင်းတယ် ပြော ရမှာပေါ့။

အင်တာဗျူး ဖြေဆို အောင်မြင်ပြီးတဲ့ နောက်နေ့ က စလို့  ကျွန်မတို့ ဟာ ထိုင်းဘာသာ စကားကို စတင် သင် ယူခဲ့ရတယ်။ ထိုင်းနိုင်ငံမှာ သိပ္ပံနည်းကျ ပုဇွန်မွေးမြူရေး (Intensive Culture) ကို သွားရောက် လေ့လာ ရမှာလေ။ ပုဇွန်ပညာနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကိုလည်း ငါးဦးစီးလုပ်ငန်းမှ အနည်းအကျဉ်း အခြေခံရအောင် သင်ပေးခဲ့တယ်။ စာသင်ရင်းနဲ့  နိုင်ငံခြား သွားဖို့  ပြင်ဆင်ခဲ့ရတယ်။

ကျွန်မရဲ့ ဘ၀စာမျက်နှာတစ်ခုဟာ အဲဒီကနေ စတင်ပြောင်းလဲလာခဲ့တာပါပဲ။ ၂၀၀၀ခုနှစ်၊ မိုးရာသီနဲ့  နေ့ ရက် တစ်ခုမှာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ကြတယ်။ အဲဒီအချိန်က ရေငန်ပုဇွန်ကို အကြီးအကျယ် မွေးမြူနေတဲ့ ထိုင်း နိုင်ငံက C.P ကုမ္ပဏီမှာ ကျွန်မတို့  လေ့လာခွင့်ရခဲ့တယ်။ ဘန်ကောက်ကနေတဆင့် ထိုင်းနိုင်ငံ တောင်ပိုင်းကို ကားနဲ့  တနေကုန် ခရီးဆက်ခဲ့ရတယ်။

ဒီလိုနဲ့  ထိုင်းနိုင်ငံတောင်ပိုင်းက မလေးရှား နယ်စပ်နဲ့ သိပ်မဝေးတဲ့ နာကွန်စီ ထမရပ်ဆိုတဲ့ မြို့ လေးက ပုဇွန် ကန်တစ်ခုကို ကျွန်မ ရောက်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ ပုဇွန်မွေးတဲ့ ဒေသတွေမှာ အုပ်စုလေးတွေ ဖွဲ့  ပြီး နေရာဒေသ အသီးသီးကို လူစုခွဲပြီး လေ့လာ ခဲ့ရတယ်။

ရယ်စရာကောင်းတာ ပြောရမယ်ဆိုရင်လေ ကြီးကြီးကျယ်ကျယ် သင်ထားတဲ့ ဘွဲ့ နဲ့  ကိုက်ညီတဲ့ အလုပ်ကို လုပ်ချင်လို့ လို့  ကြွေးကြော်နေပေမဲ့ ပုဇွန်ရဲ့ အကြောင်း၊ ပုဇွန်ကန်ရဲ့ အလေ့အထတွေကို တကယ်တော့ ကျွန်မ ဘာမှ မသိပါဘူး။ ပုဇွန်ကန်ကို စရောက်ရောက်ချင်း ရတဲ့ ကန်ရဲ့ အနံ့ အသက် (ရေညှိနံ့ နဲ့ တင်) ထိုးအန် တော့တာပါပဲ။ ကျွန်မ သူငယ်ချင်းတွေက ၀ိုင်းသြဘာပေး ကြတယ်။

“ဒါလားဟဲ့ ပုဇွန်မွေးမဲ့သူ” တဲ့လေ။

သူတို့ တွေက ကျွန်မကိုဆိုရင် အရမ်းကို ပြောချင်နေကြတာလေ။ နိုင်ငံခြားသွားဖို့  အစတ်အစားတွေ စီစဉ်ကြ တော့လည်း အလှကြိုက်တဲ့ ကျွန်မက စကတ်လေးတွေကို ပုံစံမျိုးစုံနဲ့  ချုပ်ထားတာ။ သူတို့ လည်း သိသွားရော ပြောကြတာက ကျွန်မလုပ်မဲ့ မွေးမြူရေး (Grow out) အပိုင်းဆိုတာ မိန်းကလေးတွေ ရွေးချယ် လုပ်ကိုင်လေ့ မရှိပဲ ယောကျာ်းလေး အများစုသာ ရွေးချယ် လုပ်ကိုင် ကြတာ။ မိန်းကလေးတွေကတော့ သားပေါက်လုပ်ငန်း (Hatchery) ပိုင်းကိုသာ စိတ်ဝင်စား လုပ်ကိုင်ကြတာလေ။

