Showing posts with label တစ်မျက်နှာ ဝတ္ထုတို. Show all posts
Showing posts with label တစ်မျက်နှာ ဝတ္ထုတို. Show all posts
On 0 comments


“လာနော်၊၊ တစ်ထောင်ဖိုးကို သုံးထည်၊ သုံးထည်ကိုမှ တစ်ထောင်၊ သစ်တာ လေးတွေ ပါတယ်နော်။ အခုမှ အထုတ်ဖြေတာ၊ နောက်ကျရင် ကောင်းတာလေးတွေ သူများနောက် ပါသွားမယ်။ ရွေးထား၊ ရွေးထား”

အသံစာစာဖြင့် အော်ရင်း အ၀တ်ပုံကို ဖြည်ပြ ဖွပြနေသော အ၀တ်ဟောင်း(ဘေထုတ်) ရောင်းသော သူ၏ အသံက မစိမ်းမြကို ဖမ်းစားထားသည်။

“အင်း၊ ဟင်းရွက်ဗန်းကို သူများနဲ့  အပ်ထားပြီး သွားရွေးအုံးမှပါပဲ။ တော်ကြာ သူများရွေးသွားလို့  လှတာလေးတွေ ကုန်သွားအုံးမယ်။”

အတွေးမဆုံးခင် ထရပ်ရင်း ဘေးဆိုင်ကို ဈေးဗန်းအပ်ထားခဲ့ကာ အ၀တ်ဟောင်း ဆိုင်ဆီ လှမ်းလာခဲ့ သည်၊၊ မျက်စိထဲမှာလဲ အပျိုပေါက် ဖြစ်နေပြီဖြစ်သော သမီးကြီးထံတွင် အ၀တ်စား ကောင်းကောင်း မရှိလှ တာကို မြင်ယောင်မိရင်း တန်ဆောင်တိုင် ပွဲတော်အမှီ ၀ယ်ပေးလိုက်မည်ဟု စိတ်ကူးလိုက်သည်။ အငယ်လေးတွေကတော့ အရေးမကြီး။ ဖြစ်သလို နေလို့ ရသေးသည်။ ကြီးမားသော စွန့် စားခန်းအဖြစ် တစ်ထောင်ဖိုး ၀ယ်ရန် ဆုံးဖြတ်လိုက်သော မစိမ်းမြ၏ ခြေလှမ်းများသွက်လာခဲ့သည်၊၊

အ၀တ်ပုံထဲမှ အသန့် ဆုံး ဖြစ်မည်ထင်ရသော အင်္ကျီ သုံးထည်လောက် ရရန် လှန်လျော ရွေးနေမိသည်။ သူမ မျက်စိက အပေါ်ဘက်တန်းမှာ ချိတ်ထားသော အင်္ကျီလေးကို သဘောကျစွာ ကိုင်အကြည့်

“အမ ယူလေ၊ အဲဒါ ဇာအကောင်းစားနဲ့  ချုပ်ထားတာ၊ တစ်ထောင်ပဲပေး”

ဈေးသည်စကားကြောင့် မစိမ်းမြ ရင်မောစွာ အသာပြန်ချရင်း သုံးထည် တစ်ထောင်တန်ထဲ မှပဲ ရွေးဝယ် ဖြစ်ခဲ့သည်။ ညနေဖက်မှာ ဈေးစောစော သိမ်းပြီး ပြန်လာသော မစိမ်းမြသည် ရှေးဟောင်း ပစ္စည်း အဟောင်း များ ရောင်းသောဆိုင် တစ်ဆိုင်တွင် ဈေးဝယ်နေသော ချမ်းသာလှသည့် အဘိုးကြီး၊ အဘွားကြီး စုံတွဲကို အံ့သြတကြီး ရပ်ကြည့်နေမိခဲ့သည်။

အိမ်ပြန်ရောက်တော့ သမီးဖြစ်သူက မစိမ်းမြ ၀ယ်လာသော အင်္ကျီများကို ဖြန့် ကြည့်ရင်း

“အမေ့ အင်္ကျီတွေကလည်း အဟောင်းကြီးတွေ၊ ကြည့်ပါအုံး၊ ဒီမှာလည်း စွန်းနေသေးတယ်။”

