Showing posts with label MMG အမှတ်တရ. Show all posts
Showing posts with label MMG အမှတ်တရ. Show all posts
On 0 comments
ညီမငယ်စုပြည့်တို့ ကားနဲ့  အေးမြသူရဲ့ ကားက လမ်းမှာ အတူဆုံပြီး ဘုန်ကြီးကျောင်းကို တူတူ ရောက် လာပါတယ်။ စုပြည့်နဲ့ လည်း အွန်လိုင်းမှာ ခင်တာမကြာသေးသလို ခုမှ အပြင်မှာ တွေ့ ဖူးတာဖြစ်ပေမဲ့ အားလုံးဟာ ငယ်ပေါင်းတွေလိုပါပဲ။ မောင်နှမတွေလို တသွေးထဲ တသားထဲ ဖြစ်သွားကြတာ ကြည်နူး စရာပါ။
သူတို့ လာပြီ လူစုံပြီဆိုတော့ ကိုစိုးမိုးက ငါးအူချောင်းဗန်းကြီးကိုင်လို့  ကျွန်မက ကလေးတွေကို ငါးအူချောင်း လိုက်ဝေပါတယ်။ ငါးအူချောင်း ရပြီးသား ကလေးတွေကိုတော့ ကျန်တဲ့သူတွေက စာရေး ကရိယာ (စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ချွန်စက်) တွေကို အထုတ်နဲ့  လိုက်ဝေပါတယ်။ မိန်းကလေးတွေ (ကျောင်းသူတွေကိုတော့) အန်တီမီးမီး ထည့်လှူလိုက်တဲ့ ခဲတံထည့်တဲ့ ပိုက်ဆံအိတ်လေးတွေ အပို ထပ်ဝေပါတယ်။ (အန်တီမီးမီးရေ ကျေးဇူးပါနော်)  ကလေးငယ်တွေ ပြီးတော့ ကလေးကြီးတွေ ကို ဝေပါတယ်။
အားလုံးလည်း အဲဒီအချိန်မှာ အပြေးအလွှား မိတ်ဆက်ကြ ပြောကြဆိုကြနဲ့  ကလေးတွေ ပြန်ဖြစ် ကုန်ရော။ သူ့ လိပ်စာ၊ ကိုယ့်လိပ်စာ အပြန်အလှန် ပေးကြ၊ E-mail တွေ ပေးကြနဲ့ ပျော်စရာ ချည်း။ ကျောင်းရှေ့ နဲ့  မီးဖိုဆောင်ရှေ့  အလယ်ခေါင်မှာ မန်ကျည်းပင်လေးရှိတော့ အဲဒီ အပင်လေးအောက်မှာပဲ စုပြီး စကားပြောဖြစ်ကြပါတယ်။
စကားပြောနေရင်းနဲ့ ပဲ အလှူငွေတွေ လိုက်စုကြပါတယ်။ ဒီနေ့ မှာပဲ သူတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်နဲ့  တိုက်ဆိုင်နေတယ်ဆိုပြီး ညီမငယ် စုပြည့်က အလှူငွေ 50,000 ကျပ် လှူဒါန်းပါတယ်။ ကျွန်မတို့  အလှူလာလုပ်မယ်ဆိုတာကြောင့် အခြားနေရာ မရှာတော့ပဲ ဒီမှာပဲ လှူလိုက်တော့တာပါလို့  စုပြည့် က ပြောပါတယ်။ ကျွန်မတို့ လည်း ၀မ်းမြောက်ဝမ်းသာနဲ့  လက်ခံရယူလိုက်ပါတယ်။ ပိုပြီးတော့လည်း မှတ်မှတ်ရရ ရှိသွားတာပေါ့နော်။
ရန်ကုန်က အလှူငွေ လှူလိုက်ကြသူတွေရော၊ ဒီနေ့ လာကြတဲ့သူတွေ အားလုံးရော အကုန်ပေါင်းပြီး ၀ိုင်းဝန်းလှူဒါန်းကြတာ စားစရာနဲ့  စာရေးကရိယာတန်ဖိုးတွေ မပါပဲနဲ့  ငွေသား ချည်းပဲ ၄သိန်းကျော် ရတာမို့  အတော်လေးလည်း ၀မ်းသာသွားမိပါတယ်။ ဒီတစ်ခေါက်က အခြေအနေ လာကြည့်ရုံမို့  အလှူငွေ များများ စားစား မပါတော့ ကျွန်မတို့ မှာ လာသာလာရတယ်။ အားသိပ်မရှိပါဘူး။
တစ်ယောက်တစ်လက်နဲ့  ၀ိုင်းဝန်းလှူဒါန်းလိုက်ရတာ ပျော်စရာ၊ ကြည်နူးစရာပါ။ အားလုံးထမင်းစု စားကြတော့လည်း ကျွန်မချက်တဲ့ ငါးအူချောင်းဟင်း၊ ကျောင်းက ချက်တဲ့ ငါးဟင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ကြော်၊ အရွက်စုံ ဟင်းချိုတို့ နဲ့  စားမြိန်လှပါတယ်။ (သော်တာလေးသိရင် စားချင်အုံးမှာနော်)။ စားလို့ လည်းပြီးရော ကျောင်းရှိကလေးအားလုံး၊ ဆရာမတွေနဲ့  ဘုန်းဘုန်းအပါအ၀င် ကျွန်မတို့ တွေ အားလုံး ကျောင်းနောက်ခံ (တဲလေး) Background နဲ့  မြိုင်မြိုင်ဆိုင်ဆိုင် ဓာတ်ပုံရိုက်ကြပါတယ်။
ဓာတ်ပုံရိုက်ပြီးတော့ ဆရာတော်ကို ၀တ္ထုငွေ ဆက်ကပ်ကြပါတယ်။ ဆရာတော်က ကျောင်းသားတွေ အတွက် အမြဲလိုအပ်တာက ဆန်ဖြစ်တယ်လို့  ပြောပါတယ်။ တလကို ကျောင်းသားတွေအတွက် ဆန်ဖိုးတစ်ခုထဲတင် ငွေကျပ် 250,000/ လောက်လိုအပ်တယ်လို့  သိရပါတယ်။ နောက်ပြီး စာရေး ကရိယာ မလုံလောက်တာ၊ ကျောင်းစာသင်ခန်းလေးတွေ အမိုးသာရှိပြီး အခင်းတွေ အကာတွေ မပြည့် စုံသေးတာ၊ ဆရာ ဆရာမ မလုံလောက်သေးတာ၊ ကျောင်းအိပ်ကျောင်းစား ကလေးတွေအတွက် အ၀တ်အထည်က စလို့   အိပ်စရာ ခြင်ထောင်ဖျာအဆုံး လိုအပ်တာ ...................... ကျောင်းလေး က ကျောင်းသားတွေအတွက် ဆရာတော့်မှာ လိုအပ်တာတွေ အများကြီးပါပဲ။
ဒါကြောင့် ဆရာတော့်ကို ကျွန်မတို့ တွေက နီးစပ်ရာကို အလှူခံပေးပါ့မယ်လို့  ဂတိပေးခဲ့ပါ တယ်။ နောက် တကြိမ်လည်း အလှူငွေ များများနဲ့  ပြန်လာခဲ့ပါအုံးမယ်လို့ လည်းပြောခဲ့ပါတယ်။ မန္တလေးက သူငယ် ချင်းတွေကိုလည်း အလှူခံပေးဖို့  တတ်နိုင်တဲ့သူတွေကို လက်တို့ ပြီး လမ်းညွှန်ပေးဖို့  မှာခဲ့ကြပါတယ်။
နေ့ လည် ၁နာရီခွဲလောက်မှာတော့ ဆရာတော်ကို နှုတ်ဆက်ပြီး အားလုံး ပြန်လာကြပါတယ်။ ကိုဇာနည်ဌေးရဲ့ကားရယ်၊ မမြနန်းအေးရဲ့ ကားရယ်၊ ဆိုင်ကယ်တွေရယ်မျှပြီး ပြန်လာကြပါတယ်။ ကျွန်မတို့  မိန်းကလေးအဖွဲ့ က အိမ်မှာ ခဏတဖြုတ် ပြန်နားမယ်လို့  ပြောချိန်မှာ ကိုစိုးမိုး၊ ကိုမင်းမင်းဇော်၊ ကိုဇာနည်ဌေး၊ မြိတ်ကြီး၊ စိုင်းခွန်နော်၊ လင်းထက်၊ ကိုသူရိန်တို့  အဖွဲ့ က လဘက်ရည်သောက်လို့ အကြောင်းပြ ကာ ဘီယာဆိုင်ကို ပြေးတဲ့ အကြောင်းကိုတော့ မပြောပြတော့ပါဘူးနော်။
လက်ကို ချွေတာ ညှာတာပြီးရေးရတာမို့ လို့  တောင်သမန်အင်းသွားတဲ့အကြောင်းနဲ့  အလှူအတွက် ပီတိဖြစ်ရတဲ့ အဖွဲ့ ဝင်တွေရဲ့ ရင်တွင်းစကားကိုတော့ အပိုင်း- ၄ နောက်ဆုံးအပိုင်းမှာ ဖတ်ပေးကြပါအုံး လို့ လေ။
read more "ကြည်နူးခဲ့ရတဲ့ တနင်္ဂနွေနေ့ လေး - အပိုင်း ၃ (ပုသိမ်ကြီး ပရဟိတကျောင်းအလှူ) "
On 0 comments
လက်နာနေသောကြောင့် ရန်ကုန်မှ မန္တလေးအလာခရီးကို မြန်မြန် သွားလိုက်တော့မည်။ လမ်းတွင် ကိုလင်းထက်နဲ့  မြိတ်သား တလမ်းလုံး မထတမ်း အိပ်ခြင်း၊ နန်းနှင့်ကျွန်မ တညလုံးမအိပ်ပဲ တစ်စုံ တစ်ယာက်အကြောင်းကို မနားတမ်း ပြောလာခြင်း၊ ကိုသူရိန်မှ ကျွန်မတို့ ကို အတင်းပြောတာ ရပ်သင့်ပြီ ဟု ခဏခဏ လှမ်းသတိပေးခြင်း၊ အဲကွန်း အရမ်းအေးလွန်းခြင်း၊ ကိုလင်းအောင်ပြည့်တစ်ယောက် လူထပ်တိုး၍ နောက်ထပ်ဝယ်သော ထိုင်ခုံတွင် တစ်ယောက်ထဲ သွားထိုင်ရ၍ ပျင်းရိစွာ လိုက်ပါလာပြီး စကားများနေသော ကျွန်မတို့  အုပ်စုကို မကြာခဏ မကျေနပ် လှမ်းကြည့်ခြင်း၊ ညသန်းခေါင် သူများတွေ အိပ်နေချိန်တွင် ကျွန်မ ကြွက်တက်၍ ညီမငယ် နန်းမှ နှိပ်နယ်ကာ ပြုစု လာရခြင်း စသည့်အကြောင်း များမှ လွဲ၍ အခြား ထူးထူးဆန်းဆန်း ဘာမှ မရှိခဲ့ပါ။
မနက် ၄နာရီခွဲတွင် ကိုမင်းမင်းဇော်ထံမှ ဖုန်းဝင်လာခဲ့သည်။
"အမတို့  ဘယ်ရောက်နေပြီလဲ" လို့ လှမ်းမေးချိန်မှာ ကားက မန္တလေး ၀င်ခါနီးနေပြီ။
"ရောက်တော့မယ် အကို" လို့ လည်း ပြောရော
"ကျွန်တော် ခု ထွက်လာမယ်အမ" ဆိုကာ မြောက်ပြင်ကနေ ကမန်းကတန်း ထွက်လာကြိုရှာတာလေ။
ကားဂိတ်ရောက်တော့ ၄နာရီ မိနစ် ၅၀။ ကောင်းကင်တစ်ခုလုံး လင်းချင်းနေခဲ့ပြီ။ ကျွန်မတို့ တွေလည်း အထုတ်တွေချ၊ အဝေးပြေးဝင်း ထဲက သျှားသျှားဆိုတဲ့ လဘက်ရည်ဆိုင်လေးမှာ ထိုင်ရင်း ရန်ကုန်က ည၉နာရီကားနဲ့  ပါလာမဲ့ စိုင်းခွန်နော်နဲ့  မြောက်ပြင်ကနေ ဆိုင်ကယ်နဲ့  ထွက်လာမဲ့ ကိုမင်းမင်းဇော် တို့ ကို စောင့်ရင်း မန္တလေးရဲ့ အာရုဏ်ဦးလေးကို နူးနူးညံ့ညံ့ ခံစားခဲ့ပါတယ်။
ကိုမင်းမင်းဇော်ရောက်၊ စိုင်းခွန်နော်ရဲ့ကားလည်း ၀င်လာတော့ ပုသိမ်ကြီးကို လိုက်လာမဲ့ မန္တလေးကမာတီ မိသားစုဝင်တွေနဲ့  ချိန်းရ လွယ်အောင် Sedona Hotel အရှေ့ က ရွှေပြည်မိုး လဘက်ရည်ဆိုင် ကို နေရာရွှေ့ ကြပါတယ်။ အဲဒီကိုရောက်တော့ မတ္တရာက လာရမဲ့ ကိုစိုးမိုး၊ ညီမငယ် စုစုမာ၊ ညီမ ငယ် အေးမြသူ၊ ညီမငယ် စုပြည့်တို့ ကို ဒီဆိုင်ကို လာဖို့  ချိန်းလိုက်ပါတယ်။ ကျွန်မတို့ သွားတည်းမဲ့ ကိုလင်းအောင်ပြည့် သူငယ်ချင်း မမြနန်းအေးကလည်း သူ့ ရဲ့ကားနဲ့  ဒီဆိုင်မှာ ကျွန်မတို့ ကို လာကြိုပါတယ်။
မနက်စာ စားသောက်ကြပြီးချိန်မှာ မမြနန်းအေးရဲ့အိမ်ရှိရာ နန်းရှေ့ ကို ရွှေ့ လာကြပါတယ်။ အဲဒီမှာ ရေမိုး ချိုးပြီးချိန်မှာတော့ ပုသိမ်ကြီးကို မမြနန်းအေးကားနဲ့  ကျွန်မတို့  ထွက်လာကြပါတယ်။ ကားနောက်မှာ မြိတ်သားနဲ့ ကိုစိုးမိုးတို့ က ဆိုင်ကယ် တစ်စီး၊ စိုင်းခွန်နော်နဲ့  ကိုမင်းမင်းဇော်က ဆိုင်ကယ်တစ်စီး လိုက်ပါလာကြပါတယ်။
ပုသိမ်ကြီးကို ထွက်ဖို့  ကားဘီးလှိမ့်ရုံ ရှိသေး ကိုဇာနည်ဌေးဆီက ဖုန်းဝင်လာပါတယ်။ အဲ.... ပြောရမယ် ဆိုရင် မန်းလေး ရောက်ပြီလို့ လိုက်ပြီး အကြောင်းကြားတုံးက သူ့ တစ်ယောက်ကို မေ့ပြီးကျန်ခဲ့တာ သူ မသိပါစေနဲ့ နော်။ ကျွန်မတို့ တကယ်လာဖြစ်တယ်။ ရောက်နေပြီလည်း ဆိုရော သူလည်း လိုက်လာမယ် လို့ ဆိုပါတယ်။ ဒီလိုနဲ့  ကားပေါ်မှာ ပျော်ရွှင်ဆူညံစွာ စကားပြောကြရင်း ရန်ကင်းတောင်ခြေကို ရောက် လာပါတယ်။ ကျောင်းကို လာတဲ့လမ်းလေးက သာယာပါတယ်။ ဒါပေမဲ့ နေရာက အထဲကို အတော်ဝင် ရသေးတာမို့ ခေါင်လည်း ခေါင်သလို လူသူအရောက်လည်း နည်းပါတယ်။ ပြောရမယ်ဆိုရင် မန်းလေးက ကျွန်မတို့ အဖွဲ့ ဝင်တွေတောင် ဒီကျောင်းလေးကို မသိကြပါဘူး။
ဘုန်းဘုန်းကျောင်းကိုရောက်တော့ ကိုရင်လေးတွေ ဆွမ်းခံပြီး ပြန်လာတာ တွေ့ ရပါတယ်။ ဆွမ်းခံ ပြီး ပြန်လာတာနဲ့  သပိတ်လေးတွေ ချ ပြီး ကျောင်းသွားတက်ကြပါတယ်။ ကျောင်းတဲ့.....။ ဒီနေရာ မှာ ကျောင်းဆိုတဲ့ မြင်ကွင်းလေးကို မြင်သာအောင် နည်းနည်းလေး ရှင်းပြချင်ပါတယ်။ ကျောင်း စာသင်ခန်းလေးတွေဟာ အခန်းခေါ်ရမလား။ တဲခေါ်ရမလား မသိအောင် ချို့ တဲ့လှပါတယ်။ ဓနိအမိုး တဲလေးအောက်မှာ ဘေးထရံကာ အကာမရှိ အပွင့်နဲ့  စာသင်ရတာပါ။ တဲတစ်လုံးကတော့ သွပ်မိုးပါ။ သူလည်း ဘေးအကာ မရှိရှာပါဘူး။
ဒါထက်ပိုဆိုးတာက ၅တန်း၊ ၆တန်း ကလေးတွေ စုပြီး စာသင်တဲ့နေရာကို ကျွန်မနဲ့  ညီမငယ် စုစုမာ ရောက်သွားချိန်မှာတော့ သူတို့ မှာ စာသင်စရာ ကျောက်သင်ပုန်းတောင် မရှိတာကို တွေ့ ခဲ့ ရပါတယ်။ စုစုမာက ကလေးတွေကို စာသင်ပေးပါတယ်။ သူတို့ တွေ စာသင်ကြတော့လည်း တတန်းနဲ့  တတန်းကို နံရံတောင် မခြားထားနိုင်ပါဘူး။ ဆရာမလေးတွေက ၄ယောက် ရှိပါတယ်။ ကျောင်းထိုင် ဘုန်းဘုန်းကလည်း ကလေးတွေကို စာသင်ပေးပါတယ်။
ဒါနဲ့ ပဲ ကျွန်မတို့ အဲဒီအနောက်စာသင်ဆောင်လေးတွေက ပြန်လာပြီးချိန်မှာတော့ ပါလာတဲ့ သူငယ်ချင်းတွေကို လက်တို့ ပြီး ကလေးတွေ အတွက် ကျောက်သင်ပုန်းလေးတွေ မဖြစ်မနေ လှူခဲ့ရအောင်လို့  တိုင်ပင်ပါတယ်။ ပထမလှူတာနဲ့ မဆိုင်ပဲ ပိုက်ဆံထပ်စု ကြပြီး ကျောက်သင်ပုန်း ၄ချပ်စာ လှူခဲ့ကြပါတယ်။ မန်းလေးသွား ချက်ချင်းလုပ်ပြီး ပြန်လာပေးချင်ပေမဲ့ အချိန်ကို ငဲ့ကွက်ပြီး အလှူငွေပဲ ကပ်လှူခဲ့ပါတယ်။ နောက်ရက်မှာ ဘုန်းဘုန်းက စီစဉ်ပေးမှာပါ။
ကျောင်းရဲ့ အခြေအနေ ပြောပြချင်တာနဲ့  ဟိုကျော် ဒီကျော် ဖြစ်သွားတယ်။ ကျွန်မတို့  ကျောင်းလေး ကို ရောက်တော့ ပါလာတဲ့ အထုတ်တွေချ၊ ဆရာတော်နဲ့  ကျောင်းကိစ္စ အလှူကိစ္စကို ကိုလင်းအောင်ပြည့် တို့  ကိုသူရိန်တို့ က ပြောပြီး ကျွန်မတို့ မိန်းကလေးအုပ်စုက ကလေးတွေအတွက် ကျွန်မယူလာတဲ့ ငါးအူချောင်းတွေ ကြော်ဖို့ စီစဉ်ကြပါတယ်။ သူတို့ တွေကို ကောင်းကောင်းလေး စားစေချင်လို့  ရန်ကုန် ကနေ ရေခဲပုံးထဲ ထည့်ပြီး သယ်လာတာပါ။ ကလေးတွေအတွက် ငါးအူချောင်းတွေ ကျွန်မ၀ယ်တော့ ကျွန်မရဲ့ ရုံးက အန်တီဒေါ်အေးမှီက ပိုက်ဆံမယူပဲ လှူလိုက်တာပါ။ ( ကျေးဇူးပါ အန်တီရေ။)
ငါးအူချောင်းတွေကို ဆင့်ဆင့်တို့ ၊ နန်းတို့ ၊ မမြနန်းအေးတို့ က ပလပ်စတစ်တွေခွာနေကြတုံး ကျွန်မရယ် ကိုစိုးမိုးရယ်၊ စိုင်းခွန်နော်ရယ် ၃ယောက်သား ထင်းမီးဖိုကြီးနဲ့  နပန်းလုံးရပါတယ်။ ထင်းတွေက စိုနေတော့ အူနေပြီး မီးကမတောက်တော့ တချိန်လုံး မီးခိုးတွေမွှန်ပြီး ငါးအူချောင်းကြော်ရတာ မျက်ရည်တွေတောင် ကျပါတယ်။ ကိုဇာနည်ဌေးတစ်ယောက်လည်း ကျွန်မတို့ ရှိရာ လိုက်လာခဲ့ပါတယ်။ အ၀မှာ လမ်းပျောက်နေတာမို့  ကိုလင်းနဲ့  ဆရာတော်က သွားခေါ်ပေးပါတယ်။
ကျွန်မတို့ က ငါးအူချောင်းကြော်၊ ကိုလင်းနဲ့ ကိုသူရိန်က ဆရာတော်နဲ့ စကားပြောနေချိန်မှာ ကျွန်မ တို့ ရဲ့ မောင်ငယ် ဆရာဝန်ကိုပိုင်စိုး (မြိတ်ကြီး) က ကျောင်းသားလေးတွေ၊ ကိုရင်လေးတွေ ကို ဆေးကုပေးနေပါတယ်။ ဒီတခေါက်လာတာ အုပ်စုတောင့် အားလည်း ပိုပြည့်ပါတယ်။  ရန်ကုန်က အဖွဲ့ တွေသာမက မန်းလေးအဖွဲ့ ကပါ ၀မ်းသာအားရ လာတွေ့ ကြတာဆိုတော့ တပျော်တပါး အားရှိလှပါတယ်။ ဆရာဝန်ပါသလို ကျောင်းဆရာမလေးလည်း ပါပါတယ်။ ညီမငယ် စုစုမာကလည်း အဲဒီအချိန်မှာ ကလေးတွေကို စာသင်ပေး၊ ကဗျာသင်ပေးနေပါတယ်။ ကိုမင်းမင်းဇော်၊ ကိုလင်းထက်၊ ကိုဇာနည်ဌေး၊ ညီမငယ်ဆင့်ဆင့်နဲ့  မမြနန်းအေးတို့ က စာရေးကရိယာတွေကို ကလေးတစ်ယောက်စာ အထုတ်လေးတွေကို ကားပေါ်မှာ ထည့်နေကြပါတယ်။ အားလုံး လုပ်အား အပြည့်အ၀နဲ့  မအားလပ်အောင် မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နေကြတာမို့  မြင်ရတာ အားရှိစရာပါ။
ငါးအူချောင်းတွေကြော်ပြီးချိန်မှာ တုတ်လေးတွေထိုးပြီး ကလေးတွေကို ဝေမှာပါ။ ကလေးတွေကို မုန့် ဝေပေးမလို့  လုပ်နေတုံး မန်းလေးက ညီမငယ် စုပြည့်နဲ့  ညီမငယ် အေးမြသူတို့ က ကျောင်းကိုလာတဲ့ အ၀င်ဝရောက်နေပြီဆိုတာကြောင့် သူတို့ ကို သွားကြိုတာ ခဏစောင့်နေချိန်မှာ မြိတ်ကြီးက ကလေးတွေကို တကိုယ်ရေ သန့် ရှင်းရေး ရှိဖို့  ဘာတွေ လုပ်ရမလဲဆိုတာ ညွှန်ကြားပါတယ်။