ထိုင်းနိုင်ငံကို ရောက်တော့လည်း မွေးမြူရေး လုပ်ငန်းပိုင်းမှာ မိန်းကလေး လုပ်ကိုင်သူ မရှိပဲ ကျွန်မ အပါအ၀င် မြန်မာ မိန်းကလေး ၃ယောက်သာ ရှိတာမို့  အားလုံးက အထူးတဆန်းနဲ့  လုပ်နိုင်ကြရဲ့လားလို့  စိတ်ဝင်စား နေကြတာလေ။ လုပ်ရမဲ့ အလုပ်ကလည်း ယောကျာ်းလေးတွေနဲ့  တန်းတူ ပြေးဟယ် လွှားဟယ် ကျော်ဟယ် ခွဟယ် လုပ်ရတာမို့  ဘောင်းဘီနဲ့ သာ အဆင်ပြေမှာ။

ကန်ဘောင်တွေ၊ တံတားတွေ၊ လှေပေါ်တွေကို တက်ဆင်း ကျော်လွှား သွားလာနေရတဲ့ အလုပ်မို့  ကျွန်မ ချုပ် ထားတဲ့ စကတ်အတိုလေးတွေ ၀တ်ဖို့ ဆိုတာ လားလားမှ မအပ်စပ်တာမို့  သူတို့ ကလည်း စကား အကြောင်း အရာဆုံတိုင်း ကျွန်မ ချုပ်လာသော အ၀တ်အစားနဲ့  အလုပ်အကိုင် လွဲချော်မှုကို ရယ်မော နောက် ပြောင်ကြမြဲ။ ကျွန်မကတော့ ကိုယ် စိတ်ဝင်စားသော ပညာတစ်ခု သင်ခွင့်ရမဲ့ ကိစ္စကို ဘာနဲ့ မှ မလည်းနိုင်ပါ။ မလှချင်လည်း နေပါစေတာ့။ မြို့ ထဲလျှောက်လည်ချိန်တွေမှာ ၀တ်လို့ ရ သေးတာပဲဟု အားကျမခံ ပြန်ချေပမြဲ။

read more "ဘ၀တစ်ခု၏ စာမျက်နှာ - ၁ {အတွေး၊ အရေး - ၇}"

On 0 comments

ကျွန်မ ဘ၀မှာ အတမ်းတရဆုံး၊ အလွမ်းရဆုံး အပျော်ရွှင်ရဆုံး နေ့ ရက်တွေကို ပြောပါဆိုရင်တော့ ပုဇွန်ကန် လေးတစ်ခုမှာ ပုဇွန် မွေးမြူရေး ပညာရှင် Technician ဘ၀နဲ့  နေခဲ့ရတဲ့ နေ့ ရက်တွေကို ပြရမှာပါပဲ။

လွမ်းတယ်။ ကျွန်မရဲ့ လွတ်လပ် ပျော်ရွှင်တဲ့ အပူအပင်ကင်းတဲ့ Technician ဘ၀လေးကို လွမ်းတယ်။ ကျွန်မ ချစ်ရတဲ့ ဆရာသမားတွေ၊ မောင်နှမလို ခင်တွယ်ရတဲ့ သူငယ်ချင်းတွေ၊ သွေးသားအရင်းလို သဘောထားပြီး သွန်သင် ဆုံးမခဲ့ ရတဲ့ ကျွန်မရဲ့ တပည့်လေးတွေ၊ ကိုယ်မွေးထားတဲ့ သားသမီးနဲ့  မခြား ရင်ဝယ်သားလို ပြုစု ခဲ့ရတဲ့ ပုဇွန်လေးတွေ အားလုံးကို အရမ်းလွမ်းမိတယ်။