“အစွန်းတွေက ချွတ်ဆေးနဲ့  ချွတ်ရင် ပြောင်ပါတယ်၊ သမီးရယ်၊၊

“အမေကလည်း အသစ်ဝယ်ပေးတာ မဟုတ်ဘူး။ အဟောင်းတွေ မ၀တ်ချင်ပါဘူး”

အလိုက်ကန်းဆိုး မသိစွာ ပြောနေသော သမီးဖြစ်သူကို စိတ်ပျက်စွာ ကြည့်ရင်း ညနေက မြင်ကွင်း ကို မြင်ယောင်လာကာ

“အဟောင်းလည်း အဟောင်းအလျောက် တန်ဖိုးရှိတာပဲ။ ၀တ်စေချင်လို့  ဈေးရောင်းမကောင်းတဲ့ ကြားက ၀ယ်လာပေးတာကို စေတနာ ပျက်အောင် မလုပ်နဲ့ သမီး။ ချမ်းသာတဲ့သူတွေဆိုရင် အဟောင်းတွေကို မက်မောလွန်းလို့  ပန်းချီကား အဟောင်းတွေ၊ ရှေးဟောင်းပစ္စည်း အဟောင်းအနွမ်းတွေ၊ ရှေးဟောင်း ပန်းအိုးကြီး တွေကို ဈေးကြီးပေး ၀ယ်ပြီး သူတို့ အိမ်ရဲ့  ဧည့်ခန်းမှာ တရိုတသေ ထားကြတာတဲ့”

“ပိုက်ဆံချမ်းသာတဲ့သူတွေ အတွက်ကတော့ ရှေးဟောင်းပစ္စည်း မြတ်နိုးတယ်၊ စုဆောင်းတယ်ဆို တာ သူတို့ အတွက်က ဖက်ရှင်တစ်ခုလိုပဲ မိန်းမရဲ့ ၊၊ တနည်းအားဖြင့် ဒါဟာ သူတို့အတွက် ပိုက်ဆံဖြုန်းနည်း တစ်မျိုးပဲကွ၊၊ သမီးကို အင်္ကျီ အဟောင်း ၀ယ်ပေးတဲ့ မင်းရဲ့ ခံယူချက်နဲ့ တော့ ဘယ်တူပါ့မလဲ”

ခင်ပွန်း ဖြစ်သူရဲ့  စကားကို ဘာပြန်ပြောရမယ်မှန်း မသိစွာနဲ့ ပဲ မစိမ်းမြ တစ်ယောက် သူ ၀ယ်လာသော အင်္ကျိတွေကို မမြင်ဘူးသလို စိုက်ကြည့်ရင်း တချိန်ထဲမှာပဲ ညနေက ရှေးဟောင်းပန်းအိုးကြီးတစ်လုံး ကို မြတ်နိုး တသ တယုတယနဲ့  ငွေတစ်သိန်းပေး ၀ယ်သွားတဲ့ လင်မယား နှစ်ယောက်ကိုသာ မြင်ယောင်နေ မိပါတော့သည်၊၊



1998 ခုနှစ်၊ မတ်လ၊ ချယ်ရီမဂ္ဂဇင်း
read more "ဟောင်းနွမ်းခြင်းသီအိုရီ"

On 0 comments



ကုတင်ပေါ်မှ လူနာ၏ အခြေအနေ မကောင်းပေ။ အသက်ကို ပင်ပန်း ခဲယဉ်းစွာ ရှုနေရသည်။

“အဖေ့ကို ကြည့်ရတာ အသက်ရှု သိပ်ကျပ်နေသလိုပဲနော် အမေ”

“ဟုတ်တယ်။ တကယ်လို့  အောက်စီဂျင်ဘူး ငှားနိုင်ရင်တော့ သူ့ အတွက် သက်သာနိုင်တာပေါ့ သားရယ် ”

အမေ့ စကားကြောင့် အိတ်ကပ်ကို ယောင်ရမ်း၍ စမ်းမိသည်။ အိတ်ထဲမှ ငွေသည် တစ်ရာပင် ပြည့်တော့မှာ မဟုတ် တာကိုလည်း သိနေပြန်သည်။ တစ်စုံတစ်ရာကို သတိရကာ

“ခဏလေး အမေ။ ကျွန်တော့် အလုပ်ရှင်ဆီ သွားပြီး ပိုက်ဆံ ချေးလိုက်အုံးမယ်။”

ခေါင်းညိတ်ပြသော အမေ့ မျက်ဝန်းထဲတွင် မျှော်လင့်ခြင်းတို့  ပျော်ဝင် စီးမျောလျှက် ………………..

