Showing posts with label စာပေဆောင်းပါး. Show all posts
Showing posts with label စာပေဆောင်းပါး. Show all posts
On 0 comments

ဝတ္ထုတစ်ပုဒ်မှာ သရုပ်မှန်မှု အငွေ့ အသက်ရအောင် ဘယ်လိုရေးရမယ်ဆိုတာကို စာရေးဆရာမ La Vyrle Spencer က သူ့  ဆောင်းပါးမှာ ဒီလို ပြောထားပါတယ်။

“အဲဒီ ၀တ္ထုကို ဖတ်လိုက်ရတာ တကယ့်အဖြစ်အပျက်လိုပဲ။ ဘယ်လိုများ ရေးလိုက်တာလဲ” လို့  တစ်စုံ တစ်ယောက် က စာရေးသူ ကိုမေးမယ်ဆိုရင် ဒါဟာ စာရေးသူအတွက် ကြီးစွာသော ဆုလာဘ် ရလိုက်သလို ပါပဲ။ တကယ်လို့ ပြောလာသူက ဆက်ပြီး “ကျွန်တော် ကိုယ်တိုင် အဲဒီဇာတ်လမ်းထဲ ရောက်သွားသလိုပါပဲ။ ၀တ္ထုထဲက အသံတွေ ကြားရတယ်။ အနံ့ တွေ ရနေတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့  ကိုယ်တိုင် အဲဒီ စာမျက်နှာ တွေထဲ ရောက်သွားတယ်ဗျာ” လို့  ဆိုလိုက်ရင် အဲဒီ စာရေးဆရာဟာ စာဖတ်သူအတွက် ထူးခြားမှု တစ်စုံ တစ်ရာ ပေးနိုင်တာ သေချာသွားပါပြီ။

ကျွန်မကို အဲလိုဖြစ်အောင် ဘယ်လိုရေးတာလဲလို့  မေးလာရင် ကျွန်မအဖြေကတော့ “အာရုံငါးပါး ပါဝင် အောင် ရေးထားလို့ ပါပဲ” လို့  ဖြေပါလိမ့်မယ်။ စာရေးဆရာ အတော်များများ သဘောမပေါက်ကြတာက စာဖတ်သူ ရင်ထဲ စွဲငြိသွားအောင် သရုပ်မှန် ၀တ္ထု ဖြစ်နိုင် ဖို့ အတွက် အာရုံငါးပါးကို ကိုယ့်ဝတ္ထုထဲပါအောင် ဖန်တီးကြဖို့  လိုတယ်ဆိုတဲ့အချက်ပါပဲ။

ကျွန်မတို့  ၀တ္ထုတွေမှာ ‘အမြင်’ အာရုံကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ ‘အနံ့ ’ တို့ ၊ ‘အသံ’ တို (ဇာတ်ကောင်တွေ ပြောနေကြတဲ့ စကားအပြင်) ‘အရသာ’ တို့ ၊ ‘အတွေ့ ’ တို့ ကို ဘယ်လို ဖန်တီးမလဲ။ ဇာတ်ဝင်ခန်းတစ်ခု ရေးတော့မယ်ဆိုရင် “အမြင်၊ အကြား၊ အတွေ့ ၊ အရသာ၊ အနံ့ ” ဆိုတဲ့ အာရုံငါးပါးကို ဘယ်လို ပါအောင်ထည့်ရေးရမလဲဆိုတာ အကွက်ချ စဉ်းစားပြီးမှ ချရေးပါတယ်။

အနံ့ ဆိုလို့  ကောင်းတဲ့ အနံ့  ဖြစ်ရမယ်လို့  မဆိုလိုပါဘူး။ တစ်ခါတရံမှာ ဆိုးဝါးတဲ့ အနံ့ ဆိုးတွေက တကယ့် ဖြစ်ရပ်မှန်နဲ့  အနီးစပ် ဆုံးဖြစ်အောင် ထူးထူးခြားခြား ဖန်တီးပေးတတ်ပါသေးတယ်။ ဆိုကြပါစို့ ။ ရေခဲသေတ္တာ တံခါး ဖွင့်ချိန်မှာ ရလိုက်တဲ့ ဟင်းသီး ဟင်းရွက် အပုပ်နံ့ ၊ ယောကျာ်းတစ်ယောက် ကိုယ်ကထွက်လာ တဲ့ ချွေးနံ့ ပြင်းပြင်း၊ မိန်းမတစ်ယောက် လက်မှာ ပေနေတဲ့ ရေနံဆီ အနံ့  စသဖြင့်ပေါ့။

ဇာတ်ဝင်ခန်းမှာ အဲဒီအနံ့  ရနေတယ်ဆိုတာကို တစ်ကြိမ်ပြောရုံနဲ့  မပြီးသေးဘူး။ ကိုယ့်ဇာတ်ကောင် လှုပ်ရှား နေသမျှ ကာလပတ်လုံး ဒီအနံ့ ကို ပရိသတ်က ရနေအောင် ခဏခဏ ရေးပေးရပါမယ်။

ဆိုကြပါစို့ ။ ဇတ်ဝင်ခန်း တစ်ခုမှာ လင်မယား၂ယောက် အော်ကြီးဟစ်ကျယ် ငြင်းခုန်နေကြမယ်။ ယောကျာ်းက မီးဖိုတံခါးဝကနေ မိန်းမကို လှမ်းအော်မယ်။ “ဟေ့ မင်းအမေကြီး ငါတို့ နဲ့  အတူတူ ဆက်နေမှာကို ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ငါ ပြန်လာလို့  မှ အဘွား မသွားသေးဘူး ဆိုရင် ငါ ဆင်းသွားမယ်” ပေါ့။

ဒီဇာတ်ဝင်ခန်းကို ရေးချိန်မှာ မီးဖိုထဲရောက်နေတဲ့ မိန်းမကို ဖရုံယို လုပ်ခိုင်းထားမယ်။ ဒီတော့ ဘာအနံ့ တွေ ၀င်လာမလဲဆိုရင် ပျားရည်အနံ့ ၊ သကြားနံ့ ၊ အမွှေးနံ့  စသဖြင့် ပါလာမယ်။ တခြား မီးဖိုတစ်ခုမှာလည်း ဟင်းချက်နေတော့ ရှာလကာရည်နံ့ တို့ ၊ ဟင်းမွှေး မဆလာနံ့ တို့ က ရှိနေအုံးမယ်။

တကယ်လို့  သူတို့ လင်မယား စကားအပြန်အလှန် ပြောနေကြတာ စာမျက်နှာ တစ်ဝက်လောက်အထိ ရောက်လာရင် ကျွန်မက စာဖတ်သူကို မီးဖိုထဲက အနံ့ တွေကို ပြန်သတိရသွားအောင် တစ်ချက်လောက်တော့ ၀င်ထောက်လိုက်ရတယ်။ ဥပမာ ဒီလိုပေါ့။

“နိုရာ၊ မင်းကို ငါ သတိပေးနေတာ၊ မင်းအမေနဲ့  မင်းနေမလား၊ ငါနဲ့  နေမလား။ မင်းကြိုက်ရာ ရွေးပေတော့။” လို့  သူက အော်လိုက် တယ်။ သူ့ မျက်နှာကလည်း မီးဖိုခန်းထဲက ရှာလကာရည်နံ့ လိုပဲ ချဉ်စူးနေတော့တယ်။

ချဉ်တယ်တိုတဲ့ အနံ့ က အမျိုးသားရဲ့ မျက်နှာပေါ်က ဒေါသကို တင်စားရာ ရောက်စေသလို၊ ဖရုံယိုက ထွက် တဲ့အနံ့ ကလည်း နိုရာရဲ့ နူးညံ့မှုကို တင်စားရာ ရောက်ပါတယ်။ အမျိုးသားရဲ့ မျက်နှာကို ရှာလကာရည်နဲ့  တင်စားလိုက်တော့ ဟာသဖောက်ရာလည်း ရောက် ပါတယ်။ ဒီလို ဇာတ်ဝင်ခန်း ရေးရင် လင်မယား နှစ်ယောက် အော်ဟစ်နေရင်းနဲ နိုရာက သူလုပ်စရာ ရှိတာတွေ ဆက်လုပ်နေတယ် ဆိုတာ ဖော်ပြဖို့  မမေ့ ပါနဲ့ ။ နိုရာက ချက်ပြုတ်နေတာဆိုတော့ စကားပြောရင်း ဟင်းအိုး အပူကို ကိုင်ချင်ကိုင်မိသွားမယ်။ အဲဒီလို ပူသွားရင် သူက ရေပိုက်ဖွင့်ပြီး လက်ထိုးခံလိုက်မယ်။ ဒီမှာ ဇာတ်ဝင်ခန်းက အရှိန် ပိုမြင်သထက် ပိုမြင့်လာပြီ။ ပူသွားတယ်ဆိုတဲ့ အတွေ့ အာရုံကို ထည့်လိုက်နိုင်ပြီ။ ပူတယ်ဆိုတာ ကောင်းတဲ့ အတွေ့ အာရုံတော့ မဟုတ် ဘူး။ ဒါပေမဲ့ တကယ့်သဘာဝမှာလည်း ဒါမျိုး ဖြစ်တတ်တာဆိုတော့ ကိုယ့်ဇာတ်ဝင်ခန်းက သရုပ်မှန် ဖြစ်လာ တယ်။

ပြောရင်း သနပ်တွေပေါ်ကို ဆီလောင်းထည့်လိုက်တော့ ဖိတ်စင်သွားတယ်။ ဖိတ်သွားတာကို သုတ်ပစ်ရမယ်။ စိုသွားတယ်ဆိုတဲ့ အတွေ့ အာရုံ ၀င်သွားပြီ။ ပြီးတော့ သူ့ လက်ကို လက်နှီးနဲ့  သုတ်လိုက်အုံးမယ်။ နဖူးက ချွေးတွေ စီးကျနေမယ်။ အပူဆိုတဲ့ အတွေ့  အာရုံ ပေါ်လွင်တဲ့အပြင် ချွေးစီးကျတာလည်း အတွေ့ ပါပဲ။ အော် ရင်းနဲ့  ဇွန်းနဲ့  ဖြစ်ဖြစ်၊ ယောက်မနဲ့  ဖြစ်ဖြစ် ပေါက်လိုက်မယ်။ (အသံ ပါလာပြီ)

စကားများရင်း တန်းလန်းနဲ့  ယောကျာ်းက ဒေါသတကြီး ထွက်သွားတော့ မိန်းမက သူ့ ကော်ဖီခွက်ကို ရေခဲ တုံးတွေ ထပ်ထည့်ပြီး လှုပ်(ဖန်ခွက်နဲ့  ရေခဲတုံး ထိတဲ့အသံ)၊ ကော်ဖီသောက်တော့ ခါးနေတဲ့အတွက် မျက်နှာရှုံ့ မဲ့သွားမယ်။ (အရသာ)

ခုကျွန်မပြောတဲ့အထဲမှာ အာရုံငါးပါးလုံးပါသွားတာ သတိပြုမိပါလိမ့်မယ်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ဒါတွေ အားလုံး ပါဖို့ ဆိုတာ အကွက်ချ စဉ်းစားထားမှသာ ဖြစ်နိုင်ပါတယ်။ တချို့ ဇာတ်ဝင်ခန်းတွေမှာ အာရုံ ငါးပါးလုံး ပါအောင် ရေးဖို့  မလွယ်ပါဘုး။ အထူးသဖြင့် အရသာပေါ့။ အဲဒါပါအောင် ရေးဖို့  အခက်ခဲဆုံးပါပဲ။ အနည်းဆုံး အာရုံ ၃-၄ ခုတော့ ပါအောင် ရေးဖို့ လိုပ့တယ်။ စကားပြောတွေ ရေးရာမှာလည်း စာဖတ်သူနဲ့  တသားတည်း ကျအောင် ရေးတတ်ဖို့  လိုပါတယ်တဲ့။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ - ၁၅ ( သရုပ်မှန် ၀တ္ထုရေးနည်း - ၁)"

On 0 comments

စာရေးခြင်း အနုပညာဟာ ခွဲဝေ ခံစားလို့ ရတဲ့ ကိစ္စမျိုး မဟုတ်သလို နည်းစနစ်နဲ့  သင်ပေးလို့ ရတဲ့ အတတ်ပညာလည်း မဟုတ် ဘူး။ စာရေးဆရာအားလုံးဟာ ကိုယ့်ဘာသာကိုယ် ရေးကြည့်ရင်းနဲ့  စာရေးတတ်လာကြတဲ့သူတွေချည်းပါပဲ။ ရေးရင်းရေးရင်းနဲ့ ပဲ စာရေးနည်း စည်းကမ်းတွေကို သိသွားကြတာပါပဲ။ ဒါကြောင့် စာရေးချင်သူဟာ စာဖတ်ရမယ်။ စဉ်းစားရမယ်။ ကိုယ်တိုင်ရေးပြီး လေ့ကျင့်ရမယ်။ စာရေးနည်း သင်တန်းတို့ ၊ ဆွေးနွေးပွဲတို့  ဆိုတာတွေက စာရေးချင်သူတွေအတွက် အရိပ်အငွေ့ လောက်ပဲ ပညာရစေပါတယ်။

တစုတဝေးတည်း စာရေးကြတဲ့အတွက် ရင်ခုန်မှုတော့လည်း ရှိတာပေါ့လေ။ ကိုယ့်စာကို ကိုယ်ရေးကြတာပါပဲ။ စုပေါင်းရေးလို့ မှ မရတာ။ ဂီတမှာတော့ စုပေါင်း တီးမှုတ်လိုက်ကြရင် အော်ခက်စထရာ သံစုံတီးဝိုင်းကြီး ဖြစ်လာခဲ့ပေမဲ့ စာပေမှာ ဒီလို ဖြစ်မလာနိုင် တာသေချာပါတယ်။ ကိုယ့်မူကိုယ်ကိုယ်ဟန်နဲ့  တသီးတခြားစီ ရပ်တည်ကြရတာပါ။ ဒါကြောင့် စာရေးခြင်း အနုပညာမှာ စည်းကမ်း ကန့် သတ်ချက်ဆိုတာ မရှိပါဘူး။

စာရေးဆရာဆိုတာ လွတ်လပ်တယ်။ လူတစ်ယောက်ရဲ့ အလွတ်လပ်ဆုံး အချိန်ဟာ စာရေးချိန်ပါပဲ။ ဒီလွတ်လပ်ရေးကို တစ်ယောက်ထဲ နေရခြင်း၊ အထီးကျန်ခြင်းဆိုတဲ့ တန်ဖိုးတွေ ပေးပြီး ၀ယ်ထားတာပါ။ စာရေးသူ ဖန်တီးတဲ့ တိုင်းပြည်မှာ စာရေးသူ ဟာ ဥပဒေ ထုတ်တဲ့သူပါပဲ။ အဲဒီတိုင်းပြည်က ဘယ်သူမှ အခြေမချဖူးသေးတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်ရဲ့ နယ်နမိတ်ဖြစ်တဲ့ မြေပုံကို စာရေးသူက ရေးဆွဲရမှာ ဖြစ်သလို မြို့ ရွာတွေကိုလည်း ကိုယ်ကပဲ တည်ဆောက်ပေးရပါမယ်။ ဒီတိုင်းပြည်ကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမှ မတည်ဆောက်ခဲ့ဘူးသလို ဘယ်သူမှ တည်ဆောက်မှာ မဟုတ်ပါဘူး။ ဘယ်သူမှ လည်း နောက်တစ်ကြိမ် ထပ်တူ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

စာရေးသူဟာ အဲဒီလို လုံးဝ ဥသုံ လွတ်လပ်ခွင့်ရထားတဲ့အတွက် တာဝန် အများကြီး ရှိလာပြန်တယ်။ စာရေးဆရာ တစ်ယောက်ရဲ့ တာဝန်ဟာ အမှန်တရားကျု ပြောပြဖို့ ပါပဲ။ တခြားသူရဲ့ အမှန်တရား မဟုတ်ပါဘူး။ စာရေးသူရဲ့ ရင်ထဲက အမှန်တရား။ ဒါက ပြောရလွယ်သလောက် လက်တွေ့ လုပ်ရတာ မလွယ်ပါဘူး။ ကိုယ်သိတဲ့ လူတစ်ယောက်ကို ကိုယ်ဘယ်လို ခံစားရတဲ့ အကြောင်း၊ ဘယ်လို စဉ်းစားတဲ့အကြောင်း၊ အရိုးအဖြောင့်ဆုံး အမှန်ကန်ဆုံး ပြောနိုင်ပါ့မလား။ ကိုယ်က သူ့ အပေါ် ယုံကြည်မှုရှိဖို့  လိုသလို ကိုယ့်ကိုကိုယ်လည်း နားလည်သဘောပေါက်ဖို့ ရာ လိုပါတယ်။ အဲဒီလိုရှိမှသာ အမှန်တရားနဲ့  အနီးစပ်ဆုံးကို ပြောနိုင်လိမ့်မယ်။ အဲဒါ သိပ်ကို ခက်ခဲတဲ့အလုပ်။ စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့ အလုပ်ပါပဲ။

အဲဒီ အခက်အခဲတွေကို အဆပေါင်း ထောင်နဲ့  မြှောက် နားထောင်နေတဲ့ ကိုယ့်မိတ်ဆွေ၊ အသွေးအသားနဲ့  သက်ရှိ ပုဂ္ဂိုလ်၊ ကိုယ် ယုံကြည်စိတ်ချတဲ့ လူနေရာမှာ ကိုယ်လုံးသ မသိတဲ့ မြင်လည်း မမြင်ရတဲ့ စာဖတ်ပရိသတ်ကို အစားထိုး၊ ကိုယ့်ရင်ထဲမှာ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်နိုင်ငံကလေးအကြောင်း ဒါမှမဟုတ် ကိုယ့်ခံစားချက် ဘာမှ မချွင်းမချန် မကွယ်မ၀ှက်ပဲ ရေးပြ ကြည့်ပါလား။ အောင်မြင်မယ် မထင်နဲ့ ။ ကိုယ်ရေးပြနေတဲ့ နယ်နမိတ် မြေပုံကလေးဟာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ် သလို တိကျ မှန်ကန်မှု ရှိမှလည်း မဟုတ်ပါဘူး။ ရေးထားတာ ပြန်ဖတ်ကြည့်ရင်တော့ ချောမွေ့ လှပနေမှာပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲ မှာ ဘယ်နေရာမှာတော့ ချန်ထားတယ်။ ဘယ်နေရာတော့ ကွယ်ထားတယ်။ ဘယ်နေရာတော့ ၀ှက်ထားတယ်ဆိုတာ ကိုယ့်ရင် ထဲက သိနေမှာပဲ။