နောက်ပြီး တောအုပ်ကလေးရဲ့အလယ်၊ စမ်းချောင်းလေးရဲ့ဘေးက ကျွန်မနေခဲ့တဲ့ အိမ်ပြာပြာလေးရယ်၊ နေ့  စဉ်နဲ့ အမျှ ဖ၀ါးထပ်အောင် လျှောက်နေရတဲ့ ကျွန်မ တဒင်္ဂ ပိုင်ဆိုင်ခွင့် ရခဲ့သော ပုဇွန်ကန်လေးတွေရယ်၊ လွတ်လပ်ပေါ့ပါးစွာ ရှုရှိုက်ခဲ့ရတဲ့ လေထုကြီးရယ်၊ ပေါ့ပါးစွာ ဖြတ်သန်းခဲ့ရတဲ့  ကိုယ့်ရဲ့ Life လေးရယ်ကို ကျွန်မ အရမ်း သဘောကျတယ်။

ဒီလုပ်ငန်းခွင် မ၀င်ခင်က ဖြူနုနေတဲ့ ကျွန်မ အသားအရေတွေ ညိုရာကနေ မဲတဲ့ အဆင့်ထိ ရောက်လုပေမဲ့ ကျွန်မ ပျော်နေ တာပါပဲ။ ဒီအလုပ်မတိုင်ခင် အရင်က လုပ်ခဲ့တဲ့ အလုပ်တွေ အားလုံးမှာ Air corn အခန်း လေးထဲ ချွေးမထွက် အလှမပျက် ထိုင်ရင်း၊ Computer ခလုတ်ခုံတွေကို ဖွဖွလေးနှိပ်ရင်း၊ စာရင်းစာအုပ်တွေ ဖွင့်ပြီး ငြိမ်ငြိမ်လေး ကိန်းဂဏန်း စာရင်းဇယားတွေ တွက်ချက်ရင်း နေခဲ့ဖူးတယ်။ ကျွန်မရဲ့ လက်ချောင်းတွေ ဟာ စာရေးဆရာ ပီသစွာ သွယ်လျ နွဲ့ ပျောင်းတယ်လို့ ခင်တဲ့သူငယ်ချင်းတွေက အမြဲ ပြောတတ်ခဲ့တယ်လေ။ ခုတော့ ပုဇွန်ကန်မှာ ပုဇွန်တွေ အစာကျွေးတဲ့ ဗန်းကို မရင်း အသားမာ တက်စပြုလာပြီ ဖြစ်တဲ့ လက်ချောင်း တွေကို မြင်တိုင်း ချစ်သူက စိတ်မကောင်း ဖြစ်တတ်ပေမဲ့ ကျွန်မကတော့ ကိုယ်ရဲ့ လက်ရှိ ဘ၀ကို ကျေနပ် နေတာပါပဲ။

ရုပ်ရှင်ရုံ မရှိတဲ့၊ ကျွန်မ မြတ်နိုးတဲ့ စာအုပ်ဆိုင်တွေ မရှိတဲ့၊ ဈေးဝယ် ၀ါသနာပါတဲ့ ကျွန်မ မက်မက်မောမော သွားလေ့ ရှိတဲ့ Shopping Centre တွေ မရှိတဲ့၊ (2000 ခုနှစ် ၀န်းကျင်က ဆိုတော့ ခုလို Internet ဆိုင်တွေ ဘာတွေတော့ မရှိသေးဘူးလေ)၊ ကျွန်မ ကြိုက်တဲ့ အစား အသောက် ကောင်းကောင်းတွေ ရှိတဲ့ Restaurant မပြောနဲ့  လက်ဘက်ရည် ဆိုင်တောင် တစ်ခုမှ မရှိသေးတဲ့၊ တနေရာကနေ တစ်နေရာကို သွားစရာရှိရင် စီးစရာ bus ကားတောင် မရှိတဲ့ ဒီဒေသလေးမှာ ကျွန်မ နေနိုင်ဖို့ ၊ ပျော်မွေ့ ဖို့ ဆိုတာ အိပ်မက် အဖြစ်တောင် မစဉ်းစားခဲ့ဖူးပါဘူး။

တကယ်တော့ ကျွန်မကလေ မြန်မာနိုင်ငံရဲ့ တတိယမြို့ တော် ဖြစ်တဲ့ မွေးရပ်မြေကိုတောင် ဖွံ့ ဖြိုးမှု နှေးတယ်။ ကျွန်မ အတွက် မတိုးတက်နိုင်ဘူးရယ်လို့  ယူဆပြီး ရန်ကုန် ပြောင်းပြေးလာသူရယ်လေ။