သူအိမ်မှ အမြန်ဆုံး ထွက်လာခဲ့မိသည်။

x x x x x x x


သူသည် သူဌေးအိမ် တစ်အိမ်မှ ဒရိုင်ဘာ တစ်ဦး ဖြစ်သည်။ သူ ခြံဝင်းထဲ ၀င်တယ်ဆိုရင်ပဲ ယပ်တောင် တစ်ချောင်း ကို တဖြတ်ဖြတ် ခပ်ရင်း လမ်းလျှောက်နေသော သူ့ အလုပ်ရှင် ဒေါ်ခင်မမကြီးကို တွေ့ ရသည်။

သူ့ ကို မြင်တာနဲ့  ၀မ်းသာအားရ

“မောင်စိုး လာတာနဲ့  အတော်ပဲ။ ဒီမှာ မီးမလာဘူး။ အဲဒါ မင်း တစ်ချက်လောက် လိုက်သွားကြည့်စမ်း။”

“ဟိုလေ….. မမကြီး၊ ကျွန်တော် ကိစ္စလေး ရှိလို့  ပြန်လာ …………”

“မင်း ကိစ္စကို ခဏထားအုံး။ မီးမလာလို့  ပူရင် လူတွေက ယပ်ခတ်ပြီး နေလို့  ရတယ်။ ငါးတွေက မရဘူး။ အစထဲက အောက်စီဂျင် ပေးပြီး မွေးထားတာ ဆိုတော့ အကျင့်ပါနေပြီ။ မီးမလာလို့  အောက်စီဂျင် မရတာ ကြာရင် သေကုန်ရော။ လျှပ်စစ်ရုံးကို ဖုန်းဆက်မေးကြည့်တော့လည်း ဘာဖြစ်လို့  ဆိုလား။ သူတို့  မီးပျက်တာ အရေးမကြီးဘူး။ အခု ငါ့ရဲ့ ငါး နှစ်ကောင် သေတော့မယ်။ လာကြည့်စမ်း မောင်စိုး”

အပေါ်ထပ် တက်ကြည့်တော့ မမကြီး ပြောသည့်အတိုင်းပင်။ နိုင်ငံခြားမှ မှာယူကာ မွေးမြူထားသော ရွှေရောင် အလှမွေး ငါးနှစ်ကောင်၏ အခြေအနေသည် မကောင်းလှပေ။ ကျန်အကောင်တွေကတော့ ဘာမှ မဖြစ်သေး။ ပါးစပ်ကို ပြင်းထန်စွာ ဟရင်း အသက်ကို ပြင်းထန်စွာ ရှုနေသော ငါးနှစ်ကောင်ကို ကြည့်ရင်း အိမ်မှ အဖေ့ကို မြင်ယောင်လာသည်။ အဖေ ဘယ်လို နေပါလိမ့်။ အမေကတော့ သူ့ ကို စောင့်မျှော်နေတော့မည်။

“မမကြီး အဖေ နေမကောင်းလို့  ပိုက်ဆံ နဲနဲလောက် ကြိုထုတ်ချင်လို့ ပါ”

“ရတယ်။ ပြန်လာရင် ယူ။ အခု လောလောဆယ်မှာတော့ မီးလာအောင် အရင်သွားပြော။ ပိုက်ဆံ ပေးရ မယ် ဆိုရင် လည်း ပေးပြီး ကြည့်လုပ်ခဲ့။ ဘယ်နဲ့ တော် VIP လိုင်းယူထားတာတောင် မီးက ပျက်သေးတယ်။ သွား.. သွား မြန်မြန်သွား။ ငါးလေးနှစ်ကောင် သေတော့မယ်။ အခုနေ မီးပြန်လာလို့  အောက်စီဂျင်ရရင် သူတို့  အသက် ပြန်ရှင်နိုင်သေးတယ်။ ”

ပင့်သက်ကို အသာရှိုက်ရင်း ကားစက်နှိုးကာ သူ ထွက်လာခဲ့သည်။ သူ သွားရာနောက်ကို လိုက်ကြည့် နေသော မမကြီး၏ မျက်ဝန်းထဲတွင် မျှော်လင့်ခြင်း အရိပ်အယောင်များ…………