read more "ကြည်နူးခဲ့ရတဲ့ တနင်္ဂနွေနေ့ လေး - အပိုင်း ၂ (ပုသိမ်ကြီး ပရဟိတကျောင်းအလှူ) "
On 0 comments
စနေမိုးက အညှိုးကြီးလှသည်။ ညနေ ၃နာရီလောက်ထဲက မနားတမ်း ရွာနေခဲ့တာ ခုချိန်ထိ မရပ်တန့် သေး။ ညနေ ၅နာရီ… မိုးရွာသွန်းနှုန်းက ပိုမို ပြင်းထန်လာခဲ့သည်။ အင်း ဒီလိုဆိုရင် ည၈နာရီ မန္တလေးသို့  ထွက်ခွာမည့် E Lite ကားကို မှီဖို့ ဆိုလျှင် ညနေ ၆နာရီကျော်လောက်ထဲက အောင်မင်္ဂလာ အဝေးပြေးကို သွားမှ တော်ကြာကျလိမ့်မည်။
မြို့ ထဲမှာရော မြောက်ဥက္ကလာမှာပါ ရေတွေကြီးနေသည်ဟု သိရသည်။ ဒါကြောင့် မြို့ ထဲက အုပ်စုနှင့် ပေါင်းကာ အဝေးပြေးကား ဂိတ်သွားမှ ဖြစ်လိမ့်မည်။ မဟုတ်ရင် အမြဲတမ်း စိတ်အေး လက်အေးနှင့် နောက်ကျမှ ထွက်တတ်သော ဆရာကိုလင်းအောင်ပြည့်တို့ အဖွဲ့  မရောက်လာမချင်း အဝေးပြေးဂိတ်မှာ ကျွန်မတစ်ယောက်ထဲ စိတ်မဖြောင့် လက်မဖြောင့် နောက်ဆံတင်းရမည်။ ဒီတော့ သူတို့ ဆီသွားပြီး ကားအတူစီးတာ ပိုအဆင်ပြေလိမ့်မည်။
မောင်ငယ် မြိတ်သားက မြောက်ဥက္ကလာမှာနေတော့ ကားဂိတ် တန်းလာမှာမို့  စိတ်ပူစရာမလိုပေ။ ညီမ ငယ်နန်း (စာရေး ဆရာမ နန်းအသင်္ခယာ) ကလည်း ကားဂိတ်ကို ပြောသည့်အချိန် ရောက်မှာ မို့  ပြသနာ မရှိ။ စိတ်ပူရတာက အိမ်စာချုပ် ချုပ်မှာမို့  နောက်ကျမည် ပြောထားသော ကိုမင်းသူရိန်နှင့် မြို့ ထဲက ကိုလင်းအောင်ပြည့်တို့  ကိုလင်းထက်တို့  အုပ်စု။ ကံမမှာရေဘေး သွားလှူကြတော့လည်း သူတို့  ၂ယောက် ရောက်မလာလို့  ကျွန်မမှာ ကားကို မထွက်အောင် မနည်းတောင်းပန်ပြီး စောင့်ခိုင်းရဖူးသည့် ဥပမာကလည်း ရှိနှင့်သည်လေ။
ဒါကြောင့် မြို့ ထဲကိုသွား၊ အလှူပစ္စည်းတွေ စုထည့်၊ သူတို့ ကို လောဆော်ပြီး ကားဂိတ်ထွက်တော့ ညနေ ၆နာရီခွဲ။ မိုးက လုံးဝကို မရပ်နားသေး။ မှာထားသော ကားသမားက အသိမို့ သာ တော်တော့သည်။ မိုးအရမ်းကြီးနေသော ဒီလို ညနေခင်းမျိုး တွင် အောင်မင်္ဂလာအဝေးပြေးဝင်းကို တော်ရုံကား ဒီအချိန် မလိုက်တော့။
ဒီနေ့ သွားဖြစ်သော ခရီးစဉ်အကြောင်း အလှူအကြောင်း ပြောရလျှင် လုံးဝ အစီအစဉ် မရှိပဲ ထထွက်တာ ဟုပင် ပြောရမည် ထင်သည်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့ နယ် မစိုးရိမ် ရေထွက် ပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းလေးကို ဟိုးအရင်နှစ်ထဲကပင် ကိုလင်းအောင်ပြည့်ဆီမှ တဆင့် ကျွန်မတို့  သိခဲ့ရ သည်။
ရန်ကင်းတောင်ခြေတွင် ရှိကာ ကျောင်းလေးမှာ အဆောက်အဦးပင် ပီပီပြင်ပြင် မရှိရှာပေ။ ဓနိမိုး အရိပ်လေးအောက်မှာ ဘေးအကာပင် မရှိပဲ စာသင်ရသော ကျောင်းသားတို့ ၏ ဘ၀က သနား စရာကောင်းလှသည်။. ထိုအချိန်ကတော့ ကျောင်းသားက ၄၀ကျော် ၅၀ပင် မရှိတတ်သေး။
ဒီကျောင်းလေးကို ကျွန်မကိုယ်တိုင် မလိုက်လာဘူးပေမဲ့ MC အဖွဲ့ မှ မမာလာက သူတို့  လာချိန် မှာ ကျောင်းသားလေးတွေကို ဘာလိုချင်လဲ မေးမြန်းကြည့်ရာ သူတို့  ပုံဆွဲစာအုပ်လေးတွေ လိုချင် တယ်ဟု ပြောဖူးသည်ဆိုတာကြောင့် ကိုလင်းအောင်ပြည့်တို့  ဆီမှတဆင့် ကျောင်းသားလေးများအတွက် ပုံဆွဲစာအုပ်၊ ရောင်စုံခဲတံ၊ ချွန်စက်လေးများကို အိတ်လေးနှင့် ထည့်ကာ ကျွန်မ လှူခဲ့ဖူးသည်။
တချိန်ချိန်တွင် ဒီကျောင်းလေးကို ကျွန်မတို့  ထပ်မံသွားလှူကြမည်ဟုလည်း ရည်ရွယ်ခဲ့ကြသည်။ ဒါပေမဲ့ နီးစပ်ရာ အရေးပေါ် အခြေအနေများမှာ ၀င်ရောက် ကူညီရင်း ဒီကျောင်းလေးဘက်ကို ခြေဦးမလှည့်နိုင်ခဲ့။
ကျောင်းဖွင့်ခါနီး တပတ်လောက်အလိုမှာ ကိုလင်းအောင်ပြည့်က သူ့ ဆီကို မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဖုန်းဆက်လာသည်ဟု ဆိုသည်။ ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းသူ ကျောင်းသား ၁၅၀နီးပါးခန့်  ဖြစ်လာသောကြောင့် ဆရာတော့်အနေ နှင့် စားရေး၊ နေရေးနှင့် ပညာသင်ကြားရေးအတွက် အခက်အခဲ ရှိသောကြောင့် အလှူရှင်များ လိုအပ်လာသည်။
ကျောင်းလေးအတွက် လိုအပ်သော စာရေးကရိယာများ၊ အလှူငွေများ လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး ကျွန်မတို့ တွေ ဓာတ်ပုံလည်း ရိုက်ရင်း၊ ကျောင်းအခြေအနေလေးလည်း အသေးစိတ်မေးမြန်းပြီး အွန်လိုင်း ပြန်တင်ကာ အလှုခံပေးနိုင်ရန် ရည်ရွယ်၍ ကျွန်မတို့  Admin ၃ယောက်ထဲသာ သွားမည်။
ဒါကြောင့်ပဲ တိုင်းရင်းဆေးဆရာကြီး ကိုမင်းမင်းဇော်၊ တရားစာများ အရေးအသားကောင်းသော ညီမငယ် Dimplemit အမြဲတမ်း Guest Book မှာ လေလာလာတက်တတ်သော ကိုဇာနည်ဌေး (ဂေ့)၊ MMG မောင်နှမတွေ အားလုံးစုပြီး ပုဂံဘုရားဖူးသွားရအောင်လို့  ခေါ်တတ်တဲ့ မောင်ငယ်စိုးမိုး၊ မာတီမသုံး၊ MMG Member မဟုတ်ပေမဲ့  MMG  အလှူလုပ်တိုင်း လှမ်းပြီး အလှူငွေ ပို့ ပေးတတ်တဲ့ ကိုသစ်ကိုရဲ့ သူငယ်ချင်း ညီမငယ် အေးမြသူ၊ Facebook မှတဆင့် ခင်တာ ဘယ်လောက်မှ မကြာသေးပေမဲ့ ရင်းရင်းနှီးနှီး ဖြစ်ခဲ့ရတဲ့  မြတ်မွန်ရဲ့ သူငယ်ချင်း ညီမငယ်ဆုပြည့်တို့ ကို ကျွန်မတို့  လာမဲ့အကြောင်းနှင့် ပုသိမ်ကြီးက ဘကကျောင်းလေးကို သွားမဲ့ အကြောင်း လှမ်းပြောတော့ အားလုံးက တက်တက်ကြွကြွနဲ့  "လိုက်မယ်အမ၊ လှူမယ် အမ" ဆိုတာကြောင့် အတော့်ကို ကျေနပ်ခဲ့ ရပါတယ်။
နောက်ပြီး သွားဖို့ ရက်ရွေးကြတော့လည်း ကျွန်မက လိုက်ချင်တာကြောင့် ကျွန်မ လိုက်နိုင်မဲ့ ခွင့်ယူစရာ မလိုတဲ့ စနေနေ့ ညသွား တနင်္ဂနွေနေ့ ည ပြန် အစီအစဉ်ကို အားလုံးက ပင်ပန်းမယ်မှန်း သိကြပေမဲ့ ကျွန်မကို လိုက်စေချင်ကြတာကြောင့် မညည်းမညူ သဘောတူကြတဲ့ ကျွန်မရဲ့ အဖွဲ့ ဝင်တွေ ကိုလည်း ကျေးဇူးတင်ကြောင်း ဒီစာမျက်နှာကတဆင့် ပြောကြားလိုပါတယ်။
ပို့ စ်သီးသန့် တင် အလှူခံတာမျိုး မလုပ်တော့ပဲ Facebook မှာ ကိုလင်းအောင်ပြည့် တင်ထားတဲ့ ပုံလေးတွေကို ပြန် Share လုပ်ရင်း စိတ်ဝင်စားရင် လှူဒါန်းနိုင်ပါတယ်လို့  တိုက်တွန်းခဲ့ပါတယ်။ ဆက်သွယ်လှူဒါန်းပေးကျတဲ့သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ပုံလေးကို ကြည့်ပြီး စာရေးကရိယာတွေ လှူဒါန်းပေးခဲ့တဲ့ အန်တီမီးမီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
သွားမဲ့အတူတူတော့ ကျွန်မတို့ ချည်းပဲ မဟုတ်ပဲ တခြားဘယ်သူတွေ အတူလိုက်ကြအုံးမလဲလို့ လည်း ဖုန်းဆက် စည်းရုံးခဲ့ပါသေးတယ်။
ဟိုမမ မပါဘူးလားလို့  အမြဲမေးတတ်တဲ့ ဦးတိုး စိတ်ကျေနပ်အောင်လည်း မမချို လိုက်ခဲ့အုံးလို့  ခေါ် ပါသေးတယ်။ စီးပွားရေး အလွန်သောင်းကျန်းသော ထိုမမက အလှူငွေသာ လာပို့ သွားပါတယ်။ မရင်သွေးဦးကလည်း လိုက်မယ်ဆိုပြီးခါမှ လက်မှတ်ယူခါနီးမှ အလုပ်မအားတော့လို့ ဆိုပြီး ကပ်ဖြုတ် သွားပါတယ်။ ကိုညီကလည်း လိုက်ချင်တယ်။ မလိုက်နိုင်တာကြောင့် အလှူငွေပဲ ထည့်ခဲ့ပေးပါတဲ့။
ဒီလိုနဲ့  ဟိုဖုန်းဆက် ဒီလှမ်း ချိန်းပြီးသကာလမှာ လိုက်ဖြစ်တာက ကိုသူရိန်၊ ကျွန်မ၊ ကိုလင်းအောင်ပြည့်၊ လင်းထက်၊ နန်းအသင်္ခယာ၊ ဆင့်ဆင့်သူ၊ မြိတ်ကြီး အားလုံးပေါင်း ၇ယောက်ပါ။ စနေနေ့  မနက်မှာမှ စိုင်းခွန်နော်ကလည်း လိုက်ချင်တယ်ဆိုတာကြောင့် လက်မှတ်ထပ်ဝယ်ပေမဲ့ သူကတော့ ကျွန်မတို့ နဲ့  ကားတစီးထဲ အတူ မရတော့ပဲ ည ၉နာရီကားပဲ ရပါတော့တယ်။ ဒီတော့လည်း ဟိုရောက်ရင် စောင့် မယ်ပေါ့။
ဒီလိုနဲ့ အစပြန်ကောက်ရရင် မိုးတွေ ၀ုန်းဒိုင်းကျဲရွာ၊ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေလက်၊ ရေတွေကြီးနေတဲ့ ညနေခင်းလေးထဲမှာ သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးတွေကို အံတုရင်း အောင်မင်္ဂလာ အဝေးပြေးဂိတ် ကို ည ၇နာရီခွဲမှာ ချောမောစွာ ရောက်ရှိခဲ့ပါ တယ်။ မိုးတွေကြားမှာပဲ အထုတ်တွေတင် အပြန်လက်မှတ် တခါထဲ ဖြတ်ရင်း ည ၈နာရီမှာ တက်ကြွနေသော ကျွန်မတို့ အဖွဲ့  ဟာ အလွန်ချမ်းလှသော E Lite ကားကြီးဖြင့် မန္တလေးမြို့ သို့  စတင်ထွက်ခွာခဲ့ပါတော့တယ်။
read more "ကြည်နူးခဲ့ရတဲ့ တနင်္ဂနွေနေ့ လေး - အပိုင်း ၁ (ပုသိမ်ကြီး ပရဟိတကျောင်းအလှူ) "
On 0 comments
မန္တလေးက ကိုမင်းမင်းဇော်တို့  မိသားစု ရန်ကုန်ရောက်ပြီး ကျိုက်ထီးရိုး သွားလည်သည်အထိ ကျွန်မတို့  စာအုပ်က အပြီးမသတ် နိုင်သေးပါဘူး။ ကျွန်မတို့  ၃ယောက် ကွန်ပျူတာရှေ့ မှာ စာမူအကြမ်းတွေရယ်နဲ့  ရှုပ်ယှက် ခတ်နေတုံး၊ စာရွက်ပုံကြားမှာ မြုပ်လို့ ကောင်းတုံးပါပဲ။
ဒီနေရာမှာ ပြောစရာရှိတာက Printer အခက်အခဲပါပဲ။ ရိုက်ပြီးသား စာမူတွေကို ကိုလင်းအောင်ပြည့်က Layout ချ၊ ဒီဇိုင်းထည့်၊ ပုံတွေထည့်ပြီး ပြန်ထုတ်ချိန်မှာ အိမ်မှာ Laser Printer မရှိတော့ ဆိုင်ပြေးထုတ်ရပါ တယ်။ အဲဒီအချိန်မှာ ကိုယ်သွားထုတ်မိတဲ့ဆိုင်မှာ ကိုယ်ရိုက်ထားတဲ့ Font မရှိရင် Error တက်တဲ့ ပြသနာကို လည်း တော်တော်ကြုံရပါတယ်။ ညဘက်မှ ညနက်မှဆိုတော့ ရွေးစရာ ဆိုင်ကလည်း သိပ်မများဘူးလေ။ ဒီတော့ အိမ်ပြန်လာပြင်လိုက် နောက်တစ်ဆိုင် ပြန်ပြေးလိုက်နဲ့  လုံးလည်လိုက်ပြီး အတော်ဒုက္ခများခဲ့ပါတယ်။
ခက်တာက ကျွန်မတို့  ၃ယောက်ပေါင်းလို့ မှ Laser Printer လေး တစ်လုံေးတာင် မပိုင်ဆိုင်တာပါ။ (ကြွားသလိုဖြစ်သွားပြီ)။ Ink Jet Printer တွေပဲရှိတာမို့  အလုပ်က တွင်သင့်သလောက် မတွင်ခဲ့ဘူး။ ဒါနဲ့  နောက်ဆုံးမှာတော့ အလုပ်လုပ်ဖို့  သိပ်မကျန်တော့တဲ့ နေ့ ရက်တွေရယ်၊ ဆင်းရဲလွန်းတဲ့အချိန်တွေ ရယ်၊ နောက်ပြီး ကိုကြည်နိုင်တို့ လာချိန်မှာတော့ စာအုပ်က ပြီးနေမှ ဖြစ်တော့မယ်ဆိုတာရယ် (လျှောက် သွားလို့ ရအောင်လေ) အားလုံးပေါင်းပြီး Laser Printer ၁လုံးကို မျက်စိမှိတ်ပြီး ၀ယ်လိုက်ရပါတော့ တယ်။ အဲဒီတော့မှပဲ လုပ်ငန်းက အဆင်ချောတော့တာကိုး။ 
ကျွန်မတို့  ၃ယောက်ထဲနဲ့  နေ့ မနား၊ ညမနား စာအုပ်.............စာအုပ်နဲ့  ဖိစီးနေတဲ့ သောကအပူထဲကို ကူညီမဲ့သူ ၂ယောက် ရောက်လာပါတယ်။ ကဗျာဆရာမြုငှက်နဲ့  မာတီ တည်ထောင်စဉ်က ရှိခဲ့ပြီး နောက်ပိုင်းမှာ အားလုံးရဲ့ မြင်ကွင်းကနေ ကွယ်ပျောက်နေတဲ့ လင်းထက်တို့ ပါ။
သူတို့ က ၁ရွက်ချင်း စာစီလိုက်၊ ၁ပုဒ်ချင်း ဒီဇိုင်းဆွဲလိုက် ၁ရွက်ချင်း Print ထုတ်ပြီး Film ဆိုင်ကို ၁ရွက်ချင်း ပြေးအပ်နေရတဲ့ ကိုလင်းအောင်ပြည့်ရဲ့ ဒုက္ခတွေကို ကူညီပေးသူတွေပါ။ မိုးလင်းပေါက်ဖွင့်တဲ့ ဖလင်ဆိုင်ကို ၁ရွက်ရ ၁ရွက် ပြေးထုတ်ပြေးခဲ့ကြတာပါ။
ဒီလိုနဲ့  ကျွန်မတို့ ရဲ့ မန္တလေးသား အကိုကြီး ကိုမင်းမင်းဇော်တို့ မိသားစု ကျိုက်ထီးရိုးခရီးစဉ် ပြီးဆုံးလို့  ရန်ကုန်မြေကို ပြန်ရောက်လာပါတော့တယ်။ သူတို့ ကို ကျွန်မတို့ နဲ့  နီးနီးနားနား သွားလို့ လာလို့ လွယ် ရအောင် Asia Plaza Hotel မှာ ထားလိုက်ပါတယ်။ ကျွန်မတို့ အကို မန်းလေးသားကြီးကလည်း အားကိုးရရှာပါတယ်။ ကျွန်မတို့ နဲ့ အတူ တစ်လမ်းဝင် တစ်လမ်းထွက်၊ စက္ကူထုတ်တွေထမ်းရင်း ပုံနှိပ်စက်တွေ၊ မျက်နှာဖုံး ပလစ်စတစ်လောင်းတဲ့နေရာတွေ၊ စာအုပ်ချုပ်ဆိုင်တွေကို အတူလိုက်သူပါ။
ကျွန်မတို့ နဲ့ လည်း အတူသွားချင်၊ မိုးလင်းပေါက် စကားထိုင်ပြောချင် ကူလုပ်ချင်သလို အမနဲ့ သမီးကို ဟိုတယ်မှာ ထားခဲ့ပြီး ထွက်လာရတာကိုလည်း စိတ်မဖြောင့်သူရယ်လေ။ ပထမဦးဆုံး ဟိုတယ်မှာ တည်းတဲ့နေ့ မှာပဲ အမက ကြောက်ပြီး တညလုံး မအိပ်ပဲ ကိုမင်းမင်းဇော် ပြန်တဲ့ ည၁၂နာရီကျော် အချိန်ထိ ငုတ်တုတ်ထိုင်စောင့်နေတယ်ဆိုတာကြောင့် နောက်နေ့ မှာ သူ့ ကို စောစောပြန်ဖို့  ၀ိုင်းပြီး တိုက်တွန်းရပါတယ်။
၁၄ရက်နေ့ မှာတော့ ကျွန်မတို့ ရဲ့ မင်းသားကြီးများ လပွတ္တာအဖွဲ့ သားတွေ လာကြပါပြီ။ သူတို့ လာရင် ကိုလင်းအောင်ပြည့်အိမ်မှာ တည်းမှာပဲလို့  သေချာပေါက်တွေးပြီး ခေါင်းအုံးတွေ စောင်တွေတောင် ထပ် ၀ယ်ထားကြပါသေးတယ်။
သူတို့ က ပုသိမ်ကနေတဆင့် ရန်ကုန်ကို ၁၄ရက်နေ့ ညနေပိုင်းမှာ ကားနဲ့  လာကြမှာပါ။ ကိုကြည်နိုင်တို့  နဲ့ အတူ ကျွန်မတို့  လေးစားရတဲ့ ဆရာငြိမ်းပါ ပါလာမယ်ဆိုတာကြောင့် ၀မ်းသာရပါတယ်။ ကိုသတိုး၊ မိုးမြင့်တို့ နဲ့ အတူ ဇင်မင်းတစ်ယောက်တော့ မပါလာပါဘူး။ ကျွန်မကလည်း ကိုယ်သွားတုံးက တွေ့ ခဲ့တဲ့ သူတွေကို အကုန် ပါလာစေချင်တာလေ။ 
သူတို့ ကို ကိုရီးက သူ့ ကားနဲ့  ဒဂုံဧရာ ကားဂိတ်မှာ သွားကြိုပေးတာပါ။ ကိုသူရိန်၊ ကိုလင်းအောင်ပြည့်၊ ကိုမင်းမင်းဇော်တို့ က အိမ်မှာစောင့်နေကြပါတယ်။ ကျွန်မကတော့ ရုံးဆင်းမှ သူတို့ ဆီ သွားမှာပါ။
တကယ်တမ်း ကိုကြည်နိုင်တို့ တွေ အဝေးပြေးဂိတ်ကနေ ထွက်လာတော့ ည ၇နာရီကျော်လောက်ရှိပါပြီ။ ကိုရီးရဲ့ ဖုန်းနဲ့  ကျွန်မဆီ ဖုန်းဆက်လာပါတယ်။ ဒီညတော့ ကိုရီးက သူတို့ ကို  အပိုင်သိမ်းသွားပြီမို့  မနက်ဖြန်မှ လာတော့မယ်လို့  ပြောပါတယ်။
ကျွန်မက မဖြစ်ဘူးနော်။ ၃၉လမ်းမှာ အားလုံး အကိုတို့ ကို စောင့်နေကြတယ်။ မလာလို့  ဘယ်ဖြစ် မလဲ။ နောက်ပြီး အကိုတို့ က ဒီည မြို့ ထဲမှာ အိပ်မှာ မဟုတ်ဘူးလား။ တညလုံး စကားထိုင်ပြော ကြမယ်လေလို့  မေးလိုက်တဲ့အခါ.........................