နောက်ပြီး ကျွန်မက ၀ါသနာပါရာ Computer programming software တွေ၊ LLCI သင်တန်းတွေ၊ အချိန်နှင့် ငွေ ပေးရင် ပေးနိုင်သလောက် ပြန်ရနိုင်တဲ့ တက်မဆုံးတဲ့ သင်တန်းတွေ လိုက်တက်ရင်း အောင်လက်မှတ်တွေ ကိုသာ မက်မောသူ တစ်ယောက် လေ။ ဆက်သွယ်စရာ ဖုန်းကလွဲလို့  စာတောင် ချက်ချင်း မရောက်နိုင်တဲ့ ဒီဒေသမှာ အလုပ် ၀င်မယ် ဆိုတော့ အားလုံးက ကန့် ကွက်ကြ တယ်။ ဒါပေမဲ့ ကိုယ် ဖြစ်ချင်တာကို မဖြစ်ဖြစ် အောင် တဇွတ်ထိုး လုပ်တတ်တဲ့ ကျွန်မက ဒီအလုပ်ကို ခေါင်းမာစွာနဲ့ ပဲ လျှောက်ခဲ့တယ် လေ။
read more "ဘ၀တစ်ခု၏ စာမျက်နှာ နိဒါန်း {အတွေး၊ အရေး - ၆ }"

On 0 comments

ဘ၀မှာ ကိုယ်သိပ်ချစ်ရတဲ့သူတစ်ယောက်ကို တွေ့ ခွင့်ရဖို့ 
ပြီးတော့
အဲဒီသူက ကိုယ့်ကို ကိုယ်ချစ်သလို ထပ်တူကျအောင် ပြန်ချစ်ဖို့ 
သူနဲ့  ကိုယ် ချစ်သူ ဖြစ်သွားပြီးနောက်မှာလည်း
အခက်အခဲများကို ရင်ဆိုင် ကျော်လွှားကာ
နှစ်ယောက်အတူ လက်တွဲခွင့် ရဖို့ ဆိုတာ
သိပ်ကို ရနိုင်ခဲတဲ့ အဖိုးတန်တဲ့ ဆုလာဘ်တစ်ပါးပါပဲ။
read more "ထပ်တူညီခြင်း {အတွေး၊ အရေး - ၅}"

On 0 comments

တခါတုန်းကပေါ့
တောအုပ်လေးရဲ့ အလယ်၊ စမ်းချောင်းလေးရဲ့ဘေး၊ ချစ်စရာ တံတားခုံးလေးထိပ်မှာ သိပ်ကို ချစ်စရာ ကောင်းတဲ့ အပြာရောင် အိမ်လေးတစ်လုံး ရှိခဲ့ဖူးတယ်။

တခါတုံးကပေါ့
အဲဒီအိမ်လေးမှာ နေရာ ဒေသအစုံက ပုံစံမတူ အသွင်မတူတဲ့ လူသား ၈ဦး စတင် ဆုံတွေ့ ခဲ့ကြတယ်။ အသွင်စရိုက် စုံလင် တဲ့ လူသားတွေရဲ့ တွေ့ ဆုံခြင်းကစလို့  ခင်မင်ခြင်းတွေ အလည်အပတ် ရောက်ခဲ့တယ်။

တခါတုံးကပေါ့
သိပ်ကို ဖြူစင်တဲ့ အဖြူရောင် ချစ်ခြင်းတွေဟာ Blue House ရယ်လို့  နာမည်ပေးထားတဲ့ အပြာရောင် အိမ်လေးကို လွှမ်းခြုံ လို့ နေလေရဲ့။ သံယောဇဉ်ဆိုတဲ့ ကြိုးအထပ်ထပ် ရစ်ပတ်လို့  အိမ်လေးကို သော့ခတ် ခဲ့ကြတယ်။

တခါတုံးကပေါ့
ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ရင်း အများက အားကျ ငေးမောလောက်အောင် ညီညွတ် ခဲ့ကြတယ်။