အဖေ့အတွက် အောက်စီဂျင်နှင့် ငါးနှစ်ကောင်အတွက် အောက်စီဂျင် ဘယ်ဟာက ပို အရေးကြီးသနည်း။ အဖေ့ အသက်နှင့် ငါးနှစ်ကောင်၏ အသက် ဘယ်ဟာက ပို၍ တန်ဖိုးရှိသနည်း။ အမေ့၏ မျှော်လင့်ခြင်း မျက်ဝန်းများနှင့် မမကြီး၏ မျှော်လင့်ခြင်း မျက်ဝန်းများ ဘယ်သူက ပို၍ အရောင်တောက်သနည်း။

သူ စဉ်းစားရင်း အသက်ရှုစရာ လေမရှိတော့သလို မွန်းကျပ် လာတော့သည်။


တစ်မျက်နှာ ၀တ္ထုတို
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ၊ မဟေသီမဂ္ဂဇင်း
read more "မွန်းကျပ်ခြင်း"

On 0 comments



အို  ........ နေတောင် အတော် စောင်းသွားပါပေါ့လား။ လိမ္မော်ရောင်ဖန့် ဖန့်  နေလုံးကြီးဟာ တလက်လက် ထနေတဲ့ ပင်လယ်ရေ မျက်နှာပြင် ပြာလဲ့လဲ့နဲ့  ထိစပ်နေရာကနေ တဖြည်းဖြည်းနဲ့  ရေထဲကို ငုပ်လျှိုးသွားခဲ့ပြီ။ ဒီ မြင်ကွင်းတွေဟာ နေ့ စဉ် မြင်တွေ့  နေကျ ကျုပ်တို့ လို ပင်လယ်သားတွေ အတွက် မထူးဆန်းလှပေမဲ့ ဒီ ကမ်းခြေကို လာရောက် လည်ပတ်ကြသူတွေကတော့ ဒီရှုခင်းကို နှစ်သက် ငေးမော ကျလေရဲ့။ မနက် နေ ထွက်တာ၊ ညနေ နေ၀င်တာ။ ပင်လယ်ရေကို ချိုးတာ၊ ပင်လယ်လေကို အားပါးတရ ရှုရှိုက်ရတာ ကျုပ်တို့ အတွက် မထူးဆန်းပေမဲ့ မွန်းကျပ်တဲ့ မြို့ ပြမှာ နေထိုင် လုပ်ကိုင်နေရတဲ့ လူတွေအတွက် ကတော့ ဒါဟာ အပန်းဖြေခြင်းဆိုတဲ့ အရသာ တစ်ပါးပဲရယ်လို့  မြို့ က ပြန်လာတဲ့ ကျောင်းဆရာလေးက ကျုပ်တို့ ကို ပြောပြ တယ်။

ဒုက္ခပါပဲနော်။ ဒီလိုနဲ့  တဖြည်းဖြည်း မိုးချုပ်လာတယ်။ ကျုပ်ကို ကဏန်းဟင်း ချက်ပေးပါလို့  ပြောတဲ့ စုံတွဲလေး ၂ယောက် ရဲ့ အရိပ်အယောင်တောင် မမြင်ရပါလား။ သူတို့ လာနိုးနဲ့  လှည့်လှည့် ကြည့်ရလွန်းလို့  ကျုပ် ခေါင်းတောင် ညောင်းလှပြီ။ ဟိုး အတွင်းဘက် အခန်းတွေဆီက ထွက်လာတဲ့သူတွေကို တွေ့ တိုင်း သူတို့ ၂ယောက် များလားရယ်လို့  မျှော်ကြည့်ရတာ ကျုပ် လည်ပင်းတောင် ညောင်ရေအိုး ဖြစ်လောက်ပြီ။

ခါတိုင်း ဒီအချိန်ဆို သူတို့  လင်မယား ၂ယောက် ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင်ပြီးလို့  လမ်းလျှောက် ထွက်တတ်ပြီ။ ပြန်သွား တာတော့ မဖြစ်နိုင်သေးပါဘူး။ နေ့ လယ် ၂နာရီကမှ ဘေးအိမ်က ကဏန်းတွေ ရလာလို့  လာပြတာ။ အကောင်ကြီးတွေ ကောင်းလွန်းလို့  သူတို့ ကို စားမလား လာမေးတော့

“ယူမယ်။ ချဉ်စပ် ချက်ပေးပါ”