ကောင်းပြီ။ ရေးပြီးသားကို ထားလိုက်တော့။ နောက်တစ်ကြိမ် ပိုပြီး မှန်ကန်အောင်၊ တိကျအောင် ရေးကြည့်။ ရေးတိုင်း ရေးတိုင်း ကိုယ်တစ်ယောက်ထဲ ရေးရတာပါပဲ။ ပေါ်လာတဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ကို မေးရင်း ဖြေရင်း ရေးသွားရင်းနဲ့  စာရေးဆရာ ဆိုတာ ဖြစ်လာပါလိမ့်မယ်။

စာရေးဆရာမ အာဆူလာရဲ့ ဆောင်းပါးပါ အာဘော်များကို ပြန်လည် မျှဝေတာပါ။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ - ၁၄ (စာရေးဆရာဖြစ်နည်း)"

On 0 comments

စာရေးဆရာမ တာတရာဒီလင်စကီးကတော့ ၀တ္ထုကောင်းတစ်ပုဒ် ရေးဖို့ အတွက် ပန္နက်ပုံစံ ရေးဆွဲဖို့  အခြေခံ အချက်(၅)ချက်နဲ့  ရေးဆွဲ ရပါတယ်တဲ့။

ပထမဆုံးအချက်ကတော့ “ ၀တ္ထုရဲ့ အခြေခံ အကြောင်းအရာကို ဆုံးဖြတ်ဖို့ ” လိုအပ်ပါတယ်။ ဥပမာ - သည်းထိတ်ရင်ဖို ဇာတ်လမ်း လား။ ဟာသ ဇာတ်လမ်းလား စသဖြင့်ပေါ့။

ဒုတိယအချက်ကတော့ “ဘယ်ဇာတ်ကောင်က အဓိက ဇာတ်ကောင်တွေ ဖြစ်မယ်” ဆိုတာ ဆုံးဖြတ် ရပါမယ်။ ဒီလို ဆုံးဖြတ်ပြီးမှ သာ ကိုယ့်ဝတ္ထု ပန္နက်ပုံစံကို ချလို့ ရပါမယ်။ ဘယ်ဇာတ်ကောင်ဟာ အဓိက ဖြစ်တယ် ဆိုတာ ဆုံးဖြတ်နိုင်မှသာ ကိုယ့်ဝတ္ထုဟာ ဘယ်ဇာတ်ကောင်ရဲ့ ရှုထောင့်ကနေ တင်ပြနိုင်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

တတိယအချက်ကတော့ အဓိကဇာတ်ဆောင်ဟာ ဘယ်သူလဲလို့  ဆုံးဖြတ်ပြီးရင် “သူတို့ ရဲ့ နောက်ကြောင်း ရာဇ၀င်လေးတွေကို မှတ်စု ထုတ်ထားဖို့  လိုပါတယ်” အဲဒီက ဘယ်ကလာတယ်။ သူ့ ဦးတည် လှုပ်ရှားမှုက ဘာာအတွက်လဲ။ သူ့ ပုံစံက ဘယ်လိုလဲ။ သူက ဘယ်လို စကားပြောဆိုတတ်ပြီး ဘယ်လို တွေးခေါ်တတ်တယ်။ ဒီဝတ္ထုဇာတ်ကြောင်းမှာ သူက ဘယ်လို ပါဝင် ပတ်သက်မှာ လဲ။ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အမြင်မှာ စာဖတ်သူကို ပါဝင် ပတ်သက်စေပြီး ဆွဲဆောင် ခေါ်ယူသွားပါတယ်။

စတုတ္ထ အချက်ကတော့ “ဇာတ်ကောင်များရဲ့ ရှုထောင့်အသီးသီးမှ တင်ပြချက်တွေဟာ မျဉ်းပြိုင်သဖွယ် ဇာတ်ကွက်ထဲမှာ အပြိုင် ဖြစ်စေရမယ်။”

ပဉ္စမအချက်ကတော့ “အသေးစား တင်ပြချက်တွေကို စုစည်းလိုက်ရာမှာ ၀တ္ထုရျည် တစ်ပုဒ် ဖြစ်သွားစေပြီး တစ်ခုနဲ့ တစ်ခု ချိတ် ဆက်မှု ရှိစေရမယ်။” ဒီအချက်နဲ့  ညီအောင် ပထမအကြိမ် အကြမ်းရေးတုံးက လွတ်သွားရင် ဒုတိယအကြမ်းမှာ ပြန်ရေးရင်း ဖြည့်၊ တတိယအကြိမ် ပြန်ရေးရင်း ဖြည့်သွားရပါတယ်။ ဒီအချိန်ရောက်လာတော့ ပြင်ရတာ လွယ်သွားပါပြီ။ ပြန်ဖတ်ပြီး မချောတာတွေ ကို ချောသွားအောင် ပြန်ပြင်ရေးတာပါပဲ။ ဒီလို အကြိမ်ကြိမ် ပြန်ရေးသွားရင်းနဲ့  ဖြုတ်တန်ုဖြုတ်၊ ဖြည့်တန် ဖြည့်သွားနိုင်ပါတယ်။

အဲဒီအချက်တွေကို လက်ခံပြီဆိုရင်တော့ နောက်ဆုံး အချက်တစ်ခု ပြောချင်ပါတယ်။ အဲဒါကတော့ “အခန်းစဉ်အလိုက် အကျဉ်း ချုပ် စကားပြေ ရေးထားပါ” ဆိုတဲ့ အချက်ပါပဲ။ ဒီလို ရေးထားတဲ့ စကားပြေ အကျဉ်းချုပ်ကနေ ၀တ္ထုရှည်ကြီး တစ်ပုဒ်ကို အဆင့်ဆင့် ဖန်တီး သွားရပါတယ်တဲ့။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ - ၁၃ (၀တ္ထုတစ်ခု၏ ပန္နက်ပုံစံ)"

On 0 comments

ပထမဆုံးအကြိမ် ရေးသား ပုံနှိပ် ထုတ်ဝေကြတဲ့ ၀တ္ထုရေးဆရာတွေမှာ အမှားတွေ အများကြီး ပါကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျွန်တော် သတိထား ဖတ်မိတဲ့ အချက်က စာရေးနည်း အတတ်ပညာကို သိသင့်ပါလျက်နဲ့  သတိမမူကြပဲ ၀တ္ထုဇာတ်လမ်းနဲ့  ပတ်သက်တဲ့ အချက်အလက်တွေကို စောစောစီးစီး ချရေးပြတတ်ခြင်းပါပဲ။ ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ဖျော်ဖြေရေးကို အဆင်သင့် ရနိုင်ပြီး ချက်ချင်း လက်ငင်း စိတ်ကျေနပ်မှု ရစေနိုင်တဲ့ ကျွန်တော်တို့  ခေတ်မှာ စာရေးချင်တဲ့ ဆန္ဒ ပြင်းပြနေသူတိုင်းက ဘယ်လို နားလည်ထားသလဲဆိုတော့ ၀တ္ထု စဖွင့်လိုက်တာနဲ့  တစ်ပြိုင်နက် တာလွှတ်လိုက်တဲ့ ပြိုင်မြင်းများ လို တစ်ဟုန်ထိုး ပြေးရတော့မယ်လို့  သဘောပေါက်နေကြတယ်။ ဗွီဒိုဖွင့်လိုက်တာနဲ့  တစ်စုံတစ်ယောက်ရဲ့ ရုပ်အလောင်းကောင် ကြီး ထွက်ကျလာမယ်။ ခင်ပွန်းသည်ရဲ့ အင်္ကျီအိတ်ထဲကနေ တခြား အမျိုးသမီး တစ်ယောက်ရဲ့ ဖုန်းနံပါတ် ရေးထားတဲ့ စာရွက် တစ်ရွက် ရုတ်တရက် တွေ့ မယ်။ ဒါမှမဟုတ် သွေးစုတ်ဖုတ် ကောင်ကြီးက သူ လဲလျောင်းနေတဲ့ ကျောက်သား ခေါင်းကြီးထဲက ထလာမယ်။ ဒီလိုမျိုး ၀တ္ထု အဖွင့် တွေဟာ စာဖတ်သူရဲ့ ရင်ကို ရုတ်တရက် စွဲငြိသွားစေမယ်လို့  ခံယူထားကြတယ်။ အနည်းဆုံး တဒင်္ဂတော့ စိတ်ဝင်စားသွားမယ်ပေါ့။

ဒါပေမဲ့ စာဖတ်သူကို အဲဒီလို ဆွဲဆောင်လိုက်ပြီး စာဖတ်သူက စိတ်ဝင်စားလာချိန်မှာ အရေးအသား တော်တော်ကောင်းတဲ့ စာရေးဆရာတွေဟာ ရုတ်တရက် ချက်ချင်းဆိုသလိုပဲ လှုပ်ရှားမှုကို နှေးကွေး ပစ်လိုက်ပြီး အချက်အလက် အကြောင်းအရာတွေ ကို မပြောသင့်သေးတဲ့ အချိန်မှာ အစောကြီးပြော၊ အများကြီး ပြောချ ပစ်လိုက်ကြတော့တာပါပဲ။ ဇာတ်ကောင်စရိုက် အသေး စိတ်၊ နောက်ကြောင်း ကိုယ်ရေး ရာဇ၀င် တို့ ကို လက်ရှိ အခြေအနေမှာ မဖော်ပြသေးပဲ ဇာတ်ရှိန် မြင့်လာတဲ့အချိန်မှာ တဖြည်းဖြည်း ဖော်ပြ သွားရမဲ့အစား ချက်ချင်းကြီး ဖော်ပြလိုက်တော့ ကိုယ်ဆက်ပြီး ရေးရတော့မဲ့ အဓိက ဇာတ်အိမ်ရဲ့ အကျဉ်း ချုပ်ကို ဖော်ပြလိုက်သလို ဖြစ်သွားပါတယ်။ ၀တ္ထုတစ်ပုဒ်ရဲ့ လျှို့ ဝှက်ထားရမဲ့ အချက်တွေကို အကျဉ်းချုပ် ရေးပြလိုက်ပြီးတော့မှ ဒီဝတ္ထု ကို ဘယ်လို ဆက်ရေးရတော့မှာလဲ။ ဆက်ရေးနေရင်လည်း ပြောပြီးသား အကျဉ်းချုပ်ကို အကျယ်ချဲ့  ရေးနေတာပဲဖြစ်တဲ့ အတွက် စာဖတ်သူကို တရွတ်တိုက်ဆွဲခေါ်သွားသလိုပဲ ဖြစ်နေပါတော့မယ်။ စာဖတ်သူအတွက် ရှေ့ ဆက်ဖတ်လို့  ဘာမှ အံ့သြ စရာ မရှိတော့သလို စိတ်ကြည်နူးစရာ လည်း ရစရာ မရှိတော့ပါဘူး။

ဝတ္ထု စဖွင့်ဖွင့်ချင်းမှာ အများကြီး ဖော်ပြလိုက်ကြတာလည်း အကြောင်းတွေ အများကြီး ရှိပါတယ်။ စာရေး ဆရာ “ဖီးလစ်ရိုဇင်း ဘာ့ခ်” က ၀တ္ထုရေးတာကို ဘာနဲ့  တင်စားလဲဆိုတော့ နယူးယောက်မြို့ ကနေ ကယ်လီဖိုးနီးယားအထိ လမ်းလျှောက်တာနဲ့  တူတယ်တဲ့။ တာထွက်ချင်းချင်းမှာ အားသွန်ခွန်စိုက် ရှိတယ်။ လျှောက်၊ လျှောက်၊ လျှောက် တစ်နေ့ လုံး မမောမပန်း လျှောက် လိုက်ကြတာ နောက်ဆုံး ခြေကုန် လက်ပန်း ကျချိန်မှာတော့ နယူးဂျာစီကိုတောင် မရောက်သေးဘူး။ ၀တ္ထုစရေးတဲ့သူ တစ်ယောက်အနေနဲ့ လည်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ပြောချင်တာတွေ များနေတဲ့အတွက် လွတ်သွားမှာ ပျောက်သွားမှာ စိုးပြီး အကုန် စွပ်ရေးချ တော့တာပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကလည်း နည်းပါးသေးတော့ ကိုယ်ချထားတဲ့ လမ်းကြောင်းက သွေဖီ မသွားအောင် ပထမ စာမျက်နှာ ၂၀လောက်မှာကတည်းက သွန်ချ ရေးလိုက်ကြတယ်။ စာမျက်နှာ ၃၀၀ လောက် ရေးရမဲ့ ဇာတ်လမ်းကြီးရဲ့ အသေးစိတ် အချက်အလက်ကို ခေါင်းထဲမှာ အသေးစိတ် ထည့်ထားဖို့ ဆိုတာ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်ပြောချင်တဲ့အချက်၊ အရေးကြီးတဲ့ အချက် တစ်ခု တလေ ကျန်ရစ်မှာကို ပူပန်တာ ဓမ္မတာပါပဲ။ ၀တ္ထုရှည် (လုံးချင်း) ၃-၄ ပုဒ်လောက် ရေးပြိးရင်တော့ ကိုယ့်ကို ကိုယ် ယုံကြည်မှု အတန်အသင့် ရှိလာပြီမို့  ဒီ ပြသနာကို ကိုင်တွယ်တတ် သွားပါပြီ။

ဝတ္ထုကောင်းတစ်ပုဒ်နဲ့  ပတ်သက်ပြီး ဟဲမင်းဝေး ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “၀တ္ထုကောင်း တစ်ပုဒ် ဆိုတာ ရေပြင်ပေါ် မှာ တစ်စွန်းတစ ပေါ်နေတဲ့ ရေခဲတုံးကြီးနဲ့  တူတယ်။ အစိတ်အပိုင်း တော်တော်များများ က မြုပ်နေတယ်။ ကျွန်တော်တို့  အနေနဲ့  ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစကို မြင်တွေ့  ခံစားရရုံနဲ့  ဒီရေခဲ တုံးကြီး ဘယ်လောက် ကြီးမယ်ဆိုတာ မှန်းဆလို့ ရတယ်။ ဒါပေမဲ့ ဘယ်နည်းနဲ့ ပဲ ဖြစ်ဖြစ် ရေပေါ်မှာ ပေါ်နေ တဲ့ အပိုင်းထက် ရေထဲမှာ မြုပ်နေတဲ့ အပိုင်းကို ပိုပြီး စိတ်ဝင်စားတာ သေချာတယ်။ ဘာလို့ လဲဆိုတော့ မမြင်ရတဲ့ အပိုင်းကို ကျွန်တော်တို့ က စိတ်ကူးနဲ့  ပုံဖော် ခံစားကြည့်ရတာကြောင့်ပါပဲ။” လို့  ဆိုခဲ့ဖူးပါတယ်။

စာရေးသူ တစ်ယောက်အနေနဲ့  ကိုယ့်ကိုကိုယ် သတိထားရမှာက ကိုယ်ဟာ ဖျော်ဖြေရေး လုပ်ငန်းတစ်ခု လုပ်နေတယ် ဆိုတာ ပါပဲ။ ဖျော်ဖြေရေးဆိုတဲ့ နေရာမှာ ပုံစံ အမျိုးစုံ ရှိသလို လူတန်းစား အလွှာအသီးသီးနဲ့  ပတ်သက်လာပါတယ်။ စာရေးခြင်း အတတ်ပညာဟာ လူတွေရဲ့ ရင်ထဲက လှုပ်ရှားမှုတွေကအစ လူသား အားလုံးနဲ့  ဆက်နွယ်နေတဲ့ လှုပ်ရှားမှုတွေလည်း ပါဝင် လာပါတယ်။ ဒီတော့ စာဖတ်သူ စိတ်ဝင်စားလာ အောင် ကိုယ်က စာရေးခြင်း အတတ်ပညာနဲ့  စာဖတ်သူ စိတ်ကို နှိုးဆွပေးနိုင် ရပါမယ်တဲ့။

စာရေးဆရာ မက်ဒီဆင်က ၀တ္ထုအဖွင့်သဘောနဲ့  တဖြည်းဖြည်းချင်း ဇာတ်ရှိန် မြင့်လာသင့်တယ် ဆိုတာကို ပြောပြထားတာ ဖြစ်ပါတယ်။ ၀တ္ထုရေးသူတွေ သတိပြုစရာပါ။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ - ၁၂ ( နှစ်သိမ့်မှုပေးရန် နှိုးဆွခြင်း )"

On 0 comments

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

ဝတ္ထုရေးရာမှာ နောက်တစ်ချက် ဂရုပြုမိတာကတော့ ဆက်တင် အနေအထားပါပဲ။ ဆက်တင်အနေအထား မှန်ပါမှ ကိုယ့် ဇာတ်ကောင်ကို ပရိသတ်က ယုံကြည်မှု ရှိပါတယ်။ ၀တ္ထုတွေထဲမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲ ဖြစ်ဖြစ် လူတွေဟာ နေရာတစ်ခုမှာ တကြိမ်နေပြီး စကားတစ်မျိုး ပြောကြပါတယ်။ အဲဒီနေရာမှာ အနေအထားနဲ့  စကား က သူတို့ ရဲ့ဘ၀ အခြေအနေ ပုံစံကို ဖော်ပြနေသလို သူတို့ တန်ဖိုးကိုလည်း ဖော်ပြပါတယ်။ ဒါကြောင့် ဆက်တင်ဟာ စာဖတ်သူအတွက် အရေးကြီးသလို စာရေးသူအတွက် လည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်တာ သေချာပါတယ်။ တကယ်လို့  ကျွန်မသာ စာဖတ်သူနေရာမှာ နေရမယ်ဆိုရင် စာရေးသူတစ်ယောက် ဖန်တီးပြတဲ့ ကမ္ဘာကို ကျွန်မ ယုံကြည်သွားတာနဲ့  အမျှ သူ့ ဇာတ်ကောင်တွေကိုလည်း သက်ရှိတွေလို့  ခံစားရ စေမှာ မလွဲပါဘူး။