တခါတုံးကပေါ့
ယောကျာ်းလေး ၅ယောက်၊ မိန်းခလေး ၃ယောက် တို့ ရဲ့ စနောက် ရယ်မောသံတွေဟာ စမ်းချောင်းလေး တလျှောက်၊ တောအုပ်လေး တခွင် ကြည်မွေ့ စွာ လွင့်ပြန့် နေရဲ့။

တခါတုံးကပေါ့
အတူ ရှိနေကြရာကနေ လူချင်းခွဲရလို့  ငိုကြွေးကြပေမဲ့ ဘယ်နေရာရောက်ရောက် စိတ်ချင်း နှလုံးသားချင်း နီးတယ်လို့  ခံယူ ခဲ့ကြဖူးတယ်။

အချိန်ဆိုတဲ့ ကာလယန္တရားရဲ့ ရွေ့ လျားမှုအောက်မှာ

အခုတော့
ရယ်သံတွေ ဆိတ်သုန်း၊ ကြည်နူးခြင်းတွေ ကွယ်ပျောက်၊ ပျော်ရွှင်ခြင်းတွေ နတ္ထိ၊ တိတ်ဆိတ်ခြင်းတွေ ဖုံးလွှမ်းလို့  တောအုပ် ကြီးရဲ့အလယ်မှာ အပြာရောင် အိမ်လေး တစ်လုံးထဲ အထီးကျန်စွာ ကျန်ရစ်ခဲ့ပြီ။

အခုတော့
ဖြူစင်တဲ့ ချစ်ခြင်းတွေအစား မနာလိုမှုတွေ၊ ယှဉ်ပြိုင်မှုတွေ မာနတွေ အစားထိုး ၀င်ရောက်လာခဲ့ပြီ။

အခုတော့
ပတ်ဝန်းကျင် ထိုးနှက်မှုကြောင့် မဟုတ်ပဲ အချင်းချင်းတွေ နားလည်မှုတွေ လွဲမှားခဲ့ကြပြီ။

အခုတော့
သူများတွေ မဖျက်နိုင်တဲ့ သံယောဇဉ်ကြိုးလေးတွေနဲ့ သာ ချည်နှောင်ထားတဲ့ အိမ်လေးကို ဘယ်သူမဆို အလွယ်တကူ ဖျက်စီးနိုင်တဲ့ သက်မဲ့ သော့တစ်လုံးရဲ့ တုတ်နှောင်မှုကို ခံနေရပြီ။

အခုတော့
ညီညွတ်မှုတွေ မရှိတော့တဲ့၊ ဘယ်သူမှ မလာကြတော့တဲ့၊ အဖြူရောင် ခြစ်ခြင်းတွေ ပျက်ပြယ်ခဲ့တဲ့၊ ရယ်သံတွေ ဆိတ်သုန်း သွားတဲ့ အပြာရောင် အိမ်လေးတစ်လုံးဟာ အေးစက်စက် သော့ခလောက်လေးနဲ့ အတူ ကျန်နေခဲ့ပြီ။

သက်ရှိ လူသားတွေရဲ့ ပြောင်းလဲမှုကို သက်မဲ့ အိမ်လေးက နားမလည်နိုင်စွာနဲ့  အံ့အားသင့် ငေးမော နေလေရဲ့။ အရင်က နွေးထွေးမှု တွေကို အိမ်လေးက သူတို့ အစား လွမ်းဆွတ်လို့ နေလေရဲ့။

လူတွေရဲ့ လောဘ၊ မောဟ၊ ဒေါသတွေဟာ ဖြူစင်ခြင်းတွေကို အရောင်ပြောင်းလဲစေတယ်ဆိုတာ အိမ်လေးမှ မသိတာနော်။




(တခါက အိမ်ပြာလေးသို့  လွမ်းချင်း)
read more "ပြောင်းလဲခြင်း နိယာမ {အတွေး၊ အရေး - ၄}"

On 0 comments

ဝသာန်ကာလ
မိုးကျခဲ့ပြီ .. ကို
ဟိုးမဝေးသေးတဲ့ အချိန်က
မိုးရေထဲမှာ
တို့ နှစ်ယောက်
ပျော်ရွှင် ကြည်နူးခဲ့ဖူးပါရဲ့
ခုတော့ …..
အငြိုးကြီးတဲ့
မိုးစက်တွေကြားမှာ
တို့ တစ်ယောက်ထဲ
လွမ်းမျက်ရည် ၀ဲနေဆဲပါပဲ။