read more "MMG Diary (အပိုင်း ၉)"
On 0 comments
ကောင်းခန်းကျမှ မီးပျက်တယ်ဆိုသလိုပါပဲ။ ကျွန်မက အပိုင်း ၇ကို ကိုမင်းမင်းဇော်တို့ မိသားစုကို သွားကြိုတဲ့ နံနက်ခင်းလေးရဲ့ သာယာလှပပုံလေးနဲ့  အဆုံးသတ်ချင်ပေမဲ့ အရမ်းနာနေတဲ့ လက်က ခွင့်မပြုတာကြောင့် တ၀က်တပျက်နဲ့  ရပ်လိုက်ရပါတယ်။ ရန်ကုန်ကို လာချင်ဇောကြီးနေတဲ့ ကျွန်မတို့  အကိုကြီး ကိုမင်းမင်းဇော် က ညရထားဝယ်ပြီး မနက်ရန်ကုန်ရောက်ရမှာကို မှားပြီး မနက်ရထား ၀ယ် လိုက်မိတော့ သူတို့  ရန်ကုန် ကို ရောက်မဲ့အချိန်က ညဘက်မှ ဖြစ်တော့မှာပါ။
ရန်ကုန်က လာကြိုပေးမဲ့သူတွေကို အားနာတဲ့ ကိုမင်းမင်းဇော်က ညဘက်ကြီး လာမကြိုပါနဲ့ တော့ အမတို့  ဒုက္ခများပါတယ်။ ဘူတာမှာပဲ အိပ်လိုက်ပြီး မနက်မှ ထလာတော့မယ်ချည်းပဲ ပြောနေတာပါ။ ကျွန်မတို့ ကလည်း မဟုတ်တာ။ အမနဲ့  ကလေးလည်း ပါမှာ။ ဘာမှမပူနဲ့  ဘယ်အချိန်ဖြစ်ဖြစ် လာကြို မယ် စိတ်ချပါလို့  ပြောရပါတယ်။
ဖြစ်ချင်တော့ သူတို့ ရဲ့ ရထားက နေမြင့်မှထွက်လာဖြစ်ပါတယ်။ ဒီတော့ ကိုမင်းမင်းဇော် ဘယ်ရောက်နေ ပြီလဲလို့  ကျွန်မတို့ က လှမ်းမေးလိုက် သူက ဘယ်နားရောက်နေပါပြီလို့  ဖုန်းဆက်လိုက်နဲ့  အဲဒီနေ့  တနေ့ လုံး မအားကြဘူး။ ဒီလိုနဲ့  ညနေ ကျွန်မရုံးဆင်းချိန် ကိုလင်းအောင်ပြည့်အိမ်မှာ ထုံးစံအတိုင်း အလုပ်လုပ်ရင်း သူတို့ ကို စောင့်နေကြပါတယ်။
ဒါပေမဲ့ ကျွန်မတို့  ညပိုင်းဖုန်းဆက်တော့ ကိုမင်းမင်းဇော်တို့ က တောင်ငူရောက်နေပြီလို့  ပြောပါတယ်။ မဟုတ်လည်း တညလုံး အလုပ်လုပ်ကြမဲ့ အတူတူ ကျွန်မတို့ လည်း မပြန်တော့ပဲ သူတို့ ကို စောင့်နေ လိုက်ပါတော့တယ်။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် အကို စိတ်ချလက်ချ လာ။ ရန်ကုန်ဝင်ခါနီးမှ ဖုန်းဆက်လိုက်တော့လို့  ပြောလိုက်ပါတယ်။
သူတို့  ဖုန်းဆက်လာတော့ မနက် ၄နာရီရှိပါပြီ။ တညလုံး မှုန်ဝါးဝါး အလုပ်လုပ်နေရာကနေ ကမန်းက တန်း ထပြီး ၃၉လမ်းကနေ ဘူတာကြီးကို ကိုသူရိန်ရယ်၊ ကျွန်မရယ်၊ ကိုလင်းအောင်ပြည့်ရယ် ထပြေးကြတာလေ။ ဗိုလ်ချုပ် လမ်းမပေါ်မှာ ကျွန်မတို့ က လွဲလို့  ဘယ်သူမှ  မရှိကြဘူး။ အဲဒီအချိန်မှာ ခံစားရတာက အေးမြ လတ်ဆတ်တဲ့ လေအေးအေးလေးရယ်၊ ပန်းဆိုးတန်း ဂုံးတံတားကြီးပေါ် မှာ ဖွေးဖွေးလှုပ်အောင် သာနေတဲ့ လပြည့်ဝန်း ၀ိုင်းဝိုင်းစက်စက်ရယ်၊ ဘူတာကြီးက လွင့်ပျံ့ လာတဲ့ ရထားဥသြသံ ချိုမြမြရယ် အရမ်း လွမ်းဖို့ ကောင်းတယ်။
ဘူတာရောက်တော့ ရထားက ၀င်နေပြီ။ ကိုမင်းမင်းဇော်တို့ ကို အပြေးကြို၊ အထုတ်တွေ ၀ိုင်းဆွဲပြီး သိပ်မဝေးတဲ့ ကိုလင်းအောင်ပြည့်အိမ်ကို ချီတက်ကြပါတယ်။ အမနဲ့  သမီးကတော့ တအားကို ပင်ပန်းနေ ပြီ။ ခရီးထွက်နေကျ မဟုတ်တာရော၊ ရထားအချိန်လွန်တာရော ပေါင်းပြီး ၂၄နာရီလုံးလုံး မနားရဘူး ဖြစ်သွားတာလေ။
ကိုမင်းမင်းဇော်ကတော့ ခုမှ တွေ့ တဲ့ Admin အကိုကြီး ၂ယောက်နဲ့  စကားတပြောပြောနဲ့  လမ်းလျှောက် လာပါတယ်။ လသာနေတဲ့ ရန်ကုန်ညအလှကို သူလည်း ကင်မရာ တဖြတ်ဖြတ်နဲ့  မှတ်တမ်းတင်နေလေ ရဲ့။ အိမ်ရောက်တော့လည်း စကားပြောချင်စိတ်တွေ များနေတာကြောင့် မအိပ်ဖြစ်ပါဘူး။ ကိုမင်းမင်းဇော် က ကျွန်မတို့  တညလုံး မအိပ်ပဲ စာအုပ် ထိုင်ထိုင်လုပ်နေတာကိုသိတော့ တအံ့တသြနဲ့ လေ။
ကိုယ်တွေက ခုမှတွေ့ လို့  စကားကောင်းနေပေမဲ့ အမနဲ့  သမီးကို အားနာတာကြောင့် အတင်း အနားယူ ခိုင်းရပါတယ်။ သူတို့ မိသားစုက ဒီညနေကားနဲ့  ကျိုက်ထီးရိုး ဘုရားဖူးသွားကြမှာလေ။ ဒါကြောင့် ဒီနေ့  က နေဖို့  အချိန်လည်း သိပ်မရှိတော့တာမို့  ကိုလင်းအိမ်မှာပဲ သူတို့ ကို နားခိုင်းလိုက်ပါတော့တယ်။ မဟုတ်ရင် ၁ရက်စာ ဟိုတယ်စရိတ်ကုန်မှာစိုးလို့ လေ။
ဒီတော့ မနက်မိုးလင်းချိန်မှာ ကိုမင်းမင်းဇော်တို့  မိသားစုကို ထားခဲ့ပြီး ရုံးကို ပြေးရပါတယ်။ သူတို့  သွားလာဖို့  အဆင်ပြေအောင် ကိုလင်းတို့  စီစဉ်ပေးကြမှာပါ။ ညနေကျတော့ ကားဂိတ်ကို သူတို့  မိသားစု သွားကြပါတယ်။ အဆင်ပြေရဲ့လား အကိုရေလို့ ပဲ လှမ်းပြီး မေးရပါတယ်။ ကိုယ်တိုင် လိုက်မပို့ လိုက်နိုင်ပါ ဘူး။ တောင်ပေါ်ကနေလည်း ကိုမင်းမင်းဇော်က လှမ်းဆက်တာမို့  အဆင်ပြေရဲ့လားလို့  မေးရပါသေး တယ်။ အသွားအပြန် စားစရိတ်ငြိမ်း လက်မှတ်ဝယ်ထားတာဆိုတော့ အစဉ်မပြေမှာစိုးလို့ ပါ။ ဒါပေမဲ့ ကျွန်မ အကိုကြီးက စီစဉ်ပေးတဲ့ ကျွန်မ စိတ်ချမ်းသာအောင် အစဉ်ပြေတယ်ပဲ ပြောရှာတာပါ။
ဒီနေ့ ကတော့ မန္တလေးသားကြီးရဲ့ ဇာတ်ပါပဲ။ ကျွန်မတို့ ရဲ့ ဇာတ်လိုက်ကျော် ကျုံတိုင်းအကိုများရဲ့ လပွတ္တာ ဇာတ်လမ်းကိုတော့ အပိုင်း ၉ကျမှ အားပေးကြပါအုံးနော်။
read more "MMG Diary (အပိုင်း ၈)"
On 0 comments
ဂီတပွဲမှာ အထူးဧည့်သည်တော် ၂ယောက်လည်း တက်ရောက်ခဲ့ပါတယ်။ သူတို့ က MMG အတွက် ပထမဆုံး မင်္ဂလာပွဲလေးကို ဖြစ်မြောက်စေခဲ့သူ၊ နောက်ပြီး New Generation MMG လေးကို ဖန်ဆင်းမွေးဖွားမဲ့ မြိတ်ကြီးနဲ့  ချိုခိုင်တို့  စုံတွဲပါပဲ။ သူတို့ လည်း ဗိုက်ကလေးပိုက်ပြီး ဂီတပွဲ လာကြည့်သွားပါတယ်။
ဂီတပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားချိန်မှာ လူတွေက တော်တော်ကို အားပြတ်သွားပါတယ်။ ပွဲအတွက် စိတ်ပင်ပန်း ခဲ့ရတာတွေ များတာကိုး။ ဒါပေမဲ့လည်း ကျွန်မတို့  မနားနိုင်ပါဘူး။ နောက်နေ့ က စပြီး MMG ၂နှစ်ပြည့် စာအုပ် အတွက် စိုင်းပြင်းရပြီလေ။ စာမူတွေ ရထားတာကလွဲလို့  ဘာမှ မစနိုင်သေးပါဘူး။ ဒီတော့ နောက်နေ့ ကစလို့  ကွန်ပျူတာ စာစီတဲ့ ဆိုင်ကိုအပ်၊ စာအုပ်မှာ ဘာတွေထည့်မလဲ တိုင်ပင်နဲ့  ၂နှစ်ပြည့်ပွဲမတိုင်ခင် ကျွန်မတို့  ညတိုင်းတွေ့ မှ ရမယ်လို့  ပြောထားပါတယ်။
အားတဲ့သူတွေ နိုင်သလောက် လာကူပေးကြပါလို့ လည်း ခေါ်ထားပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း မှာတော့ အားလုံးက ကိုယ့်အလုပ်နဲ့ ကိုယ်မို့  ကိုလင်းအောင်ပြည့်ဆီကို ကျွန်မနဲ့  ကိုသူရိန်ပဲ ညတိုင်း ဒိုင်ခံရောက်ပါတယ်။ (အဲဒီအချိန်မှာ ကိုအုန်းက မလာနိုင်ပါဘူး။ သူ အဲဒီအချိန်က ကားအက်စီးဒင့်ကိစ္စနဲ့  အရိုက်ခံရပြီး ဆေးရုံတက်နေရတယ် ဆိုတာကို နောက်မှ ပြန်သိခဲ့ရတာပါ။)
ကိုလင်းအောင်ပြည့်ကတော့ စာအုပ်နဲ့  ပတ်သက်ရင် အပင်ပန်းဆုံးပါပဲ။ ရိုက်ထားသမျှ စာမူတွေကို Layout ချ ဒီဇိုင်းဆွဲ လိုအပ်တဲ့ပုံတွေရှာနဲ့  ဒိုင်ခံ ပင်ပန်းတာပါ။ ကျွန်မတို့ ကတော့ စာလုံးပေါင်း ၀ိုင်း စစ်ပေး၊ ဒါကောင်းတယ် ဟိုဟာ မကောင်းဘူးလို့  ၀င်ဆွေးနွေးပေးရုံ၊ သူခိုင်းထားတာလေးတွေ လိုက် လုပ်ပေး၊ အဖော်ရအောင် ထိုင်စောင့်ပေးရုံသာ ရှိခဲ့တာပါ။ သူကတော့ ၂နှစ်ပြည့် စာအုပ်လုပ်ရင်း သူရဲ့ ညတွေကို ကွန်ပျူတာရှေ့ က ကုလားထိုင်လေးပေါ်မှာ ကုန်ဆုံးစေခဲ့တာပါ။
နောက်ပြီး ၁နှစ်ပြည့်ကနေ ၂နှစ်ပြည့်ကြား လှုပ်ရှားမှုတွေ၊ ဓာတ်ပုံတွေ၊ အကြောင်းအရာတွေ၊ ဒါတွေ အားလုံးကို ကျွန်မက တာဝန်ယူရှာပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ MMG နဲ့  ပတ်သက်သမျှ ထည့်ထားတဲ့ ကိုလင်းအောင်ပြည့်ရဲ့ Hard Disk က တိုက်ဆိုင်စွာ ပျက်နေတဲ့အခါ.....ပုံရဖို့  အချိန်ထပ်ပေးရပြန်ပါ တယ်။
ဒါကြောင့် လိုအပ်တဲ့ပုံတွေကို ကျွန်မ ဖုန်းနဲ့  Download ဆွဲ၊ စာသားတွေကို ပြန်ရှာနဲ့  တတ်နိုင်သမျှ ကူ ခဲ့ပါတယ်။ ညဘက်တွေဆို ၁၁နာရီ ၁၂နာရီမှ အိမ်ပြန်ရသည်အထိ ၀ိုင်းလုပ်ကြရပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ မဂ္ဂဇင်း မပြီးမချင်း အိမ်မပြန်နိုင်ပဲ သူတို့ နဲ့  ညလုံးပေါက် မိုးလင်းသည်အထိ ကွန်ပျူ တာရှေ့ မှာ အတူဝိုင်းထိုင်ပေးခဲ့ရတဲ့နေ့ တွေလည်း ရှိခဲ့ပါတယ်။
ဒီအချိန်မှာ ကျွန်မတို့ ကို ကုညီမဲ့သူတစ်ယောက် ရောက်လာပါတယ်။ သူကတော့ ဂီတဖျော်ဖြေပွဲကနေ တဆင့် MMG ကို မာတီကို ပြန်ရောက်လာတဲ့ မောင်ငယ်လင်းထက်ပါ။ သူကလည်း နောက်ပိုင်း နေ့  ရက်တွေမှာ ကျွန်မတို့ နဲ့ အတူ တသားတည်း စီးဝင်လို့  အဆောင်တောင် ပြန်မအိပ်ရရှာပါဘူး။
ကျွန်မတို့  နောက်ထပ် ရင်ခုန်ရတာတစ်ခုက ကျွန်မတို့ ဆီကို နယ်ကနေ တကူးတက ရောက်လာကြမဲ့ ဆရာငြိမ်းခေါင်းဆောင်တဲ့ လပွတ္တာအုပ်စုရယ်၊ MMG ကို လာချင်လွန်းလို့  မိန်းမနဲ့  သမီးကို ကျိုက်ထီးရိုး ဘုရားဖူးပို့ မယ်ဆိုပြီး စည်းရုံးထားတဲ့ မန္တလေးသားကြီး ကိုမင်းမင်းဇော်တို့  မိသားစု လာကြမှာကိုပါ။  သူတို့ ဟာ MMG ကို ချစ်လို့ ၊ ကျွန်မတို့ ကို ခင်မင်လို့  အဝေးကြီးကနေ တကူးတက လာကြမှာ။ သူတို့  အပေါ် ဧည့်ဝတ်မကျေမှာကိုလည်းစိုးမိပါတယ်။
ဆရာငြိမ်းတို့ ၊ ကိုသတိုးတို့ ၊ ကိုကြည်နိုင်တို့ ၊ မိုးမြင့်တို့ လပွတ္တာသားတွေကဆို နာဂစ်ကဗျာ ဆုပေးပွဲအတွက် ကျွန်မတို့ သူတို့ ဆီ ရောက်ချိန်ကဆို တာဝန်ကျေတာထက် ပိုလွန်းတာမို့  အရမ်းကို အားနာခဲ့ရပါတယ်။ ဇင်မင်းကပြောပါတယ်။
"အမတို့  ဒီရောက်နေချိန်မှာ တစ်ရှုးလိုရင်တောင် အိတ်ဖွင့်ယူစရာ မလိုရအောင် ဂရုစိုက်ရမယ် လို့  ပြောထားကြပြီးသား"တဲ့လေ။ သူ့ စကားအတွက် မျက်ရည်လည်အောင် အားနာ ကျေးဇူးတင် သွားမိတာလည်း အမှန်ပါ။ ကျွန်မတို့ ဘက်ကတော့ အဲလောက် တာဝန်ပြန်မကျေနိုင်ခဲ့တာမို့  နားလည် ခွင့်လွှတ်ပါ ဆရာတို့ ရေ။
မန်းလေးသားကြီး ကိုမင်းမင်းဇော်ကလည်း ကျွန်တော်က ရန်ကုန် မလာတာကြာပြီနော်။ အမတို့  မျက်နှာနဲ့  လာရမှာ။ ရန်ကုန်မှာ အသိမရှိဘူးလို့  တဖွဖွပြောတတ်သူ။ ဒါကြောင့် စိတ်ချအကို လာခဲ့ပါ အားလုံးအဆင်ပြေစေရမယ်လို့  ကတိပေးထားတာ။
သူတို့  ကျိုက်ထီးရီုးကို ၂နှစ်ပြည့်ပွဲမတိုင်ခင် သွားချင်တာလည်း အဆင်သင့် လက်မှတ်ဝယ် စီစဉ်ပေးထား ပါတယ်။ တကယ်က စာအုပ်ကို စောစော ပြိးချင်တာ။ ဒါမှ ဧည့်သည်တွေလာချိန်မှာ ကိုယ်က အပြည့် ဧည့်ခံနိုင်မှာလေ။
ကိုမင်းမင်းဇော်တို့ က အားလုံးထက်စောပြီး 10.10.11 နေ့ မှာ ရောက်လာခဲ့ပါတယ်။ စိတ်စောနေတဲ့ အကိုကြီးက နေ့ ရထားနဲ့  ညရထား မှားဝယ်မိတယ်လို့  လှမ်းအကြောင်းကြားပါတယ်။ ဒါနဲ့  စိတ်မပူ နဲ့  ရောက်တဲ့အချိန် လာကြိုမယ်လို့  ပြောထားပါတယ်။ အဲ ..... ဖြစ်ချင်တော့ သူတို့ ရဲ့ မနက် ရထား က နေ့ ခင်းမှ ထွက်လာဖြစ်တဲ့အခါ..........
read more "MMG Diary (အပိုင်း ၇)"
On 0 comments
ရယ်ဖို့ ကောင်းတဲ့ အလွဲတစ်ခုကတော့ ကျွန်မတို့ တွေ အားလုံးပြီးစီးလို့  ဓာတ်ပုံတွေရိုက် ဆိုင်းဘုတ်တွေ သိမ်း၊ ဗွီနိုင်းတွေ ဖြုတ်၊ ဟက်ပီးဝေါလ်ကလည်း နောက်တစ်ပွဲဆက်ဆိုမဲ့ အဆိုတော်ရဲ့ တေးစီးရီး မိတ်ဆက် လက်မှတ်ထိုးပွဲအတွက် ဗွီနိုင်းတွေ လဲပြီးချိန်မှာ တမနက်လုံး တမျှော်မျှော်လုပ်နေရတဲ့ Sky Net အဖွဲ့ သားများ ရောက်ချလာပါတယ်။ MMG အဖွဲ့ ရဲ့ ဂီတဖျော်ဖြေပွဲကို ရိုက်ဖို့ တဲ့လေ။
တကယ့်ကို ငိုအားထက် ရယ်အားသန်ပါ။ အ၀င်ဝက ဗွီနိုင်းတွေတောင် အိမ်ပြန်ရောက်ကုန်ပြီ။ ဒါကြောင့် သူတို့  အင်တာဗျူးရိုက်မယ်ဆိုရင်တောင် အဆင်မပြေတော့ပါဘူး။ လူတွေကလည်း ပင်ပန်းနေကြပြီ။
အဆို တော်တွေကို ပြန်ပို့ တဲ့သူကပို့ ၊ ၃၉လမ်းက ကိုလင်းအိမ်ကို ပစ္စည်းသွားသိမ်းသူက သိမ်းနဲ့  အားလုံး လူစုခွဲဖို့  ကြံစည်နေကြပြီလေ။ 
ကျွန်မတို့  Admin ၄ဦးကတော့ ကိုလင်း အိမ်ကိုပြန်ပြီး ခေါင်းချင်းဆိုင် တွက်ချက်ကြပါတယ်။ ဒီအချိန်မှာ အမြတ်ကျန်မကျန် စာအုပ်ထုတ်ဖို့  ရန်ပုံငွေ ရမရဆိုတာထက် ပွဲလေး အောင်အောင်မြင်မြင် ပြီးဆုံးသွား တာနဲ့ တင် ကျေနပ်သွားခဲ့ပါပြီ။ ၂နှစ်ပြည့်ပွဲ ဆက်လုပ်ဖို့ လည်း ခွန်အားများလည်း ရရှိသွားပါပြီ။
အားလုံး မှတ်မိသမျှ စာရင်းလေးတွေ ၀ိုင်းဝန်းတွက်ချက်တော့ ကျွန်မတို့ ပွဲလေးက စာရင်းထဲမှာ အမြတ် က ၁သိန်းကျော်ကျော် ရပါတယ်။ (လက်မှတ်ရောင်းထားပြီး ပိုက်ဆံ မရသေးတာတွေလည်း ရှိတယ်လေ) ဒါဆိုရင်လည်း မဆိုးပါဘူးပေါ့။ လူမ၀င် ပွဲမစည်လို့  အရှက်တော့ ကွဲတော့မှာပဲရယ်လို့  ထင်ထားရာက ပွဲလေးလည်း စည်စည်ကားကား အောင်အောင်မြင်မြင်နဲ့  ပြီးသွား၊ အမြတ်လည်း ရတယ်ဆိုတော့ အားလုံးရဲ့ မျက်နှာမှာ အပြုံးကိုယ်စီနဲ့ ပါ။ 
ပွဲရဲ့ စာရင်းလေး လုပ်ပြီးချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မွန်က ဖုန်းဆက်လာပါတယ်။ အခြေအနေ ကောင်း လား။ ဘယ်လိုလဲဆိုပြီးတော့ပေါ့။ ဒါကြောင့် ကိုလင်းအောင်ပြည့်ကတောင် သူ့ ပွဲလေး စည်စည်ကား ကား  အောင်အောင်မြင်မြင် ပြီးသွားကြောင်း လှမ်းကြွားလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့  အားလုံး ၀မ်းမြောက်ပီတိ ဖြစ်ရတာ အမှန်ပါပဲ။
ပွဲလုပ်လို့ ရတဲ့ အကြီးဆုံး အမြတ်ကတော့ ကွဲကွာနေတဲ့သူတွေကို ပြန်ဆုံစေတာပါပဲ။ ဒီနေ့ မှ ပြန်ပေါ် လာတဲ့ မာတီကနေ လုံးဝကို ပျောက်ချက်သားကောင်းနေတဲ့ လင်းထက်ကိုလည်း ကိုအုန်းက ၃၉လမ်းကို ခေါ် လာခဲ့ပါတယ်။ သူလည်း မာတီသိပ်မသုံးဖြစ်တဲ့အကြောင်းပြောရင်း မာတီနဲ့  MMG နဲ့  ပတ်သက် တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ပါတယ်။ ကိုချစ်လည်း မန္တလေးက ရောက်နေတာ ဆိုပြီး ခေါ်လာပါတယ်။ အားလုံး ပွဲလေးရဲ့ အောင်မြင်မှုကို ပြန်ပြောပြရင်း ကြည်နူးနေကြပါတယ်။
အဲဒီမှာ လူစုံတုန်း ၂နှစ်ပြည့်ပွဲ ဘယ်နေရာမှာ လုပ်ရင် ကောင်းမလဲ တိုင်ပင်ကြပါတယ်။ တိုင်ပင်တယ် ဆိုတာထက် လူစုံတုံး အတည်ပြုတာပါ။ ရှေ့ ပိုင်းရက်တွေထဲက ၃-၄ နေရာလောက်ကို ဈေးနှုန်း အခြေ အနေ စုံစမ်းထားပြီးပါပြီ။
ကျွန်မတို့ က ၂နှစ်ပြည့်ပွဲကို City Star Hotel မှာ လုပ်မယ်လို့  ကြံစည်ထားတာပါ။ အကျွေးအမွေး၊ Stage စင်၊ Projector စတာတွေပါ ရပြီး ခန်းမကလည်း ကျွန်မတို့  ၂နှစ်ပြည့်ပွဲ လာနိုင်တဲ့ လူအင်အား ၆၀စာလောက်ဆို ကွက်တိပဲမို့  အဲဒီနေရာကိုပဲ ရွေးချယ်လိုက်ပါတယ်။ အကျွေးအမွေးအပါ ခန်းမကြေး အပြီးအစီးကို ကျပ် တစ်သိန်းခွဲလောက်ကျမှာပါ။ အခမ်းအနားအတွက်ကို ကျွန်မ တာဝန်ယူပေးပါ့မယ်လို့  အစထဲက ပြောထားတော့ စိတ်ပူစရာ တစ်ခုကတော့ လျှော့သွားပါပြီ။
အရေးကြီးတဲ့ နှစ်ပတ်လည် စာအုပ်ကိစ္စပဲ ကျန်ပါတော့တယ်။ စာအုပ်အတွက်က အချိန် သိပ်မကျန်တော့ ပါဘူး။ ဒီနေ့  က အောက်တိုဘာလ၂ရက်၊ ပွဲက အောက်တိုဘာလ ၁၆ရက်နေ့ ဆိုတော့ စုစုပေါင်း ၁၄ရက် ပေါ့။ ၁၄ရက်မှာ ဒီနေ့ ရယ် ပွဲနေ့ ရယ် ဖယ်လိုက်ရင် ၁၂ရက်ပဲ ကျန်ပါတော့တယ်။ ဒီအချိန်လေး နဲ့ စာအုပ်ကို အပြီးလုပ်ရမှာ ပါ။ စာမူတွေ စုထားပြီးတာကလွဲလို့  တခြား ဘာမှ မလုပ်ရသေးပါဘူး။
စာအုပ်လုပ် တဲ့အပိုင်းမှာလည်း ပြောချင်တာကတော့ ငွေကြေးပါ။ ငွေကိုချိန်ရတဲ့အတွက်ကြောင့် လုပ်ရ ကိုင်ရတာ အနည်းငယ်တော့ ကသီပါတယ်။  အလှူငွေဆိုတာကလည်း ကျွန်မတို့ လက်ထဲမှာ အဆင်သင့် ကိုင်ထားတာမျိုးမှ  မရှိတာဆိုတော့ ပွဲအတွက် လှူပါမယ်ဆိုတဲ့ သတင်းကြားရရင်ကို ၀မ်းသာကျေနပ် ရပါပြီ။ လောလောဆယ်ဆယ် အလှူငွေ မလာသေးလို့  စိုက်ထားရလည်း ပြသနာ မရှိပါဘူး။
စာအုပ်အတွက် တာဝန်ခွဲယူကြမယ်လို့  ပြောပြန်တော့လည်း တာဝန်ခွဲပေးစရာလူက မရှိ၊ ဒီတော့ ၃၉လမ်းက ကိုလင်းအိမ်မှာပဲ နေ့ တိုင်း ကျွန်မ ရုံးဆင်းချိန် လူစု၊ သူလိုတာ ၀ိုင်းကူ၊ ၀ိုင်းလုပ်ပေးကြ မယ်လို့  ဆုံးဖြတ်လိုက်ကြပါတယ်။ အမြဲတမ်း လာနိုင်တာက ကိုသူရိန်နဲ့  ကျွန်မပဲ ရှိတာဆိုတော့လေ။
နောက်ပြီး ကျွန်မက ဒီနေ့  ဂီတပွဲအကြောင်းကို MMG မှာ ပို့ စ်မတင်တော့ပဲ၊ ၂နှစ်ပြည့်စာအုပ်မှာ ထည့်မယ် မှီအောင် ရေးပေးပါလို့  ကျွန်မရဲ့ Admin ကိုကိုများက ကျွန်မကိုပြောပါတယ်။ ထုံးစံအတိုင်း ဟုတ်ကဲ့ ရေးပေးပါ့မယ်ပေါ့။ တကယ်တမ်းမှာတော့ ကျွန်မက ရေးမပေးနိုင်ခဲ့တဲ့အတွက် ၂နှစ်ပြည့် စာအုပ်မှာ အဖွဲ့ ရဲ့ လှုပ်ရှားမှုပါရအောင်ဆိုပြီး ကျွန်မရဲ့ ဟင်္သတ ရေဘေးအလှူနဲ့  ကိုလင်းအောင်ပြည့်ရေး တဲ့နတ်လူသာဓု ခေါ်စေသော်ကိုပဲ ပြန်သုံးလိုက်ရပါတော့တယ်။
read more "MMG Diary (အပိုင်း ၆)"
On 0 comments
အဆိုတော်တွေ သီဆိုရင်း တစ်ဝက်လောက်အရောက်မှာ ကိုလင်းအောင်ပြည့်စင်ပေါ်တက်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်ဖြစ်တဲ့အကြောင်းနဲ့  အခက်အခဲလေးတွေ ကြည်နူးပီတိဖြစ်ရတာလေးတွေ ပြောပြ ပါတယ်။
ဒီပွဲမှာ အဲဒီအချိန်က နာမည်ကြီးစပြုနေတဲ့ အဆိုတော် ဆိုတေးကိုလည်း ကိုလင်းအောင်ပြည့်က ဖိတ် ထားပါတယ်။ (ခုချိန်မှာတော့ သူက နာမည်တော်တော်ကြီးနေပါပြီ)။ ကျွန်မရုံးက ကလေးတွေက ဆိုတေး ပါမယ်ဆိုလို့  လက်မှတ် ၀ယ်ကြတာလေ။ ဆိုတေးကို MMG အကျီ ထပ်ဝတ်ခိုင်းလိုက်ပါတယ်။ တေးရေး ကိုနေရောင်နဲ့  ကိုသစ်ကိုကလည်း MMG အကျီဝတ်ထားပါတယ်။ အဆိုတော်ဆိုတေးက MMG အကျီလေးနဲ့  စင်ပေါ်တက်သွားတော့ ကျွန်မတို့  MMG အဖွဲ့ သားတွေက ၀မ်းသာအားရ အားပေးကြပါတယ်။
ပြောရမယ်ဆိုရင် အဆိုတော်တွေ တစ်ယောက်ပြီး တစ်ယောက် တက်ဆိုနေချိန်မှာ ဖြောင့်ဖြောင့် တန်းတန်း ပွဲမကြည့်နိုင်တာက ကျွန်မတို့  Admin ၄ဦးနဲ့  အပြိုင် ကိုရီးရယ်ပါ။ သူနဲ့  ကျွန်မတို့  တိုင်ပင် ထားတာက ပွဲကြည့် ပရိတ်သတ်တွေကြား အလှူဆင်းခံမယ်ပေါ့။ ဒီတော့ ဟက်ပီးဝေါလ်က ကိုဖက်တီးက အမတို့  မထွက်နဲ့ ။ အဆိုတော်တွေကို ဖလားလေးတွေပေးလိုက်မယ်။ သူတို့  လိုက်ကောက်ပေးမယ်ပေါ့။
ဒီတော့ ဆိုတေးဖျော်ဖြေတာ တစ်ပုဒ်ပြီးချိန်မှာ မပြောမဆိုနဲ့  မိုက်ကို ကောက်ဆွဲပြီး ကိုသစ်ကိုနဲ့  ကိုရီးက စင်ပေါ် တက်သွားတော့ ဆိုတေးခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့  လန့် သွားရှာပါတယ်။ မလန့်  ပဲနေမလား။ ကိုရီးက သူ့ ဗလအားကိုးနဲ့  ဆိုတေးလက်ထဲက မိုက်ကိုသွားလုတာလေ။ ကိုယ်လုံးချင်း ကလည်း ကွာတော့ သူခမျာ ကြောက် ရှာမှာပေါ့။ (မိုက်က ၂လုံးထဲရှိတယ်လေ)