စာရေးသူက သတိထားပြီး တိတိကျကျကျ ဖော်ပြတတ်ရင် ဆက်တင်ဟာ စာဖတ်သူ မျက်စိထဲမှာ ကွက်ကွက် ကွင်းကွင်း မြင်လာ နိုင်ပါတယ်။ အဲဒီလို ဖြစ်အောင် စာရေးဆရာက သူ့ မြင်ကွင်း တစိတ်တဒေသ၊ ဒါမှမဟုတ် သူ့ အာရုံထဲက မြင်ကွင်းတစ်ခုကို သေသေချာချာ ကြည့်တတ်မြင်တတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဆက်တင်ဟာ ကိုယ့်ဝတ္ထုမှာ သာမညသာ ဖြစ်ရပါမယ်။ ဆက်တင်ကိုပဲ အဓိကထား ရေးမယ်ဆိုရင် ဇာတ်က ပျောက်သွားနိုင် တဲ့အတွက် အဓိကနဲ့ သာမည ခွဲခြားတတ်ဖို့ လိုပါတယ်။

တစ်ခါတလေကျတော့လည်း ဇာတ်ကိုအထောက်အကူ ပြုဖို့  မလွဲမသွေ ထည့်ရေးဖို့  လိုအပ်လာတာတွေ ရှိပါ တယ်။ ဒီအခါမျိုးမှာ စာရေးဆရာက မျှမျှတတ ရေးတတ်ရပါမယ်။ ဆက်တင်တစ်ခုကို ၀ိသေသ နှစ်ခုလောက် ထည့်ပြီး ရေးတတ်တဲ့ စာရေးဆရာတွေ လည်း ရှိပါတယ်။

ဥပမာ - “ကြီးမားစိမ်းစိုသော သစ်ပင်ကြီး၏နောက်တွင် အိုမင်းဖြူဖွေးနေသော အိမ်တစ်လုံးရှိ၏” အဲလိုရေး လိုက်ရင် စာဖတ်သူက သဘာဝ မကျဘူး ထင်သွားရော။ အဲဒါ ကျွန်မ အမြင် ပြောရရင် စာရေးသူက တကယ့် မြင်ကွင်းတွေကို လေ့လာမကြည့်ပဲ ရေးတဲ့ အကျင့်ရှိသူ ဖြစ်လို့ ပါပဲ။ နောက်တစ်ခု ကျွန်မပြောချင်တာကတော့ ကုန်ပစ္စည်း အမှတ်တံဆိပ်၊ အမည်တွေကို မလိုအပ်ပဲ ဘယ်တော့မှ ထည့်မရေးချင်ဘူး။

သာမည ဇာတ်ကောင်များနဲ့ ပတ်သက်လို့  ပြောချင်ပါသေးတယ်။ စာရေးသူတိုင်းအတွက် ဘယ်ဇာတ်ကောင်မှ သာမည မဟုတ် ဘူးဆိုတာ ကျွန်မ ယုံပါတယ်။ ဒါကြောင့် ဇာတ်ကောင်တစ်ယောက်က စကားပြောတာကို နားထောင်ရုံသက်သက် ဇာတ်ကြောင်း မှာ ဘာမှ ပါဝင်ပတ်သက်မှု မရှိတဲ့ ဇာတ်ကောင်အပိုတွေဟာ မိမိတို့ ရဲ့ ၀တ္ထုဇာတ်လမ်းတိုင်းမှာ မလိုအပ်ပါဘူး။ ဒါကြောင့် ဇာတ်ကောင်တိုင်းဟာ စာရေးသူရဲ့ အားထုတ်မှု အပြည့် အ၀နဲ့  သဘာဝကျအောင် ဖန်တီးခံရဖို့  လိုလည်း လိုအပ်ပါတယ်။ ထိုက်လည်း ထိုက်သင့်တယ်လို့  ပြောချင် ပါတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ၀တ္ထုကမ္ဘာမှာ သူဟာလည်း ထိုက်သင့်တဲ့ နေရာ ရသင့်တာပေါ့။

စာရေးတယ်ဆိုတာ ဖန်တီးခြင်း အတတ်ပညာပါ။ ဒါကြောင့် ဇာတ်ကောင်တွေဟာ လူအစစ်နဲ့  တူစရာမလို ပါဘူး။ ဒါပေမဲ့ စာရေးသူ ဖန်တီးလိုက်တဲ့ ကမ္ဘာထဲမှာ သူတို့ တွေဟာ လူအစစ်တွေလို နေကြ၊ ထိုင်ကြ၊ စကား တွေ ပြောကြရပါတယ်။ ဒါမှလည်း သူတို့  ကမ္ဘာကို စိတ်ဝင်တစား ဖတ်ကြတဲ့ စာဖတ်သူတွေအတွက် ဒီ ဇာတ်ကောင်တွေဟာ တကယ့်လူတွေလို ဖြစ်လာလိမ့်မယ်။

စာရေးကောင်းတာနဲ့  အမျှ စာဖတ်သူဟာ ၀တ္ထုထဲက ကမ္ဘာထဲကို အလိုလို ရောက်လာမှာပါပဲ။ ဒါပေမဲ့ စာရေးသူက ဇာတ်ကောင် ကို မနိုင်ဝန် ထမ်းခိုင်းသလို ပြောချင်တဲ့ စကားတွေ၊ ပေးချင်တဲ့ Message တွေ များနေရင် မနိုင်ဝန်ထမ်းရတဲ့ လားတစ်ကောင်လို လိမ့်ကျ သွားပါလိမ့်မယ်။ ၀န်နဲ့  အားမျှမှသာ ကိုယ်ဖန်တီး ထားတဲ့ ဇာတ်ကောင်က စာဖတ်သူတွေရဲ့ ရင်မှာ စွဲကျန်ပါလိမ့်မယ်။ စာရေးသူတိုင်းက သူ့ ဇာတ်ကောင်တွေကို ချစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဖန်တီးထားတာကိုး။ ဇာတ်ကောင်တွေ အား ကောင်းတာနဲ့  အမျှ ပရိသတ်ကလည်း ဇာတ်ကောက်တွေကို စွဲသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူ ဖန်တီးထားတဲ့ ကမ္ဘာဟာ တကယ့်ကမ္ဘာနဲ့ တူတဲ့အတွက် အဲဒီကမ္ဘာထဲမှာ ဇာတ်ကောင်တွေကလည်း တကယ့်လူတွေနဲ့  တူနေကြလို့ ပါပဲတဲ့။

read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁၁ ( စာရေးဆရာရဲ့ ဇာတ်ကောင်များ -၃ )"

On 0 comments

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

ဇာတ်ကောင်ကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ်ကြမလဲ။ ဇာတ်ကောင်ဆိုတာ စာရေးဆရာက သူတို့  အတွက် ဖန်တီးပေး ထားတဲ့ ကမ္ဘာထဲက လူတွေပါပဲ။ ဒါကြောင့် သူတို့ ကလည်း ပြင်ပ ကမ္ဘာက လူတွေလိုပဲ ကြုံတွေ့ ရမှာပဲ။ သူတို့ မှာလည်း အာရုံ ငါးပါး ခံစားမှု ရှိရမယ်။ အဲဒီလို အာရုံငါးပါး ခံစားမှု ပေးထားမှ စာဖတ် သူနဲ့  တစ်သားတည်း ဖြစ်သွားပြီး ၀တ္ထုထဲက ဇာတ်ကောင် တွေဟာလည်း ပြင်ပကမ္ဘာက သက်ရှိလူတွေလို ဖြစ်လာပါလိမ့် မယ်။ ဒီတော့ စာဖတ်တဲ့သူက သူတို့ ကို တကယ့်လူတွေလို့  ယုံကြည်သွားပြီး ခံစားလို့ ရသွား ပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင်တိုင်းမှာ သီးခြားစီ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်။ စကားပြောတာကအစ သူတို့ ဟန်၊ သူတို့ ပုံစံနဲ့  ပြောကြတယ်။ သူတို့  ဇာတ်ကောင်ချင်း စကားပြောတဲ့အခါ ဒါမှမဟုတ် သူတို့ ကိုယ်သူတို့  ပြန် တွေးနေတဲ့အခါ ဒါတွေဟာ သူတို့  ဘာတွေပါဆိုတာ စာဖတ်သူကို ပြောနေတာပဲ။ ဇာတ်ကောင်တစ်ယောက်ရဲ့ စကားပြော၊ အမူအရာ၊ စကားလုံး အသုံး အနှုန်းတွေက သူ့ သမိုင်းကို သူ ပြောနေတာပါပဲ။ သူ့ ကံကြမ္မာ အကြောင်း သူ ဘယ်သူ ဖြစ်တယ်ဆိုတာ ပြောနေတာပါပဲ။ ဒါကြောင့် စကားပြောဟာ အရေးကြီးပါတယ်။

စာရေးဆရာက သူ့ ဇာတ်ကောင်တွေကို သာမန် ဇာတ်ကောင်နဲ့  မတူပဲ ထူးခြားတဲ့ အပြုအမူတွေ ပြုမူတတ်တဲ့ ဇာတ်ကောင်တွေ အဖြစ် ဖန်တီးချင်တာလည်း ရှိလိမ့်မယ်။ ဒီလို ထူးခြားချင်ရင် အဲဒီ ဇာတ်ကောင်ရဲ့ စရိုက် ထူးခြားချက်တွေက ကျောရိုးသဖွယ် ဖော်ပြချက်တွေ ဖြစ်နေရပါမယ်။ သာမန် လက်ကောက် ၀တ်ထားတာမျိုး၊ လက်ဝတ်ရတနာ ၀တ်ထားတာမျိုးရေးပြတာလောက် မဖြစ်စေရဘူး။

ဆိုကြပါစို့ ။ စာရေးဆရာက သူ့ ဇာတ်ကောင်ဟာ ကြောက်စိတ် ရှိတတ်တယ် ဆိုတာ ဖော်ဆောင်တယ် ဆိုပါ တော့။ လူတွေထဲမှာ စကားပြောတော့မယ်ဆိုရင် အသံထွက်မလာတတ်တာမျိုး၊ တယ်လီဖုန်း မြည်သံကြား ရင်တောင် ကောက်ကိုင်ရမှာ ကြောက်တာ မျိုး ဒါမျိုး ပြောချင်ရင် အစောကြီးထဲက လေးလေးနက်နက် ပျိုးထား ခဲ့ရမယ်။ လိုအပ်တဲ့ နေရာကျမှ ကောက်ထည့်လိုက်တာမျိုး မဖြစ်သင့်ဘူး။

ဥပမာပြရမယ်ဆိုရင် ကျွန်မက ဇာတ်ကောင်တစ်ယောက်ကို ခန္ဓာကိုယ် ချည့်နဲ့ နေသူအဖြစ် ဖန်တီးထားတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သူဟာ စိတ်ဓာတ်ရေးရာအရလည်း ချည့်နဲ့ နေသူ ဖြစ်တဲ့အတွက် ဒါကို တင်စားပြချင် လို့  သူ့ ခန္ဓာကိုယ်ကိုပါ ချည့်ပစ် လိုက်တာပါ။ ဒါပေမဲ့ ဒီဝတ္ထုဖတ်နေသူတွေက မေးကြတယ်။ သူက ဘာလို့  အဲဒီလို ချည့်နဲ့  သွားတာလဲတဲ့။ ဒါဟာ ကောင်းသော တုံ့ ပြန်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူက ကျွန်မ ဇာတ်ကောင်ကို စိတ်ဝင်စားသွားတာ သေချာတာကိုး။ ဒါပေမဲ့ အဲဒီ အချိန်မှာ ကျွန်မကလည်း တခြား ပြသနာတွေ ရှိနေတော့ သူဘာကြောင့် ချည်နဲ့ နေတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဂရုထားတာက သူဟာ စိတ်ဓာတ်ရေးရာ ချို့ တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတဲ့အချက်ပဲလို့  ပြန်ဖြေခဲ့တယ်။

တကယ်တမ်းကျတော့ စာဖတ်သူတွေက ဇာတ်ကောင်ကို အသေးစိတ် စိတ်ဝင်စားကြတယ်။ သူ့ ခြေထောက် ဘာလို့  အဲလိုဖြစ်သွားလဲဆိုတာ သိချင်ကြတယ်။ ဒါကြောင့် ကျွန်မက ကျွန်မ ဇာတ်ကောင်ကို ရေတပ်ထဲသွင်း မတော်တဆ ထိခိုက်မှုတစ်ခု ဖန်တီးပြီး သူ့ ကို ခြေထောက် မသန်အောင် ဇာတ်ကွက်ကို ချပေးလိုက် ရတယ်။ အဲဒီလို ဇာတ်ကွက်ကို ဖြေပေးလိုက်မှ ပရိသတ် ကလည်း ကျေနပ်သွားတယ်။

စာရေးဆရာ Hannery O’Connor က ပြောဖူးတယ်။ “စာရေးဆရာက ဇာတ်ကို သူ ကြိုက်သလို လုပ်လို့ ရ တယ်။ ဒါပေမဲ့ ကြိုက်သ လို လုပ်လို့  မရတာတွေလည်း အများကြီး ရှိပြန်တယ်” တဲ့။ ဒီအဆိုအမိန့် ကြောင့် ကျွန်မ ဇာတ်ကောင်ကို ခြေမသန်သူအဖြစ် ဖန် တီးခဲ့ပေမဲ့ ဘာကြောင့်ဆိုတာ ကျွန်မ မပြောပဲ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားခဲ့ရတယ်တဲ့။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁၀ ( စာရေးဆရာရဲ့ ဇာတ်ကောင်များ -၂ )"

On 0 comments

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

တချို့  ၀တ္ထုတွေက ဆက်တင်နဲ့  စဖွင့် တယ်။ တချို့ က ဇာတ်ကွက် တစ်ကွက်နဲ့  စ ဖွင့်တတ်ပြီး တချို့ ကတော့ ဇာတ်အိမ်နဲ့ ပဲ စ ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ အတွက် ဇာတ်ကောင်ဆိုတာ အမြဲ စိတ်ဝင်စားစရာ ကောင်းနေပြီး အလှည့်အပြောင်း မြန် ပါတယ်။ ၀တ္ထုရေးရာမှာ အလွတ်လပ်ဆုံးက ဇာတ်ကောင်ပါပဲ။

ဇာတ်ကောင်က ၀တ္ထုကို ရွေ့ လျားသွားစေတဲ့ အင်ဂျင်နဲ့  တူပါတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်စေ တယ်။ ပြီးတော့ အိမ်ကို လည်း ပြန်ရောက်စေတယ်။

စာရေးဆရာက သူ့ ဇာတ်ကောင်ကို ဘယ်မှာ (သို့ ) ဘယ်လို ရှာဖွေ တွေ့ ရှိသလဲ။ ကျွန်မ ယုံကြည်တာက ၀တ္ထုထဲက ဇာတ်ကောင် တွေဟာ တကယ့်ဘ၀ကနေ တိုက်ရိုက် ရောက်လာတာ မဟုတ်ပါဘူး။ စာရေးဆရာရဲ့ စိတ်ကူးကနေ ရောက်လာတာပါ။ စာရေးဆရာ က သူ့ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်ကောင်ရဲ့ ပုံတူကို ပန်းချီဆရာတွေက ဆေးနဲ့  ချယ်မှုန်းရေးသလို သူက စကားလုံးနဲ့  ခြယ်မှုန်းပြီး ပုံ ဖော်တာပါပဲ။

စာရေးဆရာက သူ့ ရဲ့ ရင်ထဲမှာ အချိန်ကာလ အတော်ကြာကြာ စွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေ ကနေ ခံစားပြီး စာရေး ဆရာ အတွက် ဇာတ်ကောင်ဆိုတာ မွေးဖွားလာခဲ့တာပါ။ စာရေးဆရာရဲ့ မျက်မြင် ကိုယ်တွေ့  ဖြစ်ရပ်တစ်ခု (သို့ ) တစ်ဆင့် ကြားရတဲ့ ကိစ္စကနေ ဇာတ်ကောင်ဆိုတာ မွေးဖွားလာတယ်။ ဥပမာ ဆိုကြပါစို့ ။ စတိုးဆိုင် တစ်ခုမှာတွေ့ ခဲ့ရတဲ့ အင်မတန် ထူးဆန်းတဲ့ ကလေး တစ်ယောက်။ ပင်လယ်ကမ်းခြေမှာ ရေကူးနေတဲ့ မိန်းကလေး တစ်ယောက်နဲ့  ယောကျာ်းတစ်ယောက်။ စားသောက်ဆိုင်မှာ လက်ထပ် ပြီးစီးကြောင်း သတင်းစာ ကြော်ငြာ ဖတ်နေတဲ့  ဇနီးမောင်နှံ။ ဒါတွေ အားလုံးက စာရေးသူရဲ့ ရင်ကို ထိမှန် တိုက်ခိုက်စေ နိုင်တာပါပဲ။ အဲဒီကနေ စာရေးဆရာအတွက် ၀တ္ထုတိုတွေ၊ ၀တ္ထုရှည်တွေ ပေါက်ဖွား လာစေနိုင်ပါတယ်။

သူတို့ အားလုံးဟာ စာရေးသူနဲ့  ပြင်ပလောကမှာ သူစိမ်းတွေ ဖြစ်ပေမဲ့ တနည်းအားဖြင့်တော့ ရင်းနှီးနေ ပါတယ်။ စာရေးဆရာက သူတို့ ကို သိနေပါတယ်။ ဒါကြောင့်လည်း သူတို့ ကို ဇာတ်ကောင်အဖြစ် ထားပြီး ၀တ္ထုကို ဖန်တီးလိုက်တဲ့အခါ အသက်ဝင်တဲ့ ၀တ္ထု တွေ ဖြစ်လာပါတယ်။ သူတို့ က ဘာကို အသက်ဝင်စေ သလဲဆိုတော့ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုက အသက်ဝင်တာပါပဲ။