ဆိုတာနဲ့  ခုညနေစာ ချက်ပြီး လာပို့ ပေးရတာ။ ဈေးမဆစ်ပဲနဲ့  ငါးထောင်ဖိုး ချက်ခိုင်းတာမို့  ကဏန်းဖိုး သုံးထောင့်ငါးရာ ပေးပြီးရင် ကျုပ်အတွက် တစ်ထောင့်ငါးရာတောင် ကျန်မှာလေ။ ဒါကြောင့် ကျုပ်လည်း စေတနာ ပိုပိုနဲ့  ဆီမျာများနဲ့ ချဉ်စပ် လေး စပါယ်ရျယ် ချက်ပေးထားတာ အနံ့ လေးကို မွှေးလို့ ။

ဘာလို့ များ နောက်ကျနေရတာပါလိမ့် နော်။ ခါတိုင်းလည်း သူတို့ အတွက် ညနေစာကို ကျုပ်ချက်ပြီး ပို့ ပေးနေတာ ဒီနေ့  နဲ့  ဆိုရင် ၃ ရက် ရှိပြီ။ တစ်ခါမှ အမှားအယွင်း မရှိခဲ့ဘူး။ ခက်တာက ကျုပ်တို့ လို ကမ်းခြေက ဈေးသည်တွေက ဟိုတယ်ဝင်း ထဲပြီး ဈေးရောင်းခွင့် မရှိဘူးလေ။ ဒါကြောင့် ရေကူးဖို့ ၊ လမ်းလျှောက်ဖို့  ထွက်လာတဲ့သူတွေကိုပဲ စောင့်ပြီး ဈေးရောင်းရ၊ ထမင်းချက်ပေးမယ် လိုက်ပြောရတာ။

တကယ်လို့  ကိုယ့်ဆီက စားမယ်ဆိုရင် အခန်းနံပါတ် မေးထား၊ သူတို့ ရဲ့ မျက်နှာလေးတွေကို အလွတ် ရအောင် ကြည့်ထား၊ ပြီးရင် ကမန်းကတန်း အိမ်ပြန် ချက်ပြုတ်၊ ကျက်ပြီဆိုရင် ဆွဲခြင်းထဲမှာ ထမင်း ပန်းကန် ပြား၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပုဝါ၊ ဟင်းခွက်တွေ ထည့်ပြီး သယ်လာ၊ ပြီးတော့ သူတို့ ရဲ့ အရိပ်အယောင်လေး တွေ မြင်ရင် ကမန်းကတန်း လိုက်ပေး၊ သူတို့  စားသောက်နေတုံး သောင်ပြင်မှာ ထိုင်စောင့်၊ ပြီးချိန်လောက်မှ သွားပြန်သိမ်းရင်း ပိုက်ဆံ ယူရတာလေ။

တချို့ ကျတော့လည်း ဟင်းပဲ ချက်ခိုင်းတတ်တာ။ ဒါဆိုရင် ဖော့ဘူးလေးထဲ ဟင်းထည့် ယူသွားပြီး ဟင်းဘူး ပေးရုံပဲ။ တချို့  ကျတော့လည်း စားမကောင်းဘူးဆိုပြီး ဈေးလျှော့ပေးတာတို့ ၊ မယူတော့ဘူးတို့ လုပ်ရင် ကျုပ်တို့ မှာ စိတ်မောရတယ်။ ဒီ လင်မယားလေး ကျတော့ ချေးမများဘူး။ ကျုပ်ချက်လာတဲ့ ဟင်းကို ကောင်း လိုက်တာ ဆိုပြီး စားတာပဲ။ ဒါကြောင့်မို့ ကျုပ်မှာ သူတို့ အတွက် စေတနာ ပိုပြီး ကောင်းအောင် ချက်ပေး ဖြစ်တယ်။

အင်း .. ဟင်းတွေ အေးကုန်တော့မှာပဲ။ ဘာလို့ များ မလာကြသေးပါလိမ့်။ နေလုံးကွယ်လို့  အမှောင်တောင် ပျိုးလာပြီ။ ကျုပ်ရင်ထဲမှာတော့ ပူလောင်စပြုလာပြီ။ ဘေးအိမ်ကို ပြန်ပေးရမဲ့ ကဏန်းဖိုး သုံးထောင့် ငါးရာရယ်၊ ကျုပ် ပြန်လာမှ ဆန် ၀င်ဝယ်ရမှာမို့ ထမင်းချက်ဖို့  စောင့်နေမယ်ဆိုတဲ့  သမီးရဲ့ မှာသံ၊ ပန်းနာ ရင်ကျပ်ရောဂါ ပြန်ထလာလို့  ပင်လယ်ထဲ မဆင်းနိုင် တာ တစ်ပါတ်ရှိပြီ ဖြစ်တဲ့ ကျုပ်ယောကျာ်းရဲ့ မျက်နှာ၊ ကျုပ် အတွေး တွေက ယောက်ယတ်ခတ်လို့  နေလေရဲ့။ ဒီအချိန်ကျမှ ကျုပ် ဟင်းကို လိုက်ရောင်းတော့ရော ဘယ်သူက ၀ယ်တော့မှာလဲ။