ကိုရီးက မိုက်ကိုယူပြီးတော့မှ ဆိုတေးကို အလှူခံမလို့  တက်လာတာပါဆိုပြီး ပရိတ်သတ်ကိုလည်း အလှူငွေ ထည့် ၀င်ဖို့ အရွှန်းဖောက်ပြီး ပြောသွားပါတယ်။
သူတို့ က ပရိသတ်တွေကြားထဲ အလှူငွေကောက်ပေးပါတယ်။ အဆိုတော်မလေးတွေ ကိုယ်တိုင် လိုက်ကောက်တာဆိုတော့ ကိုကိုချောချောတွေက ထည့်ချင်တာ အလုအယက်ပေါ့။ အားလုံးလည်း အလှူငွေကောက်ပြီးရော ဖလားတစ်လုံးထဲစုထည့်ပြီး ကျွန်မကို လာအပ်ပါတယ်။ ပြီးတော့ မေးသေး တယ်။ အမ ရပြီလား။ ဒီလောက်ဆိုရင်တဲ့။ ချစ်ဖို့ ကောင်းတဲ့ ညီမငယ်တွေပါပဲ။ ကျွန်မကလည်း ဘယ်သွားသွား အဲဒီဖလားကို ပွဲပြီးသည်အထိ မချတော့ ကျွန်မကို ၀ိုင်းစနေကြတာလေ။ သူတို့ ရဲ့ ကူညီမှု နဲ့  အလှူငွေ ၁သိန်းကျော်ရခဲ့တယ်လေ။
သီချင်းလာဆိုပေးတဲ့ မောင်ငယ် ညီမငယ်တွေအတွက် MMG တစ်နှစ်ပြည့်စာအုပ်ရယ်၊ MMG အကျီ ရယ်၊ Burger ရယ် စီစဉ်ပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်ပွဲလေးက စည်စည်ကားကားလေး ဖြစ်သွားတာမို့  ၀မ်းသာရပါသေးတယ်။ My Suboo Fun Club က Admin ကိုစိုင်းနောင်ကတောင် အမတို့ ပွဲက လူစည် တယ်။ မဆိုးဘူးလို့  ချီးမွန်းတာကြောင့်  ကျွန်မတို့ မှာ မောတော့ မောတာပေါ့။  ဒါပေမဲ့ မမောဘူး လို့  ပြောနေကြပါတယ်။ 
ကျွန်မတို့ ပွဲလေးကို နေ့ လည် ၁၂နာရီခွဲလောက်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ Sky Net က တိုက်ရိုက်ပြ မယ်လို့ ပြောထားတာကို Sky Net က အချိန်မှီ ရောက်မလာတာကလွဲလို့  ကျန်တာအားလုံး အဆင်ပြေပါတယ်။ ပွဲလေးလည်း လှလှပပ ပြီးဆုံးခဲ့ပါတယ်။ ပွဲပြီးချိန်မှာ တခြား ဗွီနိုင်းမလဲခင် စင်ပေါ် တက်ပြီး အဆိုတော်တွေ နဲ့ ကမန်းကတန်း ဓာတ်ပုံပြေးရိုက်ကြပါသေးတယ်။
ဒီပွဲမှာ ငွေကြေးအနေနဲ့  အားလုံး တွက်ချက်လိုက်ချိန်မှာ အရှုံးမရှိပါဘူး။ အနည်းငယ် မြတ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဘယ်သူမှ မသိတဲ့ အမြတ်တွေ ကျွန်မတို့  ထပ်ရလိုက်ပါသေးတယ်။ ဒီပွဲကို ကျွန်မတို့  ဖိတ်တဲ့ အဖွဲ့ တွေ အားလုံးလာပါတယ်။ ပြီးတော့ မာတီနဲ့  ဝေးကွာနေတဲ့ MMG နဲ့  ဝေးကွာနေတဲ့ သူအတော်များများ ဒီပွဲမှာ ပြန်ပေါ်လာပါတယ်။ မန္တလေးက ကိုချစ် နောက်တော့ MMG စတင် တည်ထောင်စဉ်ထဲက ရှိခဲ့တဲ့ မောင်ငယ်လင်းထက်၊ မာတီစာမျက်နှာတွေပေါ်က ပျောက်နေတဲ့ ကိုရီး၊ ပွဲတွေ သိပ်တက်လေ့မရှိတဲ့ ညီမငယ် မြလေးသျှင်၊ မမချို၊ မသင်း (ပန်းရောင်လေး)၊ မရင်သွေးဦး စသည်တို့ အပြင် မာတီက လူသစ်လေးတွေ အားလုံးကို ထိတွေ့ ခွင့်ရတာ မမျှော်လင့်ပဲ ရလိုက်တဲ့ အမြတ်တွေပါပဲ။
အဝေးရောက် ညီမငယ် မွန်ကလည်း ကျွန်မတို့  ပွဲပြီးချိန် ကိုလင်းအောင်ပြည့်အိမ်မှာ အစည်းအဝေး လုပ်နေတုံး ဖုန်းဆက်လာပါသေးတယ်။ မွန်နဲ့  သော်တာလေးက ကျွန်မတို့  ဘာပွဲလုပ်လုပ် အဝေးကနေ စိတ်ပူပေးတတ်သူတွေပါ။ အားလုံးရဲ့ တက်ညီ လက်ညီ အင်အားတွေကို ရလိုက်တဲ့အတွက် ၂နှစ်ပြည့်အတွက် ခွန်အား များစွာ ဖြစ်ပေါ်စေခဲ့ပါတယ်လို့ 
read more "MMG Diary (အပိုင်း ၅) "
On 0 comments
လက်မှတ်တွေ ရောင်းရင်းနဲ့  ဘာစိတ်ပူလာရလဲဆိုတော့ လက်မှတ်ရောင်းရတဲ့ အခြေအနေက သိပ်မကောင်းချင်ဘူး။ ဒီမှာ ကျွန်မတို့ တွေ စိတ်ပူရပြီ။ ထိုင်နေ အကောင်းသား ထခါမှကျိုး ဆိုသလို ပွဲလုပ်ပြီးခါမှ ပွဲမစီဘူး။ လူမ၀င်ဘူးဆို ကွဲပြီ။ အဲဒီအချိန်မှာ ကျွန်မတို့  စိတ်အပူဆုံးက စာအုပ်အတွက် ရလာမဲ့ ရန်ပုံငွေ မဟုတ်တော့ဘူး။ ဒီပွဲကို လှလှပပလေးနဲ့  ကျင်းပနိုင်ရင် ပြီးပြီဆိုတဲ့ စိတ်ပဲ ကျန်တော့ တယ်။ ကျန်တာတွေ ပျောက်ကုန်ပြီ။
ဒီလို ပူပင်မှုတွေနဲ့  ဂီတပွဲအတွက် ကိစ္စအတော်များများ စီစဉ်ပြီးခါမှ ဟက်ပီးဝေါလ်က ဖုန်းဆက်လာပြန် ပါတယ်။ ၂.၁၀.၁၁ နေ့ မှာ ကျွန်မတို့  ပွဲကို အခြားအဆိုတော် တစ်ယောက်ရဲ့ပွဲနဲ့  တွဲပြီး လုပ်လို့ ရမလား တဲ့။ အားလုံး စီစဉ်ပြီးချိန်ကျမှ ခေါင်းကိုက်ရပါတယ်။
ကျွန်မတို့ တွေ ခေါင်းချင်းရိုက်ပြိး ဘယ်လိုများ လုပ်ရပါ့မလဲပေါ့။ ကျွန်မတို့ က ဂီတဖျော်ဖြေပွဲအပြင် MMG နဲ့  ပတ်သက်တဲ့ အကျိုး အကြောင်းလေးတွေကို ပရိသတ်ကို ရှင်းပြ ပြောပြချင်သေးတာ။ ဒီတော့ သူများနဲ့  တွဲလို့ က အဆင်မပြေနိုင်ပါဘူး။
ဟက်ပီးဝေါလ်က ဒါဆို ကျွန်မတို့  သီးသန့်  စီစဉ်ပေးမယ်။ အချိန်ကို မနက်ပိုင်း ပြောင်းပေးမယ် ရလား ဆိုတာကြောင့် ရွေးစရာ မရှိတဲ့အဆုံး မျက်စိမှိတ် လက်ခံလိုက်ရပါတော့တယ်။ ရက်ပြောင်းတဲ့ကိစ္စ
အတွက် ၂ရက်လောက် ခေါင်းကိုက်လိုက်ရသေး။
ဒီလိုနဲ့  ၁.၁၀.၁၁ နေ့ ကို ရောက်လာခဲ့ပါတော့တယ်။ ထုံးစံအတိုင်း ကိုလင်းအောင်ပြည့်ရဲ့ ရုံးခန်းမှာ ကျွန်မ ရုံးဆင်းချိန် ဆုံကြမယ်ပေါ့။ စတိတ်စင်မှာ အစီအစဉ်ကြော်ငြာသူအဖြစ် ကိုသစ်ကိုနဲ့  တွဲဖို့  မော်ဒယ်မလေး မိုးအိန်ဂျယ်ကိုလည်း ခေါ်ထားမယ်။ ညကျရင် အစမ်းလေ့ကျင့်ကြမယ်။ ပြီးရင် ကိုလင်းအောင်ပြည့် လုပ်ထားတဲ့ ဗွီနိုင်းတွေကို ဟက်ပီးဝေါလ်မှာ သွားကပ်ကြမယ်။ နောက်နေ့ အတွက် လိုတာ တာဝန်ခွဲမယ်၊ တိုင်ပင်ကြမယ်ပေါ့။ ညနေပိုင်းလောက်မှာ ကျွန်မဆီကို ကိုလင်းအောင်ပြည့် တစ်ယောက် ကမန်းကတန်း ဖုန်းဆက်လာပါတယ်။
"အမရေ ကျွန်တော်တို့ ပွဲကို Sky Net က တိုက်ရိုက်ရိုက်ပြီး လွှင့်မယ်တဲ့။ ကျွန်တော်တို့  ပေါ့ပေါ့ တန်တန် ပြောလို့  လုပ်လို့ တော့မရတော့ဘူး။ အမလည်း စင်ပေါ်တက်ပြီး စကားပြောရမှာ ဆိုတော့ မြန်မာဆန်ဆန် သပ်သပ်ရပ်ရပ် ၀တ်ဖို့  လုပ်လာခဲ့နော်”တဲ့။
ဟင်……….. သေရော။ ဒုက္ခပါပဲ။ မနက်ဖြန်ကျရင် ၀င်ပေါက်မှာ လက်မှတ်ရောင်းရမယ်။ ဧည့်သည်တွေ ကြိုဆိုနေရာချပေး၊ စားသောက်ဖို့  မုန့် တွေ ပေးဖို့  စီစဉ်ရမှာနဲ့ ဆိုတော့ ပြေးရလွှားရ လွယ်ကူ ရအောင် ပေါ့ပေါ့ပါးပါး ဘလောက်စ်နဲ့  ဘောင်းဘီပဲ ၀တ်ဖို့  စဉ်းစားထားတာ ... ဘယ်လို လုပ်မလဲပေါ့။
အရေးကြီးတာက အ၀တ်အစားက ပြောင်းလိုက်လို့ ရပေမဲ့ ပြောဆိုကျမဲ့ စကားတွေ၊ စတိတ်ခုံ အပြင် အဆင်တွေကအစ ဘတစ်ခုမှ လစ်ဟာလို့  မရတော့ဘူးလေ။ ဒါနဲ့  ၃၉လမ်းက သူ့ အိမ်မှာ လူစု၊ မနက်ဖြန် ဘယ်သူ ဘာပြောမလဲ ပြန်တိုင်ပင်၊ ဗွီနိုင်း အပြေးအလွှားထုတ်သူက ထုတ်နဲ့ အလုပ်ပိုရှုပ် သွားကြတာပေါ့။  ဗွီနိုင်းကိုလည်း ဆိုဒ်ကြီးတွေ ထပ်ထုတ်၊ အ၀င်ပေါက်မှာ ထောင်ဖို့  MMG ရဲ့ ရည်ရွယ် ချက် ဘာညာစတာတွေ ထပ်ထုတ်နဲ့  လူတဲ့ လူ၎-၅-၁၀ ယောက် တစ်ယောက်မှ မအားဘူး။
ဒီကြားထဲ ကိုသစ်ကိုနဲ့  တွဲပေးမဲ့ မော်ဒယ် မိုးအိမ်ဂျယ်က ထိုင်စောင့်နေတယ်။ ဟိုဆရာလေးက ပေါ်မလာ ဘူး။ ဒါနဲ့ ပဲ မိုးချုပ်လာတော့ ဟိုကျမှ ကြည့်လုပ်တာပေါ့ဆိုပြီး သူ့ ကို ပြန်ခိုင်းလိုက်ရတော့တယ်။
ဒီလိုနဲ့ ပဲ ညပိုင်း၉နာရီကျော် မှောင်မှောင်မဲမဲမှာ ကျွန်မတို့ မှာ ဗွီနိုင်း သွားကပ်ကြရင်း ကိုအုန်းရယ်၊ ကျွန်မရယ်၊ ကိုလင်းအာင်ပြည့်ရယ်၊ ကိုသူရိန်ရယ် မနက်ဖြန်မှာ ဘယ်သူ ဘာပြောမလဲ ဘာလုပ်မလဲ ရယ်လို့  တာဝန်တွေ ခွဲကြပါတယ်။ အဆိုတော်တွေ အကြိုအပို့ လုပ်ပေးဖို့  ကိုကြီးက ကားတာဝန်ယူပေး ပြီး ကိုကြီးကားကို ကို၃၄က မောင်းပေးမှာပါ။ ဟက်ပီးဝေါလ်ကနေ  ည၁၀နာရီကျော်မှ လူစုခွဲပြီး ပြန် လာကြပါတယ်။
ညပိုင်း အွန်လိုင်းထိုင်ဖြစ်တော့လည်း ကျုံတိုင်းက မိုးမြင့်နဲ့  စကားပြောဖြစ်ပါသေးတယ်။ ကျွန်မတို့  ပွဲအတွက် သူကလည်း ညတိုင်း စိတ်လှုပ်ရှားစွာ အခြေအနေ မေးနေကြဆိုတော့ သူ့ ကို မနက်ဖြန် Sky Net က Up to Date Program ကနေ တိုက် ရိုက်ပြမှာလို့  ပြောမိပါတယ်။
အဲလိုလည်းပြောလိုက်ရော မိုးမြင့်ကလည်း အားပါးတရနဲ့ ဟုတ်လား မကြီး ကျွန်တော် မနက်ဖြန် တနေကုန် တီဗွီ ထိုင်ကြည့်မယ်လို့  အားပေးပါတယ်။ မနက်ဖြန်ပွဲအတွက် ရင်တထိတ်ထိတ်နဲ့  အိပ်မပျော်နိုင် ကုန်ဆုံးခဲ့ရတဲ့ ညတစ်ညပါ။
read more "MMG Diary (အပိုင်း ၃)"
On 0 comments
ကျွန်မရဲ့ MMG Diary ကို စိတ်ဝင်တစား အားပေးစောင့်မျှော် ဖတ်ရှုပေးတာ ကျေးဇူးအထူးပါနော်။ ပထမ ပြောခဲ့တဲ့ အပိုင်းကို အစပြန်ကောက်ရရင် မဂ္ဂဇင်း ထုတ်ဖို့  စဉ်းစားကြတာပါ။
မဂ္ဂဇင်းစာအုပ်က မနှစ်ကထုတ်တာတောင် ၃သိန်းလောက် ကုန်ပါတယ်။ ဒီနှစ်ကတော့ စာအုပ်လည်း ပိုထူမယ်။ Quality လည်း ပိုကောင်းချင်တယ် ဆိုတာကြောင့် ပိုကုန်မှာက သေချာပါတယ်။ တချို့  ကတော့  အားပေးကြပါတယ်။ ပိုက်ဆံ မရှိရင် စာအုပ် မထုတ်နဲ့ ။ ပွဲပဲ လုပ်လိုက်ပေါ့တဲ့။ ဒါလည်း တကယ် စဉ်းစားကြည့်ရင်တော့ ဟုတ်ပါတယ်။ မလုပ်နိုင်ရင် မလုပ်နဲ့ ပေါ့နော်။
ဒါပေမဲ့ ကျွန်မတို့  လျှောက်ခဲ့တဲ့ လမ်းကြောင်းမှာ အရေးပါတဲ့၊ MMG ရဲ့ ဒုတိယအသက်လို့ တောင် ပြော လို့  ရတဲ့ မဂ္ဂဇင်းစာအုပ်ကိုလည်း ကျွန်မတို့  ချန်လှပ်မထားခဲ့ချင်ပါဘူး။ ( ဒီနေရာမှာ ကြုံတုံး ပြောပြ ချင်တာက MMG ဆိုတာ ဘာမှန်း၊ MMG ဆိုတာ ဘာလုပ်တဲ့အဖွဲ့ မှန်း မသိကြတဲ့ နေရာတွေမှာတောင် ဒီစာအုပ်လေး ထုတ်ပြလိုက်ရင် MMG ရဲ့ လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းကို ကြည့်ပြီး လိုအပ်တဲ့ အကူ အညီတွေ၊ ပံ့ပိုးပေးမှုတွေ ရတယ်လို့  ကိုလင်းအောင်ပြည့်က ပြောလေ့ရှိပါတယ်။ သူက ဘယ်နေရာ ဘာဖြစ်ဖြစ် အရင်ဆုံးသွားနေကျသူဆိုတော့ သွားတဲ့နေရာက ဒေသဆိုင်ရာ အခက်အခဲတွေကို သူက အရင်ဆုံး အများဆုံး ဖြတ်ကျော်ရသူမို့ ပါပဲ)။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ထုတ်ဖြစ်အောင် ထုတ်မယ်။ ပွဲလည်း လုပ်မယ်။ အဲဒီအတွက် ပိုက်ဆံ ဘယ်လိုရှာကြမလဲပေါ့။ ရန်ပုံငွေ ရအောင် ဘာလုပ်ကြမလဲ စဉ်းစားရင်း ဂီတဖျော်ဖြေပွဲလေး တစ်ခု လုပ်မယ်လို့  အကြံ ရခဲ့ပါတယ်။ ဒီပွဲမှာ မုန့် ရောင်းမယ်။ ဖျော်ဖြေပွဲ လက်မှတ်ရောင်းမယ်ပေါ့။ ရတဲ့အမြတ်ငွေနဲ့  လိုတာစိုက်ပြီး စာအုပ်ရယ်၊ ၂နှစ်ပြည့် ပွဲလေးရယ် လုပ်ကြမယ်ပေါ့။
ဂီတဖျော်ဖြေပွဲလေးကို ခန်းမ ငှားရမ်းစရိတ်လည်း သိပ်ပေးစရာ မလိုတဲ့ ကျွန်မတို့ ကို Free စပွန်ဆာ လုပ်ပေးမဲ့ ဟက်ပီးဝေါလ် စတိတ်ရှိုးခန်းမကလည်း အဆင်သင့် ရနိုင်တယ်ဆိုတာကြောင့် ကျွန်မတို့  စပြီး စီစဉ်ကြပါတယ်။
အဆိုတော်တွေကိုတော့  မာတီက ကိုနေရောင် (သီချင်းရေးဆရာ)နဲ့  ကိုလင်းအောင်ပြည့်တို့ က ခေါ်ပေး ကြမှာပါ။ အဆိုတော်တွေ ခေါ်ပေးမဲ့သူရှိပြီဆိုတော့ ဟက်ပီးဝေါလ်မှာ ရက်ရအောင် လိုက်ချိတ်ရပါတယ်။ ကျွန်မတို့  နဂိုရည်ရွယ် စိတ်ကူးတာက စတိတ်ရှိုးကို စက်တင်ဘာ ၁၈ရက် တနင်္ဂနွေနေ့ မှာ လုပ်မယ်။ ဒီက ရလာတဲ့ အမြတ်အစွန်း ပိုက်ဆံနဲ့  စာအုပ်ထုတ်ကြမယ်ပေါ့။ ဒီတော့ ၂နှစ်ပြည့်ပွဲကို လပွတ္တာက လာကြမဲ့ ဆရာငြိမ်း၊ ဆရာကျောင်း၊ ကိုသတိုးနဲ့  မိုးမြင့်တို့ လည်း လာနိုင်မဲ့ သေချာပေါက် လာအားမဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၆ရက်နေ့ မှာ လုပ်မယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။ ဒါဆို စာအုပ်လုပ်ဖို့ လည်း တစ်လလောက် အချိန် ရတယ်လေ။
စီစဉ်လုပ်ကိုင်သူတွေလည်း အေးအေးဆေးဆေး ပြင်ဆင်ချိန် ရမယ်ပေါ့။ ဒီလို ရိုးရှင်းစွာ တွေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ကူးနဲ့  လက်တွေ့ ဘ၀က ထပ်တူ မကျခဲ့ပါဘူး။ ကျွန်မတို့  လုပ်မယ်လို့  ဆုံးဖြတ်ချက်တွေ ခိုင်မာသွားချိန် ဟက်ပီးဝေါကိုပြေး  ပွဲစီစဉ်သူ မန်နေဂျာ ကိုဖက်တီးကို သွားတွေ့ ချိန်မှာတော့ ထင်ထား တာတွေ ဖြစ်မလာခဲ့ပါဘူး။ ကျွန်မတို့  သွားတွေ့ တာက စက်တင်ဘာလဆန်းကပါ။ ဒါပေမဲ့ ဒိတ်ရဖို့ က မသေချာပါဘူး။ သူတို့ တွေရဲ့ ပရိုဂရမ်ကို ပြန်ကြည့်ပြီး ရက်ပြန်ပြောပေးပါမယ်တဲ့။ ဒါနဲ့  ကျွန်မတို့ လည်း အဲဒီကိစ္စကို ဆက်ပြီး စီစဉ်ရမလို မစီစဉ်ရမလို ယောင်ချာချာ ဖြစ်သွားရပြန်ရော။
စီစဉ်ပြီး လက်မှတ်ရောင်းပြီးခါမှ သူတို့ က ရက်မပေးနိုင်ဘူးဆိုခဲ့သော်....................................ဒီလိုနဲ့  ကျွန်မတို့  လုပ်ချင်တဲ့ အားလုံးလာနိုင်လောက်တဲ့ တနင်္ဂနွေတွေမှာ သူတို့ က ပွဲလက်ခံထားပြီးသားရှိနေ၊ စက်တင်ဘာ ၁၆ရက်နေ့ က သူတို့  ရက်မအား၊ (Free ပေးတာဆိုတော့လည်း တစ်ပွဲကို ၃-၄သိန်း ပေးတဲ့ သူတွေနဲ့  ယှဉ်ရင် ရက်မရတာလည်း သဘာဝပဲလေ) ကိုယ်မလိုချင်တဲ့ ကြားရက်တွေမှာ သူတို့ က အား နဲ့  အဆင်မပြေနိုင် ဖြစ်နေခဲ့ပါတယ်။ အဆိုတော်တွေ ချိတ်ပေးမဲ့ ကိုနေရောင်ကလည်း ဘယ်နေ့ ရက်ရပြီ လဲလို့  ဖုန်းဆက် မေးလှပြီ။ အမှန်အတိုင်း ပြောရရင် စတိတ်ရှိုးရက် မသေချာပဲနဲ့ လည်း လက်မှတ်တွေ၊ ဗွီနိုင်းတွေလည်း ထုတ်မထားရဲပါဘူး။ ဟက်ပီးဝေါလ်ရဲ့ ပူအိုက်အိုက် အခန်းကျဉ်းလေးထဲကို စတိတ်ရှိုး ရက်ရဖို့  ကျွန်မတို့  အခေါက်ခေါက် သွားခဲ့ရပါတယ်။
ဂီတပွဲအတွက် စိတ်လျှော့ရတော့မလို ဖြစ်နေချိန်မှ ဟက်ပီးဝေါလ် မန်နေဂျာ ဦးဌေးအောင်က ဆက်သွယ် လာပါတယ်။ ၂.၁၀.၁၁ နေ့  မှာ ကျွန်မတို့  MMG ကို ရက်ပေးမယ်လို့  ဖုန်းဆက်လာခဲ့ပါတယ်။ ဒီတော့မှ ကျွန်မတို့ လည်း နဂိုမေ့ထားတာတွေကို ပြန်လည် အသက်သွင်းရပါတော့တယ်။ သိရချိန်မှာ ၁၀ရက် လောက်ပဲ  အချိန်ရပါတော့တယ်။
ဒီတော့ ဒီပွဲမှာ ကျွန်မတို့  လက်မှတ်ရောင်းချိန် အနည်းငယ် တိုတောင်းခဲ့ပါတယ်။ အားလုံးက လက်မှတ် သာ ကြိုရခဲ့ရင် ပိုရောင်းရမှာလို့  ပြောကြပါတယ်။ တကယ်တော့ ရန်ပုံငွေ ရချင်တဲ့ စိတ်နဲ့ သာ ပွဲလုပ်မယ်၊ လက်မှတ်ရောင်းမယ် ပြောခဲ့ကြပေမဲ့ ဖိဖိစီးစီး လိုက်လုပ်နိုင်သူက ကျွန်မတို့  အဖွဲ့ မှာ နည်းလွန်းပါတယ်။
ကိုသူရိန်က သူ့ ဆိုင်တစ်ဖက်နဲ့ မို့  အားချိန်နည်းပါတယ်။ ကျွန်မကလည်း တနေ့ တနေ့ ရုံးချိန်က မနက် ၉နာရီကနေ ည ၇နာရီခွဲလောက်ထိ ဘယ်တော့မှ မအားတဲ့သူ၊ ကိုအုန်းကြီးကလည်း မအား၊ ကိုသစ်ကို ကလည်း စာမေးပွဲ ဖြေရက်နဲ့ တိုက်နေပြန်ပါတယ်။ ဒီတော့ လက်မှတ်ထုတ်ဖို့  ဗွီနိုင်းလုပ်ဖို့  အဆိုတော် ချိတ်ဖို့  အားလုံးက ကိုလင်းအောင်ပြည့် အပေါ်ပဲ ပုံကျလာပါတော့တယ်။ သူ့ မှာလည်း သူ့ အလုပ်က ခပ်များများ ရယ်လေ။
အတိုချုပ်ပြောရရင် ဒီလိုနဲ့ ပဲ လက်မှတ် အသည်းအသန်လုပ်၊ တွေ့ ရာလူကို လက်မှတ်စပ်ရောင်းနဲ့  ပွဲနီး လာလေ ရင်ပူရလေပါပဲ။ လက်မှတ်ရောင်းရတဲ့နှုန်းကလည်း ရက်တိုတော့ နည်းနည်းတော့ စိတ်ပူစရာ ကောင်းပါတယ်။ 
ဒါပေမဲ့ ၀မ်းသာစရာ ကောင်းတာက ဒီပွဲမှာ ကျွန်မတို့ ကို အင်တိုက်အားတိုက်နဲ့  ၀ိုင်းဝန်း ကူညီပေးခဲ့ တာက မာတီမှာ အတော်ကြာပျောက်နေတဲ့ အကိုကြီး ကိုရီး၊ သူသည်လည်း ကျွန်မတို့ နည်းတူ လက်မှတ် မရောင်းရမှာ ပွဲမစည်မှာကို စိတ်ပူနေခဲ့ပါတယ်။
နောက်ပြီး လက်မှတ်ရောင်းရပြီလား မကြီး အခြေအနေ ကောင်းရဲ့လားလို့  အွန်လိုင်းမှာ တွေ့ တိုင်း စိတ်ပူစွာနဲ့  ကျုံတိုင်းကနေ လှမ်းမေးတတ်တဲ့ မောင်ငယ် မိုးမြင့်သီဟ၊ နောက်ပြီး ကျွန်မတို့  ပွဲကြီး အောင်မြင်ချောမွေ့  စွာ မပြီးမချင်း ကျုံတိုင်းကနေ ၀ိုင်းဝန်းစိတ်ပူ ရင်ခုန်ပေးခဲ့တဲ့ ဆရာငြိမ်း၊ ဆရာကျောင်းတို့ အဖွဲ့  .........အားလုံးရဲ့ လက်တွဲမှုက ကျွန်မတို့ အဖွဲ့ အတွက် ကြီးစွာသော အား ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
read more "MMG Diary (အပိုင်း ၂)"
On 0 comments
ကျွန်မအနေနဲ့  MMG အပေါ်မှာ အကြွေးတင်နေတာ နည်းနည်းများနေပါပြီ။ ပွဲတစ်ခုပြီးတိုင်း ပွဲရဲ့ ရယ်စရာ မောစရာ လွဲတာတွေကို ရေးပြီး အားလုံးကို ပြန်လည် မျှဝေပြောပြနေကျ........။ ခုတော့ မအားလပ်တာတွေ ဆက်ပြီး အလုပ်အကြွေးတွေ များနေတာကြောင့် ရေးလက်စ စာမူတွေက တန်းလန်း၊ နှစ်ကုန်ပိုင်းမို့  ရုံးမှာ အလုပ်တွေကများ၊ ဒီကြားထဲမှာမှ ကိုယ်တွေရဲ့ ပရဟိတလုပ် ငန်းတွေကြောင့် MMG ရဲ့ တိုးတက်ရေး နှောင့်နှေးရပါတယ် ဆိုသူတွေကြောင့် ၂နှစ်စာ မေတ္တာအပြည့်နဲ့  (ဘယ်သူမှမခိုင်းရပါပဲ) ကိုယ့်ဘာသာကိုယ် ထမ်းပိုးလာတဲ့ ၀န်ထုပ်ကြီးကို ဘယ်သူ့ မျက်နှာမှ မကြည့်တော့ပဲ လွှတ်ပစ်ချ လိုက်တော့မယ်ရယ်လို့  စဉ်းစားလိုက်မိသည်အထိ ကျွန်မတို့  (ကိုလင်းအောင်ပြည့်၊ ကိုသူရိန်နဲ့ ကျွန်မတို့  Admin 3ဦး) တော်တော်လေးကို စိတ်ထိခိုက်ခဲ့ရပါတယ်။
ဒါကြောင့်လည်း ရေးလက်စတွေ အဆုံးမသတ်ပဲ ပစ်ထားခဲ့တာ အကြာကြီး........... ဘာဆို ဘာမှ ဆက်မလုပ်ချင်လောက်အောင် လျှောက်နေတဲ့လမ်းတွေ၊ ပြေးနေတဲ့ ခြေလှမ်းတွေကို ဖြတ်ရိုက်ချိုးတာ ခံလိုက်သလို နာကျင်ခဲ့ရပါတယ်။ နောက်ပြီး ကျွန်မရဲ့ ၀တ္ထုတို ပေါင်းချုပ်လေးလည်း ထုတ်ဖြစ်တော့ ဒီအတွက် အားထည့်ရနဲ့  ပျက်ကွက်မှုတွေ ထပ်များသွားပြန်ပါတယ်။ ဒါပေမဲ့လည်း MMG ကို အကြာကြီး ပစ်မထားနိုင်တဲ့ စိတ်ကြောင့်ပဲ စာတွေ ပြန်ရေးမယ်လို့  ဆုံးဖြတ်ပြီး ခုလို MMG ရဲ့ Diary ကို စစတင်ရေး သားဖြစ်ခဲ့ပါတယ်။ MMG ၂နှစ်ပြည့်မတိုင်ခင် ဂီတပွဲ လုပ်ဖြစ်တဲ့အကြောင်းကနေ စတင် ပြန်ပြောပြပါမယ်။
MMG အဖွဲ့  တည်ထောင်ခြင်း 2နှစ်ပြည့် အခမ်းအနားလေးကို ဘယ်နေရာမှာ ကျင်းပမလဲ။ ဘယ်လို ပုံစံနဲ့  ကျင်းပမလဲ ရယ်လို့  ကျွန်မတို့  Admin ၄ယောက် အတော့်ကို ခေါင်းစားခဲ့ပါတယ်။ မနှစ်က နဲ့ လည်း မတူချင်ဘူးလေ။ နောက်ပြီး ဒီ 2နှစ်ပြည့်ပွဲလေးက နယ်က လူတွေကလည်း လာကြမယ်လို့  စိတ်ဝင်တစား ပြောကြတဲ့အခါ ကျွန်မတို့ မှာ ၀မ်းလည်းသာသလို ရင်လည်းခုန်မိပါတယ်။
နောက်ပြီး ကျွန်မတို့ ဆီ လာကြမဲ့ အဝေးကလူတွေကို အလေးထား စဉ်းစားပြီး ကျွန်မတို့  ပွဲကို ဘယ်လို စီစဉ်ကြမလဲ။ သူတို့ တွေကိုပါ ကျွန်မတို့ ရဲ့ အစီအစဉ်တွေထဲမှာ ဘယ်လို ပါဝင် ဆင်နွှဲစေမလည်းရယ်လို့  ကြိုတင် တွေးတော စဉ်းစားခဲ့ကြပါတယ်။ နောက်ပြီး ကျွန်မတို့  အလေးအထားဆုံးက MMG နှစ်ပတ် လည် မဂ္ဂဇင်း ။ ၁လပြည့်၊ ၁နှစ်ပြည့်မှသည် ခု ၂နှစ်ပြည့်မှာ ဘယ်လို အကောင်းဆုံး ဖြစ်အောင် စီစဉ် တင်ဆက်ကြမလဲ...?