စိတ်ကူးယဉ်မှု ဆိုတာကလည်း ဆွဲဆောင်မှု ရှိမှ ဖြစ်လာတဲ့အရာပါ။ ဒီလိုပြောလိုက်လို့  စာရေးဆရာတွေရဲ့ ဇာတ်ကောင်တွေ အားလုံးက သူသိတဲ့၊ မြင်တဲ့ ကိစ္စတွေထဲက ထူးခြားတဲ့ မြင်ကွင်းတွေကမှတဆင့် အမြဲတမ်း ပေါ်ပေါက်ကြတယ်လို့  ဆိုလိုတာတော့ မဟုတ်ပါဘူး။ စာရေးဆရာဆိုတာမျိုးက ကာယကံရှင်က အရေးမပါ ဘူးလို့  ထင်တဲ့ ကိစ္စမျိုးကိုလည်း အရေးတယူ ကြည့်တတ်၊ မြင်တတ်တဲ့ ပုဂ္ဂိုလ်မျိုးပါ။

ကျွန်မ အထင်ပြောရရင် ဇာတ်ကောင်ကို ကြောက်မနေတာက အကောင်းဆုံးပါပဲ။ ဇာတ်ကောင်ကောင်း တစ်ယောက်ဟာ စာရေး ဆရာက ယုံယုံကြည်ကြည်နဲ့ ပဲ သူ့ နောက်က လိုက်သွားဖို့ လိုပါတယ်။

စာရေးတဲ့နေရာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ မိမိစိတ်ကို မိမိကိုယ်တိုင် ရှာဖွေ တွေ့ ရှိခြင်းပါပဲ။ ကိုယ် ဘာကို သိသလဲ၊ ဘယ်လို ခံစားရသလဲ၊ ကိုယ် ဘာလုပ်ပေးနိုင်သလဲ။ အဲဒါ ကို ဆန်းစစ်ကြည့်ချိန်မှာ ရလာတဲ့ အဖြေဟာ စာရေးဆရာအတွက် ရင်ခုန်စရာ အကောင်းဆုံးလို့  ကျွန်မ ထင်ပါတယ်တဲ့။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၉ ( စာရေးဆရာနှင့် ဇာတ်ကောင်များ - ၁ )"

On 0 comments

စာရေးဆရာမ အယ်ဒီတာ မာရီယမ်ရင်းက သူ့ အတွေ့ အကြုံအရ စာစရေးစ စာရေးဆရာမျာ့း မှားလေ့ မှားထရှိတဲ့ အမှား ဆယ်ခု ရှိပါတယ်လို့  ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ -

၁။
ဝတ္ထုတိုမှာပဲ ဖြစ်ဖြစ်၊ ၀တ္ထုရှည်မှာပဲ ဖြစ်ဖြစ် အရေးကြီးဆုံး အမှားက ဇာတ်အိမ် မဖွဲ့ တတ်ခြင်းပါပဲ။ စာရေးဆရာ အားလုံး ကြားဖူး၊ ဖတ်ဖူးမှာပါ။ “မပြောပါနဲ့ ၊ ပြပါ” ဆိုတဲ့ စကားလေ။ ဒါပေမဲ့ ဒီစကားကို ကြိမ်ဖန် များစွာ လျစ်လျူရှု ထားတတ်ကြပါတယ်။ စာရေးသူ တစ်ယောက်အနေနဲ့  စာဖတ်သူကို သူ့ ဝတ္ထု ဇာတ်ကြောင်းက ဘာဖြစ်နေတယ်ဆိုတာ တိုက်ရိုက် ပြောလိုက်ရတာက လွယ်ပါ တယ်။ စာရေးဆရာက သူ ရေးရမဲ့ဇာတ်ကို အားလုံး အစအဆုံး သူ သိပြီးသား ဖြစ်နေတာကိုး။

ဝတ္ထုတိုဆိုတာ ဇာတ်အိမ်ဖွဲ့ ပြီး စာဖတ်သူကို ပြသွားရတာမျိုး။ သတင်းစာလို အဖြစ်အပျက် တစ်ခုကို သတင်း ပေးတဲ့ သဘော သက်သက် ရေးလို့  မရပါဘူး။ စာဖတ်သူက ၀တ္ထုဇာတ်လမ်းထဲမှာ ကိုယ်တိုင် စီးဝင် မျောပါ နေချင်တာ။ သူက ဇာတ်လမ်းကို နားထောင်ချင်တဲ့သူ မဟုတ်ပါဘူး။ သူတို့ အနေနဲ့  ၀တ္ထုထဲက မြင်ကွင်း ပေါ်ကို ကိုယ်တိုင် ရောက်နေချင်တယ်။ ဇာတ်ကောင်တွေ ဘာလုပ်နေကြသလဲဆိုတာ မြင်ချင်တယ်။ ဘာတွေ ပြောနေကြသလဲဆိုတာ ကြားချင်တယ်။ အဲဒါကို စာရေးတဲ့သူက ကြားဖြတ်ပြီး အတိုချုပ် ပြောထည့်လိုက်ရင် စာဖတ်သူက ရသင့်ရထိုက်တဲ့ အရသာကို အတင်း လုယူလိုက်တာနဲ့  တူပါတယ်။

စာဖတ်ခြင်းဟာ ခံရသူ နေရာထက် ပြုလုပ်သူ နေရာအနေနဲ့ အနေအထား ပိုတူပါတယ်။ ဒါကြောင့် စာရေးဆရာက ဇာတ်ကောင် တွေရဲ့ စကားပြောကတဆင့် သဲလွန်စတွေ၊ ပုံပန်းသဏ္ဍန် ဖော်ပြချက်တွေကို စာဖတိသူအတွက် ဖြည့်ဆည်းပေးရမယ်။ စာဖတ်သူ က အဲဒီ စကားပြောတွေကတဆင့် ကောက်ချက်ဆွဲယူ သွားလိမ့်မယ်။ စာရေးဆရာက ကိုယ့်အလုပ် ကိုယ့်မလုပ်ပဲ စာဖတ်သူရဲ့ အလုပ်ကိုပါ ၀င်လုပ်သွားမယ် ဆိုရင် စာဖတ်သူကို လိမ်လည် လှည့်ဖျားရာ ရောက်တဲ့အတွက် စာဖတ်သူက သူ့ စာကို ဖတ်တော့ မှာ မဟုတ်ပါဘူး။

၂။
စာရေးသူ အတော်များများဟာ ဇာတ်လမ်းနဲ့  ဇာတ်ကွက်ကို မခွဲခြားတတ်ပါဘူး။ ဇာတ်လမ်းက စာအုပ်တစ်အုပ်ရဲ့ အစ ဖြစ်ပြီး ဇာတ်ကွက်က အခန်းတစ်ခန်းရဲ့ အစအဆုံးသာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ဇာတ်အိမ်၊ ဇာတ်ကွက် ရှိမှသာ ၀တ္ထုတစ်ပုဒ်ဟာ လှပ အောင်မြင်နိုင်မှာပါ။ ဇာတ်ကွက် အားကောင်းနေရင် ရှေ့ ဆက် ဘာဖြစ်မလဲဆိုတာ စာဖတ်သူက သိချင်လာတာပါပဲ။

၃။
စာရေးခါစ လူအတော်များများက သူတို့  ၀တ္ထုတွေမှာ စာဖတ်သူ ပရိသတ်ကို ခံစားနိုင်အောင် ၀တ္ထုကို ရှုထောင့်ပေါင်းစုံက ရေး တတ်ကြတယ်။ တကယ်တော့ စာဖတ်သူ စိတ်ဝင်စားတာက အဓိက ဖာတ်ကောင် တစ်ယောက်ထဲရဲ့ ရှုထောင့်ပါ။ သူတို့ ကိုယ် တိုင်က အဲဒီဇာတ်ရဲ့ ရှုထောင့်ကပဲ မြင်ချင် သိချင်ပါတယ်။ အဲဒါကို မမေ့သင့်ဘူး။

၎။
ဝတ္ထုကောင်း တစ်ပုဒ်ဟာ ဖတ်သူအတွက် အချက်အလက် တစ်ခု ရစေရပါမယ်။ ဒီလို ပြောလိုက်တဲ့ အတွက် စာဖတ်သူကို သင်ခန်းစာ တစ်ပိုဒ်ပို့ ချ ပေးရမယ်လို့  ဆိုလိုတာ မဟုတ်ပါဘူး။ ဓမ္မကျမ်းစာ ပို့ ချခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၀တ္ထုတစ်ပုဒ် ဖတ်လိုက်လို့  ဆုံးသွားချိန်မှာ “အား” လို့  အသံ ထွက်နိုင် လောက်အောင် တစ်စုံတစ်ခု ရစေသင့်တယ်။ ဆုံးတော့မှ ဘာလဲဟ လို့  စာဖတ်သူက ပြန်မေးတာ ခံရရင် ဒီဝတ္ထုဟာ စာဖတ်သူကို တစ်စုံတစ်ခုမှ မပေးနိုင်တာ သေချာတယ်။

၅။
ဝတ္ထု ဇာတ်အိမ် တည်ဆောက်တာ ဘယ်နေရာ၊ ဘယ်ဒေသမှန်း အတိအကျ မဖော်ပြနိုင်တဲ့ ၀တ္ထု ဟာလည်း စိတ်ဝင်စားမှု လျော့ ပါးစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ နေရာဒေသ အစစ်အမှန်ကို နောက်ခံထားပြီး တည်ဆောက်တဲ့ ၀တ္ထု တွေဟာ ဆွဲဆောင်မှု ပိုကောင်းပါတယ်။ နေရာ ဒေသ စိတ်ကူးယဉ်နဲ့  ဖော်ပြပြီး ဇာတ်အိမ်ကောင်းကောင်း တည်ဆောက်ထားတဲ့ ၀တ္ထုတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ နေရာဒေသ တိကျမှု မရှိတဲ့အတွက် လေးနက်မှု မရှိဘူး။ ဘယ်မြို့ ဘယ်ဒေသမှာ ဇာတ်အိမ်တည် ထားမှန်း မသိတော့ ဇာတ်ကောင်တွေကလည်း ပေါ့နေတယ်။ ကျောက်မချထားတဲ့ သင်္ဘောလို မျောချင်ရာ မျောနေတယ်။

၆။
ဇာတ်လမ်းတစ်ခုအတွက် ဇာတ်ကွက်တွေကို ကိုယ်က ကြိုတွေးထားရင် ရေးရင်း တန်းလန်း လမ်းပျောက်တဲ့ အဖြစ်မျိုး မကြုံနိုင် တော့ပါဘူး။ ဖြစ်ရပ်တစ်ခုတိုင်းမှာ တန်ပြန် ရိုက်ခတ်မှု ရှိတယ် ဆိုတာ သတိထားပါ။ ကိုယ့်ဇာတ်ကွက်တစ်ခုမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်ရဲ့ တန်ပြန်မှုဟာ နောက်ဇာတ်ကွက်မှာ ပါရပါမယ်။ ဒါမှ ဇာတ်လမ်းက ရှေ့ ကို တိုးတက်သွားမှာလေ။

သတိပေးချင်တဲ့ အချက်က ၀တ္ထု ဇာတ်သိမ်းဟာ ကိုယ် ဖြစ်စေချင်သလို ဆွဲပြီး မသိမ်းဖို့ ပါပဲ။ ကိုယ်ဖြစ်စေ ချင်သလို ဇာတ်သိမ်း လိုက်ရင် ဒီဝတ္ထုဟာ အောင်မြင်တဲ့ ၀တ္ထုကောင်း တစ်ပုဒ် ဖြစ်မလာတော့ဘူး။

၇။
ဝတ္ထုရဲ့ အစဟာ အရေးကြီးပါတယ်။ အစမှားသွားရင် စာဖတ်သူက ၀တ္ထုရဲ့ အစကို လိုက်ရှာနေရလိမ့်မယ်။ သူမရဲ့ အတွေ့ အကြုံ အရ ၀တ္ထုကို ဇာတ်ရှိန် အမြင့်ဆုံး မတိုင်ခင် တစ်ခန်းကနေ စသင့်ပါတယ်တဲ့။

၈။
ဝတ္ထုထဲက စကားပြောဟာလည်း ၀တ္ထုတစ်ပုဒ်ရဲ့ အားကောင်းမှု၊ အားပျော့မှုကို ဖန်တီးပေးနိုင်ပါ တယ်။ တခါတလေမှာ စကားပြော ကောင်းမှုကြောင့် သာမန် ၀တ္ထုတစ်ပုဒ်ဟာ ၀တ္ထုကောင်း တစ်ပုဒ်အဆင့် ရောက်လာတတ်ပြီး စကားပြောညံ့မှုက ကောင်းတဲ့ ဇာတ် တစ်ပုဒ်ကို သာမန်အနေအထား ရောက်စေ နိုင်ပါတယ်။ စကားပြောဟာ သဘာဝကျဖို့  လိုပါတယ်။ ဒါပေမဲ့ လက်တွေ့  ဘ၀က စကားပြောနဲ့ တော့ ထပ်တူ၊ ပုံတူ မဖြစ်နိုင်ပါဘူး။ လက်တွေ့ ဘ၀က လူတွေ ပြောနေတာကို ကြားဖူးနေကြတာပါပဲ။ အဲဒီ သာမန် စကားတွေကိုပဲ စာရေးဆရာက ၀တ္ထု ဥာဏ်ကွန့် မြူးပြီး နားဝင်ကောင်းအောင် ရေးသား ဖော်ပြဖို့  လိုပါတယ်။

၉။
ပရိသတ်ယုံကြည်မှု မရှိလောက်တဲ့ ဇာတ်ကောင်များ ဖန်တီး ရေးဖွဲ့ ခြင်းဟာ ၀တ္ထုကို အများကြီး အားပျော့ သွားစေတတ်ပါတယ်။ ဒါကြောင့် စာရေးဆရာတွေ အနေနဲ့  စာမျက်နှာပေါ်မှာ သက်ဝင် လှုပ်ရှားနေတဲ့ ဇာတ်ကောင်တွေကို ဖန်တီးပါ။ ကိုယ်က ဇာတ်ကောင်စရိုက် ဖန်တီးမှု အားမသန်ဘူး ဆိုရင် ဇာတ်လမ်း၊ ဇာတ်ကွက်ကိုသာ အားပြုရေးသားပါ။ စကားပြော၊ ဆက်တင် အနေအထားနဲ့  ဖမ်းစားထားခြင်းအားဖြင့်လည်း ၀တ္ထုရဲ့ အရည်အသွေးကို တောက်ပြောင်လာစေတတ်ပါတယ်။

၁၀။
နောက်ဆုံး ပြောချင်တာကတော့ ကိုယ့် ၀တ္ထုနဲ့  ပတ်သက်ပြီး သူများ ဘယ်လို ဝေဖန်သလဲဆိုတာ နားစွင့်ပါ။ စာရေးဆရာ အချင်းချင်း ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အယ်ဒီတာရဲ့ အကြံပေးချက်ကိုပဲ ဖြစ်ဖြစ် လေးစားပါ။ ပြင်ဆင်မှု အလျဉ်းမရှိပဲ ပုံနှိပ် ဖော်ပြခံရတဲ့ ၀တ္ထုနဲ့  အယ်ဒီတာ အကြံပေးချက်အရ ပြင်ဆင်တဲ့ ၀တ္ထုတွေရဲ့ ခြားနားမှုဟာ ကြီးမားတတ်ပါတယ်။


read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၈ {စာရေးသူနဲ့  အမှားဆယ်ခု}"

On 0 comments

ဝတ္ထုထဲမှာ ဇာတ်ကောင် နှစ်ယောက်ရဲ့ စရိုက်ဟာ ဘယ်တော့မှ မတူတတ်ပါဘူး။ ဇာတ်ကောင်စရိုက်ကို တည်ဆောက်တဲ့ နေရာမှာ နည်းလမ်း လေးမျိုး ရှိပါတယ်။ ‘ပုံပန်းသဏ္ဍန်’ ၊ ‘စကားပြော’ ၊ ‘လှုပ်ရှားမှု’ နဲ့  ‘ကိုယ့်လက်တွေ့ ဘ၀ထဲက အမူအကျင့်’ ကို ပေါင်းစပ် ပေးခြင်းပါပဲ။ လက်တွေ့ ဘ၀ထဲက လူတစ်ယောက် အတိုင်း အတိအကျ ယူပြီး ကိုယ့်ဇာတ်ကောင်ကို ဖန်တီးဖို့  ကြိုးစား မယ်ဆိုရင်တော့ ဒီကြိုးစားမှုဟာ အလဟ သ ဖြစ်မှာပါပဲ။ ပိုဆိုးတာက အဲဒီဇာတ်ကောင်ဟာ ၀တ္ထုထဲမှာ သက်ဝင် လှုပ်ရှားမှု မရှိ ဖြစ်နေမှာပါ။ လှုပ်ရှားမှု အပြည့်အ၀ ရှိတဲ့ ဇာတ်ကွက်ကို ဖန်တီးဦးတော့ ဒီဇာတ်ကောင်ကတော့ သက်ဝင်လာမှာ မဟုတ်ပါဘူး။

စာရေးဆရာ P.G Wood House ရဲ့ အဆိုက ‘စကားပြောတိုင်းဟာ ဖျော်ဖြေမှု ပေးနိုင်ရမယ်’တဲ့။ စာဖတ်သူ တစ်ယောက်က ကော်မာ (မျက်တောင်) ကလေး အဖွင့်အပိတ် အတွင်းက စကားပြောတစ်ခုကို ဖတ်ပြီးသွား တာနဲ့  တပြိုင်နက် သူ မသိသေးတဲ့ အကြောင်းအရာတစ်ခုကို သိသွားနိုင်စေရမယ်။ တကယ်လို့  စာဖတ်သူက သိခွင့်မရဘူးဆိုရင် စာရေးဆရာဟာ သူ့ တာဝန် မကျေဘူး။ သူ့ အလုပ်ကို သူ ဖက်ဆီး ပစ်လိုက်တယ်လို့  ဆိုနိုင်ပါတယ်။

ဒီတော့ မျက်တောင်လေး နှစ်ခုကြားက ၀ါကျတစ်ခု ဖတ်ရုံနဲ့  စာဖတ်သူက ဘာကို ဘယ်လို ရစေမလဲ။ ဒါကို ကွဲပြားအောင် ကျွန်တော်တို့ က စကားပြောကို နောက်တစ်ဆင့် ထပ်ဆင့် ခွဲခြမ်း စိတ်ဖြာ ကြည့်ရအောင်။ စကားပြောတစ်ခုဟာ အလုပ် ၄ခု လုပ်ရမယ်။