မြူနှင်းတွေကျ
ဟေမာန်ဆောင်းကာလကို ရောက်ခဲ့ပြန်ပြီ .. ကို
မနှစ်က ဆောင်းမှာ
ငွေနှင်းမှုန်ကြားထဲ
တို့ နှစ်ယောက်
အတူလျှောက်းခဲ့ဖူးပါရဲ့
ခုတော့ …..
မညှာတာတဲ့
နှင်းစက်တွေထဲ
တို့ တစ်ယောက်ထဲ
တိုးလျှောက်နေဆဲပါပဲ။

ဥသြ တွန်ကျူး
ပိတောက်ဖူးတဲ့
နွေဦးရောက်ပြီ .. ကို
သင်္ကြန်တိုင်းမှာ
အတူရှိခဲ့ဖူးတဲ့
တို့ ချစ်သူဟာ
ခုချိန်မှာတော့ …..
ကိုယ့်ကို ရှောင်ခွာလို့ 
အခြားသူနဲ့ 
လက်ထပ်သွားခဲ့ပြီလေ။

နွေ၊ မိုး၊ ဆောင်း
ဘယ်လို ပြောင်းလဲပေမဲ့
တို့ ရင်ထဲမှာ
မင်းကိုတော့
ရာသီမရွေး
လွမ်းဆွေးဆဲပါ …ကို။
read more "အလွမ်းရာသီ {အတွေး၊ အရေး - ၃}"

On 0 comments

စေတနာကြောင့်ပဲ ဖြစ်ဖြစ်
ဝေဒနာကြောင့်ပဲ ဖြစ်ဖြစ်
မြားတစ်စင်းကို ပစ်လွှတ်ခဲ့တယ်။

မြားပစ်တဲ့သူရဲ့ ခံစားမှုက
တဒင်္ဂ စိတ်ထွက်ပေါက်ရယ်ပါ။
အပစ်ခံရသူအတွက်ကတော့
ထာဝရ ဒဏ်ရာ ဖြစ်ခဲ့ပြီ။

ဒီလိုပါပဲ
စကားတစ်ခွန်းဟာ
ပြောလိုက်တဲ့သူအတွက်
စိတ်ထွက်ပေါက် တစ်ခု ဖြစ်ပေမဲ့
အပြောခံရသူအတွက်ကတော့
တသက်စာ
နာကျင်မှု ဖြစ်ခဲ့ပြီ။

အကြောင်းတိုက်ဆိုင်တိုင်း
ပတ်သက်မှု ရှိလေတိုင်း
ထိခိုက်မိလေတိုင်း
သွေးစိမ်း ရှင်ရှင် ထွက်စေမဲ့
ဘယ်တော့မှ
မကျက်တော့မဲ့
သေရာပါ ဒဏ်ရာတစ်ခုပေါ့နော်။
read more "မြားတစ်စင်း၏ ရည်ညွှန်းချက် {အတွေး၊ အရေး - ၂ }"

On 0 comments

လက်ထပ် စာချုပ်ဆိုတာ စက္ကူပေါ်မှာ ရေးထိုးထားတဲ့အရာတစ်ခု၊
ခိုင်မာမှု တစ်ခု ဖြစ်ပေမဲ့ အချိန်မရွေး ဖျက်ဆီးနိုင်သလို
အလွယ်တကူလည်း ဆုတ်ဖြဲလို့  ရတယ်နော်တဲ့။

နှလုံးသားမှာ ရေးထိုးတားတဲ့ နှလုံးသား စာချုပ်ကတော့
အကောင်အထည် မပြနိုင်တဲ့ အရာတစ်ခု၊
ဒါပေမဲ့ သူက ခိုင်မြဲတယ်။
ဘယ်သူမှ မမြင်နိုင်သလို
ဘယ်သူမှ လုယူ ဆုတ်ဖြဲလို့ လည်း မရနိုင်ဘူးလေ။

နှလုံးသားကို နှလုံးသားနဲ့ ကြည့်ပြီး ဖတ်မှသာ မြင်နိုင်တဲ့ အရာမျိုးဖြစ်တယ်လေ။
read more "ကြိုးမဲ့ ချည်နှောင်ခြင်း {အတွေး၊ အရေး - ၁}"