အမှန်အတိုင်း ၀န်ခံရရင် MMG ၂နှစ်ပြည့် မဂ္ဂဇင်းထုတ်ဖို့ ကို ကျွန်မတို့  အတော်လေး ခုံမင် မက်မော သလို အတော်လေးလည်း ၀န်လေးခဲ့ပါတယ်။ မက်မောတာက ကျွန်မတို့ ရဲ့ သမိုင်း မှတ်တိုင်လေး တစ်ခုကို မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းထားချင်လို့ ။ ၀န်လေးတာက မဂ္ဂဇင်းလုပ် ရလောက်အောင် ကျွန်မတို့ မှာ ရန်ပုံငွေ မရှိသေးလို့ ပါ။
ဒီမှာ ပြောချင်တာ တစ်ခု ရှိပါတယ်။ (ဒီအကြောင်းအရာလေးကို ကျွန်မ ရေးထားခဲ့တာ လွန်ခဲ့တဲ့ ၄လကျော် MMG မှာ ဘာပြသနာမှ မပေါ်ခင်ထဲကပါ)။ တချို့  တချို့ က ပြောကြတယ်။ ပိုက်ဆံမရှိရင် ရန်ပုံငွေ မရှိရင် ဘာမှ မလုပ်နဲ့ ပေါ့ တဲ့။ သူတို့  ပြောတာလည်း ဟုတ်ပါတယ်။ ကျွန်မတို့  ဘာမှ မရှိလို့  ဘာမှ မလုပ်ခဲ့ရင် MMG ဆိုတာလည်း ဒီနေ့ လို အခြေအနေမျိုးလည်း  ဖြစ်လာမှာ မဟုတ်ပါဘူး။
တကယ်တမ်းပြောရမယ်ဆိုရင် ပိုက်ဆံ အဆင်သင့်ရှိလို့  ထလုပ်ရတဲ့ အလှူရယ်လို့  တခါမှ မရှိခဲ့ဖူးပါဘူး။ အရေး အကြောင်းတစ်ခုခု ပေါ်လာရင် သဘာဝဘေးအန္တရယ် တစ်ခုခု ကြုံလာ တိုင်း ကျွန်မရဲ့ Admin အကိုကြီး ၂ယောက် ဖြစ်တဲ့ ကိုသူရိန်နဲ့ ကိုလင်းအောင်ပြည့်က ကျွန်မကို အမြဲတမ်း တိုင်ပင်တတ် ပါတယ်။
“အမရေ… ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီ။ ကျွန်တော်တို့ အဖွဲ့  သွားကူကြရင် မကောင်းဘူးလား”
ဆိုပြီးတော့ပေါ့။ သေချာအောင် ခွဲပြောရရင် ဒီလို အဆိုမျိုးကို အမြဲတမ်း တင်သွင်းတတ်တာက ကိုလင်းအောင်ပြည့် ဖြစ်ပြီးတော့ ကိုလင်းအောင်ပြည့် အဆိုကို  ချွင်းချက်မရှိ ထောက်ခံတတ်တာက ကိုမင်းသူရိန်ပါ။ (Admin တစ်ဦးဖြစ်တဲ့ ကိုအုန်းကတော့ နိုင်ငံခြားမှာ နေတာများတော့ သူနဲ့ က သိပ်မတိုင်ပင်ဖြစ်ဘူးပေါ့။ ပြီးမှပဲ ပြန်ပြောပြရတာ များပါတယ်။ သူကတော့ ကျွန်မတို့  ဘာပဲလုပ် လုပ် ထောက်ခံတတ်သူပါ။ ခုတော့ ကိုအုန်းလည်း မြန်မာပြည်ကို ပြန်ရောက်နေပါပြီ။)
သူတို့ က အဲလို ပြောလာပြီဆိုရင်လည်း ဘယ်လိုမှ မသိချင်ယောင်ဆောင်မနေတတ်တာက ကျွန်မလေ။ ဒါကြောင့်ပဲ ကျွန်မတို့ တွေ အတူ လက်တွဲ ဖြစ်ကြတာ ထင်ပါရဲ့။ အဲလို အခါမျိုးမှာ အရေးပေါ် လိုက်အလှူ ခံ၊ ပစ္စည်းစု၊ ကိုယ်တတ် နိုင်လေးတွေ စိုက်ပြီး ဒုက္ခရောက်တဲ့ နေရာကို တန်းပြေးကြတော့တာပါပဲ။ တကယ်လို့ သာ ရန်ပုံငွေ ရှိမှ အလှူလုပ်ဖို့  စဉ်းစားမယ်ဆိုရင် ဘာအလှူမှ ဖြစ်မလာနိုင်တော့ဘူးလေ။
လိုအပ်တဲ့နေရာတွေကို ကူညီတဲ့အခါမှာလည်း အရေးပေါ် အခြေအနေမှာ ကူညီနိုင်မှသာ သူတို့ အတွက် ကိုယ့်အလျူက ပိုပြီး ထိရောက်တာပါ။ ဒါကြောင့် တခါတရံမှာ အဖွဲ့ ဝင်တွေကို အကြောင်းကြားဖို့  နောက် ကျတာမျိုး၊ ကမန်းကတန်း စီစဉ်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ တတ်နိုင်သလောက် ကိုယ်နိုင်သလောက် စိုက်ထုတ် အလှူခံလို့  ပြန်ရတဲ့အခါလည်းရှိ၊ ပြန်မရတဲ့အခါမျိုးတွေလည်း အများကြီး ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ ပေးဆပ်မှုသည် အခက်အခဲရှိသူတွေထံ ကူညီနိုင်ခဲ့ရင်၊ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခဲ့ ရင် ကျေနပ်ပြီး ရလာတဲ့ ပီတိကို စားပြီး ရှေ့ ဆက်ဖို့  ခွန်းအားများကို ဖန်တီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတွေဟာ အဖွဲ့ ကို ရည်ရွယ်ချက် ပြောင်းအောင်၊ အဖွဲ့ ရဲ့ မူရင်း ဦးတည်ချက်ဖြစ်တဲ့ နည်းပညာ ဖလှယ်ဖို့  Knowledge Sharing ဆိုတဲ့ ခေါင်းစဉ်ကို ပျောက်ပျက်အောင် လုပ်နေခြင်း မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ်။
နည်းပညာပိုင်းကို အထူးတလည် အားထုတ် ရေးသားသူက ရေးသာပြီး ပရဟိတ လုပ်သူက လုပ်နေရင် အဖွဲ့ ဟာ ပိုပြီးတော့တောင် မြိုင်ဆိုင်လာမှာပါ။ ကျွန်မက နည်းပညာသမား မဟုတ်တော့ နည်းပညာပိုင်း ဆိုင်ရာ တိုးတက်ရေးကို စွမ်းစွမ်းတမံ ကြိုးစားနိုင်ခြင်း မရှိသေးတာကတော့ ကျွန်မရဲ့ အားနည်းချက်ပါ။ ဒါပေမဲ့ အဖွဲ့ က လက်ရှိမှာ ဦးတည်သွားနေတဲ့ ပရဟိတလိုင်းကလည်း ဘယ်သူ့ ကိုမှ ထိခိုက် နစ်နာ အကျိုးမယုတ်စေခဲ့ဘူး ထင်ပါတယ်နော်။ (အဲ ၂နှစ်ပြည့်စာအုပ်ကိစ္စကနေ ဘယ်အကြောင်းတွေ ရောက် ကုန်ပါလိမ့်နော်)
read more "MMG Diary (အပိုင်း ၁)"
On 0 comments
ပခုက္ကူမြို့ မှာ ရေတွေကြီးပြီး လူ၂၀၀ကျော် သေတဲ့ သတင်းလည်း ကြားရော လကုန်ရင် သူ့ အိမ်ပြောင်း ရမှာမို့  အိမ်ရှာနေရတဲ့ကြားက မအားလပ်ပေမဲ့ " ဒီလောက် ဒုက္ခရောက်နေတာ မသွားလို့  ဘယ်ဖြစ်မလဲ။ ပခုက္ကူကို သွားဖြစ်အောင် သွားမယ် " ဆိုပြီး ကိုလင်းအောင်ပြည့်တစ်ယောက် ကဗျာဆရာ ကိုမြူငှက်နဲ့  အတူ ၂၄.၁၀.၁၁ နေ့ ညနေ ၆နာရီမှာ ကြယ်စင်မိုး ကားဖြင့်  ရေကြီးနေသော နေရာသို့  ထွက်ခွာသွားခဲ့ ရာ ပခုက္ကူမြို့ သို့  နံနက် ၇နာရီတွင် ရောက်ရှိကြာင်း သိရပါတယ်။
ပခုက္ကူမြို့ ကို ရောက်ချိန်မှာ မာတီက မနန်းလေပြေနုရဲ့ ဆက်သွယ်ပေးမှုနဲ့  ဒေသခံများရဲ့ အကူအညီကို လည်း ရရှိခဲ့ပါတယ်။ ၂၅.၁၀.၁၁ နေ့ နံနက်ပိုင်းတွင် လေဘာတိုက်သစ် (မတစ်ထောင်ကျောင်း) သို့  သွားရောက်ပြီး သေဆုံးသွားသော မိသားစုများနှင့် တွေ့ ဆုံကာ အလှူငွေများ ပေးအပ်ခဲ့ပါတယ်။ အဲဒီ ကမှတဆင့် ၃ပိုင်းကျိုးသွားတဲ့ ရွှေချောင်းတံတားကြီးကို ဓာတ်ပုံသွားရိုက်ခဲ့ပါတယ်။
ထို့ နောက် တိလောကကျောင်းတိုက်ရှိ ဒုက္ခသည် စခန်းသို့  သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခု လတ်တလော ရေကြီးပြီး ကမ်းပါးပြိုမှုကြောင့် အကြော်ဖိုတွေ၊ သနပ်ခါးခြံများ၊ မိသားစုတွေ လုပ်ငန်းတွေ ဆုံးရှုံးသွားရတဲ့ ဒုက္ခသည်များနှင့်လည်း အင်တာဗျူးခဲ့တယ်လို့ လည်း သိရပါတယ်။
အညာဘက်မှာ ဒီလို ကိစ္စမျိုးတွေ သိပ်မကြုံဘူးတာကြောင့် သူ အင်တာဗျူးတဲ့အခါ ဓာတ်ပုံရိုက်တဲ့အခါ ဒေသခံတွေရဲ့ စိုးရွံ့ မှုက သူ့ ကို အခက်အခဲ အနည်းငယ်တွေ့ စေခဲ့တယ်လို့  ကိုလင်းအောင်ပြည့်မှ ပြော ကြားခဲ့ပါတယ်။
ဒါကြောင့်ပဲ ၂၅.၁၀.၁၁ နေ့  ညနေပိုင်းမှာ သူတို့ ဟာ  ဆိုင်ကယ်တက္ကစီတွေနဲ့  ကမ္မကို ဆက်လက် ထွက် ခွာခဲ့ပါတယ်။ ကမ္မထက် ပိုဝေးပြီး ကူညီသူ နည်းတဲ့ ရေပြာကို ဆက်သွားဖို့ ပါ။ ဒါပေမဲ့  နောက်ကျနေပြီ ဖြစ်လို့  ရေပြာကို ဆက်မသွားတော့ပဲ ဒီညကို ကမ္မမှာပဲ အိပ်လိုက်ကြပါတယ်။ မနက်မှာ ရေပြာကို ထ သွားကြမှာပါ။
ရေပြာမှာရော ကမ္မမှာပါ ဒုက္ခရောက်သူတွေ အများကြီး ရှိပါတယ်။ ပခုက္ကူမှာမှ အစိုးရကော၊ ပုဂ္ဂလိကပါ လာရောက် လှူဒါန်းသူများ ရှိပါသေးတယ်။ ဒီဘက်မှာက သွားလာရတာ ဝေးတာကြောင့် လူသူ အရောက် အပေါက် ပိုနည်းပါတယ်။ ပခုက္ကူကနေ ကမ္မကို ၁၆မိုင်လောက် သွားရပြီး ကမ္မကနေ ရေပြာကို ၁၉မိုင် လောက် ထပ်သွားရတယ်လို့  သိရပါတယ်။ ဒီနေရာတွေမှာ တကယ့်ကို အကူအညီ လိုအပ်နေတာမို့  တတ်နိုင်သလာက် လှူဒါန်းကြပါအုံးလို့  ကျွန်မတို့  ၀ိုင်းပြီး အလှူခံကြပါတယ်။
၂၆.၁၀.၁၁ နေ့ မနက်ပိုင်းမှာ ကိုလင်းအောင်ပြည့်နဲ့  ကိုမြူငှက်တို့ သည် ကမ္မမှတဆင့် ဆိုင်ကယ် တက္က စီဖြင့် ရေပြာသို့  ဆက်လက် ထွက်ခွာသွားပါတယ်။ ရေပြာသို့  တောလမ်းမှ ဆိုင်ကယ်ဖြင့် ၂နာရီခန့်  သွားရပြီး လမ်း၂နာရီခန့် လျှောက်မှ ရောက်မယ်ဟု သိရပါတယ်။ သွားလာရန် ခက်ခဲသည့်အတွက် ပခုက္ကူနေ မြို့ ခံများပင် အရောက်အပေါက်နည်းတယ်ဟု ဆိုပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ထပ်သွားရန် မလွယ်ကူသည့်အတွက် အလှူငွေ တခါထဲ ပေးလိုက်နိုင်ရန် နယ်ခံလူ အသိမှတဆင့် အကူအညီတောင်းပြီး စီစဉ်ခဲ့ရပါတယ်။ လှူကြမယ်ဆိုတဲ့ သူနေတွေရဲ့ ငွေတွေ မရောက်ခင် ဘယ်လောက် လှူမလည်း မေးနှင့်ပြီး ပိုက်ဆံစိုက်ထားပြီး အရင်ကြိုလှူနှင့်တာပါ။ ဒါကြောင့် ဒီနေ့ ဘဏ်ပိတ်တာမို့  ဒီနေ့  သူတို့ လှူခဲ့တဲ့ ငွေကို မနက်ဖြန်မှ ကျွန်မ ငွေပြန်လွှဲပေးရမှာပါ။  ကျွန်မတို့  ကို အမြဲ ကူညီလှူဒါန်းပေးနေတဲ့ MMG မောင်နှမတွေ၊ သူတို့ နှင့် ခုမှ သိပေမဲ့ မညည်းမညူ ကိုလင်း အောင်ပြည့် တို့  သွားရာနောက်ကို လိုက်လံ ပို့ ဆောင်ပေးသော ဒေသခံမောင်ငယ်လေးတွေကိုလည်း ဒီနေရာကနေ  ကျေးဇူး အထူးတင်ရှိကြောင်း ပြောချင်ပါတယ်။
သူတို့  ဒီနေ့ သွားတဲ့ ရေပြာရွာဟာ အိမ်ခြေ ၁၄၆ အိမ်ရှိပြီး ၃၁အိမ်ကတော့ ပြန်နေလို့  မရလောက် အောင်ကို ပျက်စီးသွားတာပါ။ ရေပြာရွာဟာ ပေါက်မြို့ နဲ့  နီးတဲ့ ရွာကြီးတစ်ရွာ ဖြစ် ပါတယ်။ ခုလို ရေကြီး မှုကြောင့် ဒီရွာမှာ လူကြီး ၄ဦးနဲ့  ကလေး၂ဦး ပေါင်း ၆ဦး သေဆုံးခဲ့ရပါ တယ်။ သေဆုံးသွားတဲ့ မိသားစု တွေထဲမှာမှ အိမ်တစ်အိမ်က မိသားစု ၃ဦးတောင် တပြိုင်နက် ဆုံးပါးသွားတာမို့  စိတ်မကောင်းစရာပါ။
အခြားနေရာတွေမှာ သေဆုံးသူတွေအတွက် အစိုးရက ဘယ်လို ထောက်ပံ့လည်း မသိနိုင်ပေမဲ့ ရေပြာရွာ မှာတော့ လူကြီးတစ်ယောက်ကို ၁သိန်းကျပ်၊ ကလေးတစ်ယောက်ကို ၅သောင်း ကျပ်နှုန်းနဲ့  ထောက်ပံ့ ကြောင်း သိရပါတယ်။
ဒီရွာမှာ ဒုက္ခသည်တွေကို ကျွေးမွေးပေးတဲ့ ကယ်ဆယ်ရေး စခန်းလေးရှိပြီး ထမင်းတစ်နပ်ကို ၆သောင်း နှုန်းနဲ့  လှူဒါန်းရင် တရွာလုံးစာ ထမင်းထုတ် ၅၀၀လောက် ကျွေးနိုင်တယ်လို့  သိရပါတယ်။ ဒီတော့ ကျွန်မတို့  MMG ကလည်း ၂၆.၁၀.၁၁ နေ့  ညနေစာလေးကို ၁နပ်စာ ကျွေးမွေး လှူဒါန်းနိုင်ခဲ့ပါတယ်။
နောက်ပြီး ရေပြာကနေ ဆက်သွားရတဲ့ ဆင်သေကျေးရွာနဲ့  ကျွန်းပင်စု ကျေးရွာတွေမှာ ၀မ်းရောဂါ ဖြစ် နေတယ်လို့ လည်း သိရပါတယ်။ ကိုလင်းအောင်ပြည့်က အဲဒီနေရာကို ဆက်သွားချင်ပေမဲ့ ကျွန်မနဲ့  ကိုသူရိန်က ဆက်မသွားဖို့  သူ့ ကို တားခဲ့ပါတယ်။ သူ့ မှာ ပါလာတဲ့ ဘတ်ဂျက်နဲ့  လွှဲပေးတဲ့ ဘတ်ဂျက် လည်း ကုန်နေပြီမို့  သူသွားလည်း ထိထိရောက်ရောက် မပံ့ပိုးနိုင်မဲ့အတူတူ ပြန်လာပါတော့လို့ ပဲ ပြန်ခေါ် လိုက်ရပါတယ်။
အဲဒီကလူတွေကို ထိရောက်စွာ သူမကူညီနိုင်တာကို သူ စိတ်မကောင်းသလို ကျွန်မတို့ ကလည်း သူ ကူညီချင်တာကို ငွေ ထပ်မပို့ နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ သူ့ ပြောပြချက်အရ ဒီရွာက စာသင် ကျောင်းလေး တစ်ကျောင်းဟာလည်း ရွံ့ ထဲမှာ မြုပ်နေပါသတဲ့လေ။
ဒီညနေမှာ သူနဲ့  အဆက်အသွယ် မရတော့ ၀မ်းရောဂါဖြစ်တဲ့ ရွာကိုများ လိုက်သွားပြီလားလို့  ကျွန်မတို့  မှာ စိတ်ပူရပါတယ်။ ဒီကြားထဲမှာ သူ့ ကို စိတ်ပူလို့  ကမ္မက သူတည်းတဲ့ အိမ်ကို ဖုန်းဆက်လိုက်တော့ သူ ပြန်မလာသေးဘူး။ သူတို့ လည်း စိတ်ပူနေပါတယ်တဲ့။
ဘာလို့ လည်းဆိုတော့ ညနေ ၄နာရီလောက်ထဲက မိုးတွေ မဲမှောင်နေတာမို့ ပါတဲ့။ အညာဒေသက ပုံမှန် အချိန်တောင် မိုးအရမ်းရွာရင် စိတ်ပူရတာ။ ခုလို မိုးကြီးထားချိန်ဆို မြေပြိုတာတို့  တောင်ကျချောင်း ရေကြီးတာတို့ နဲ့  ပို စိုးရိမ်ရပါတယ်။ အိမ်ရှင်မောင်လေးက အမဆီ သူ ဖုန်းဆက်ရင်လည်း ကျွန်တော့်ကို ပြော၊ ကျွန်တော့်ဆီဆက်လည်း အမကို ပြောမယ် လို့  ပြောပါတယ်။
ကျွန်မမှာတော့ သူတို့ နဲ့  အဆက်အသွယ် မရမချင်း ရင်တထိတ်ထိတ်နဲ့ ပါ။ ည၉နာရီလောက်မှာ သူ တည်းတဲ့ အိမ်ကို ဆက်လိုက်တော့ သူတို့  ကမ္မ ပြန်ရောက်နေပြီ။ အင်တာနက်ဆိုင်မှာ အိမ်ရှင် မောင်ငယ် လေး လိုက်ခေါ်နေပြီဆိုတာကြောင့် စိတ်အေးသွားရပါတော့တယ်။ ဆိုဒ်ထဲဝင်လိုက်တော့ ဓာတ်ပုံတွေ တက်နေပြီလေ။ တော်ပါသေးရဲ့ပေါ့။
ပခုက္ကူမှာ တံတား အကြီးအကျယ် ကျိုးသွားတာ ၁ခုထဲ မဟုတ်ပါဘူး။ ၂ခုပါ။ ရွှေချောင်း နဲ့  ယောချောင်း ပါ။ ရွှေချောင်းက ပခုက္ကူမှာ ရှိပြီး ယောချောင်းက ရွှေချောင်းနဲ့  ၃၈မိုင်လောက် ဝေးတဲ့ ပေါက်မြို့ နယ် အတွင်းမှာပါ။ သူလည်း တံတား တိုင်အခြေလောက်ပဲ ကျန်အောင် ရေတိုက်စားတာပါသွားခဲ့ပါတယ်။
ဒီခရီးစဉ်တလျှောက်မှာ အိမ်တိုင်းကို မဟုတ်ပေမဲ့ လူသေသွားတဲ့ မိသားစုတွေ၊ အိမ်ပြိုသွားတဲ့ မိသားစု တွေကို အလှူငွေတွေ ပေးအပ် လှူဒါန်းနိုင်ခဲ့ပါတယ်။ ကျွန်မတို့ ရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ဟာ သူတို့ ရင် ထဲမှာ ရှိနေတဲ့ ဒဏ်ရာကို ခဏတာမျှ ငြိမ်းချမ်းစေနိုင်တယ်ဆိုရင်တောင် ကျေနပ်စွာနဲ့ ပဲ ကျွန်မတို့  ရှေ့  ဆက်နေအုံးမှာ။
ကျွန်မတို့ ရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်မှာ ၀ိုင်းဝန်း ကူညီ အားဖြည့်ကြပါအုံးနော်။
read more "မနှေးအတူ အပြေးကူသည့် MMG ရဲ့ ပခုက္ကူ ရေဘေးအလှူ"
On 0 comments
ငါးပြားဓမ္မာရုံလေးက အပြန်လမ်းတလျှောက်မှာ တွေ့ တဲ့ ကလေးတွေကို အိုဗာတင်း လက်ကျန်လေးတွေ ဝေ ရင်း အိမ်ပြန်လာကြပါတယ်။ အိမ်ရောက်တော့ တညလုံး မအိပ်ရသေးတာကြောင့် ခဏ နားပြီး အိပ်ဖို့  လုပ်ကြပါတယ်။ ညနေ ၄နာရီမှ မစိုးရိမ် ကျောင်းတိုက်ကို သွားဖို့  ကားလာကြိုမှာပါ။
တရေးတမော အိပ်မပျော်ပေမဲ့ မျက်စိမှိတ်ပြီး ကျောခဏ ဆန့် လိုက်တော့လည်း အတန်အသင့်တော့ အညောင်းပြေ သွားတာပါပဲ။ အောက်ထပ်မှာ အမေတူးတို့  အမေလှတို့ နဲ့ အတူ ကျွန်မက အိပ်နေပေမဲ့ အိမ်ပေါ်ထပ်မှာတော့ ကိုသူရိန်၊ သဲစုတို့ ရဲ့ ဂီတာဝိုင်း လေးကလည်း စိုစိုပြည်ပြည်။ ဆရာသစ်နဲ့  ဗလကြီး ကတော့ လဘက်ရည်ဆိုင် လစ်ပြီ။
ဒီလိုနဲ့  ၁နာရီလောက် နားပြီး အိပ်ရာထ ရေမိုးချိုးချိန်မှာ အပေါ်ထပ် ဂီတာဝိုင်းက လူစုံ တက်စုံနဲ့  အရှိန် ရနေကြပြီ။ ဒါနဲ့  ကိုယ့် တစ်ယောက်ထဲ ရေမိုးချိုး အလှပြင်ပြီးတော့ ကိုသူ့ ရိန်သမီး အလတ်မလေး ဆန်းမီကို လာတဲ့နေ့ ထဲက ကျွန်မပဲ သနပ်ခါး လူးပေးနေကြဆိုတော့ ၂ယောက်သား သနပ်ခါး အဖွေးသားနဲ့  သွားရန် အဆင်သင့် ဖြစ်ချိန်မှ အပေါ်ထပ်က အုပ်စုက အူယားဖားယား ရေပြေးချိုးကြတာပေါ့။
ဒီလိုနဲ့  ညနေ ၄နာရီခွဲမှာ မနက်က ချက်ပြီးသားကို တ၀က် အသန့် ဖယ်ထားတဲ့ ဟင်းအိုးကို  ကားပေါ်တင်၊ ကျွန်မတို့ အားလုံး ကားပေါ် တက်ပြီး မစိုးရိမ်ကျောင်းတိုက်ကို ချီတက်ခဲ့ပါတယ်။ လမ်းမှာ ကို34 မိသားစုကို ၀င်ခေါ်ပြီး ဘုန်းကြီးကျောင်းကို ရောက်လာချိန်မှာ တော့ ကျွန်မနဲ့ အတူ ပါလာမဲ့ ဟင်းအိုးကို မလောက်မှာ စိုးလို့  စိတ်ပူစွာ စောင့်ဆိုင်းနေတဲ့ ကျောင်းက ဟင်းချက်အဖွဲ့ ကို တွေ့ ရပါတယ်။
ကျောင်းမှာ စတုဒီသာ လာစားမဲ့သူတွေက ရောက်နှင့်နေခဲ့ပြီ။ ကျောင်းထိုင် ဘုန်းဘုန်းက ညနေ ၅နာရီခွဲမှ စကျွေးမယ် ပြောထားပေမဲ့ ကျောင်းဝမှာ ရစ်သီ ရစ်သီနဲ့  ရောက်လာပြီး နေရာယူနေကြပြီမို့  အလှူ ရှင်တွေ စောင့်ပါအုံး မနည်း ပြောထားရတာလို့  ဆရာတော်က ပြောပါတယ်။ ကျွန်မတို့ ရောက်တဲ့ ၅နာရီထိုးလုမှာ စကျွေးပါတယ်။
အလှူမှာ လာတဲ့ကလေးတွေကို အပေါ်ထပ်မှာ နေရာ ချထားပေးပြီး လူကြီးတွေကတော့ အောက်ထပ်မှာပါ။ ဒီမှာ တစ်ခု ပြောချင် တာက ကျောင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ဆရာတော်က သေချာစွာ ပြုလုပ်ပေး ထားတဲ့ ဆိုင်းဘုတ်ကြီးက ကျွန်မတို့ တတွေကို ဆီးကြိုနေပါတယ်။ ဘာတဲ့……….