- ဇာတ်ကောင် စရိုက်ကို ပြရမယ်။
- ဇာတ်ကွက်ကို ရှေ့ သို့  ရွေ့ လျား သွားစေရမယ်။
- စာဖတ်သူအတွက် သတင်းပေးနိုင်ရမယ်။
- အသံ၊ လေယူ လေသိမ်းနဲ့  မြင်ကွင်းကို ဖော်ပြနိုင်ရမယ်။


ဇာတ်ကောင် စရိုက်ကို ပြရမယ်

စာရေးဆရာက စာဖတ်သူအတွက် သူ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်ကို အထောက်အကူပြုမဲ့ အချက်အလက် တချို့  ထည့်ပေးလိုက်ဖို့  လိုပါတယ်။ ထင်ရှားမဲ့ တစ်ခု နှစ်ခုလောက်ပဲ ထည့်ပါ။

ဥပမာအားဖြင့် “ဒီကလေးတွေနှယ်နော်။ ငါတော့ ခေါင်းရိုက်ခွဲ ပစ်လိုက်ချင်တာပဲ” လို့ ပြောတဲ့ ဇာတ်ကောင်နဲ့ “ကျွန်မကတော့ ကလေးတွေနဲ့  မျက်နှာချင်းဆိုင်ရမှာ တော်တော်ကို မျက်နှာပူနေတယ်” လို့ ပြောတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ စရိုက် ကွာခြား တယ်ဆိုတာ ပေါ်လွင်နေပါပြီ။ ဒီတော့ သူတို့ နှစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှု၊ သွားလာ နေထိုင်မှုတွေ မတူနိုင်တော့ပါဘူး။

တခါတလေမှာ စကားမပြောတာက ပြောတာထက် ထိရောက်တာတွေ ရှိပါတယ်။ အထူးသဖြင့် ဇာတ်ကောင် နှစ်ယောက်ကြား တင်းမာမှု၊ ပဋိပက္ခတွေ ရှိနေတဲ့အခါမျိုးပေါ့။ အလုပ်သမားတစ်ယောက်က သူ့ အလုပ်ရှင်ကို ဒေါသဖြစ်လို့  အော်ဟစ်ပြာဆိုနေ တာတွေ ရေးတာထက် မျက်ခွက်ကို လက်သီးနဲ့  တစ်ချက်ထဲထိုးပြီး လှည့်ထွက်သွားတာကို ရေးရတာက ပိုပြီး လွယ်ပါတယ်။ အဓိပ္ပာယ်လည်း ရှိတယ်။ ကျွန်တော် ခေါင်းစဉ်တပ်ထားတဲ့ “စကားလုံး နောက်ကွယ်က” ရှိနေတဲ့ အဓိပ္ပာယ်တွေကို စကားလုံးနဲ့  ဖန်တီးနေရင် တခါတလေ ပိုပြီး ခက်တတ်ပါတယ်။ စကားမပြောပဲ လက်သီးတစ်ချက် ထိုးလိုက်ရတာက ပိုပြီး ထိရောက်ပါတယ်။


ဇာတ်ကွက်ကို ရှေ့ သို့  ရွေ့ လျား သွားစေရမယ်

ဒီအချက်ကတော့ ကိုယ်တိုင် နားလည် သဘောပေါက်ဖို့  လိုပါတယ်။ ဇာတ်လမ်းဆိုတာ ဇာတ်ကောင်တွေရဲ့ ပဋိပက္ခ၊ တုံ့ ပြန်မှု တွေကနေ ဖြစ်ပေါ် လာတာပဲ မဟုတ်လား။ ဒီနေ့  ကျွန်တော်တို့ ခေတ်မှယ ပဋိပက္ခကို ဘာနဲ့  ဖြစ်ကြလဲ။ စကားတွေနဲ့  ဖြစ်ကြ တာပါပဲ။ ဒါတွေကို တစ်ယောက်နဲ့  တစ်ယောက် ဆက်သွယ် နားလည်မှုတွေနဲ့  ပြေလည်မှု ရအောင် လုပ်ကြရပါတယ်။

ကျွန်တော်တို့ က ဇာတ်အိမ်ကို ငြင်းခုန်မှုတွေ၊ သွေးဆောင်မှုတွေ၊ စီမံကိန်းချတာတွေ၊ တိမ်းချော်မှုတွေ၊ အတေင်းအဖျင်း ပြောတာ တွေ၊ တစ်ချက်ွတ် အမိန့် ပေးတာတွေနဲ့  ရွေ့ လျားစေပါတယ်။ ဒီနေရာမှာ ၀တ္ထုနဲ့  လက်တွေ့ ဘ၀ ကွာခြားတဲ့ အချက်တစ်ခု ပြောချင်ပါတယ်။ လက်တွေ့ ဘ၀မှာ လင်မယား၊ သားသမီးနဲ့  မိဘကြားမျာ နှလုံးသားချင်း နာလည်နိုင်ကြတဲ့ အတွက် စကားပြော စရာ မလိုပဲ အလိုလို ပြီးမြောက်သွားတဲ့ ကိစ္စတွေ ရှိပါတယ်။ ၀တ္ထုထဲမှာကျတော့ ဒီလို နားလည်လို့  မရတော့ဘူး။ စာဖတ်သွူပါ နားလည်အောင် မလွဲမသွေ စကားပြောတွေ ထည့်ပေးရပါတော့တယ်။

စကားပြောတစ်ခု ဆုံးသွားတိုင်း အပြောခံရတဲ့သူက မူလ ပထမ သူ မသိခဲ့ရသေးတဲ့ သတင်း အချက်အလက် အသစ်တွေ ရသွား စေရမယ်။ တနည်းပြောရင် စာဖတ်သူ သိသွားစေရမယ်။ စကားပြောက ပဋိပက္ခရဲ့ အဖြေဆီကို တဖြည်းဖြည်း ချဉ်းကပ် သွားတာ မျိုး ဖြစ်စေရမယ်။


စာဖတ်သူအတွက် သတင်းပေးနိုင်ရမယ်

စကားပြောက တဆင့် စာဖတ်သူကို သတင်းအချက်အလက်တွေ ပေးရာမှာ အတုံးလိုက် အတစ်လိုက် ပေးတာမျိုး မဟုတ်ပဲ ညင်ညင်သာသာ တစ်စတစ်စချင်း ပေးသွားရမယ်။ ဒါကြောင့် ရှေ့ ဆရာကြီးများက “မပြောနဲ့ ။ ပြပါ” လို့ ပြောခဲ့ကြတာပါ။

နောက်ဖြစ်လာမဲ့ ကိစ္စ တစ်ခုအတွက် ကြိုတင်ချိတ်ထားတဲ့ အနေနဲ့ လည်း စကားပြောကို သုံးနိုင်ပါတယ်။ ထိရောက်မှု ရှိပါတယ်။ ရှေ့ မှာ နမိတ်ပြ စကားလောက်ပဲ သုံးထားပြီး တကယ့်အဖြစ်အပျက် ဖတ်ရချိန်ကျမှ ရှေ့ မှာ ချိတ်ဆက်ထားတဲ့ စကားနဲ့  စာဖတ်သူ ကိုယ်တိုင်က ပြန်တွေးယူရတာ အရသာပါပဲ။ ရှေ့ က ပြောခဲ့တဲ့ စကားဟာ အသားလွတ်ပြောခဲ့တာ မဟုတ်ဘူးဆိုတာ ဖော်ပြနိုင်လိုက်ချိန်မှာ စာဖတ်သူကလည်း ခံစားရတာ ပျော်သွားပါတယ်။ ဒါကြောင့် စကားပြောကတဆင့် စာဖတ်သူကို သတင်း အချက်အလက် ပေးပါဆိုတာ အတုံးလိုက် အတစ်လိုက် ပေးခိုင်းတာ မဟုတ်ပါဘူး။ ခပ်ပါးပါးလေး ပေးသွားရုံပါပဲ။


အသံ၊ လေယူ လေသိမ်းနဲ့  မြင်ကွင်းကို ဖော်ပြနိုင်ရမယ်

လေယူလေသိမ်း ဘယ်လို ထားရမယ် ဆိုတာ ၀တ္ထုရဲ့ ပထမဆုံး စာပိုဒ်မှာ ဆုံးဖြတ် ရွေးချယ်ရတာ အခက်ဆုံးနဲ့  အရေးကြီးဆုံး ပါပဲ။ လေယူလေသိမ်းကို မှန်မှန်ကန်ကန် ကြားယောင်လာအောင် ရေးတတ်တဲ့သူတွေဟာ ထူးချွန် ထက်မြက်သူတွေ ဖြစ်လာ ပါတယ်။

တောကြိုအုံကြားက ကလေးတစ်ယောက်ရဲ့ လေသံနဲ့  တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ လေသံ ဘယ်နည်းနဲ့ မှ မတူနိုင် သလို၊ အသတ်ခံရမဲ့ဘေးက လွတ်အောင် ပြေးလာတဲ့ လူတစ်ယောက် ပြောတဲ့ စကားနဲ့  ဈေးဝယ် ထွက်တဲ့သူတစ်ယောက်ရဲ့ အသံဟာလည်း မတူနိုင်ပါဘူး။ မှန်ကန်စွာ ရေးသားတတ်ဖို့ လိုပါတယ်။

မျက်တောင်လေး နှစ်ခုကြားက ၀ါကျ (စကားပြော) တိုင်းဟာ ဘယ်သူက ပြောနေတယ်။ ဘယ်လို လေသံရှိလဲဆိုတာ စာဖတ် ပရိသတ် သိအောင် စာရေးဆရာက လုပ်ပေးရတာပါပဲ။ ခုခေတ်မှာတော့ စကားပြောနဲ့ ရေးနည်းဟာ စတိုင်လ် တစ်ခု ဖြစ်လာခဲ့ ပါပြီ။ တကယ်တော့ စကားပြောကို ဘယ်လို ပုံစံနဲ့  ရေးရမလဲဆိုတဲ့ ဥပဒေသတော့ အတိအကျ မရှိပါဘူး။ ပရိသတ် နားလည် သွားအောင် ရေးနိုင်တဲ့နည်းသာ အဓိကပါတဲ့။


read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၇ {စကားလုံးနှင့် စကားပြောနောက်ကွယ်မှ အဓိပ္ပာယ်}"

On 0 comments

ဝတ္ထုတစ်ပုဒ် ရေးတယ်ဆိုရင် အနည်းနဲ့ အများဆိုသလို ကိုယ့်အတွေ့ အကြုံ၊ ကိုယ့်အဖြစ်အပျက် တစ်စိတ် တဒေသကိုတော့ ကိုယ့် ၀တ္ထုထဲမှာ ထည့်ရေးတတ်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကိုယ့်ဘ၀မှာ အမှတ်တရ ရှိနေခဲ့တာတွေကို ဘယ်အတိုင်းအတာအထိ ထည့်ရေးမလဲ။ ဘယ်သူ့ ခံစားချက်နဲ့  ရေးမလဲ။ ဒီအဖြေကို စာရေးဆရာ “ဆစ်(ဒ်)နီဆာ(လ်)ကင်” က The Writer မှာ ဆောင်းပါး အနေနဲ့  ရေးသားဖော်ပြထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။ သူပြောပြတဲ့ ကိုယ်တွေ့  အတွေ့ အကြုံ ရေးသားနည်း အကြောင်း လေးပါ။

ကျွန်တော် ခပ်ငယ်ငယ်တုန်းက အလုပ်အတူတူ လုပ်ခဲ့ဖူးတဲ့ လူတစ်စုကို ဇာတ်ကောင်များ အဖြစ်ထားပြီး ၀တ္ထုတစ်ပုဒ် ရေးချဖို့  နှစ်ပေါင်း အတော်ကြာကြာ ခေါင်းထဲမှာ ရှိနေခဲ့ပါတယ်။ ငယ်ဘ၀က အတွေ့ အကြုံ ဆိုတော့ ခေါင်းထဲမှာ ပြက်ပြက်ထင်ထင် စွဲစွဲ မြဲမြဲလည်း ရှိနေတဲ့အတွက် စာရွက်ပေါ်မှာသာ ချရေးဖြစ်ရင် ဘာအခက်အခဲမှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော့ကိုယ် ကျွန်တော် သေချာလှပါတယ်။ ကျွန်တော့ မျက်စိ ထဲမှာ အဖြစ်အပျက်ကို တည်နေရာ ထားရမယ့် ဆက်တင်ကလည်း မြင်ထားပြီး သား။ ဘော့စတန်မြို့ ရဲ့ ဒေါ်ချက်(စ်)တာ ရပ်ကွက်က တက္ကစီစတင်း။ အချိန်ကာလက စီးပွားကပ်ဆိုက်နေတဲ့ ကာလကြီးရဲ့ တစ်ခု သော မိုးည တစ်ည။ ဇာတ်ကောင်တွေက အရက် အလွန်အကျွံ မူးနေကြတဲ့ ကားမောင်းသမား တစ်စုနဲ့  စာတို့ ၊ ပစ္စည်းတို့  လိုက်ပို့  ပေးရတဲ့ လူငယ်တစ်ယောက်။ ဒီဇာတ်ကောင်တွေ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာ အဖြစ် အပျက်ကလည်း ကျွန်တော့် မျက်စိ ထဲမှာ မျက်ဝါးထင်ထင် မြင်ပြီးသား။ ဒါတွေ စုပေါင်း ရေးလိုက်ရင် ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်ပြီပေါ့။ အဲဒီလို တွေးလိုက်တဲ့ အချက်က လည်း ကျွန်တော့်ကို လမ်းပေါ်မှာ ရောက်စေ ခဲ့တာပါပဲ။

ချရေးလိုက်တဲ့ ပထမ စာမူကြမ်းမှာ ကျွန်တော် ဘာတွေ့ ခဲ့ရသလဲဆိုတော့ ကျွန်တော် ရေးထားတာတွေက ပြည့်စုံလွန်းတယ်။ တိကျလွန်းတယ်။ အသေးစိတ်လွန်းတယ်။ ဇာတ်ကောင်တစ်ကောင်ချင်းရဲ့ အပြုအမူ၊ အပြောအဆို၊ အရောင်အသွေး၊ အလင်းအမှောင်၊ အဖြစ်အပျက် အားလုံးကလည်း အမှန်ချည်းပါပဲ။ ဒါပေမဲ့ ၀တ္ထုကောင်းတစ်ပုဒ် ဖြစ်မလာခဲ့ပါဘူး။ ၀တ္ထုက သက်ဝင် လှုပ်ရှားမှု မရှိဘူး။ ကျွန်တော့အမှားက လွယ်လွယ် လေးပါ။ ချရေးလိုက်တဲ့ ဇာတ်ကောင်တွေက သက်ရှိ ဇာတ်ကောင် တွေ ဖြစ်နေတဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင်တွေ ဖြစ်မလာတာပါ။ စိတ်ကူးယဉ် ၀တ္ထုထဲက ဇာတ်ကောင်တွေ မဟုတ်ပဲ ကျွန်တော့် အမှတ်တရ အဖြစ်အပျက်များထဲက ဇာတ်ကောင်တွေ ဖြစ်နေလို့  ၀တ္ထုက အသက်မ၀င်တာပါ။

ဒီပြသနာရဲ့ အဖြေကတော့ ၀တ္ထုအသစ်တစ်ပုဒ် အဖြစ် ဖန်တီး တင်ပြတဲ့ နေရာမှာ “အကွာအဝေး” ပြသနာ ပါပဲ။ အဖြေတွေ့ လာ တော့လည်း အံ့သြစရာကောင်းလောက်အောင် လွယ်ကူသွားပါတယ်။ ပထမ ကျွန်တော် ရေးထားတာက ပစ္စည်းပို့ တဲ့ ကောင်လေး ရဲ့ အမြင်ကို တတိယလူ (ဘေးလူ) အနေနဲ့  ရေးထားတယ်။ အဲဒီမှာ စာရေးဆရာ (ကျွန်တော်) နဲ့  ၀တ္ထု မခွဲနိုင်ခြင်းက ပြသနာ ဖြစ်နေတယ်။ စာရေးဆရာက ဇာတ်လမ်းထဲမှာ ၀င်ပါသလို ဖြစ်နေတယ်။

အဲဒီအဖြေကို တွေ့ လာတော့ ဒီဇာတ်ကိုပဲ ပထမလူက ပြန်ပြောတဲ့အနေနဲ့  ချရေးလိုက်တဲ့အခါ လေသံရော၊ စိတ်ဝင်စားမှုပါ အံ့သြစရာ ကောင်းလောက်အောင် ပြောင်းသွားပါတော့ တယ်။ ပထမလူ အနေနဲ့  ပြန်ရေး လိုက်တဲ့အခါ ရင်းနှီးကျွမ်းဝင်မှုက ပြောင်းသွားတယ်။ ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ကျွန်တော် နဲ့  တခြား ဇာတ်ကောင်တွေရဲ့ ဆက်သွယ်မှုကို ပိုမို ထင်ရှားလာ တယ်။ ကျွန်တော်က ဇာတ်ကောင် တစ်ယောက် ဖြစ်လာ တဲ့အတွက် တတိယလူ(ဘေးလူ)ရဲ့ ၀င်ရောက်ဖြည့်စွက်မှုတွေ အလို အလျောက် ပျောက်သွားတယ်။

ကျွန်တော့် အမှတ်တရ အားလုံး ထည့်ရမယ်ဆိုတဲ့ တာဝန်ကြီးကလည်း ပေါ့ပါးသွားပါတယ်။ တတိယလူက သူ မြင်တာတွေကို ပြန်ပြောနေရတာနဲ့  မတူတော့ပဲ ဇာတ်ထဲက ဇာတ်ကောင် တစ်ယောက်ရဲ့ အမြင်မျိုး ဖြစ်သွား တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက်ကလည်း ပိုပြီး ပီပြင်သွားတယ်။