အို ဘာပဲ ဖြစ်ဖြစ်လေ။ မောင်းထုတ်ခံရခါမှ နေရော၊ ကျုပ် ဟိုတယ်ဝင်းထဲ ခိုးဝင်တော့မယ်။ ပတ်ဝန်း ကျင်ကို အကဲခတ် ကြည့်လိုက်တော့ ကျုပ် ရပ်နေတဲ့နားမှာ ဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ ကျုပ်လည်း အရဲစွန့် ပြီး သူတို့ အခန်းလို့  သိထားတဲ့ နေရာဘက်ကို လျှောက်ခဲ့တယ်။ လှမ်းလို့  ၁၀လှမ်းတောင် မပြည့်သေးဘူး။

“အမေကြီး ဒါ ဘယ်သွားမလို့ လဲ။”

ကျုပ်ရဲ့ နောက်ကျောဆီက ပေါ်လာတဲ့ အသံကြောင့် လန့် ပြီး ခြင်းတောင်းတောင် လွတ်ကျတော့မလို့ ။ လှည့်ကြည့်လိုက် တော့ ဟတိုတယ် ၀န်ထမ်းတစ်ယောက်။ ကြောက်ရွံ မိပေမဲ့ မထူးတော့တာမို့

“အမေကြီးကို ဟင်းမှာထားတဲ့ လင်မယားနှစ်ယောက်ကို လာရှာတာပါကွယ်။ ဒီဝင်းထဲကို ဈေးသည် မ၀င် ရဘူးလေ။ မန်နေဂျာ သိရင် အဖမ်းခံရလိမ့်မယ်။”

“မလုပ်ပါနဲ့  သားရယ်။ အမေ့မှာ ကဏန်းဖိုး သုံးထောင့် ငါးရာ ဆုံးမှာ စိုးလို့ သာ အရဲစွန့်  ၀င်လာတာပါ။ အခန်းနံပါတ် ၁၅ က လင်မယား ၂ယောက်ကို သိလားဟင်”

“ကောင်မလေးက ဆံပင် အရှည်ကြီးနဲ့  ခပ်ငယ်ငယ် ၂ယောက် မဟုတ်လား။ သူတို့  ညနေကပဲ ပြန်သွား ကြပြီ။”

“အို .. ဘယ်လို ဖြစ်တာလဲကွယ်။ သူတို့ က ဒီမှာ တစ်ပတ်လောက် နေမယ် ဆိုတော့ အမေလည်း စိတ်ချပြီး ……..”

ကျုပ် စကား မဆက်နိုင်တော့ပါဘူး။ ရင်ထဲမှာလည်း ပူလောင်လာပါတယ်။

“ဟုတ်တယ်။ သူတို့ က တစ်ပတ်လောက် အေးအေးဆေးဆေး နေမယ် ပြောထားတာ။ ဟန်းနီးမွန်း ထွက်လာကြတာတဲ့။ ဒါပေမဲ့  မမျှော်လင့်ပဲ ပြသနာ ပေါ်လာတော့ ………….”

“ဘာ ပြသနာများ ဖြစ်လို့ လည်း သားရယ်”

“ဟို .. ဒါက သူများ ကိုယ်ရေးကိုယ်တာ ဆိုတော့ … အင်းလေ. အမေ့ကိုတော့ ပြောပြပါ့မယ်။ သူတို့ ၂ယောက်က အသက်လည်း ငယ်၊ ချောလည်း ချော၊ တစ်ယောက်နဲ့  တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ ပုံစံ ရှိုတော့ အားလုံးက အားကျ ငေးမော နေကြတာလေ။ ဒီနေ့  ညနေ ၃နာရီလောက်မှာ သူတို့ နောက်ကို မိန်းမကြီး တစ်ယောက် လိုက်လာတယ်။ ဧည့်ကြို ကောင်တာမှာ သူတို့ နှစ်ယောက် နာမည်နဲ့  အခန်းစုံစမ်းပြီး လိုက်လာတာ ဆိုတော့ ကျွန်တော်တို့ လည်း ပထမတော့ သူတို့  အိမ် တစ်အိမ်က လူကြီး လိုက်လာတယ် ထင်တာပေါ့။ တကယ်တမ်းမှာတော့ …………………. ”