On 0 comments

စာရေးခြင်းဆိုတဲ့ ၀ါသနာတစ်ခုကို မက်မော ရူးသွပ်စွာ ဖက်တွယ်ခဲ့မိတာ ကျွန်မရဲ့ တက္ကသိုလ် ကျောင်းသူ ငယ်ဘ၀၊ အလုပ်တစ်ခု ကို ငွေကြေး လိုအပ်မှုတစ်ခုထဲကြောင့် မဟုတ်ပဲ ရောက်တဲ့နေရာမှာ အောင်မြင် အောင် လုပ်ချင်ခဲ့တာက အသက် ၂၀ကျော်ဝန်းကျင် အလယ်အလတ်ဘ၀၊ ဒါထက် အသက်နဲနဲ ကြီးပြီး ၃၀ ကျော်လာတော့ ရောက်ရှိနေပြီးသား နေရာတစ်ခုမှာ တာဝန်ကျေပြွန်စွာနဲ့  အလုပ်တွေကို ဦးစီး လုပ်ကိုင်ခွင့်ရ အောင် ကြိုးစားရင်း ပေးဆပ်လိုက်ရတဲ့ အချိန်တွေရဲ့ နောက်ကွယ်မှာ ကျွန်မ ဆုံးရှူံးလိုက်ရတာက လွတ်လပ် စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ငေးမောခွင့်၊ လွတ်လပ်စွာ ကျွန်မ ရေးသားခွင့် (စိတ်ကြိုက်စာပေများကိုလေ) တွေ ဖြစ်နေခဲ့တယ်လေ။

ကိုယ်ရောက်ရှိချင်တဲ့ နေရာတစ်ခုကို ရောက်ရှိအောင် ကြိုးစားရင်း ပေးဆပ် စွန့် လွှတ်လိုက်ရတာက ကိုယ့် ၀ါသနာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ ကိုယ့်ရဲ့ လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ နုပျိုမှု အများကြီးပါပဲ။ ဘယ်သူကမှ ကိုယ့်ကို အတင်းအကျပ် ခိုင်းစေခဲ့တာ မဟုတ်ပဲ ကိုယ့်ရဲ့ လောဘ နဲ့  ကိုယ် ရွေးချယ်ခဲ့တဲ့ လမ်းတွေပါပဲ။ ဘယ်သူမပြု မိမိမှုပေါ့နော်။

လွပ်လပ်စွာ တွေးခေါ်နိုင်တဲ့ အတွေးနုနုတွေအစား ဦးနှောက်ခြောက်အောင် စဉ်းစား တွက်ချက်ရတာတွေ၊ စာအုပ်နဲ့  ဘောပင်ကိုင် ဖြစ်ပေမဲ့ ရေးဖြစ်တာက စကားလုံးနုနုတွေ မဟုတ်ပဲ ကိန်းဂဏန်း တွက်ချက်မှုတွေ ဖြစ်နေတာတွေ၊ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေပဲလို့  သိခဲ့ပေမဲ့ ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး။

စာရေးချင်တဲ့ စိတ်ကို ကြိတ်မှိတ် မြိုသိပ်ခဲ့ရတယ်။ မရေးတာ ကြာတော့ ကိုယ့်လက်ရာကို ကိုယ်ပြန် အားမရ ခဲ့ဘူး။ ဒီအချိန်တိုင်းမှာ ငယ်ဘ၀လေးကို ပြန်လွမ်းတယ်။ အရင်ရေးခဲ့တဲ့ စာတွေ ဖိုင်တွေကို ပြန်ဖွရင်း ရေးလက်စ၊ တွေးလက်စ အတွေးလေးတွေ အရေးလေး တွေ ပြန်တွေ့ ချိန်မှာ အဆုံးမသတ် ဖြစ်ခဲ့သော အတွေး တစ်ပိုင်းတစလေး တွေကို မာတီမှာ ပြန်လည် မျှဝေရင် ကောင်းမလားဆိုတဲ့ စိတ်ကူးလေးနဲ့  ဒီပို့ စ် လေးကို အရင် တင်လိုက်ပါတယ်နော်။

read more "မေဇူး၏ အတွေး၊ အရေး (နိဒါန်း)"