ဒီသဘောတရားက တော်တော်လေးတော့ ဆန်းကြယ်သယောင် ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပထမလူအနေနဲ့  ဇာတ်ကြောင်း ပြန်ပြောရတဲ့ နေရာမှာ တချို့  ဇာတ်ကွက် အလှည့်အပြောင်းတွေကျတော့ တခြား ဇာတ်ကောင် တွေရဲ့ ခံစားချက် ထည့်ပြောရင် ဒီဇာတ်ကောင် ဘာကြောင့် သူများ ခံစားချက်ကို ဒါလောက် သိရတာလဲ ဆိုတဲ့ မေးခွန်းက ၀င်လာပါတယ်။ ပိုပြီး စိုးတာက ပထမလူက ဇာတ်ကောင်အဖြစ် ပါဝင်သွားတဲ့အတွက် ပြသနာ တစ်ရပ်ကို ဖြေရှင်းရမဲ့အစား သူကပါ ပါဝင် ပတ်သက်သွားတာပဲ။ အဖြေကတော့ ဇာတ်ကြောင်း ပြန်ပြော နေတဲ့ ကျွန်တော့ကို ဘယ်အတိုင်းအတာထိ သုံးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

ဇာတ်ကြောင်းပြန်တဲ့ ပထမလူကို နောက်တစ်နည်း သုံးနိုင်တာ ရှိပါသေးတယ်။ အဲဒီနည်းကတော့ ဇာတ်ကြောင်းပြန်သူက စာဖတ်သူတွေအပေါ် ညစ်တယ်လို့  ဆိုနိုင်ပါတယ်။ မဟုတ်တဲ့ လမ်းကြောင်းဘက်ကို ဇာတ်ကြောင်းပြန်သူက ဆွဲခေါ်သွားမယ်။ အချိန်တန်တော့မှ စာဖတ်သူက သူ လိုက်ခဲ့တဲ့ လမ်းဟာ လမ်းမှား ဖြစ်နေတယ် ဆိုတာ သိနိုင်တဲ့ နည်းလမ်းပါ။ ပထမလူ အနေနဲ့  ဇာတ်ကြောင်းပြန်တဲ့ နည်းလမ်းဟာ အထိရောက်ဆုံးနဲ့  ရှေးအကျဆုံး နည်းလမ်း ဖြစ်ပါတယ်။

“ကျွန်တော့်”အနေနဲ့  ဇာတ်ကြောင်းပြန်မယ်ဆိုရင် လိုအပ်တဲ့ အဓိက အချက်တစ်ခုကတော့ ဇာတ်ကြောင်း ပြန်မယ့် အဲဒီ “ကျွန်တော်” နဲ့  ကျန်တဲ့ ဇာတ်ကောင်တွေရဲ့ ဆက်နွယ်မှုပါပဲ။ “ကျွန်တော်” က တတ်နိုင်သမျှ အဓိက ဇာတ်ဆောင်ဖြစ်ဖို့  လိုပါ တယ်။ “ကျွန်တော်” နဲ့  ကျန်တဲ့ ဇာတ်ကောင်တွေ တင်းမာမှုတွေ၊ ပဋိပက္ခတွေ ရှိမယ်။ အဲဒီ တင်းမာမှုတွေက “ကျွန်တော့်” ကို လှုပ်ရှားမှုတွေ ပေးပြီး ဇာတ်လမ်း ဇာတ်ကွက်ကို ပေါ်ပေါက် စေရမယ်။

ကားပေါ်မှာ ထိုင်လိုက်လာတဲ့ ကလေးတစ်ယောက်ရဲ့ အမြင်နဲ့  ကားမောင်းနေတဲ့သူရဲ့ အမြင် မတူနိုင်ပါဘူး။ ကလေးက ဇာတ်ကြောင်း ပြန်သူ ဖြစ်မယ်ဆိုရင် ကားမောင်းသူရဲ့ အမြင်က ဆန့် ကျင်ဘက် ဖြစ်ရင် ဖြစ်နေ ပါမယ်။ စာရေးသူတစ်ယာက် အနေနဲ့  ရေးဖန်များလာရင် ၀တ္ထုတစ်ပုဒ်ကို ဘယ်သူ့ အမြင်၊ ဘယ်ရှုထောင့်က ရေးရင် ပိုပြီး ထိရောက်တယ်ဆိုတာ နားလည် သဘောပေါက်လာပါလိမ့်မယ်။ အရေးကြီးတာက ကိုယ် ချရေး တော့မဲ့ ၀တ္ထုရဲ့ ပထမဆုံး ၀ါကျပါပဲ။ ဒီဝါကျကျု ဘယ်သူ့ အခြေအနေ၊ ဘယ်လေသံမျိုးနဲ့ ရေးမှာလဲဆိုတာ သတိထားပါ။ ကျွန်တော်ကတော့ ၀တ္ထုပဲ ရေးရေး၊ ပြဇာတ်ပဲရေးရေး၊ ပထမဆုံး တစ်ပိုဒ်ကို နည်းမျိုးစုံနဲ့  လှည့်ပတ် စမ်းရေးကြည့်ပါတယ်။ အဲဒီလို ရေးကြည့်ရင် ဘယ်နည်းက အထိရောက်ဆုံးလဲဆိုတာ ပေါ်လာပါ လိမ့်မယ်။ ကိုယ်မှတ်မိတာတွေ လျှောက်ရေးနေရင်တော့ ၀တ္ထုနဲ့  မတူပဲ မှတ်တမ်းနဲ့  တူသွားပါလိမ့်မယ်။

စာရေးဆရာရဲ့ အလုပ်က မှတ်မိတာတွေ ချရေးဖို့  မဟုတ်ဘူး။ မှတ်မိတာတွေထဲက အချို့ ကိုသာ အလျဉ်း သင့်သလို ထုတ်နုတ် သုံးစွဲ သွားဖို့ ပါပဲတဲ့။

read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၆ {အမှတ်တရများနဲ့  ကျွန်တော်}"

On 0 comments

“စာရေးချင်လိုက်တာ”လို့  “စာရေးတတ်အောင် ဘယ်လို လုပ်ရမလဲ” လို့  ဆိုတဲ့ မေးခွန်းမျိုးတွေ မေးတတ်တဲ့ သူ တွေ အတွက် စာရေးဆရာမ “ဂျင်နီသော်မဆင်” ရဲ့ Before Begin To Write ဆောင်းပါးကို ဖော်ပြပေး လိုက်ပါတယ်။

စာကောင်းကောင်း ရေးတတ်ဖို့ ၊ စာလုံးတွေကို ၀ါကျ ကောင်းကောင်း ဖြစ်အောင် စီတတ်ဖို့ ၊ ၀ါကျတွေကို စာပိုဒ်ဖြစ်အောင် ဖန်တီးတတ်ဖို့ အတွက် လက်တွေ့  စာချမရေးခင်မှာ လေ့လာ ဆည်းပူးစရာတွေ အများကြီး ရှိပါတယ်။ ဒါမှသာ ကိုယ်ရေးတဲ့ ဆောင်းပါး (သို့ ) ၀တ္ထုဟာ စာဖတ်သူရဲ့ နှလုံးသားမှာ ပျော်ဝင်သွားနိုင်စေမှာ ဖြစ်ပါတယ်။ စာကောင်းတစ်ပုဒ်ကို ဖန်တီးနိုင်ဖို့  အတွက် အခြေခံကျတဲ့ အချက်ဟာ စာမူကြမ်းရေးခြင်းပါပဲ။ စာမူကြမ်း ရေးနေစဉ်မှာ ကိုယ်က ကိုယ်ရေးမယ့် အကြောင်းအရာကို လေ့လာရမယ်။ သုံးသပ်ရမယ်။ အကြမ်း ထည်ကနေ အချောထည် ဖြစ်လာအောင် ကိုယ်လိုချင်တဲ့ ရှုထောင့် ပုံစံ ရလာအောင် ပုံသွင်းသွားနိုင်ရမယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို လကိကိုင်ထားပြီး စာမူကြမ်းကျု ဖန်တီးမယ် ဆိုရင် အချိန် ကုန်သက်သာပြီး စာလည်း ပိုမို ညက်ညော သွားပါလိမ့်မယ်။

စိတ်ကူးကို တိုးတက် ရှင်သန်စေခြင်း
စာတစ်ပုဒ်ကို ရေးမယ်ဆိုရင် ‘ဘ’ ငါးလုံးကို သတိရပါ။ ဘယ်သူလဲ။ ဘယ်မှာလဲ။ ဘာလဲ။ ဘယ်တုံးကလဲနဲ့  ဘာဖြစ်လို့ လဲ ဆိုတဲ့ မေးခွန်းတွေကို ရင်ထဲမှာ ထည့်ထားပါ။

“ဘာလဲ” ဆိုတဲ့ မေးခွန်းဟာ ကိစ္စ တော်တော်များများမှာ ထိရောက်တဲ့ မေးခွန်း ဖြစ်တဲ့အတွက် ဆောင်းပါး (သို့ ) ၀တ္ထုရေး တော့မယ် ဆိုရင် ဒီမေးခွန်းနဲ့ စတာက ပိုပြီး အံဝင်ခွင်ကျ ဖြစ်တတ်ပါတယ်။ ဒီမေးခွန်းဟာ စပ်စုတဲ့ မေးခွန်း၊ လေ့လာတဲ့ မေးခွန်း စိတ်ဝင်စားတဲ့ မေးခွန်းပဲ မဟုတ်လား။ ဒီမေးခွန်းနဲ့  စကြည့်ပါ။ ကျွန်မ ကိုယ်တိုင် အဲဒီ ဆောင်းပါး မရေးခင်မှာ တကယ့်မိတ်ဆွေ တွေကို လူကိုယ်တိုင် မေးကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေက သူလို ကိုယ်လို လူမျိုးတွေကို မေးခဲ့ရာ က ထွက်လာတဲ့ အဖြေတွေပါ။

(၁) ထွက်လာတဲ့ အဖြေဟာ ပြသနာကို ပြီးပြေစေမယ့် အဖြေ ဖြစ်ချင်မှ ဖြစ်မယ်။ ထိပ်တိုက် ရင်ဆိုင်တွေ့ ရတဲ့ အဖြေမျိုးလည်း ဖြစ်ချင် ဖြစ်မယ်။ မဆီမဆိုင်လို့ လည်း ပြောချင်ပြောပါလိမ့်မယ်။

(၂) ကိုယ့်ဘက်က လိုက်လျော ညီထွေ ရှိတတ်ရမယ်။ လူတစ်ယောက်ကို ကိုယ်က အင်တာဗျူးသလိုမျိုး မေးရမှာ။ ဒီအချိန်မှာ ကိုယ်မေးတဲ့ အမေးကို အမေးခံရသူက တိတိကျကျ ဖြေတတ်လိမ့်မယ်လို့  မျှော်လင့်မထားပါနဲ့ ။ ဘာကြောင့်လည်း ဆိုတော့ ကိုယ်မေးတဲ့ ကိစ္စမျိုး အမေးခံရတဲ့သူမှာ အတွေ့ အကြုံ ရှိချင်မှ ရှိမှာပါ။ ဒီတော့ ကိုယ် မေးမယ့် မေးခွန်းဟာ လူအများစု တွေ့ ကြုံ ရတတ်တဲ့ ကိစ္စမျိုး ဖြစ်ရပါမယ်။

(၃) စကားပြောဖို့  မေးခွန်းမေးဖို့  မကြောက်နဲ့ ။ နေ့ စဉ် ကြုံတွေ့ နေကျ ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီမှာ ကိုယ်သိချင်တာနဲ့ ပတ်သက်ပြီး သဲလွန်စ ပေးနိုင်တဲ့ အတွေ့ အကြုံတွေ အများကြီး ရှိနိုင်ပါတယ်။

(၄) စာဖတ်ပါ။ ကိုယ်ရေးမဲ့စာက ၀တ္ထုမဟုတ်ပဲ အကြောင်းအရာ တစ်ခုကို ဦးတည်ရေးတော့မယ်ဆိုရင် အလားတူ အကြောင်း အရာမျိုး ရှေ့ ကရေးခဲ့တဲ့သူတွေရဲ့ စာကို ဖတ်ရပါမယ်။ ဒါမှ ကိုယ်ရေးတဲ့စာဟာ ပုံတူ ကူးချတဲ့ ပုံစံမျိုး မဖြစ်တော့ပဲ ပုံစံ ခွဲထွက်နိုင် ပါလိမ့်မယ်။

(၅) မှတ်စု ထုတ်ပါ။ စာရေးဖို့  ပြင်ဆင်နေတဲ့ ကာလတလျှောက်မှာ ကိုယ်က မှတ်စု ထုတ်တဲ့ အကျင့်မျိုး ရှိရမယ်။ ခေါင်းထဲ ပေါ်လာတဲ့ ၀ါကျတချို့ ၊ စာပိုဒ်တချို့ ကို ရေးချထားရပါမယ်။ မှတ်စု ထုတ်တဲ့ အကျင့်က ကိုယ့်ကို ယုံကြည်မှုအား တိုးပွားစေပါ တယ်။

(၆) ခွဲခြမ်း စိတ်ဖြာခြင်း။ စာတစ်ပုဒ် ရးဖို့  လေ့လာမှုတွေ အများကြီး လုပ်ရပါမယ်။ ကိုယ်လေ့လာလို့  ရတဲ့ အချက်အလက်တွေထဲ ကမှ ဘယ်ဟာကို ကိုယ်က အခြေခံ ယူပြီး တင်ပြမယ်ဆိုတာကို ဆုံးဖြတ်နိုင်ရပါမယ်။

(၇) အိပ်ခြင်း။ စာတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဒါနဲ့  ပတ်သက်လို့  တချိန်လုံး စိတ်ဝင်စားမှု ရှိနေရပါမယ်။ အိပ်နေသည် ဖြစ်စေ၊ မအိပ်သည်ဖြစ်စေ၊ အသိစိတ်မှာရော၊ မသိစိတ်မှာပါ ကိုယ်ရေးမဲ့ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားနေရပါမယ်။ ဒီလို စိတ်ဝင်စား နေပြီ ဆိုရင် အိပ်ရာဘေးမှာ စာရွက်နဲ့  ခဲတံ ဆောင်ထားပါ။ တခါတလေ အိပ်နေရင်း စကားလုံး ရရင် ရမယ်။ ခေါင်းစဉ် ရချင် ရမယ်။ ဒီတခါ ထထိုင်ပြီး ကောက်ရေးလိုက်လို့  ရတာပေါ့။

စာမရေးခင်မှာ ဒီလို ပြင်ဆင်မှုတွေ လုပ်ခြင်းက စာတကယ်ရေးတဲ့ အခါမှာ အချိန်ပို ရစေတာ တွေ့ ရပါမယ်။ ဒါကြောင့် လူတွေ ကြားမှာ လေ့လာနေတဲ့အချိန်၊ မှတ်စု ရေးချိန်၊ နားထောင်ချိန်၊ စကားပြောချိန်၊ ရေးရမယ့် အကြောင်းအရာအတွက် စိတ်ကူးနေချိန် အားလုံးဟာ အချိန်ဖြုန်းနေတာပဲလို့  မထင်လိုက်ပါနဲ့ ။ အဲဒါလည်း စာရေးခြင်းပါပဲတဲ့။

စာရးချင်တယ် ဆိုသူများ စာရေးဆရာမ “ဂျင်နီသော်မဆင်” ရဲ့နည်းကို လက်တွေ့ ကျင့်သုံးပြီး စာကောင်းတစ်ပုဒ် ဖန်တီး နိုင်ကြပါ စေ။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၅ {စာမရေးမီ}"

On 0 comments

ဝတ္ထုတွေရဲ့ အင်္ဂါရပ်တွေထဲမှာ “စကားပြော” ဟာ အကြီးလေးဆုံး တာဝန်ကို ထမ်းဆောင် ထားရပါတယ်။ သူက ဇာတ်ကောင် စရိုက်ကို ဆက်တိုက် အဆက်မပြတ် ဖော်ပြသွားရင်း ဇာတ်အိမ်ကိုလည်း တစ်ကွက်ပြီး တစ်ကွက် ရွေ့ လျား သွားစေရပါတယ်။ ဒီတာဝန် ၂ရပ်ကို ထမ်းဆောင်နိုင်မှသာ ၀တ္ထုရေးဆရာ တစ်ယောက် ခံယူထားအပ်တဲ့ “ပြ၊ မပြောနဲ့ ” ဆုတဲ့အချက်ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောက ဇာတ်အိမ် ရဲ့ တင်းမာမှု အခြေအနေ ဇာတ်လမ်းကို ဖော်ပြမယ်။ ဇာတ်ကောင်တွေ အချင်း ချင်း ဆက်ဆံရေး အခြေအနေ၊ ဆက်သွယ်မှု၊ လှုပ်ရှားမှု၊ လေယူလေသိမ်းနဲ့  ဇာတ်အိမ်တည်နေရာတို့ကိုဖော်ပြပေးပါတယ်။ ဒါကြောင့်မို့  “စကားပြောက ၀တ္ထု တစ်ပုဒ်မှာ ပါဝင်ဖွဲ့ စည်းရမယ့် အင်္ဂါရပ်တွေထက် ပိုပြီး အနုပညာမြောက်ဖို့  လိုပါတယ်။” လို့  ဆိုခဲ့တာပါ။

ဒီနေရာမှာ ‘အနုပညာ’ ဆိုတဲ့ စကားလုံးဟာ သော့ချက်ပါပဲ။ ကျွန်မတို့  စာရေးသူ အားလုံးအနေနဲ့  ‘စကားပြော’ ရဲ့ တာဝန်တစ်ရပ် ဖြစ်တဲ့ ဇာတ်ကောင်စရိုက်ကို ဖော်ပြနိုင်အောင် ရေးနိုင်စွမ်း ရှိရပါမယ်။ ကျွန်မတို့  ၀တ္ထုတွေထဲမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ရဲ့ အဆင့်အတန်း၊ အသက်အရွယ်၊ လိင်အမျိုး အစား၊ ပညာအရည်အချင်း၊ အသိဥာဏ် အခြေအနေ၊ စိတ်ဓာတ် အခြေအနေတွေ ကို ဖော်ပြနိုင်ရပါမယ်။