“ဟင်္သာတ ရေဘေးသင့် ပြည်သူများအား အာဟာရ ဒါန အလှူရှင် MMG မိသားစု” တဲ့။
ဆိုင်းဘုတ်က ကြီးကျယ်လွန်းတာကြောင့် ကျွန်မတို့ တောင် ပြန်အားနာသွားမိပါတယ်။ မနက်ကတော့ ဆရာတော်က ကျွန်မနဲ့ ကိုလင်းကို ဆိုင်းဘုတ် ရေးပေးမယ် ဘာအဖွဲ့  လည်းလို့  မေးတာကြောင့် MMG လို့ ပဲ ပြောခဲ့တာပါ။ အနက်အဓိပ္ပါယ်ကိုတောင် မပြောဖြစ်ခဲ့ပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် ဆိုင်းဘုတ်နဲ့  တင် တော်တော်လေးကို ကျေနပ်သွားမိပါတယ်။
အလှူမှာ လာစားတဲ့သူတွေကို စနစ်တကျနဲ့  ဧည့်ခံကျွေးမွေးပြီး ဧည့်ခံပေးတဲ့သူတွေကလည်း အများကြီး ပါပဲ။ ကျွန်မတို့ က ဟိုယောင် ဒီယောင် ဓာတ်ပုံရိုက်လိုက် လိုက်ကြည့်လိုက်နဲ့  ဘာမှ ပင်ပင်ပန်းပန်း လုပ် မပေးခဲ့ရပါဘူး။ လူတွေက တစ်သုတ်ပြီး တစ်သုတ် ၀င်လာကြတာ အရင်ဆုံး ကုလားဟင်း အရင် ကုန်သွား ပါတယ်။ နောက်တော့ ငါးအူချောင်းဟင်းကို လျှော့ခပ် ပေးရတော့တာပေါ့။
နောက်မှ သူတို့ က ပြောတာက သူတို့ မှာ လူ ၃၀၀ကျော်လောက် လာဖို့ ရှိတာ ကျွန်မတို့ ကို အားနာ လို့ မပြောခဲ့တာပါတဲ့။ တကယ်လို့ သာ ကြိုသိခဲ့ရင် တစ်မျိုးမျိုး ထပ်စီစဉ်ပေးနိုင်မှာလေ။ တကယ်တမ်းမှာ ကလေးတွေကို ဝေဖို့  ချိုချဉ် (လော်လီပေါ့) တွေ ယူလာထားပေမဲ့ လူတွေများနေတာကြောင့် မဝေခဲ့ရပါဘူး။ အ၀တ်ထုတ်တွေကိုလည်း မဝေနိုင်ခဲ့ပါဘူး။ မလောက်ငှမှာစိုးလို့  ပါ။ လာစားကြတဲ့သူတွေက အများကြီးပါပဲ။ အားလုံးပေါင်း လူဦးရေ ၃၅၀ကျော်လောက် ရှိမလား မသိဘူး။
ထမင်းကျွေးနေတုံးမှာ မိုးတွေ ရွာလိုက်တာမှ သည်းကြီး မည်းကြီး။ လူတွေအားလုံးက ထမင်းစားပြီး မိုးစဲ တာ စောင့်နေကြတယ်။ တကယ်လို့  မိုးသာ သည်းကြီး မည်းကြီး မရွာခဲ့ရင် ထမင်းတောင် လောက်မယ် မထင်ဘူး။  ဒီလိုနဲ့  ဆရာတော်တွေကို မနက် ဆွမ်းကပ်ဖို့ တောင် ငါးအူချောင်းဟင်း သီးသန့် ချန်ထားလို့  မရ၊ ၀ိုင်းလုပ်ပေးကြတဲ့ ဝေယျာဝိစ္စအဖွဲ့ တောင် ဟင်း ဘာအရသာမှန်း မသိလောက်အောင် ကျွန်မတို့  စတုဒီသာပွဲလေးက ရောင်းကောင်းခဲ့ပါတယ်။
လာစားကြတဲ့သူတွေကို ကြည့်ရင်း ဆရာတော်က ကျေနပ်နေသလို ကျွန်မတို့ အဖွဲ့ ကလည်း ကြည်နူး ပီတိ ဖြစ်ရပါတယ်။ အဲဒီမှာ ပြောစရာရှိတာက ထမင်းစားပြီး ထွက်လာကြတဲ့ အမျိုးသမီးကြီး တစ်စုက ကျွန်မနဲ့ တွေ့ ပြီး ကျေးဇူးတင်ကြောင်း ပြောနေကြတာ။
သူတို့ ကို ခုလို လာကျွေးတာကို ကျေးဇူးတင်ကြောင်း၊ နောင်ကိုလည်း ဒီလို လာလှူတန်းနိုင်ပါစေဆိုပြီး ဆုတွေ ပေးနေ ကြတာ။ ကျွန်မက မဏ္ဍပ်အ၀လေးမှာ ရပ်နေတာလေ။ သူတို့ တွေက ကျွန်မတို့ ကို ရန်ကုန်က လာလှူတာ ဆိုတာကလွဲပြီး MMG ဆိုတာလည်း မသိ၊ မာတီဆိုတာလည်း မသိကြတဲ့သူတွေပါ။
ဒါပေမဲ့ ကျွန်မတို့ ကို သူတို့  ဘာမှန်း မသိကြပေမဲ့ ကျွန်မတို့  ကျွေးခွင့်ရလိုက်တဲ့ ထမင်းတစ်နပ်ကို သူတို့ က မှတ်မှတ်ရရ ကျေးဇူး တင်နေကြတာလည်း ကြည်နူးစရာ တစ်ခုပါ။ ကျွန်မတို့ တွေ ထမင်းတွေကုန်၊ ဟင်းတွေ ပြတ်သွားတော့ စားပွဲတွေ သိမ်းပြီး ဆရာတော်က Meeting လေး လုပ်ရအောင်လို့  ဆိုပါတယ်။
ဆရာတော် ကိုယ်တိုင်ကလည်း ပရိဟိတ လုပ်ငန်းတွေကို စိတ်ပါဝင်စားစွာ လုပ်ကိုင်နေသူရယ်လေ။ ဆရာတော်တို့ ရဲ့ မစိုးရိမ် ကျောင်းတိုက်မှ နာရေးကူညီမှု လုပ်ငန်းတွေကိုလည်း လုပ်ကိုင် ဆောင်ရွက်ပေး ပါတယ်။ နောက်ပြီး တမြို့ လုံးက သွေးလိုတဲ့သူတွေ မှန်သမျှ ဒီကျောင်းတိုက်ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံ ရယူနိုင်ပါတယ်။
နောက်ပြီး အောက်စီဂျင်အိုး လိုအပ်တဲ့သူတွေအတွက် အောက်စီဂျင်အိုး အချိန်မရွေး ငှားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အရေး ကြီးရင် ကြီးသလို ၂၄နာရီပတ်လုံး ငှားနိုင်အောင် စီစဉ် ပေးထားပါတယ်။ ဆရာတော်ရဲ့ ပရဟိတ လုပ်ငန်းတွေကို ကူညီ လုပ်ဆောင် ပေးနေတဲ့အဖွဲ့ တွေကို ညီမငယ် သဲစုလှိုင်က အင်တာဗျူးနေချိန်မှာ ကျွန်မတို့ က ဆရာတော်နဲ့  စကားပြောဖြစ်ကြပါ တယ်။ 
နောက်ရက်ကျမှ  ကျွန်မတို့ ထားခဲ့တဲ့ အ၀တ်ထုတ်တွေ၊ ဗလာစာအုပ်တွေ၊ မုန့် ဘူးတွေကို ရေဘေး သင့် နေရာတွေ ကို ဝေချမ်းပေးမယ် လို့ ပြောပါတယ်။ ဆရာတော်နဲ့ စကားစမြည် ပြောဆိုကြရင်း ကိုလင်းအောင်ပြည့်က  ဆရာတော်တို့ ကျောင်း On line မှာ Website လုပ်ချင်ရင် ကူညီနိုင်ကြောင်း ပြော ပါတယ်။
ဆရာတော်က ကျောင်းသားတွေကို ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ ကိုယ်တိုင် သင်ကြားပေးကြောင်း ပြော ပါတယ်။တကယ်လို့  အဆင်ပြေမယ်ဆိုရင် ရှေ့ လာမဲ့ နွေရာသီမှာ ကွန်ပျူတာ သင်တန်းလေး ဖွင့်လှစ်ပေး ချင်ကြောင်း ပြောပြပါတယ်။ ကျွန်မတို့ တွေ ဒီမှာ စကားပြောနေကြတုံးမှာပဲ အတူပါလာတဲ့ ကိုဗလကြီ်းေ (Crazy Bags) နဲ့  HIV ဝေဒနာသည် တစ်ယောက်ကို တွေ့ ပေးပါတယ်။
ကိုဗလကြီးက HIV, AIDS နဲ့  ပတ်သက်လို့ နှစ်သိမ့် ပညာပေး ဆွေးနွေးတာတွေ လုပ်တာမို့  ဝေဒနာရှင်ကို သွားခေါ်လာပြီး သူနဲ့  သီးသန့် တွေ့ ဖို့  စီစဉ်ပေးထားတာပါ။ ဒီဝေဒနာရှင် အမျိုးသမီးငယ်ကိုလည်း ဆရာတော်တို့ အဖွဲ့ က တတ်နိုင်သလောက် လစဉ် ထောက်ပံ့ပေးနေပါတယ်။ ကျွန်မတို့ အဖွဲ့  က လူစုံ ပါတယ်။ အတတ်ပညာရှင်တွေရော၊ အသိပညာရှင်တွေရောလေ။
ကျွန်မတို့ အဖွဲ့ တွေ ဆရာတော်ကို နှုတ်ဆက် ထွက်ခွာခဲ့ကြတော့ မှောင်ရီ ပျိုးပျ ညနေ ၆နာရီခွဲလောက် ရှိခဲ့ပြီ။ မနေ့ ထဲက တာပေါင်ပေါ် တက်ပြီး လျှောက်ကြည့်ချင်တယ် ဓာတ်ပုံရိုက်ချင်တယ်ဆိုတာကြောင့် မမှောင်ခင် မြန်မြန် သွားကြပါတယ်။
ပြီးတော့ နေ၀င်ရီတရော အချိန်လေးမှာ ဘုရားနောက်ခံ၊ တာပေါင်ပေါ်မှာ ရေပြင်ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကြပါတယ်။ ပြန်လာတော့ မှောင်နေခဲ့ပြီ။ ခဏတဖြုတ်နားပြိးချိန်မှာ နဂိုက သွားမယ် စီစဉ်ထားတဲ့ နေ ရာလေး တစ်ခုကို အမှောင်တွေကြား၊ ဗွက်တွေကြားမှာ စမ်းတ၀ါးဝါး ကျော်ဖြတ်သွားခဲ့ပြီး အပြန်မှာ ထမင်းဆိုင်လေး တစ်ခုမှာ ထမင်းဝင်စားကြပါတယ်။
ထမင်းစားအပြီးမှာ လဘက်ရည်ဆိုင် ထိုင်ချင်ပေမဲ့ လူတွေက မနေ့ က တညလုံး မအိပ်ရသေးတော့ ပင်ပန်းနေကြပြီ။ ဒါကြောင့် အိမ်မှာပဲ စကားထိုင်ပြောကြရင်း ကိုသစ်၊ ဗလကြီးနဲ့  သဲစုတို့ က ဂစ်တာ တစ်လက်နဲ့  သီဆို ဟစ်ကြွေးနေချိန်မှာ ကျွန်မရယ်၊ ကိုလင်းအောင်ပြည့်ရယ်၊ ကိုသူရိန်ရယ်က တောင်ငူက စာပေဟောပြောပွဲမှာ ဆရာ ချစ်ဦးညိုရဲ့ ဟောပြောမှုကို တိတ်တဆိတ် နားထောင်ရင်း ငြိမ်သက်နေကြတယ်။
မနက် ၂နာရီမှာ ကားထစီးရမှာ ဆိုတော့ စကားတွေ ထိုင်ပြောကြရင်းနဲ့  ၁နာရီကျော်သွားတယ်။ ဘယ်သူ မှ ကောင်းကောင်း မအိပ် ဖြစ်ကြဘူး။ ဒါနဲ့ ပဲ မနက်စော ၁နာရီခွဲမှာ အားလုံးထပြီး မျက်နှာသစ် အ၀တ်အစား လဲကြပြီး ကားသွားစီးရမဲ့ တက္ကသိုလ်ရှေ့ မှာ သွားထိုင်စောင့်ကြပါတယ်။
မနက် ၂နာရီခွဲမှာ ကျွန်မတို့ ကို ရန်ကုန်ကို တင်ဆောင်လာမဲ့ ဟင်္သာညီနောင်ကား ရောက်လာတာကြောင့် ဟင်္သာတ ရောက်စဉ် က ပြန်သည်အထိ လိုလေသေးမရှိ ကူညီခဲ့တဲ့ အခုလည်း အစောကြီးထပြီး လိုက်ပို့ တဲ့ အမေလှကို နှုတ်ဆက်ပြီး ထွက်ခွာလာပါ တယ်။ တကယ်ဆို ဒီမှာတင် ကျွန်မတို့ ရဲ့ ဟင်္သာတ ခရီးစဉ် ဟာ အောင်မြင်စွာ ပြီးဆုံးပြီပေါ့နော်။
ဒါပေမဲ့ သိတယ်ဟုတ် တခုခုတော့ ပြောစရာ ကျန်စမြဲ ဖြစ်နေကျအတိုင်း အဝေးပြေးကားဂိတ်နားကျမှ ဆရာလင်းအောင်ပြည့်က အလန့် တကြား ထအော်ပါတယ်။ ကျွန်တော့်ဖုန်းကျန်ခဲ့ပြီထင်တယ်။ ဆက် ကြည့်ကြပါအုံးတဲ့။ ဖုန်းဆက်လိုက်တော့ ဧရိယာ ပြင်ပ သေချာပါတယ်။ တည်းတဲ့အိမ်မှာ ကျန်ခဲ့လောက်ပြီ။ အဲဒီမှာ လိုင်းမမိဘူးလေ။
ဒါနဲ့  အဝေးပြေး ကားဝင်းလည်း ရောက်ရော ဆိုင်ကယ်တက္ကစီကို အပြေးအလွှား ငှားပြီး ဆရာ လင်းအောင်ပြည့် တစ်ယောက် ဖုန်းပြန်ယူရပါတယ်။ တော်သေးတာပေါ့။ ကားဂိတ်မှာ လူစောင့်တင်နေတုံး သူ ပြန်ရောက်လာလို့ ။ ဒီတစ်ခါ ကားထွက်တော့ အားလုံးက အတုံးအရုံးပဲ။ ၂ညတောင် ဆက်တိုက်ဆိုတော့ မရတော့ဘူး။ ချာဂျင်ဒေါင်းနေကြပြီ။ ပြီးတော့ မနက် ရန်ကုန်ရောက် တာနဲ့  လုပ်ငန်းခွင်ထဲ အပြေးအလွှား ၀င်ကြရမှာ။
ဒီတော့ အိပ်လာလိုက်ကြတာ ဗိုလ်မြတ်ထွန်းတံတားအဆင်းက သမုဒယမှာ မနက်စာ စားမှပဲ တကယ်နိုး ကြတော့တယ်လေ။ နောက် ကားပြန်ထွက်လာတော့မှ စကားတပြောပြော စီးလာလိုက်ကြတာ မနက် ၇နာရီခွဲမှာ ဒဂုံ-ဧရာ အဝေးပြေးကွင်းကို ရောက်ရှိခဲ့ပါ တယ်။ ရန်ကုန်မြို့ ပြန်ရောက်တယ်ဆိုရင်ပဲ တလမ်းလုံး လွတ်လပ်စွာ လှုပ်ရှားသွားလာထားသမျှကို ခ၀ါချလို့  လုပ်ငန်းခွင်ဆိုတဲ့၊ မြို့ ပြဆိုတဲ့ မွန်းကျပ်မှု ကမ္ဘာထဲ ပြန် ရောက်ခဲ့ပြီလေ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ တတ်နိုင်တဲ့ ၀န်လေးနဲ့  လှုပ်ရှားခဲ့တဲ့ ကျေနပ် ပီတိ ဖြစ်စရာ မြင်ကွင်းလေး၊ အလှူလေးကို ပြန်လည် ဝေမျှရင်းနဲ့  ကျွန်မရဲ့ ပို့ စ်လေးကို အဆုံးသတ်လိုက်ပါတယ်နော်။
read more "ဟင်္သာတသို့  ဒုတိယအကြိမ် အလှူ ခရီးစဉ် (အပိုင်း ၃) "
On 0 comments
ဒီအချိန်မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်မတို့ စီးလာတဲ့ ဆိုင်ကယ်က နောက်တစ်ကြိမ် လမ်းမှာ ဘီးပေါက်ပြန်သော အခါ…………..  ကျွန်မက ကိုယ့်ရဲ့ စာကို စိတ်ဝင်စားဖွယ် aကာင်းအောင် ရေးပြီး တန်းလန်း ရပ်လိုက်တာ စာဖတ် ပရိသတ်က မမေဇူး တစ်ယောက်တော့ အဆင်မပြေ ထပ်ဖြစ်ပြန်ပြီလို့  ထင်သွားစေတာ စိတ်မကောင်းပါဘူး။
တကယ်တော့ ကျွန်မတို့  ဆိုင်ကယ်က ဘီး ထပ်ပေါက်တာကြောင့် ရှေ့ က သွားတဲ့ ဆိုင်ကယ်တွေနဲ့  အဆက်ပြတ် သွားပါတယ်။ ဆိုင်ကယ် ဆက်သွားလို့  မရတဲ့အချိန်မှာ နောက်မှာ ကျန်ခဲ့တာက ကို 34 (thirtyfourhza.multiply.com) နဲ့  ညီမငယ် သဲစုလှိုင်တို့ ဆိုင်ကယ်ပါ။ ကိုသစ်တို့  ကိုသူရိန်တို့ ကတော့ အိမ်ကို ပြန်ရောက် သွားလောက်ပါပြီ။
ဒါနဲ့  စကား မစပ် မမချိုကို (ချို -ဒီဇိုင်နာ) ကို ဖုန်းဆက်လိုက်ပါသေးတယ်။ သူက ကျွန်မတို့  ဟင်္သာတက ဖုန်းဆက်တယ် ပြောတာကို သူက နောက်နေတယ် ထင်တာ။ နောက်မှ ကိုသူရိန်တို့  ကိုလင်းအောင်ပြည့်တို့  ကျွန်မတို့  ဒီအချိန်ကြီး အတူရှိနေကြ တာမို့ ယုံကြည် သွားတဲ့ပုံပါ။ (ဒီမမအကြောင်း မပါရင်  မေးမဲ့သူ ရှိလို့  ကြိုရေးလိုက်ပါတယ်နော်)
ဒါနဲ့  ဆိုင်ကယ်ကို ပြင်ဆိုင်ပို့  နောက်ထပ် သူတို့ ရဲ့ ဆိုင်ကယ်၁စီးကို ထပ်ခေါ်ပါတယ်။ ည ၁၁နာရီ ထိုးခါ နီးနေပါပြီ။ ဆိုင်ကယ်ပြင် နေတာကို စောင့်ရင်း ကျွန်မ၊ သဲစု၊ ကိုလင်းအောင်ပြည့်၊ ကို34 နဲ့  သူငယ်ချင်း ၁ဦးတို့  ဟင်္သာတရဲ့ ညချမ်းအေးအေး လေးမှာ လဘက်ရည်ဆိုင် သွားထိုင်ကြပါတယ်။
ကိုလင်းအောင်ပြည့်ကတော့ လပွတ္တာ သွားစဉ်က သူ့ ကိုချန်ထားပြီး လဘက်ရည် ဆိုင် ထိုင်ကြတဲ့ကိစ္စကို လက်စားပြန်ချေတာလို့  ပြောပါတယ်။ (ကိုသစ်…ကိုလေ) ဒီဆိုင်လေးက အဝေးပြေး ကားဂိတ်အနီးမှာရှိပြီး မိုးလင်းအထိ ရောင်းတဲ့ ကိုလင်းအောင်ပြည့်တို့  ငယ်ငယ်ထဲက သောက်နေကျ လဘက်ရည်ဆိုင် လို့  ပြောပါတယ်။ အဲဒီမှာ ထွေရာလေးပါး ပြောကြ ရင်း ၁၂နာရီထိုးခါနီးမှ ကျန်တဲ့သူတွေ စောင့်နေကြ မယ်ဆိုပြီး ထပြန်လာကြပါတယ်။
အိမ်ရောက်တော့ ကျွန်မတို့ ကို မအိပ်သေးပဲ စောင့်နေကြတာကြောင့် ရောက်တာနဲ့  မနက်ဖြန် ဝေမဲ့ အ၀တ်ထုတ်တွေ အကုန်ဖြည် ကြပြီး အထုတ်လေးတွေ ပြန် ထုတ်ကြပါတယ်။ ပြီးတော့ ကျွန်မ ယူလာတဲ့ ငါးအူချောင်းတွေကို ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းများကို ညနေ ရောက်စထဲက ဟင်းချက်ပေးမဲ့ အမေလှနဲ့  တိုင်ပင်ပြီး လိုအပ်တာတွေ ၀ယ်ခြမ်းထားခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်မတို့ က နောက်နေ့လည်မှာ ဟင်းဘူးလေးတွေ သွားဝေဖို့ အတွက် မနက် ၅နာရီခွဲ ထချက်ကြမှာပါ။
ဒါကြောင့် ညထဲက လုပ်စရာ ရှိတာတွေ လုပ်ထားနှင့်မယ်ဆိုပြီး ည ၁နာရီကျော်လောက်မှာ လဘက်တွေ ထသုတ်၊ ကော်ဖီတွေ ထဖျော်ပြီး ငါးအူချောင်းပုံးတွေ ဖြည်ကြပါတယ်။ နောက်ပြီး မနက်ပိုင်းမှာ ခွဲဝေပေးမဲ့ နေရာ ၂နေရာစာ ခွဲခြမ်းပြီး ငါးအူချောင်း တွေကို ပလပ်စတစ်အိတ်ဖြည်၊ အတုံးလေးတွေတုံး၊ ကျန်တဲ့ဟာတွေကို ရေခဲတွေ ပြန်ရိုက်နဲ့  အားလုံးပြီးလို့  အိပ်မယ်လို့  အိမ် ပေါ်ထပ်ကို တက်ကြတော့ မနက် ၃နာရီခွဲ၊ မျက်လုံးတွေကလည်း ကြောင်နေကြပြီ။ ဒီတော့ မထူးပါဘူးဆိုပြီး ၀ရန်တာမှာ ထွက်ပြီး စကားစမြည် ထိုင်ပြောကြပါတယ်။
အဲဒီမှာ အားလုံးသော MMG မောင်နှမတွေ အကြောင်းကို ထိုင်ပြောဖြစ်ကြပါတယ်။ ဘယ်သူ့ ကိုတော့ မတွေ့ တာ ကြာပြီ။ ဘယ်သူ ကတော့ စာလာမတင်တာ ကြာပြီ စသည်ဖြင့်ပေါ့။ နောက်ပြီး ၂နှစ်ပြည့်အတွက် စာမူစုမဲ့ အစီအစဉ်၊ ပွဲလုပ်မဲ့ အစီအစဉ် လေးတွေ ထိုင်ပြောရင်းနဲ့  မနက် ၅နာရီသာခွဲ သွားတယ်။ မအိပ်ဖြစ်ပါဘူး။ ဟင်းချက်ဖို့  လုပ်နေတဲ့ အမေလှကို မနက် ၆နာရီ ကျော်မှာ ဆင်းပြီး ၀ိုင်းကူကြပါတယ်။ ငါးအူချောင်းတွေကို ပြန်ကြော်၊ ခရမ်းချဉ်သီးတွေ လှီးဖြတ်၊ ကြက်သွန်တွေ နွှာထောင်းနဲ့  တစ်ယောက် တစ်လက် ၀ိုင်းလုပ်နေကြပါတယ်။
ပြီးတော့ မနက်စာကို အပြင်ထွက် မစားနိုင်တာကြောင့် ကိုလင်းအောင်ပြည့်က မုန့် ဟင်းခါး သွားဝယ်ပေး ပါတယ်။ မနက်စာ ငါးအူ ချောင်းတွေ ဟင်းချက်ပြီးရင် လင်းလွန်းပင် ရပ်ကွက်လေးမှာ ဘူးတွေနဲ့  ထည့်ပြီး သွားဝေကြမှာပါ။
ညနေပိုင်းကျရင်တော့ ဇကာတန်းရပ်ကွက် (လယ်တော်ကုန်း အနီးမှာ) နေထိုင်တဲ့ ရေဘေးသင့် ပြည်သူတွေ ကို  မစိုးရိမ် ကျောင်းတိုက်မှာ ထမင်းကျွေးဖို့  စီစဉ်ထားပါတယ်။ ဒါကြောင့် မနက်ပိုင်း ကျွန်မတို့  ချက်ပြုတ် နေစဉ်မှာပဲ ညနေပိုင်း မစိုးရိမ်ကျောင်းတိုက်မှာ ချက်ပြုတ်ဖို့  ပစ္စည်း တွေကို ည က ကြိုချိန်း ထားတဲ့အတိုင်း  တာဝန်ရှိတဲ့ လူကြီးတွေက လာယူကြပါတယ်။
နောက်ပြီး ဆရာတော်ကိုလည်း ညနေစာ ထမင်းကျွေးဖို့  မလျှောက်ထားရသေးတာမို့ ကိုလင်းအောင်ပြည့်က လိုက်သွားမှာ ဖြစ်သလို သူတို့ ကို ဘယ်လို ချက်ရမလဲဆိုတာ တခါထဲ ပြပေးခဲ့ဖို့  ကျွန်မပါ လိုက်သွားခဲ့ ပါတယ်။ လမ်းမှာ လဘက်ရည် ၀င်သောက် မုန့် စားပြီး မစိုးရိမ်ကျောင်းတိုက်ကို သွားခဲ့ကြပါတယ်။
ဟိုရောက်တော့ ကိုလင်းအောင်ပြည့်က ဆရာတော်ကို လျှောက်ထားနေချိန်မှာ ကျွန်မကတော့ ညနေပိုင်း ဟင်းကူချက်ဖို့  ရောက် နေတဲ့ အမတွေကို ဟင်းချက်ဖို့  အစီအစဉ်ပြောရင်းနဲ့  ငါးအူချောင်းတွေ အပြီး လုပ်ပေးခဲ့ပါတယ်။ နောက်ပြီး ဒီနားက တာကလေး မြို့ သစ်မှာ ရေဘေးသင့် မိသားစု ၁၂၀ကျော်ရှိတယ်လို့  သိရပါတယ်။ ဒီလူတွေကို ကျွေးမှာလို့  သိရပါတယ်။ ကလေးတွေ ဘာတွေပါ ပေါင်းရင် လူ ၂၀၀ ကျော်လောက် ဆိုတာကြောင့် ကျွန်မ မျက်လုံးပြူးသွားပါတယ်။
ညက ပြောကြတော့ လူ ၁၀၀စာလောက်လို့ ပဲ ပြောတာလေ။ ဒါကို ကျွန်မက ၁၅၀စာလောက် ဖယ်ထား တာပါ။ ခု ၂၀၀စာဆိုတော့ သူတို့ နဲ့  စကားပြောနေပေမဲ့ ကျွန်မ ရင်နည်းနည်းတုန်နေပြီ။ အင်း မြန်မြန်ပြန်ပြီး ဟိုမှာ ကျန်တဲ့ဟင်းတွေထဲက ပြန်ချန်မှ ဖြစ် တော့မယ်လို့  စဉ်းစားနေမိတာ။