ဝတ္ထုတစ်ပုဒ်မှာ စာဖတ်သူဟာ ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ပါနေတဲ့သူ မဟုတ်ဘူး။ သူက ဘေးက ကြည့်တဲ့ ပွဲကြည့် ပရိသတ် သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တို့ အနေနဲ့  ‘စကားပြော’ နဲ့  ပတသက်ပြီး ပထမဆုံး ထုတ်လို့ ရတဲ့ ဥပဒေသကတော့ “ဇာတ်ကောင်တွေရဲ့ ပြောစကားဟာ တစ်ယောက်နဲ့  တစ်ယောက် ပြောတာပဲ ဖြစ်ပါစေ” ဆိုတဲ့ အချက်ပါပဲ။ (စာဖတ်သူကို လှမ်းပြောတာ မဖြစ်ပါစေနဲ့ )

စာရေးဆရာ ဒေးဗစ်ဟာဒဲလ်ရဲ့ The Undesirable ၀တ္ထုမှာ အဖေနဲ့  သား စကားပြောကြတာကို ဒီလို ရေးထားပါတယ်။

“အဖေ”

အဖေက လည်ချောင်းသံ ပေးတယ်။

“အဖေ ကျွန်တော် ပြောတာ နားထောင်နေလား”

အဖေ့ကို ကျွန်တော် မေးလိုက်တယ်။

“ဘာလဲကွာ”

အဖေ့အသံက အလုပ်ရှုပ်နေလို့  စိတ်တိုသံပါနေတယ်။

“ကျွန်တော် ပြောတာ နားမထောင်ချင်ရင် ဘာဖြစ်လို့  မေးသလဲ အဖေရ”

ကျွန်တော်က အဖေ့ကို အော်လိုက်တယ်။ အပေါ်ထပ် ကျွန်တော့်အခန်း ရှိရာကို ခြေဆောင့်တက်လာခဲ့ပြီး တံခါးကို ခပ်ပြင်းပြင်း ပိတ်ပစ်လိုက်တယ်။

ဒီစာပိုဒ်ကို ကြည့်ရင် သားအဖ နှစ်ယောက် မပြေလည်မှုကို သိသာပေမဲ့ စာဖတ်သူကို လှမ်းကြည့်ပြီး ပြောတဲ့ စကားမျိုး မပါဘူး။ စာဖတ်သူက သားအဖ နှစ်ယောက် ရှေ့ ဆက် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရုံပဲ ရှိတယ်။ စာရေးဆရာရဲ့ အလုပ်က စာဖတ်သူကို စကားလှမ်း မပြောပဲနဲ့  ဇာတ်ကွက်ကို နားလည်သွားအောင် ဖန်တီး ပေးကြဖို့ ပါပဲ။ ဒီတော့ စာရေးဆရာက စကားပြောကို ရေးတဲ့ နေရာမှာ အပြင်မှာ ဖြစ်တတ်တဲ့ သဘာဝ အတိုင်း ယုံကြည်ချင်စရာ ကောင်းလောက်အောင် ရေးရင်း ဇာတ်လမ်းကို ဆွဲဆောင်သွား ဖို့ ပါပဲ။

“ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် အချိတ်အဆက် မိနေအောင် ဖန်တီးကြပြီးရင် စာရေးဆရာ အတွက် လိုအပ်ချက်က ထိရောက်တဲ့ စကားပြောတွေ ဖန်တီးပေးဖို့ ပဲ လိုပါတော့ တယ်။” ဒါက စကားပြောနဲ့  ပတ်သက်တဲ့ ဒုတိယမြောက် ဥပဒေသ ဖြစ်ပါတယ်။

“ဇာတ်ကောင်တို့ သည် စာဖတ်သူ ထင်တာထက် ပို၍ စကားနည်း ကြသည်” တဲ့။ ကျွန်မ ပြောခဲ့သလို စကားပြောက ၀တ္ထုတွေမှာ အင်မတန် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရတာ ဆိုတော့ ၀တ္ထုမှာ စကား တိုတို တုတ်တုတ်ပဲပြော ဒါပေမဲ့ ဒီစကားက အဓိပ္ပာယ် အများကြီး ရှိရမယ်။ စကားပြောထဲမှာ ထည့်တတ်ကြတဲ့ အား၊အင်း၊ ဟင်း ဟင်း စတာတွေ ဖြုတ်နိုင်သလောက် ဖြုတ် ပစ်ပါ။

စကားပြောနဲ့  ပတ်သက်တဲ့ တတိယမြောက် ဥပဒေသကတော့ “ရင်တွင်း ခံစားမှု ပြင်းထန်လာလေ၊ ခံစားရတဲ့သူမှာ စကားနည်း သွားလေပါပဲ”တဲ့။

ဇာတ်ကောင် တစ်ယောက် ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတာ ပြချင်ရင် စကားပြောရင်း တ၀က်တပျက်နဲ့  ရပ်ပစ်နိုင်ပါ တယ်။ စကားတစ်လုံးတည်း ပြောခိုင်းနိုင်ပါတယ်။ ဒီလို ပြလိုက်ခြင်းအားဖြင့် ဇာတ်ရှိန် မြင့်လာစေသလို စာဖတ်သူကိုလည်း ဇာတ်ထဲ စီးမျောလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စကား တစ်ဝက်တစ်ပျက်ကို စာဖတ်သူက ဆက်ဖြည့်ရတော့မှာကိုး။

မကောင်းတဲ့ ခံစားချက်တွေ ဖြစ်တဲ့ ကြောက်ရွံ့ ခြင်း၊ မနာလို ၀န်တိုခြင်း၊ မုန်းတီးခြင်းတို့ ဟာလည်း ဇာတ်ကောင်တွေကြားမှာ စကား နည်းစေပါတယ်။ စကား တစ်ဝက်တစ်ပျက် ပြောတာတွေ၊ အဆက်အစပ်မရှိ ကောက်ခါ ငင်ခါ ပြောလိုက်တာတွေ၊ ပြောချင် တဲ့ အဓိပ္ပာယ်နဲ့  ဆန့် ကျင်ဘက် (ရွဲ့ ပြီး) ပြောလိုက်တာတွေ၊ ဘာမှ မပြောပဲ တိတ်တိတ်ကလေး နေလိုက်တာတွေဟာ ဇာတ်ကို တင်းမာစေပါတယ်။ ဒါက စကားပြောနဲ့  ပတ်သက်ပြီး ထုတ်ယူနိုင်တဲ့ စတုတ္ထမြောက် ဥပဒေသကတော့ “လှုပ်ရှားမှုက စကား ပြောသည်” ဆိုတာပဲ ဖြစ်ပါတယ်။

လက်တွေ့ ဘ၀မှာ စကားပြောနဲ့  တွဲလာတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ အသံနေ အသံထား၊ မျက်နှာ အမူအရာ၊ လေယူလေသိမ်း၊ ကိုယ်ဟန် အမူအရာတွေက စကားပြောနေတဲ့သူ ဘာအဓိပ္ပာယ်နဲ့  ပြောနေလဲဆိုတာ ပိုမို ပေါ်လွင်လာအောင် အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ကျွန်မတို့  ၀တ္ထုတွေထဲမှာ ဇာတ်ကောင်တွေ ပြောနေတဲ့စကား ပိုပြီး ထိရောက်အောင်၊ အဓိပ္ပာယ် ပေါ်လွင် အောင် အမူအရာလေးတွေ ထည့်ပေးဖို့  လိုပါတယ်။ ဒီအမူအရာတွေ ထည့်သွင်းပေးခြင်းအားဖြင့် ဇာတ်ကောင်ရဲ့ ရင်ထဲက ခံစားမှု ကိုပါ စာဖတ်သူက ပိုပြီး နားလည်မှု ရသွားစေပါတယ်။

ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် မျက်လုံးချင်း မဆိုင်ဝံ့တာ၊ လက်ချင်း ပွတ်နေတာ၊ နဖူးကို လက်နဲ့  ပွတ်တာ၊ နှုတ်ခမ်း ကို လျှာကို လျက်လိုက်တာ၊ ခြေဖျားနဲ့  စည်းချက်လိုက်နေတာ၊ နားထဲ လက်ထိုးသွင်းပြီး လှုပ်ခါနေတာ၊ ခေါင်းကို ဟိုဘက် ဒီဘက် ချိုးလိုက်တာ၊ မဆုံးနိုင်လောက်တဲ့ အမူအရာတွေ အားလုံးဟာ အတွင်းစိတ်ကို ဖော်ပြနေတာပါပဲ။ ဒီအမူအရာလေးတွေ ထည့်ရေး ပေးတာက စာဖတ်သူအတွက် ပိုပြီး ထိရောက်ပါတယ်။ စကားပြောကော၊ အမူအရာပါ ပြလိုက်ရင် စာဖတ်ရင်းနဲ့ ပဲ ဇာတ်ကောင်ရဲ့ အသံကို ကြားယောင်ရင်း အမူအရာကိုပါ မြင်လာစေပါတယ်။ ရင်ထဲမှာ ခံစားရတဲ့ ဇာတ်ရှိန်ကို မြင့်တက်လာ စေပါတယ်။ တစ်ခါ တစ်ရံမှာ ဇာတ်ကောင်တွေကို စကားမပြောပဲ ငြိမ်ငြိမ်နေစေခြင်းက ဇာတ်ရှိန်ကို မြင့်တက်လာစေတာမျိုးလည်း ရှိပါတယ်။ တင်းမာ နေတဲ့ အခြေအနေမျိုးမှာ စကားပြောတာထက် မပြောတာက ပိုပြီး ထိရောက်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ ဇာတ်ကောင်တွေဟာ တစ်ယောက်နဲ့  တစ်ယောက် အပြန်အလှန် တုံ့ ပြန်မှု ရှိရပါမယ်။ စကား ပြောဆိုတာ ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ စာရေးသူက သတိထား ရပါမယ်။ ဒါကြောင့် ဇာတ်လမ်းထဲမှာ အပြန်အလှန် စကားပြော ပြီးကြတဲ့အချိန်မှာ ဇာတ်ကွက်က အစကနဲ့  မတူတော့ပဲ ခြားနား သွားရပါမယ်။ တစ်စုံတစ်ခု ထူးခြားလာ ရပါမယ်။ ပြောင်းလဲမှု ရှိတယ်ဆိုတာ ပေါ်လွင်ရမယ်။ “ထိရောက်တဲ့ စကားပြော” တွေသာ ဖန်တီးနိုင်မယ် ဆိုရင် ဇာတ်က ရှေ့ ကို ရွေ့ လျားလာပြီး အရှိန်ရလာမှာပါပဲ။

စကားပြောရဲ့ အနုပညာက ကိုယ့်ဇာတ်ကောင်တွေကို ထိုးထွင်းမြင်နိုင်ခြင်းပါပဲ။ ပထမ ဇာတ်ကောင်တွေကို ရှာဖွေ တွေ့ ရှိမယ်။ ဒုတိယအဆင့်က သူတို့ ကို ဖော်ပြပေးမယ်။ နောက်ဆုံးအဆင့်က သူတို့ ရဲ့ ရင်ထဲ အနက်ရှိုင်းမှာ ရှိတဲ့ ခံစားချက်တွေကို စာရေးသူ က “စကားပြော”က တဆင့် စာဖတ်သူ သိလာအောင် ဖော်ထုတ်ပေးခြင်းပါပဲ။ ကိုယ်တွေ့ တာ မြင်တာကို အနုပညာ မြောက်အောင် ဖော်ထုတ်ပေးနိုင်ရင် စာဖတ်သူ ရင်ထဲမှာ စာရေးသူ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေဟာ တကယ့် သက်ရှိ တစ်ယောက်လို မြင်လာမှာ မလွဲပါဘူးလို့  စာရေးဆရာမ အဲ(န်)ဟာလီမဲ(န်) က ပြောပြထားပါတယ်။




read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၄ {အလုပ်လုပ်သော စကားပြော}"

On 0 comments

ဝတ္ထု ဖွင့်ပုံ ဖွင့်နည်းနဲ့  ပတ်သက်လို့  နောက်ထပ် ပြောချင်တဲ့ နည်းလမ်းအချို့ ကတော့

(၁) ဇာတ်လမ်းရဲ့ အလယ်ပိုင်းနဲ့  စဖွင့်ပါ။ ဒါမှမဟုတ် ဇာတ်ရှိန် အမြင့်ဆုံး ဖြစ်မဲ့ အခန်းမတိုင်ခင် တစ်ခန်း လောက်က စဖွင့်ပါ။ ဒါပေမဲ့  ပျင်းစရာ ကောင်းတဲ့ အခန်းမျိုးနဲ့  မစပါနဲ့ ။

(၂) အဓိက ဇာတ်ကောင်တွေနဲ့  စာဖတ်သူကို အရင် တွေ့ ပေးပါ။ အဓိက မကျတဲ့ ဇာတ်ကောင်တွေကို နောက် မှ ပွဲထုတ်ပါ။ အသေးအဖွဲ ပြသနာလေးတွေကို မတင်ပြမီ အဓိက ပြသနာကို အရင်တင်ပြပါ။

(၃) ဇာတ်ကောင် တစ်ကောင်ချင်းရဲ့ စိတ်လှုပ်ရှားမှု အခြေအနေ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ တုံ့ ပြန်မှုတို့ ကို တိတိကျကျ ပေါ်လွင်အောင် ဖော်ပြပါ။ ဇာတ်ကောင်စရိုက် မျိုးစုံအောင် ထည့်ပါ။ ဒါမှလည်း စာဖတ်သူ အနေနဲ့  အားလုံးကို ကြိုက်တာ မကြိုက်တာ မဖြစ်တော့ဘူးပေါ့။ ဇာတ်ကောင်တွေရဲ့ စကားပြောထဲမှာ သူတို့ ရဲ့ စရိုက်ကို ပရိသတ် သိသာလာအောင် သဲလွန်စလေးတွေ ထည့်ပေးထားပါ။

(၄) ဇာတ်အဖွင့်မှာ ကိုယ့်ကိုကိုယ် သနားနေတဲ့ ၀မ်းနည်းကြေကွဲနေတဲ့ ဇာတ်ကောင် တစ်ယောက်ထဲနဲ့  ဘယ်တော့မှ မစပါနဲ့ ။ တစ်ယောက်ထဲနဲ့  စမယ်ဆိုရင်လည်း ပြသနာ တစ်ခုခုကို ဆုံးဖြတ်ရခက်နေတဲ့ အနေ အထားနဲ့ စပါ။

(၅) ၀တ္ထုနောက်ပိုင်းမှာ အရေးပါမယ့် အချက်အလက် တစ်ခုခုကို သဲလွန်စ ပေးထားပါ။ ဒါပေမဲ့ ဒါကို ဖတ်ပြီး စာဖတ်သူက ဇာတ်ကို စောစောစီးစီး ကြိုပြီး ခန့် မှန်းလို့ ရလောက်အောင်အထိ မပေးပါနဲ့ ။

(၆) တခါတည်း ချရေးလိုက်တဲ့ စာမူကြမ်းနဲ့  ဘယ်တော့မှ မကျေနပ်ပါနဲ့ ။ ၀ါကျ တခုချင်း ပြောင်မြောက်လာ အောင် ထပ်ဖန် တလဲလဲ ပြင်ဆင်ပြီး ချောသထက် ချောအောင် ကြိုးစားပါ။ ဒါမှ စာဖတ် ပရိသတ် ကိုယ့်စာပိုဒ် ကို စဖတ်လိုက်တာနဲ့  အာရုံဝင် စားလာပါလိမ့်မယ်။

(၇) စာတစ်မျက်နှာပြီး တစ်မျက်နှာ လက်က မချတမ်း ဖတ်ချင်လာအောင် အစမှာ မဖြေရှင်းနိုင်သေးတဲ့ လျှို့ ဝှက် ပြသနာ တစ်ခု ပါဝင်လာစေဖို့ နဲ့  အဆုံးမှာ အသည်းတအေးအေး ဖြစ်အောင် ကြိုးစားပါ။

(၈) ၀တ္ထုလတ်တို့ ၊ ၀တ္ထုရှည်တို့ နဲ့  စာရင် ၀တ္ထုတိုရဲ့ အဖွဲ့ က ပိုအရေးကြီးတဲ့အတွက် ပထမဆုံး စာပိုဒ်ဟာ အရေးအကြီးဆုံး ဖြစ်တယ် ဆိုတာ သတိချပ်ပါ။

(၉) ဇာတ်ကို ဘယ်လို အဆုံးသတ်တော့မယ် ဆိုတာ စာဖတ်သူ ဘယ်လိုမှ ကြိုတင် တွက်ဆလို့  မရပါစေနဲ့ ။ ကြိုတင် တွက်လို့  ရတာနဲ့  တပြိုင်နက် ဆက်ဖတ်တော့မှာ မဟုတ်ဘူးဆိုတာ သတိပြုပါ။ ကိုယ်က စာဖတ်သူ ထက် ရှေ့ တစ်လှမ်း ပိုရောက်နိုင်ပါစေ

ဝတ္ထုအစမှာထဲက ဘယ်လို ဆုံးတော့မယ်ဆိုတာ ပြောထားမယ် ဆိုရင် ဒါမှမဟုတ် သဲလွန်စ ထားပေးမယ် ဆိုရင် ဘာနဲ့ တူလဲ ဆိုတော့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့  အဘိုးကြီး အဘွားကြီး ဘ၀ကို တမ်းတ နေသလို ပါပဲတဲ့။
read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၃ {၀တ္ထုအဖွင့် (၂)}"

On 0 comments

လူတိုင်းကတော့ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ဒီလို အောင်မြင်သူတွေ ဖြစ်ဖို့  အတွက် လိုအပ်ချက်တွေ နည်းစနစ်တွေနဲ့  အသစ်အဆန်း တွေကိုတော့ မလေ့လာချင်ကြပါဘူးတဲ့။

ဝတ္ထုတစ်ပုဒ်ရဲ့ အစကို ဘယ်လို စိတ်ဝင်စားစရာ ဖြစ်အောင် ဘယ်လို ရေးရမလဲဆိုတော့

ဝတ္ထု တစ်ပုဒ်ရဲ့ အဖွင့်ဟာ ဘ၀ရဲ့ အစ တစ်ခုလိုပါပဲ။ ကြံ့ခိုင် သန်စွမ်းဖို့  လိုပါတယ်။ ၀တ္ထု တစ်ပုဒ်၊ ပုံပြင် တစ်ပုဒ်၊ အခန်း တစ်ခန်းရဲ့ အစမှာ စာဖတ်သူ စိတ်ဝင်စားလာအောင် စာရေးဆရာက လိုက်နာရမဲ့ အချက် ၅ချက် ရှိပါတယ်။

(၁) စာဖတ်သူကို ဆွဲဆောင် ပေးနိုင်မဲ့ ကိုယ့်မူပိုင် အကွက်အဆန်း ဖြစ်ရမယ်။

(၂) ဖတ်လိုက်တာနဲ့  တပြိုင်နက် ရှေ့ ဆက် ဘာဖြစ်မှာပါလိမ့်လို့  စာဖတ်သူရဲ့ စိတ်ကို နှိုးဆွ ပေးနိုင်တဲ့ အင်အား ရှိရပါမယ်။

(၃) စာဖတ်သူကို ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့် ဆိုတဲ့ “ဘ” ၅လုံးနဲ့  ပြသနာ တစ်ရပ်ကို ဖြေရှင်း နိုင်ဖို့  သဲလွန်စ ပေးနိုင်ရမယ်။

(၄) တောင်စွန်းတစ်ခုမှာ တဲတဲလေးသာ ချိတ်မိတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်မျိုး စာရေးသူကို ပေးနိုင်ရမယ်။

(၅) ပထမဆုံး စာပိုဒ်ဟာ ကိုယ့်ဇာတ်ကို တည်ပေးတဲ့အချက်မျိုး ဖြစ်ရမယ်။

ကိုယ်က ၀တ္ထု တစ်ပုဒ် ရေးတော့မယ်ဆိုရင် ဇာတ်ကွက်ကို အရင်ချကြည့်ပါ။ ကိုယ့်ဇာတ်လမ်းထဲက ဘယ် ဇာတ်ကွက်ဟာဖြင့် အခိုင်ခံ့ဆုံးလဲဆိုတာ ဆုံးဖြတ်ပြီး အဲဒီအကွက်က စပါ။

တကယ်လို့  ကိုယ်ရေးမဲ့ ၀တ္ထုက ဇာတ်ကောင်စရိုက် အသားပေးမဲ့ ၀တ္ထုမျိုးဆိုရင် ဇာတ်ကောင် တစ်ကောင် (ဒါမှမဟုတ် ပိုချင်လည်း ပိုနိုင်ပါတယ်) နဲ့ စပါ။

ဒေသ တစ်ခုနဲ့  ပတ်ဝန်းကျင် အကြောင်း ဖွဲ့ နွဲ့ မဲ့ အရေးအသားဆိုရင် စာဖတ်သူကို အရပ်ဒေသ တစ်ခုဆီ ရောက်သွားအောင် ခေါ်နိုင်ရပါမယ်။

အက်ရှင် ၀တ္ထုဆိုရင်တော့ လှုပ်ရှားမှု တစ်ခုခုနဲ့  စပေါ့။

ခံစားချက် ၀တ္ထုရေးမဲ့သူကတော့ ပြင်းထန် လှုပ်ရှားစေမဲ့ ခံစားချက်နဲ့  စပေါ့။

အတွေးအခေါ် ဦးစားပေးမဲ့ ၀တ္ထု ဆိုရင် ကိုယ့် စာဖတ်ပရိသတ်က ကိုယ်ရေးလိုက်တဲ့ အချက်ကို တုံ့ ပြန်မှု ရှိလာအောင် ကိုယ် က ရေးနိုင်ရမယ်။

တချို့ ကတော့ စကားပြောနဲ့  စပါတယ်။ ဒီလို စလိုက်ရင် ဒီစကားပြောဟာ ကိုယ့်ဇာတ်ကောင်တွေရဲ့ စရိုက်ကို ဖော်ကျူးမဲ့ စကားတွေ ဖြစ်ရပါမယ်။

ဘယ်လို ပုံစံနဲ့  စတယ် ဆိုတာက အကြောင်း မဟုတ်ပါဘူး။ ကိုယ် စလိုက်တဲ့ စာပိုဒ်မှာ စတိုင် ရှိရမယ်။ စာဖတ်တဲ့သူကို စိတ်လှုပ်ရှားလာအောင် နှိုးဆွ ပေးနိုင်ရပါမယ်တဲ့နော်။

read more "စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၂ {၀တ္ထုအဖွင့် (၁)}"

On 0 comments

ကျွန်မ စာစရေးတော့ ပထမနှစ် တက္ကသိုလ် ကျောင်းသူ ဘ၀။ ကျွန်မ ငယ်ငယ်လေးထဲက အကြောင်းအရာ၊ ခေါင်းစဉ်တတ် မရတဲ့ စာတွေ အများကြီး ရေးခဲ့တယ်။ အဖေ ဆူတဲ့အခါ၊ အမေ ရိုက်တဲ့အခါ၊ အဘွား အော်တဲ့ အခါ ညီမလေးနဲ့  ရန်ဖြစ်တဲ့ အခါ စာတွေ ရေးခဲ့တယ်။ စိတ်ထဲမှာ မကျေနပ်စရာတွေပဲ တွေ့ တွေ့ ၊ ပျော်စရာ တွေပဲ တွေ့ တွေ့ ၊ ဒေါသဖြစ်စရာပဲ တွေ့ တွေ့  ဘယ်သူမှ မသိပေမဲ့ ကျွန်မရဲ့ စာရွက်ကလေးတွေ သိတယ်။ ရေးတဲ့အခါမှာလည်း ဒေါသ ဖြစ်စရာ ကိစ္စတွေဆိုရင် စာရွက်ပေါ် မကျေနပ်တာတွေ ရေးချပြီး စာရွက်ကလေး ကို ကျွန်မနဲ့  မတည့်တဲ့သူ အမှတ်နဲ့  လုံးချေ ပစ်လိုက်တယ်။ ပြီးရင် ကျွန်မစိတ်ထဲ ဘာမှ မရှိတော့ဘူး။ ရှင်း သွားရော။ ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူးလေနော်။

ပျော်စရာကောင်းတဲ့ ကိစ္စလေးတွေ ဆိုရင်လည်း ၀မ်းသာ အားရ ရေးပြီး တရိုတသေ သိမ်းထားရော။ သတိရ တိုင်း ပြန်ထုတ် ကြည့်ပြီး ကျေနပ်နေရော။ ၀မ်းနည်းစရာ ကိစ္စဆိုလည်း ချရေးနေရင်း ငိုလိုက်ရော။ စာလည်း ရေးပြီးရော ရင်ထဲမှာလည်း ပေါ့ သွားရော။ ဒီလိုနဲ့  ကိုယ့်ရဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်ကို မထိခိုက်ပဲ ဖြတ်ကျော်စေခဲ့တယ်။

အဲဒီအကျင့်က ကျွန်မကိုယ်ကျွန်မ သူငယ်ချင်းတွေ မရှိပဲနဲ့ လည်း ပျော်ရွှင်တတ်စေတယ်။ ပူဆွေး အားငယ်မှု တွေကို ဖြေသိမ့် နိုင်ခဲ့တယ်။ ကျွန်မ ဘ၀ ကျွန်မကမ္ဘာမှာ ရေးစရာ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း ရှိရင် ပြည့်စုံနေခဲ့ပြီ။ ဖတ်စရာ စာအုပ် တစ်အုပ်ပါ ရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်။

ဒီအကျင့်တွေကပဲ ကျွန်မကို စာရေးသူ တစ်ယောက် အလွယ်တကူ ဖြစ်စေခဲ့တယ် ထင်ပါတယ်။ စာစရေးချိန် ကနေ ခုချိန်ထိ ကျွန်မ အမြဲတမ်း စိတ်ကိုလွှတ်ပြီး ရေးလေ့ရှိတယ်။ ကျွန်မတို့  စာစရေးတဲ့ခေတ်မှာ ကွန်ပျူတာ တွေ ခေတ်မစားသေးပါဘူး။ ကိုယ်ရေးချင်တာကို ဗလာစာအုပ်လေးနဲ့  ချရေးရတာပါ။ စာရေးချင်တဲ့စိတ်ရှိလို့  စရေးပြီဆိုရင် ဘာမှ တွေးမနေဘူး။လက်ရေး လှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ၊ ၀တ္ထုတိုသည် ဖြစ်စေ၊ ရှည်သည်ဖြစ်စေ ဂရုမစိုက်တော့ပါဘူး။ ဇာတ်သိမ်းက ပေါင်းတာပဲ ဖြစ်ဖြစ်၊ ကွဲတာပဲ ဖြစ်ဖြစ် မစဉ်းစားဘူး။ စိတ်က တွေးလို့ ရသရွေ့  လိုက်ရေးလိုက်တာပါပဲ။ ပြီးမှ ပြန်ဖတ်တာ၊ ပြန်ပြင်တာ၊ အတို အရှည် ပြန်ညှိတာတွေ လုပ်ပါတယ်။

ပြောချင်တာကတော့ စာရေးချင်တဲ့အချိန်မှာ ဒါတွေကို စဉ်းစားလိုက်ရင် စိတ်ကို ဘောင်ခတ်သလို ဖြစ်ပြီး စာရေးတာကို အနှောင့်အယှက်ဖြစ်သွားစေလို့ ပါပဲ။ စာစရေးတဲ့သူ အတော်များများ မေးတတ်တဲ့  မေးခွန်းက ဘယ် နှစ်မျက်နှာရေးရမလဲ ဆိုတာပဲ။ ကျွန်မတို့  စာ စရေးချိန်မှာ လမ်းညွှန်တွေ၊ ဘာတွေ မရှိခဲ့ပါဘူး။ ကိုယ်ဘာသာကိုယ် ရေးချင်တဲ့ ကိုယ်အားသန်တဲ့ ပုံစံရေးပြီးမှ ကိုယ့်ပုံစံနဲ့  ကိုက်တဲ့ မဂ္ဂဇင်းကို ပြန်ရှာဖွေ ရွေးချယ်ပြီး စာမူလေးတွေ လိုက်ပို့ ရတာပါ။ ခုခေတ်မှာ စာရေးရတာ အရမ်းလွယ်သလို၊ ရေးနိုင်တဲ့ နေရာတွေ၊ အခွင့်အလမ်းတွေ အများကြီးပါ။

ကျွန်မတို့ တုံးက စာမူတစ်ပုဒ် ပါခွင့်ရဖို့  သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်မ ကံကောင်းတယ် ပြောရမှာပါ။ ကျွန်မရဲ့ ပထမဆုံး စာမူလေးကို ကိုင်ပြီး မဂ္ဂဇင်းတိုက်ကို မရွံ့ မရဲ ရောက်သွားချိန်မှာ အယ်ဒီတာက သဘော ကောင်းစွာနဲ့  ကျွန်မရဲ့ စာမူကို ဖတ်ကြည့်ပေးမယ်။ ထားခဲ့ဆိုပြီး အသာတကြည် ယူထားတဲ့အပြင် သူတို့ ရဲ့ ဒီလ ထွက် မဂ္ဂဇင်းအသစ်လေးပေါ်မှာ “စာရေး ဆရာမ မေဇူးသို့  အမှတ်တရ” ဆိုပြီး ကျွန်မရဲ့ ကလောင်အမည် လေးကို လာပေးတဲ့ စာမူလေးက လှန်ကြည့်ပြီး အမှတ်တရ လက်မှတ်ထိုးပေးခဲ့တာ တသက်စာအတွက် အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ခုမှ စာစရေးရုံရှိသေးတဲ့ ကလေးမလေး တစ်ယောက် ကို အားသစ် လောင်းပေး လိုက်တဲ့ စာကြောင်းလေး တစ်ခုပါ။ ကျွန်မလည်း သူပြောသလို ဖြစ်အောင် ကြိုးစားမယ်လို့  စိတ်ပိုင်း ဖြတ်လိုက် မိပါတယ်။

မှတ်မှတ်ရရ နောက်နှစ်ပတ်အကြာမှာ သွားပြန်မေးတော့ ကျွန်မ စာမူလေးကို ရွေးလိုက်ပြီ။ နောက် ၁လ ၂လ နေရင် ပါမယ် တဲ့။ ကျွန်မရဲ့ ပျော်ရွှင်မှု ကို မြင်ယောင်မှာပါနော်။ အဲဒီအချိန်က စပြီး ကျွန်မမှာ အလုပ်တစ်ခုတိုး လာပါတယ်။ အဲဒါကတော့ လကုန်ရက်ရောက်လို့  မဂ္ဂဇင်း ထွက်ချိန်ရောက်တိုင်း ပန်းဆိုးတန်းက စာအုပ်ဆိုင် လေးတွေမှာ ကိုယ့်ဝတ္ထုလေးတွေ ပါပြီလားလို့  ရင်တခုန်ခုန်နဲ့  သွားသွား ကြည့်ခဲ့ရတာကလည်း ဘ၀မှာ မှတ်မှတ်ရရပါ။

ဒီလိုနဲ့  ကျွန်မကို ခွန်အားသစ်တွေ ပေးခဲ့တဲ့ အဲဒီအချိန်က လူကြိုက်များခဲ့တဲ့ အလှသစ်ဆိုတဲ့  မဂ္ဂဇင်းမှာ ကျွန်မရဲ့ ပထမဆုံး ၀တ္ထု “ဆုံဆည်းခွင့်” ဆိုတဲ့ ၀တ္ထုလေး ၁၉၉၄ ခုနှစ် စက်တင်ဘာလထုတ်မှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်မ ရေးသမျှ တစ်ပုဒ်မှ အပယ်မခံရပဲ ပေးတိုင်းပါခဲ့တာ ခုချိန်အထိပါ။

ခုနောက်ပိုင်းမှာ မအားလပ်မှုတွေနဲ့  မဂ္ဂဇင်း ၀တ္ထုတွေ သိပ်မရေးဖြစ်ပေမဲ့ ကျွန်မရဲ့ စာရေးသူဘ၀ကို ကျွန်မ မြတ်နိုး တွယ်တာ တန်ဖိုးထားဆဲပါပဲ။ တချိန်ချိန်မှာ ဒီအလုပ်ကို ပြန်စောက်ချ လုပ်မယ်လို့ လည်း စိတ်ကူး ထားဆဲပါပဲ။ ထို့ အတူပဲ စာရေးကောင်းတဲ့သူတွေ၊ အတွေးကောင်းတဲ့သူတွေ တွေ့ ရင်လည်း စာရေးဖို့  တိုက်တွန်းမြဲပါပဲ။ အဲဒီ မှာ တချို့ က ကျွန်မကို အထင်ကြီးပြီး စာ ဘယ်လို ရေးရမလဲလို့  မေးတဲ့သူတွေ ရှိပါ တယ်။ ကျွန်မကလည်း ကျွန်မသိတဲ့ အတိုင်းအတာ ပမာဏလောက်လေးနဲ့  သိသလောက် ပြန်ပြောပြဖြစ် ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ၀ါသနာအရ ရေးနေတာ နောက်ပြီး မဂ္ဂဇင်း ၀တ္ထုလေးတွေ အပုဒ် ၄၀လောက် ရေးဖူးရုံသာ အတွေ့ အကြုံ ရှိတာပါ။ ဒါကြောင့် ကျွန်မ ပြောတာတွေ ကလည်း မှားချင် မှားယွင်းနိုင်ပါတယ်။

တစ်ရက် မာတီအတွက် စာတင်မလို့  ကွန်ပျူတာရိုက်နေရင်းနဲ့  စာအုပ်လေး တစ်အုပ်အကြောင်း ကျွန်မ သတိရသွားပါတယ်။ ဒါကြောင့် ကျွန်မ စာအုပ်ဗီဒိုကို မွှေနှောက်လိုက်ချိန်မှာ စာအုပ်လေးတစ်အုပ် ထွက်လာ ပါတယ်။ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေတဲ့ ဆရာဦးဝင်းငြိမ်း(ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ) ရေးသားတဲ့ “နှစ်ကြောင်းရေး တစ်ကြောင်းခြစ်” ဆိုတဲ့ စာပေ ရေးသားခြင်းဆိုင်ရာ ဘာသာပြန် ဆောင်းပါးများ ဆိုတဲ့ စာအုပ်လေးပါပဲ။

စာစရေးမယ်ဆိုရင် စာကြမ်းကို စရေးရမယ်။ ပြန်ဖတ်ကြည့်ပြီး မလိုအပ်ပဲ ဖောင်းပွနေတာကို ခြစ် ထုတ်ရပါ မယ် ။ ပြီးတော့ တစ်ကြိမ် ပြန်ကူး။ ကူးပြီးသားကို ပြန်ဖတ်ကြည့်၊ နောက်ထပ် မလိုတာ တွေ တွေ့ လာရင် ဒုတိယအကြိမ် စိစစ်ရပြန်ပါတယ်။ ဒါကြောင့် စာပေဆောင်းပါးများရဲ့ စုစည်းမှုကို “နှစ်ကြောင်းရေး တစ်ကြောင်းခြစ်” လို့  ခေါင်းစဉ် တပ်လိုက်ခြင်းပါ။ ကိုယ်နဲ့  အသုံး တည့်အောင် လိုအပ်တဲ့ နေရာမှာ လိုအပ်သလို ရှာဖွေတတ်ကြမယ်ဆိုရင် ဒီဆောင်းပါး ရေးရကျိုးနပ်ပါပြီးလို့  စာရေးသူက ပြော ထားပါတယ်။

ဒီစာအုပ်လေးမှာ စာစရေးသူတွေအတွက် အကျိုးရှိ စေတဲ့ အကြောင်းအရာလေးတွေ အများကြီးပါတာမို့  ကျွန်မ ကောင်းတာ လေးတွေ စုပြီး ဖတ်ဖူးသူရော မဖတ်ရသေးသူပါ ဗဟုသုတ ရအောင် ကြိုးစားပြီး ရေးသွား ပေးပါ့မယ်လို့  ကြိုတင် နိဒါန်းပျိုး လိုက်ပါတယ်နော်။

ကျွန်မကို အရင်ကရော ခု ဒီနေရာလေးမှာပါ အားပေးတဲ့ စာဖတ် ပရိသတ်အားလုံးကို လေးစားလျှက်
မေဇူး
read more "ကျွန်မနဲ့  စာရေးဆရာဘ၀ (စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁)"