ထမင်းကျွေးဖို့  ဆန်ကိုတော့ ဆရာတော်က သူ့ ဆီကပဲ ယူဖို့ ပြောပါတယ်။ လာလှူတဲ့ ကျွန်မတို ကို ၀န်ပိမှာ စိုးလို့ လို့ ပြောပါ တယ်။ ထမင်းကျွေးမှာဆိုတော့ အရည်ဟင်းတစ်ခွက် ချက်ရအောင် ဆိုပြီး ကုလားဟင်း ချက်ဖို့  တိုင်ပင်ပြီး လိုတာတွေကို သွားဝယ်ဖို့  ပိုက်ဆံ ထုတ်ပေးလိုက်ပါတယ်။ ဈေးဝယ်တဲ့သူ ထွက်သွားပြီး ခါမှ သူတို့ က ထပ်ပြောလာပါတယ်။ လူကတော့ ၂၅၀ လောက်ဖြစ်မယ်တဲ့။ ဟိုက် …. မလွယ်ကြော။ ကိုလင်းရေ မြန်မြန် ပြန်ကြစို့ ။
ဒီလိုနဲ့  ကျွန်မတို့  ပြန်လာပြီး ဈေးထဲဝင် လိုအပ်တာ စဉ်းစားပြီး လိုက်ဝယ်ပြီး ပြန်လာခဲ့တာ အိမ်နားရောက်မှ ဟင်းထည့်မဲ့ဘူး မပါလာသေးဘူးလို့  ဖုန်းလှမ်းဆက်တာကြောင့် တခါပြန်ပြီး ဈေးဘက် ပြန်လှည့်ရပါတယ်။ ပထမတော့ နေ့ ခင်းပိုင်း လင်းလွန်းပင် ရပ်ကွက်မှာ ဟင်းဘူးတွေ ဝေရင် ဆန်ထည့်ဝေဖို့  စဉ်းစားခဲ့ပေမဲ့ ဘဏ္ဍရေး အခြေအနေက သိပ်မကောင်းတော့ပါဘူး။ ဒါကြောင့် အစီအစဉ်ပြောင်းပြီး ခေါက်ဆွဲထုတ်တွေ ၀င်ဝယ်၊ ဖော့ဘူးဝယ်ပြီး ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တော့ အမေလှက ဟင်းတွေ ထည့်ဖို့  အဆင်သင့် ကျက်နေခဲ့ပြီ။ ဒါကြောင့် အိမ်ပေါ်တောင် မတက်ပဲ တန်းပြီး ဟင်း တွေထည့်၊ နောက်ပြီး အမေလှကိုလည်း ညနေ ကျွေးဖို့  တ၀က်လောက် ချန်ထားဖို့  ပြောရင်း ဟင်းတွေ ထည့်ကြပါတယ်။ ဒီနေရာ မှာ ကြော်ငြာဝင်ရရင် ကျွန်မယူလာတဲ့ ငါးအူချောင်းက အရမ်းကောင်းတာမို့  နေ့ လည်စာကို ငါးအူချောင်းဟင်းနဲ့  အိမ်မှာရှိတဲ့ ဟင်းတချို့ နဲ့ ပဲ စားလိုက်ပါတော့တယ်။
ထမင်းစားပြီးချိန်မှာ ကိုလင်းအောင်ပြည့် သူငယ်ချင်းရဲ့ ကားလာကြိုတာကြောင့် လင်းလွန်းပင် ရပ်ကွက် မှာရှိတဲ့ သူတို့  ပထမ အကြိမ်တုံးက ထမင်းကျွေးခဲ့တဲ့ ငါးပြား ဓမ္မာရုံ ရှိရာကို လာခဲ့ကြပါတယ်။ ကိုလင်းအောင်ပြည့်ရဲ့ အသိအိမ်မှာ ခဏထိုင်နေတုံး သူတို့ က ငါးပြား ဓမ္မာရုံမှာ လူစုပေးပါတယ်။
ရေဘေး ဒုက္ခသည်တွေက ရေတွေ လည်း ပြန်ကျသွားပြီမို့  ကိုယ့်အိမ်ကိုယ် ပြန်နေနေကြပါပြီ။ ဒါကြောင့် ထမင်းမချက်တော့ပဲ ဟင်းဘူးတွေကိုပဲ ၀ယ်ပေးတော့မယ်လို့  စီစဉ်ထားခဲ့တာပါ။ နောက်ပြီး နေ့ ခင်းတွေမှာ သူတို့ တွေ အလုပ်သွားတဲ့သူနေကြတာမို့  ကလေးအချို့ နဲ့  လူကြီးအချို့ သာ ကျန်ခဲ့ပါတယ်။ ဒါကြောင့် ရှိတဲ့သူလေးတွေကို စုပြီး ကျွန်မတို့ တွေ ဘာတွေပေးသွားလည်း ဆိုတာ အသိပေးပြီး ညနေကျမှ ဆိုင်ရာမိသားစုကို ဝေပေးမှာပါ။
ငါးပြား ဓမ္မာရုံကို ကျွန်မတို့  ရောက်တော့ ကလေးတွေရော လူကြီးတွေပါ ရောက်နေကြပါပြီ။ ကလေးတွေကို ကျွန်မက အိုဗာတင်း အထုတ်လေးတွေကို ဝေပြီး အမေလှက ချိုချဉ်တွေ ဝေပါတယ်။ နောက်ပြီး လူတွေက အစုံမပါတော့ တအိမ်ထောင်စုကို ပေးမဲ့ ပစ္စည်းတွေ ချပြီး ဓာတ်ပုံရိုက်ပြီး ထားခဲ့ပါတယ်။ တစ်အိမ်ထောင်စုကို ဟင်းဘူး ၂ဘူးရယ်၊ အ၀တ် ၂ထုတ်၊ ပိုက်ဆံ ၁၀၀၀ ကျပ်၊ ခေါက်ဆွဲခြောက် ၆ထုတ်ရယ် ဝေပုံကျ ရပါတယ်။ အလှူရှင်တွေ အရှေ့ မှာ ရမဲ့ ပစ္စည်းစာရင်း ပြောပြီး ညနေမှာ လာယူဖို့  ကျွန်မတို့  အရှေ့ တင် မှာနေပါ တယ်။
ကျွန်မတို့ ရဲ့ အလှူလေးက မကြီးကျယ်ပါဘူး။ ခမ်းလည်း မခမ်းနားပါဘူး။ သူတို့ မိသားစုတွေကို ထိုက်ထိုက် တန်တန် မြှင့်တင်ပေး နိုင်လောက်အောင် ဘာမှ မပါပါဘူး။ သူတို့  လိုအပ်ချက်တွေနဲ့  ကျွန်မတို့  ပေးဝေ မှုတွေဟာ ဘယ်လိုမှ မနှိုင်းယှဉ်သာပါဘူး။ ဒါကြောင့် သူတို့ ကို ပြန်တောင် အားနာမိတယ်လို့  အချင်း ချင်း ပြောနေခဲ့သေးတာ။
အားလုံး ပစ္စည်းတွေပေး၊ ဓာတ်ပုံရိုက်လို့  ပြီးသွားချိန်မှာ ဒီဓမ္မာရုံက လူကြီး၊ ဒီရပ်ကွက်ရဲ့ နာယကကြီး က ကျေးဇူးတင်စကား ပြောချင်သေးလို့  မပြန်ပါနဲ့ အုံး ဆိုတာကြောင့် ပြန်ထိုင်ကြပါတယ်။ နောက်ပြီး အဲဒီအဖိုးကို နာယကမှန်း မသိပဲ ကျွန်မက အိုဗာတင်းဘူးလေးတောင် ပေးလိုက်ပါသေးတယ်။
သူပြောတဲ့စကား သူ ပေးတဲ့ဆုကို အစအဆုံး ပြန်မပြောတတ်ပေမဲ့ သူ့ စကား သူ့ အသံက ရင်ထဲကို ထုတ်ချင်းပေါက် ရောက်သွားသလို ခံစားခဲ့ရပါတယ်။ အဲဒီအဖိုးအိုက ဆုတွေပေးရင်း မျက်ရည်တွေလည်၊ အသံတွေ တုန်ပြီး ပြောနေတာပါ။ သူ့ အသံနဲ့  သူ့  စကားက ကျွန်မတို့ ကိုပါ ကူးစက် မျက်ရည်ကျလုပါပဲ။
အရှေ့ ဆုံးမှာ ထိုင်နေတာမို့  မျက်ရည်မကျအောင် ထိန်းထားရပါတယ်။ ဒီဖီလင်က ကျွန်မ တစ်ယောက်ထဲ မဟုတ်ပါဘူး။ အရှေ့ မှာ အတူထိုင်နေတဲ့ ကိုလင်းအောင်ပြည့်နဲ့  ကိုသူရိန်ကိုလည်း ခံစားမိ စေပါတယ်။
သူ့ အသံက တိုးတိုး တုန်တုန်ယင်ယင်လေးမို့  ရှေ့ နားက ကျွန်မတို့ သာ ကောင်းကောင်း ကြားခဲ့ရတာ။
သူပြောတာကတော့  “သူတို့ နေတဲ့ ရပ်ကွက်လေးမှာ ဒီလို ဒုက္ခရောက်နေတာကို ဘယ်သူမှလည်း သိပ်မသိကြပါဘူး။ ဘယ်သူမှလည်း လာမလှူကြပါဘူး။ အစိုးရလည်း လာမလှူပါဘူး။ သူတို့ နေရာမှာ ဒီလိုဖြစ်နေမှန်း မြို့ ပေါ်က လူအကုန်တောင် မသိကြချိန်မှာ ကျွန်မတို့ အဖွဲ့ က ၂ကြိမ် တိတိ လာရောက် လှူဒါန်းကြတဲ့အတွက် အလွန် ၀မ်းမြောက်ကြောင်း၊ ကျေးဇူးလည်း တင်ကြောင်း၊ နောင်လည်း ဒီလိုမျိုးတွေ လှူနိုင်ပါ စေကြောင်း” ကို ဘုရားစာလေးတွေ ရွတ်ပြီး ဆုပေးသွားတာပါ။
အဖိုးအိုရဲ့ ဆုတောင်းကို ကြားပြီးချိန်မှာ ကျွန်မ အရမ်းကို ကျေနပ်သွားမိပါတယ်။ ကျွန်မတို့ တတ်နိုင်တဲ့ ပမာဏ သေးသေးလေးနဲ့  လှုဒါန်းလိုက်ပေမဲ့ ရရှိတဲ့သူတွေဟာ သူတို့ ကို ဂရုစိုက်မှု ပေးတယ်ဆိုတဲ့ ကြည်နူးမှု တစ်ခုနဲ့ တင် အတော့်ကို တန်ဖိုးရှိသွားပါပြီ။ ကျွန်မ တို့ ရဲ့ သဲပွင့်လေးတွေဟာ အကျိုးမဲ့ မဖြစ်တော့ပါဘူး။ နောင်ကို ဒီလို သဲပွင့်လေးတွေ များလာခဲ့ရင် သူတို့ အတွက် အထောက် အကူ တစ်ခု ဖြစ် လာပါလိမ့်မယ်လေနော်။
တကယ်တော့ သူတို့ ဟာ MMG ဘာလည်းဆိုတာကို မသိကြပါဘူး။ သိအောင်လည်း ကျွန်မတို့  ပြောမပြ ခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့ ဟာ MMG ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ရောက်လာကြတဲ့ ကျွန်မတို့ တွေကို ဘာမှန်း မသိပေမဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြပါတယ်။ ဒါဟာ နောက်ဆက်လုပ်မဲ့ လုပ်ငန်းတွေအတွက် ရရှိတဲ့ ခွန်အားလို့ ပဲ ကျွန်မက ခံယူပါတယ်။
ဒါကြောင့် ဒီတခေါက် အလှူလေးဟာ အရမ်းကို စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် အလှူပါဝင်သူတွေရော၊ အလှူမပါဝင်ပေမဲ့ ဒီစာ ဖတ်နေတဲ့ MMG အဖွဲ့ ဝင်တွေကိုရော ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်နိုင်အောင် တင်ပြလိုက်ရပါတယ်နော်။ နောက်တပိုင်းမှာ စတုဒီသာ မြင်ကွင်းလေးနဲ့  ဆက်လက် မုဒိတာ ပွားနိုင်အောင် ကျွန်မ တင်ပြပါအုံးမယ်နော်။
read more "ဟင်္သာတသို့  ဒုတိယအကြိမ် အလှူ ခရီးစဉ် (အပိုင်း ၂) "
On 0 comments
27.7.11 နေ့ လည် ၁၂နာရီမှာ တစ်စုံတစ်ယောက်ဟာ ငါးအူချောင်း ပုံး၂ပုံးကို ယူဆောင်ပြီး၊ အလှူခံလို့  ရထားတဲ့ အ၀တ်ထုတ်တွကို ကားပေါ်တင်ရင်း တနေရာကို ထွက်ခွာဖို့  ဟန်ပြင်နေပါတယ်။ သူ သွားတာကို လိုက်ချင်လို့  အားကျ ငေးမောနေတဲ့ ရုံးက သူငယ်ချင်း တွေကို လက်ပြရင်း သူ တက်ကြွစွာနဲ့  ရုံးမှ စတင် ထွက်ခွာလာခဲ့ပါတယ်။
တလက်စထဲမှာပဲ သွားခါနီး၊ လာခါနီးတိုင်း ဘယ်ကိစ္စကိုမဆို သွေးအေးအေးနဲ့  အေးအေးဆေးဆေး လုပ်တတ်တဲ့ သူ့ သူငယ်ချင်းလေးကိုလည်း စိတ်မချနိုင်စွာနဲ့  ကားမထွက်ခင် အချိန်မှီ ရောက်အောင်လာဖို့  ဖုန်းလှမ်းဆက်ရပါသေးတယ်။ နောက်ပြီး ထို သူငယ်ချင်းရဲ့အိမ် က မြို့ ထဲမှာမို့  သူ့ ရဲ့ အိမ်ကနေ စုပြီး လာကြမဲ့သူတွေ ရောက်ပြီလားလို့ လည်း မေးရပါသေးတယ်။ ဟုတ်တယ် လေ တော်ကြာ ကားမမှီ မှဖြင့်…….. အဲဒီ ၂ယောက်က ဘယ်သူတွေ ဖြစ်မယ် ထင်သလဲဟင်?
အဲဒီ ၂ယောက်ကတော့ ဘယ်နေရာသွားသွား အမြဲတမ်း အရင်ဆုံးရောက်ပြီး ဘယ်လုပ်လုပ် နောက် မကျအောင် လောဆော် အားထုတ်တတ်တဲ့ ကျွန်မဆိုတဲ့ မေဇူးနဲ့  ဘယ်သွားသွား ဘယ်ချိန်းချိန်း နောက်ကျ မှ ရောက်လာတတ်တဲ့ သွေးအေးအေးနဲ့  လှုပ်ရှားတတ်တဲ့ ဆရာသမား ကိုလင်းအောင်ပြည့်တို့ ပါပဲ။
ဒီနေ့ လည်း ခုချိန်မှာ ရေပြန်ကျသွားလို့  ရေမကြီးတော့ပေမဲ့ ဒုက္ခသည်တွေ ရှိနေဆဲ ဟင်္သာမြို့ လေးကို ကျွန်မတို့  MMG အဖွဲ့  နောက်တစ်ကြိမ် ထပ်သွားဖို့  ချိန်းထားကြတာပါ။ တကယ်တော့ ဒုတိယအကြိမ် သွားရင် ကျွန်မ ကိုယ်တိုင်လည်း လိုက်ချင်တာမို့  အလုပ်နဲ့  ချိန်ပြီး အားတဲ့ ရက်ကို အပြေးအလွှား သွား တာပါ။ ရုံးက တစ်ရက် ခွင့်ယူပြီးတော့ပေါ့။
တကယ်ဆို ဟင်္သာတ သွားတဲ့ ကားက ညနေ ၄နာရီခွဲအထိ ရှိပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျန်းမာရေး မကောင်းတဲ့ ကျွန်မကို ငဲ့ညှာသောအားဖြင့် Express ကားနဲ့  သွားကြတာပါ။ Express ကားက နေ့ လည် ၁နာရီခွဲမှာ ရှိတယ်ဆိုတာကြောင့် ဒီနေ့  နေ့  လည်ထဲက ကျွန်မ ရုံးက လစ်ရပါတော့တယ်။
သူတို့ အားလုံးနဲ့  ကျွန်မရုံးမှာ ဆုံဖို့ ချိန်းထားပေမဲ့ ငါးအူချောင်းပုံးတွေရော၊ အ၀တ်အထည်တွေရော၊ ကလေးတွေအတွက် ၀ယ်ထားတဲ့ မုန့် တွေရော Taxi တစ်စီးစာ မကတာကြောင့် ကျွန်မဘာသာ ရုံးကားနဲ့  သွားပြီး သူတို့ ကို မြို့ ထဲကနေ တိုက်ရိုက် ကားဂိတ်ကို လာကြဖို့  ပြောင်းချိန်းလိုက်ကြပါတယ်။
ကားလက်မှတ်ကလည်း မဖြတ်ရသေးတာကြောင့် နေ့ လည် ၁၂နာရီမှာ စထွက်ခဲ့ပါတယ်။ ကိုသစ်ကိုက ဒဂုံ-ဧရာကားဂိတ်ကို တန်းပြီး လာမှာပါ။ ဒီနေ့ သွားတဲ့ ခရီးစဉ်ဟာ ကမန်းကတန်း စီစဉ်တာဆိုပေမဲ့ လူအင်အား တောင့်တင်းပါတယ်။
ကျွန်မရယ်၊ ကိုမင်းသူရိန်(ကိုအလင်းစေတမန်)၊ ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ ကိုဗလကြီး (Crazy Bags)၊ ညီမငယ် သဲစုလှိုင် (Flower News သတင်းထောက်ချုပ်)၊ ကိုမင်းသူရိန်ရဲ့ သမီးငယ် ဆန်းမီ (အနာဂတ်ရဲ့ MMG အဖွဲ့ ဝင်လောင်းလေး) အားလုံးပေါင်း ၇ယောက်ပါ။
ကျွန်မ ဒဂုံ-ဧရာကားဂိတ်ကို ရောက်တော့ ဘယ်သူမှ မလာသေးပါဘူး။ ကားလက်မှတ်ဖြတ်၊ ပစ္စည်းတွေ အပ် ပြီးချိန်မှာ မြို့ ထဲက လာတဲ့အဖွဲ့ ကို ဖုန်းဆက်လိုက်တော့ ဘုရင့်နောင် လမ်းဆုံ ရောက်နေပြီ ဆိုတာကြာင့် အချိန်ကလည်း ခုမှ ၁နာရီပဲ ရှိသေးတာကြောင့် စိတ်အေးသွားပါတယ်။ နောက်ထပ် ၁၅မိနစ်လောက် ကြာတော့ ကျွန်မရဲ့ အဖွဲ့ သားများ အသီးသီး ရောက်ရှိလာကြပါ တယ်။
ဒီလိုနဲ့  ကျွန်မတို့ အဖွဲ့ သားတွေ နေ့ လည် ၁နာရီခွဲမှာ ရန်ကုန်မြို့ က စတင် ထွက်ခွာလာခဲ့ပါတယ်။ လူတွေ များတော့ ပျော်စရာပါပဲ။ အမှန်အတိုင်း ပြောရရင် ဒီရက်ပိုင်းမှာ ကျွန်မ စိတ် တအားညစ်နေတာပါ။ အလုပ် ကိစ္စတွေရော၊ ကိုယ်ရေး ကိုယ်တာတွေ ဘာမှန်းမသိ ညစ်ညူးနေတာမို့ ခုလို ခရီးထွက်လိုက်ရချိန်မှာ စိတ်က ပြေလျော့ လန်းဆန်းသွားတာတော့ အမှန်ပါပဲ။
ကားပေါ်မှာ အားလုံး စကြ နောက်ကြရင်းနဲ့  လိုက်ပါလာကြတာလေ။ ဒီလိုနဲ့  ဓနုဖြူမှာ ကားက ခဏ ရပ်ပါတယ်။ အဲဒီမှာ အကြော် တစ်ခုကို ၁၀ကျပ်ပဲ ပေးရတာမို့  အားလုံးက သဘောကျပြီး ၀မ်းသာအားရ စားကြသလို မှတ်တမ်းဓာတ်ပုံလေးတောင် ရိုက်ထားသေး။
တလမ်းလုံး နေသာလာတာ ဇလွန်လည်း ရောက်ရော မိုးတွေ စရွာပါလေရော။ ဟင်္သာတကို ကျွန်မ တို့ ရောက်ချိန်မှာတော့ မိုးက အင်တိုက် အားတိုက်ကို ရွာနေတာပါ။ ညနေ ၆နာရီလောက်မှာ ဟင်္သာတ ကို ရောက်ပါတယ်။
ဒီလိုနဲ့ ကျွန်မတို့  တည်းခိုမဲ့ တက္ကသိုလ်နားက ဘီ၃လုံး အဆောင်ရှိရာ အန်တီတူးတို့  အိမ်ကို ရောက်ချိန်မှာ မိုးက အသားကုန် ရွာ နေတာပါ။ ဒါကြောင့် မိုးထဲမှာပဲ ပစ္စည်းတွေ ချရင်း စိုရွှဲကုန်ကြပါတယ်။ အဆောင်ရှေ့  က ဆိုင်ခန်းလေးမှာ ပစ္စည်းလေးတွေ (ပထမ အကြိမ်က ထမင်းထုတ်တွေ ဝေတဲ့ ယာယီတဲနန်းလေးမှာ) ချရင်း နောက်နေ့  ဘယ်မှာ ကျွေးလို့ ရမယ်။ ဘယ်ကို လိုက်ကျွေးရ မယ်ဆိုတာကို ဟင်္သာတ ဒေသခံ MMG အဖွဲ့ ဝင်တွေနဲ့  ကိုလင်းအောင်ပြည့်က မေးမြန်း စီစဉ်နေပါတယ်။
ဟင်္သာတမှာ တစ်ခု ထူးခြားတာက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းနေနိုင်အောင် ထောက်ပံ့ပြီး စာသင်ပေးနေတဲ့ Unicef အဖွဲ့ လေး ရှိပါတယ်။ အဲဒီအဖွဲ့ က ကလေးတွေကို ညနေ ၄နာရီကနေ ၆နာရီအထိ စာသင်ပေးတာပါ။ ကျွန်မတို့ တွေ စကား ထိုင်ပြောနေချိန်မှာ ဒီကလေးတွေက ကျောင်းဆင်းပြီး ပြန်လာ တာကို တွေ့ တာကြောင့် ကျွန်မက မုန့် ဝေချင်တယ်။ ခဏ တားထားပေးလို့  ပြောပြီး အိမ်ထဲ မုန့် ဘူး ပြေးယူ ချိန်မှာ ကျွန်မတို့ ရဲ့ ကင်မရာမန်းကြီးကလည်း ကင်မရာ ပြေးယူတာနဲ့  ဆုံပါတယ်။
ဒါနဲ့ ပဲ ကျောင်းဆင်းလာတဲ့ ကလေးတွေကို ကျွန်မ ၀ယ်လာတဲ့ လော်လီပေါ့ သကြားလုံး လေးတွေ ဝေ ပး ဖြစ် ခဲ့ပါတယ်။ မိုးတွေ စိုရွှဲနေတဲ့ ကလေးတွေကို မုန့် ဝေအပြီးမှာ သူတို့ ရဲ့ ဆရာမ ရောက်လာတာကြောင့် သတင်းထောက် ညီမငယ် သဲစုလှိုင်က အင်တာဗျူး ပါတယ်။ ကျွန်မတို့ မှာ MMG ဗလာစာအုပ်တွေလည်း ပါလာတာကြောင့် နောက်နေ့ မှာ ကလေးတွေကို ဝေချင်ရင် ဝေလို့ ရပါတယ်။
ကျွန်မတို့  ခရီးစဉ်မှာ မူလအစီအစဉ်က မနက်ဖြန်မှာ မနက်ပိုင်း အလှူလုပ်ပြီး ညနေပိုင်း ကားစီးပြန်ဖို့ ပါ။ ဒါပေမဲ့ အားလုံးက အချိန်လည်း ပိုရအောင် အေးအေးဆေးဆေးလည်း နေရအောင် နောက်တစ်ရက် မနက် ၃နာရီကားနဲ့ မှ ထပြန်ပါလားလို့  ပြောကြပါတယ်။ ဒါဆိုရင်လည်း ရုံးပြန်တက် မှီပါတယ် ဆိုတာကြောင့် ဒီလိုပဲ လုပ်ဖို့  ဆုံးဖြတ်လိုက်ကြပါတယ်။
ကလေးတွေကို မုန့် ဝေပြီေးတာ့ ရေမိုးချိုးပြီး ဘေးအိမ်က ကိုလင်းအောင်ပြည့်ရဲ့ သူငယ်ချင်းအိမ်မှာ ထမင်း သွားစားကြပါတယ်။ ဗိုက်ဆာဆာနဲ့  စားကောင်းကြတာ အမှန်ပါပဲ။ ထမင်းစားပြီးတော့ ဆိုင်ကယ်တွေ ရှာပြီး မြို့ ထဲကို သွားကြပါတယ်။ နောက်နေ့ ဝေမဲ့ ရပ်ကွက်တွေရဲ့ အခြေအနေကို စုံစမ်းဖို့ ရယ်၊ ဘုရားဖူးပြီး လဘက်ရည် သောက်ရအောင်ရယ်ဆိုပြီး သွားကြတာပါ။
ကိုလင်းအောင်ပြည့်နဲ့  ကျွန်မက ဆိုင်ကယ်တစ်စီး၊ သဲစုတို့ ၊ ကိုသစ်တို့  ကိုသူရိန်တို့  ကိုဗလကြီးတို့ က ဟင်္သာတက မြို့ ခံ သူငယ်ချင်းတွေရဲ့ ဆိုင်ကယ် နောက်မှာ အသီးသီး ပါသွားကြပါတယ်။ ကျွန်မတို့ ကို မြို့ ထဲမှာ ပတ်ပြပြီး ပြည်လုံးကပ်ကျော် ဦးပါရဲ စေတီတော်ကို လိုက်ပို့ ပါတယ်။
သွားလေရာမှာ အရာရာနဲ့  အကြောင်းကြောင်းဆိုတဲ့အတိုင်းပဲ ကျွန်မတို့  ဆိုင်ကယ်က လမ်းမှာ ဘီးပေါက် နေတာကြောင့် ဘုရားကို ရောက်အောင် မနည်း ထိန်းမောင်း လာရပါတယ်။ ဒီရောက်တော့ သဲစုတို့  စီးလာတဲ့ ဆိုင်ကယ်ကလည်း ဘီးပေါက်လာတယ် ဆိုတာကြောင့် ကျွန်မတို့ ကို ဘုရားရှေ့ က လဘက်ရည်ဆိုင်မှာ ထားပြီး ဆိုင်ကယ် ဘီးသွားဖာကြပါတယ်။
ညမှောင် နေတာကြောင့် ဘုရားဘေးက တာပေါင်ပေါ်ကို မရောက်ခဲ့ပါဘူး။ လှမ်းကြည့်လို့ လည်း ဘာမှ မမြင် ရတာကြောင့် ဘုရား ထဲမှာ တပတ်ပတ် ဓာတ်ပုံရိုက်ပြီး လဘက်ရည် ပြန်ထိုင်ကြပါတယ်။ လဘက်ရည် ဆိုင်မှာ မနက်ဖြန် သွားကျွေးဖို့  တိုင်ပင် ပြောဆိုကြပါတယ်။ ဒေသခံ ဌာနဆိုင်ရာ လူကြီးအချို့ လည်း ရှိနေတာ ကြောင့် မနက်ဖြန် ဘယ်နေရမှာ ကျွေးမယ် ဘယ်လို ကျွေးမယ်ဆိုတာ တိုင်ပင်ကြပါတယ်။
ပြီးတော့ ညချမ်းအေးအေးလေးမှာ ဆိုင်ကယ်စီးပြီး အိမ်ပြန်ကြပါတယ်။ ဒီအချိန်မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်မတို့ စီးလာတဲ့ ဆိုင်ကယ်က နောက်တစ်ကြိမ် လမ်းမှာ ဘီးပေါက်ပြန်သောအခါ…………..
read more "ဟင်္သာတသို့  ဒုတိယအကြိမ် အလှူ ခရီးစဉ် (အပိုင်း ၁)"
On 0 comments
လက်ဆောင်လို့  စဉ်းစားလိုက်ချိန်မှာ တကယ်တမ်းကျ ကျွန်မက ဒီဇိုင်းလည်း မဆွဲတတ်ဘူး။ ဒီဇိုင်နာတွေလို လှလှပပလေးလည်း ရုပ်လုံး မဖော်တတ်ဘူး။ ကိုယ်လုပ်ချင်တာလေးက အမှတ်တရ ဖြစ်ရင် ပြီးတာပဲဆိုတဲ့ စိတ်ကူးလေးနဲ့  စဉ်းစားခဲ့တာပါ။
ဒါကြောင့်ပဲ ဖန်ခွက်အဖြူရောင်လေးရဲ့ တဘက်ခြမ်းမှာ “နာဂစ်” အထိမ်းအမှတ် ကဗျာပြိုင်ပွဲ အမှတ်တရ လက်ဆောင် ဆိုပြီး စာလေးရေး အောက်မှာ ကျွန်မရဲ့ လိုဂိုပုံလေး ထည့်ပြီး လုပ်လိုက်ပါတယ်။ နောက်တခြမ်း မှာတော့ ဆုရတဲ့ ကဗျာနာမည်ရယ်၊ ဆုအမျိုးအစားရယ်၊ ဆုရသူအမည်ရယ်ကို ရိုးရိုး ရှင်းရှင်းလေးပဲ ရေးပြီး Print လိုက်တာပါ။
ထို့ အတူပဲ “အွန်လိုင်း ရွှေဝတ္ထုတို ပြိုင်ပွဲ” ဆုရတဲ့ ကိုသတိုးကိုလည်း အတူတူပဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကို Café 35 မှာ ဆုပေးပွဲလုပ်မဲ့ အချိန်ကျမှ သူတို့ အားလုံးကို ပြတာပါ။ ရတဲ့သူတွေလည်း နှစ်သက်ကြမယ် ထင်ပါတယ်နော်။
လူစုံချိန်မှာ ဆုပေးပွဲလေး စတင်ခဲ့ပါတယ်။ ကဗျာဆုရရှိသူတွေအတွက် ညီမငယ် မြတ်မွန် တာဝန်ချီးမြှင့်ပေး တဲ့ ဆုငွေရယ်၊ ကိုလင်းအောင်ပြည့် ဒီဇိုင်းပြုလုပ်ထားတဲ့ ဆုတံဆိပ်လက်မှတ်ရယ်၊ ကျွန်မရဲ့ အမှတ်တရ လက်ဆောင် ကော်ဖီခွက် ဖြူဖြူလေးရယ် အားလုံး ၃မျိုးပါ။ (ဆုရရှိသူများ အားလုံးက သူတို့ ရဲ့ ဆုငွေကို MMG က စီစဉ်နေတဲ့ ကျောင်းဖွင့်ချိန်မှာ ပရဟိတကျောင်းက ကလေးတွေကို ဝေဖို့  ဗလာစာအုပ်ထုတ်မဲ့ အလှူအတွက် ပြန်လှူလိုက်ကြပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးပါ အကိုတို့ ရေ။)
ကိုသတိုးအတွက်ကတော့ ကိုလင်းအောင်ပြည့် အထူးစီးမံ ပြုလုပ်ထားတဲ့ ဆုတံဆိပ် ဖလားလေးပါ။ ဒါပေမဲ့ ကိုသတိုး သနားပါတယ်။ သူ့ ရဲ့ ဖလားကို ယမကာ လုလင်များအဖွဲ့ က ဖြုတ်ယူမယ် တကဲကဲ လုပ်နေလို့  သူ့ ခမျာ မနည်းကို ထိန်းသိမ်းနေရရှာပါတယ်။
အွန်လိုင်းရွှေဝတ္ထုဆုရတဲ့ ကိုသတိုးကို ကျွန်မက ဆုပေးပေးသလို ကဗျာပထဆုရတဲ့ ကိုကြည်နိုင်ကို ကိုလင်းအောင်ပြည့်မှ၎င်း၊ ဒုတိယဆုရတဲ့ ကိုသစ်ကိုကို ကိုသတိုးမှ၎င်း၊ တတိယဆုရ ကိုစိုးပိုင်ဦးကို ဆရာ ဦးငြိမ်းစိုးဦးမှ၎င်း၊ အသီးသီး ဆုချီးမြှင့်ပေးကြပါတယ်။
ဆုပေးပွဲပြီးချိန်မှာ ဆရာ ဦးငြိမ်းစိုးဦးက MMG ကိစ္စ၊ မာတီကိစ္စ၊ ကဗျာကိစ္စ၊ အနုပညာကိစ္စ၊ အခြား လူမှုရေး ပရဟိကိစ္စတွေကို ဘာမဆို တက်တက်ကြွကြွ တိုင်တိုင် ပင်ပင်နဲ့  စုစုစည်းစည်း လုပ်ကြဖို့  ပြောပါတယ်။ ကျွန်မတို့  MMG အဖွဲ့ အခုလို လာတာကိုလည်း ဆရာက ၀မ်းသာကြောင်း ပြောကြားပါတယ်။
ဆုပေးပွဲပြီးတော့ နေပြည်တော် လဘက်ရည်ဆိုင်ကို တခါပြန်သွားပြီး လဘက်ရည် သောက်ရင်း စကားတွ ပြောကြ ပြန်ပါတယ်။ ကိုလင်းအောင်ပြည့် တစ်ယောက်ကတော့ ရန်ကုန်ထက် Conncetion ပိုကောင်းတဲ့ ကျုံတိုင်းမှာ ဓာတ်ပုံ တွေ ပြေးတင်ဖို့  စဉ်းစားပေမဲ့ မအောင်မြင်ပါဘူး။ ဒါကြောင့် ကိုကြည်နိုင်တို့ ပဲ အဆင်ပြေရင် တင်ပေးပါတော့လို့  အပ်ခဲ့ရပါတော့တယ်။
ကျွန်မတို့ ကို ညစာ အတင်းကျွေးနေလို့  မစားပါရစေနဲ့ တော့ ပြန်တောင် တောင်းပန် ယူရပါတယ်။ တနေ ကုန် စားထားသောက်ထားတာ မနည်းတော့ဘူးလေ။ လဘက်ရည်ဆိုင်လေးကနေ ခဏလေး ပြန်ပြီး ပျိုးခင်းသစ်မှာ အထုတ်အပိုးတွေ ၀င်ယူပြီး Café 35 မှာ ကားမစီးရခင် အချိန်အထိ ထိုင်ပြီး စကားပြောဖြစ် ခဲ့ကြပါတယ်။ ည၇နာရီ ကားထွက် တော့ အားလုံးက လက်ပြကျန်ရစ်ခဲ့ပြီး ကျွန်မတို့  ၃ယောက်ထဲ ပြန်လာ ရတာ စိတ်တောင် မကောင်းပါဘူး။ (နောင်ကိုလည်း ကျုံတိုင်းက လူတွေ လာလည်တာကို ရန်ကုန်က ကျွန်မတို့ တွေ လက်ပြ နှုတ်ဆက်ခွင့် ရချင်ပါသေးတယ်နော်)
ဘာပဲဖြစ်ဖြစ် ဆုပေးပွဲလေးက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့  အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။ ဆုပေးပွဲကို အကြောင်း ပြုလို့  ကျုံတိုင်းနဲ့  ကျွန်မတို့  MMG အဖွဲ့ လေးလည်း ပိုမို ရင်းနှီး နွေးထွေး သွားခဲ့ပါပြီ။ ကျွန်မ တို့ ကို လိုလေသေးမရှိ ဧည့်ခံ လိုက်ပို့  ကျွေးမွေး ပြုစုရုံသာမက အပြန်လက်ဆောင် ပုဇွန်ခြောက်တွေ၊ လပွတ္တာရဲ့ နာမည်ကြီး ထမနဲတွေပါ လက်ဆောင် ထည့်ပေးလိုက်တာ ကျေးဇူးအထူးပါနော်။
အမတို့ ကို လက်သုတ်ဖို့  တစ်ရှုးတောင် အိတ်ထဲက မထုတ်စေရဘူး၊ အားလုံး အဆင်သင့် ယူပေးမယ် လို့  ပြောခဲ့တဲ့ ကိုဇင်မင်းထွန်း (ကိုဇင်မင်းထွန်းလို့ ခေါ်လို့ ငရဲကြီးမှာ မကြောက်နဲ့  လေးစားသမှုနဲ့ ခေါ် တာ)၊ ထမင်းဖိတ်ကျွေးတဲ့ ဆရာ ဦးငြိမ်းစိုးဦးနဲ့  ဆရာကတော်၊ အမေ နေမကောင်းတဲ့ကြားက ကျွန်မတို့  ရှိရာကို အပြေးအလွှား ပြန်လာပေးတဲ့ ကိုသတိုး၊ သွားလေရာကို ဆိုင်ကယ်နဲ့  လိုက်ပို့ ပြီး စားချင်တာ တွေ အကုန်လိုက်ကျွေး၊ လက်ဆောင်များ ၀ယ်ခြမ်းပေးသော ကိုကြည်နိုင်နှင့် ကျုံတိုင်းရွာသား အကိုတော် များနှင့် မောင်ငယ်များ၊ ကျွန်မတို့  ဆုပေးပွဲကို သူ့ ရဲ့ နေရာမှာ ကျင်းပခွင့် ပြုရုံသာမက ကျွန်မတို့ သွားရာ တကောက်ကောက်ာ လိုက်ပါပို့ ဆောင်ပေးတဲ့ Cafe 35 က ကိုထွန်းထွန်းသူ၊ ဓာတ်ပုံအတူတွဲရိုက်ပါရက်နဲ့  ကိုယ်လုံးသေးလို့  နာမည် စာတန်းထိုးရာမှာ ကျန်ရစ်ခဲ့သော ကိုမိုးမြင့်သီဟတို့ အား အထူးပင် ကျေးဇူးတင် ရှိပါကြောင်း.............
ထို့ အတူ ကျွန်မတို့  ကျင်းပသော ကဗျာပြိုင်ပွဲအတွက် ချီးမြှင့်ရန် ဆုတာဝန် ယူပေးသော အဝေးရောက် ညီမငယ်မြတ်မွန်၊ ရောက်လေရာဒေသတွေ အလှူလုပ်ချင်သော ကျွန်မတို့ ဆန္ဒနှင့် တိုက်ဆိုင်စွာ စေတနာ ထက်သန်စွာဖြင့် လပွတ္တာက ပရဟိတကျောင်းလေး တွင် စာအုပ်များ၊ ခဲတံများ လှူဒါန်းသော ညီမငယ် သော်တာနှင့် အခြား ကျေးဇူးတင်ထိုက်သောသူများအား ကျေးဇူး အထူးတင်ရှိပါကြောင်း........... ...........
နောင်ကိုလည်း ကျွန်မတို့  ပြုလုပ်ဆင်နွှဲသောပွဲတိုင်းတွင် ကျွန်မတို့ နှင့်အတူ လက်တွဲ လှုပ်ရှားနိုင်ပါစေလို့  ဆုတောင်းရင်း ကျုံတိုင်းခရီးစဉ်လေးကို အဆုံးသတ်ပါတယ်နော်။
ကျွန်မရဲ့ ပို့ စ်လေးကို ဖတ်ပေးကြသောသူများ အားလုံးလည်း ပျော်ရွှင် ချမ်းမြေ့ အနာကင်းကြပါစေ။
read more "ကျုံတိုင်းရွာသို့  အလည်တစ်ခေါက် (၃)"
On 0 comments
အားလုံးစိတ်ဝင်စားကြတဲ့ ဇာတ်လမ်းက ခုမှ စပါတယ်။ ကြိုးကြာကို အပြင်မှာ တစ်ခါမှ မမြင်ဘူးတဲ့ ကျွန်မက ကိုလင်းအောင်ပြည့် ကင်မရာအောက်မှာ ပို့ စ်ပေးနေတဲ့ ငှက်ကို ကြည့်ရင်း အလန့် တကြား ထအော်လိုက်တဲ့ စကားက ကမ္ဘာမကျော်ပေမဲ့ မာတီမှာ၊ MMG မှာ နာမည်ကြီးတော့မှာ သေချာပါတယ်။
“ဟယ် ကြိုးကြာကြီးရဲ့ နှုတ်သီးက အလယ်မှာ ပေါက်နေတယ်တော့” တဲ့လေ။
ကျွန်မရဲ့ အာမေဋိတ်သံအဆုံးမှာ အားလုံးက ၀ိုင်းရယ်ကြပါတယ်။ အဲဒါ နှာခေါင်းပေါက်တဲ့။ နှုတ်သီးပေါက် နေတာ မဟုတ်ဘူးတဲ့ သေရော။ ဒီစကားကို ဖွကြတော့မယ်လို့ တော့ ထင်သား။ နှုတ်ပိတ်ခ မပေးခဲ့မိဘူးကိုး ဟ ဟ။ ကျွန်မက အဲလို လွဲတာလေ။
ရှင်စောမြတ်စေတီက အပြန်လမ်းမှာ ကိုကြည်နိုင်က ကျွန်မတို့ ကို ရွာလမ်းလေးကနေ ပတ်ပြီး ခေါ်သွားပါ တယ်။ ၀ါးရုံပင်တွေကြားကနေ ဖြတ်သွားရတဲ့ ရွာလမ်းလေးက အေးအေးချမ်းချမ်း သာသာယာယာ ရှိလှ ပါတယ်။
ဘုရားကအပြန် လမ်းမဘေးမှာရှိတဲ့ သုခိတရာမ ပရဟိတစာသင်ကျောင်းကို ကျွန်မတို့  ရောက်သွားချိန်မှာ ဆရာတော်က ဆွမ်းစားပြီးရုံပဲ ရှိပါသေးတယ်။ ကျွန်မတို့ က ကျောင်းရဲ့ အခြေအနေကို စုံစမ်းကြည့်တဲ့အခါ ဒီကျောင်းလေးမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ပညာဒါန သင်ကြားပေးရန် လက်ခံပြီး လက်ရှိ ကျောင်းသူကျောင်းသား ၂၀၀ ကျော်လောက် ရှိတယ်လို့  သိရပါတယ်။
၁၀တန်း ကျောင်းသူ၊ကျောင်းသားများကိုတော့ ဆရာတော်က သီးသန့်  လက်ခံပြီး စာကျက်ဝိုင်းပုံစံနဲ့  လက်ခံ သင်ကြားပေးတယ်လို့  သိရပါတယ်။ ကျောင်းသားတွေကို ဆရာတော် ကိုယ်တိုင်လည်း စာသင်ကြား ပေးပါသတဲ့လေ။
ကျောင်းဖွင့်စမှာ ကျောင်းသူ ကျောင်းသားတွေအတွက် အနည်းဆုံး စာအုပ် ဒါဇင် ၅၀လောက် ဦးစွာ လိုအပ် တယ်လို့  သိရပါတယ်။ ဒါနဲ့  ကျွန်မတို့ တွေလည်း ဂျပန်ရောက်နေတဲ့ ညီမလေး သော်တာက စာအုပ်တွေ လှူဒါန်းချင်တဲ့ အကြောင်း လျှောက်ထားရင်း တွက်ကြည့်လိုက်တဲ့အခါ ညီမလေး သော်တာ လှူဒါန်းမဲ့ ငွေ ၁သိန်းဟာ စာအုပ် ဒါဇင် ၅၀၊ ခဲတံ ဒါဇင် ၅၀စာ လှူဒါန်းနိုင်တာကြောင့် ကျောင်းဖွင့်အမှီ တခါထဲ ဝေပေးနိုင်အောင် ရည်ရွယ်ပြီး ဒီကျောင်းလေးမှာပဲ လှူဒါန်း ပေးခဲ့ပါတယ်။
နောက်တော့ ကျောင်းဝင်းထဲမှာ လှည့်ပတ်ကြည့်ရှုရင်း ဗိုက်လည်း ဆာနေပြီမို့  အမြန် ပြန်ကြပါတယ်။ အပြန်မှာ Café 35 ကို ခဏ၀င်ပြီး ညီမလေး သော်တာ့ဆီ မေးလ်ပို့ ၊ သူ့ အလှူပုံလေးတွေကို တခါထဲ Attached လုပ်ပြီး ပို့ လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမလေး သော်တာဆီကနေ ဖုန်းဝင်လာတာမို့  အားလုံးနဲ့  ပြောလိုက်ရ ပါတယ်။
ပြီးတာနဲ့ ဆရာ ဦးငြိမ်းစိုးဦးအိမ်ကို အရောက်မြန်မြန် ပြေးကြတော့တာပါပဲ။ ကိုသတိုးဆီကလည်း ဖုန်းလာ ပါတယ်။ သူ့ အမေ သက်သာသွားပြီမို့  ဆေးရုံတင်စရာ မလိုတော့ပါဘူးတဲ့။ သူလည်း ပြီးရင် ဒီအုပ်စု နောက်ကို လိုက်လာခဲ့ပါမယ်တဲ့။ အားလုံးလည်း နည်းနည်းတော့ စိတ်အေးသွားပါတယ်။
ဆရာ့အိမ်ရောက်တော့ ဆရာနဲ့  ကိုဝင်းနိုင်-အလင်္ကာတို့ က ကျွန်မတို့  မလာသေးတာမို့  ထမင်းစား နှင့်နေပါပြီ။ ကျွန်မတို့ လည်း ရောက်လာရော ဆရာက စားလက်စကို ရပ်ပြီး ကျွန်မတို့ ကို ဆရာကတော်နှင့် အတူ ခူးခပ်ကျွေးမွေးပါတယ်။ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ ကိုကြည်နိုင်တို့ ကဆိုရင် သော်တာ လေးကို သရေယိုအောင် ဆရာငြိမ်းအိမ်မှာ ဟင်း၈မျိုးနဲ့  ထမင်းသွားစားမယ်ဆိုတာကြောင့် သော်တာ့ခမျာ သူကတော့ ခေါက်ဆွဲပြုတ်ပဲ သောက်နေရတာလို့  ကြိတ်မနိုင်ခဲမရ ဖုန်းထဲကနေ အော်နေပါတယ်။
ဆရာ့အိမ်က ဟင်းချက်ကောင်းသလို အားလုံးကလည်း ဆာနေတာမို့ အမှန်အကန် စားကြပါတယ်။ အားလုံး သရေယိုအောင် ပြောရရင် ပုဇွန်ကြော်၊ ကြက်သားဆီပြန်၊ ကန်စွန်းရွက်ကြော်၊ ချဉ်ရေဟင်း၊ မြစ်ငါးတန် ဆီပြန်၊ ငပိ တို့ စရာနဲ့  စားမြိန်စရာတွေချည်းပါပဲ။
ထမင်းစားပြီး ထိုင်စကားပြောကြတော့လည်း အချိုပွဲအစုံနဲ့  ဧည့်ခံပါတယ်။ ခဏနေတော့ ဆရာ့က ဆရာ့ အမျိုးသမီးကို ကျွန်မကို အိမ်ထဲ ခေါ်ပြလိုက်ပါလို့  ပြောပါတယ်။ ကျွန်မ အိမ်ထဲ လိုက်ဝင်သွားတော့ အိမ်ခန်း ထဲမှာ ကျွန်မအတွက် အိပ်ရာပြင်ထားပေးတာပါ။ မိန်းကလေး တစ်ယောက်ထဲ ပါလာမှာမို့ လို့  ဆရာတို့  အိမ်မှာ ကျွန်မ နားနေဖို့ အတွက် စီစဉ် ပေးထားတာပါ။ ကျွန်မတို့ ရောက်ချိန်ကလည်း နောက်ကျနေ၊ ခဏပဲလည်း နားဖို့ အချိန်ရတော့တာမို့ ကိုကြည်နိုင် တို့ က ဆရာတို့ ကို နှိုးရမှာ အားနာတာနဲ့  ကျွန်မကို သွားမပို့ တော့တာပါ။
ဆရာ လာရှာတဲ့အချိန်ကလည်း ကျွန်မတို့ က လဘက်ရည်ဆိုင် ရောက်နေတာမို့  မတွေ့ ပဲ လွဲသွားတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မကအတွက် စဉ်းစားပြီး စီစဉ်ပေးထားတာ ကျေးဇူးပါနော်။ ဆရာ့အမျိုးသမီး ပြောတဲ့ စကားတစ်ခွန်း ကလည်း မှတ်သားစရာပါ။
ကျွန်မတို့ တွေဟာ အရင်က နာမ်ချင်းပဲ သိပြီး ခုမှ ရုပ်တွေ မြင်ခွင့်ရကြတာတဲ့လေ။ ဟုတ်တယ်နော်။ တစ်ယောက်နဲ့  တစ်ယောက် လူချင်းသေချာ တွေ့ ဖူး ပြောဖူး ဆိုဖူးကြတာလည်း မဟုတ်ပဲ အသံချင်း၊ စကားလုံးချင်း အတွေးအခေါ် ချင်းသာ ဖလှယ် ရင်းနှီးခဲ့ရတာလေ။ ခုလို လူချင်း ရင်းနှီးတော့လည်း ပိုပြီး နားလည်မှု၊ ခင်မင်မှုတွေ တိုးပွားခဲ့ရပါ တယ်။
ဆရာ့အိမ်မှာ စကားပြောပြီးချိန်မှာ အအေးသောက်ဖို့  ဖိတ်ထားတာကြောင့် ရှမ်းလေး အအေးဆိုင်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ဆရာကတော့ Café 35 မှာ ညနေ ၃နာရီအချိန်မှာ ပြုလုပ်မဲ့ ဆုပေးပွဲကိုပဲ တန်းလာခဲ့မယ်တဲ့။ ကျွန်မတို့ နဲ့  အအေးဆိုင် မလိုက်တော့ပါဘူး။
အအေးဆိုင်သွားတဲ့လမ်းမှာ ထန်းသီးတွေ အခိုင်လိုက် ရောင်းတဲ့ဆိုင်က ထန်းသီးတွေ စားချင်တယ်လို့  အသွားထဲ က ပူဆာထားတော့ ကျွန်မကို ကျုံတိုင်းက အကိုတွေက ထန်းသီး ၀ယ်ကျွေးကြပါတယ်။ ရန်ကုန်မှာ စားရတဲ့ ထန်းသီးလို မဟုတ်ပဲ နုဖတ်နေတာပါပဲ။
အအေးဆိုင်မှာ စကားပြော အအေးသောက်ကြပြီး ညနေ ၃နာရီမှာ Café 35 ကို ပြန်ကြပါတယ်။ ကျွန်မတို့ ရောက်ပြီး မကြာခင်မှာပဲ ကိုသတိုးလည်း ရောက်လာတာမို့  ဆုပေးပွဲအတွက် လူစုံပါပြီ။
ဆုပေးပွဲနဲ့  ပတ်သက်ပြီး ကျွန်မမှာ ပြောစရာ ရှိပါတယ်။ ရန်ကုန်မှာရှိစဉ်ထဲက ဆုရတဲ့သူများအတွက် ကျွန်မ အမှတ်တရ တစ်ခုခု စီစဉ်ထားတယ်လို့  ပြောပါတယ်။ သူတို့ က ဘာစီစဉ်တာလဲတဲ့။ ကျွန်မက မပြောပြဘူး။ သိချင် ၀ယ်ဖတ်လို့  နောက်နေခဲ့တာပါ။
နောက်ပြီး ကျုံတိုင်းရွာသားတွေ အတွက် တစ်ခုခု ပေးချင်တယ်။ ဘယ်နှစ်ယောက်ရှိလဲလို့  ကိုသစ်တို့  ကိုလင်းတို့ ကို စုံစမ်းပါတယ်။ သူတို့ က ၇ယောက်လောက် ရှိမယ်ထင်တယ်။ ဘာပေးမှာလဲတဲ့။ ကျွန်မ ကလည်း မပြောပြခဲ့ပါဘူး။ သိချင်ရင် ဟိုကျမှ ကြည့်ပေါ့လို့ လေ။
တလမ်းလုံး သူတို့  ဘယ်လိုပဲ အစ်မေးပါစေ၊ မပြောပြခဲ့ပါဘူး။ ဒါကြောင့် ကျွန်မ ဘာစီစဉ်လာလဲဆိုတာ ရန်ကုန်က ဆရာ၂ယောက်က ပိုသိချင်ပါတယ်။ အမှတ်တရပေးဖို့ စဉ်းစားတဲ့နေရာမှာ ပထမဆုံး ကျုံတိုင်းသားများအတွက်လို့  တွေးမိချိန်မှာတော့ အားလုံးဟာ စာပေသမားများဖြစ်ကြတယ်။ ဒါကြောင့် စာရေးဖို့  ဘောပင်လေးရယ်၊ စာအုပ်ဖတ်ရင်း သောက်ဖို့  ကော်ဖီထုတ်လေးတွေရယ်က ရိုးရှင်းပြီး အသုံးဝင် မယ်လို့  စိတ်ကူးပြီး ရွေးချယ်ခဲ့ပါတယ်။
ဆုရတဲ့သူတွေကို အမှတ်တရ တစ်ခုခုကို ကျွန်မအနေနဲ့ ပေးချင်မိတာကိုတော့ တော်တော်တွေးရပါတယ်။ အားလုံး ကလည်း ခေသူမဟုတ်တွေချည်းပဲလေ။ တော်ရုံပစ္စည်းဆို သူတို့  စိတ်ဝင်စားမယ် မထင်။ ဒီတော့ ကျွန်မ ပေးမှန်း လည်း သိရအောင် သူတို့ အတွက်လည်း အမှတ်တရ ဖြစ်ရအောင်ဆိုပြီး ကျွန်မ လုပ်နိုင်တဲ့ စိတ်ကူးလေးနဲ့  Hand Made ပစ္စည်းလေးပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါလေးကတော့…………………………………….
read more "ကျုံတိုင်းရွာသို့  အလည်တစ်ခေါက် (၂)"