“တကယ်တမ်းမှာတော့ ဘာဖြစ်လဲ ပြောပါအုံး”

ကျုပ်ရဲ့ သောကကိုတောင် မေ့ပြီး သူတို့ အတွက် စိတ်ပူ သွားမိတယ်။

“တကယ်တမ်းကျတော့ အဲဒီ မိန်းမကြီးဟာ ကောင်လေးရဲ့ မယားကြီးတဲ့ အမေရဲ့။ ပိုက်ဆံကတော့ တော် တော် ချမ်းသာပုံ ရတယ်။ ဒါပေမဲ့  အသက်ကြီးကြီး ရုပ်ဆိုးဆိုးပါ အမေရာ။ ကောင်မလေးကိုလည်း ဆဲရေး တိုင်းထွာလိုက်တာ မိုးမွှန်နေတာ ပဲ ။ ကောင်မလေးမှာ ပါးရိုက်လည်း ခံရ၊ လူကြားထဲမှာ အရှက်ခွဲလည်း ခံရဆိုတော့ ဘာလုပ်ရမှန်းမသိပဲ ငိုလိုက်တာ အရမ်းပဲ။ သနားဖို့ တောင် ကောင်းတယ်။ ကောင်လေးကို ပြန်လိုက်ဖို့  အတင်းခေါ်တော့ ရန်ကုန် ရောက်မှ စာရင်းရှင်းမယ်ဆိုပြီး ကောင်လေးနဲ့ ကောင်မလေးက ကားတစ်စီး၊ မိန်းမကြီးက ကားတစ်စီး ပြန်သွားကြတာပဲ။ သူတို့ ပြောတဲ့ စကားအရ ဆိုရင် ကောင်မလေးက ဘာမှ မသိရှာဘူး။ ကောင်လေးကို လူပျို ထင်ပြီး လက်ထပ်ခဲ့တာဆိုပဲ။ ကောင်မလေး သနားပါတယ် အမေ ရယ်။ သူ့ မှာ အသက်လေး ငယ်ငယ်၊ ရုပ်ကလေး သနားကမားနဲ့  အငယ်အနှောင်း ဖြစ်ရရှာတယ်။ ကဲ . . ကဲ အမေလည်း ပြန်တော့။ အမေ့ဟင်းကို သူတို့ လည်း မစားနိုင်တော့ဘူး။ ကျွန်တော်လည်း သွားတော့မယ်။ မန်နေဂျာ တွေ့ ရင် အဆူခံရ လိမ့်မယ် ပြန်ထွက်တော့နော်”

ကျုပ်ရှေ့ က ကောင်လေး ထွက်သွားချိန်မှာ ကျုပ် ရင်ထဲမှာ ပူလောင်ပြီး ကျန်ရစ်ခဲ့ပါတာပါပဲ။ အဲဒါဟာ ကဏန်းဖိုး သုံးထောင့်ငါးရာ ဆုံးလို့  ရင်ပူခြင်လား။ ကောင်မလေးရဲ့ အကြောင်းကို ကြားလိုက်ရလို့  ရင်ပူခြင်းလား။ ကျုပ်ကိုယ်တိုင် တောင် မခွဲခြားတတ်တော့ပါဘူး။


တစ်မျက်နှာ ၀တ္ထုတို
2003 ခုနှစ်၊ စက်တင်ဘာလ၊ မဟေသီ မဂ္ဂဇင်း
read more "မတူညီသော ရင်ပူခြင်း"

On 0 comments



နေသည် ပူပြင်းလွန်းလှသည်။ သူ့ ရင်မှ အပူကို မှီမည် မထင်။ သားငယ် နှစ်ယောက် ၏ ကျူရှင်လခ မပေးနိုင်ခြင်း အတွက် ကျူရှင် မသွားချင်ဘူးဟု ငြင်းဆို နေသော အသံများ၊ ဆယ်တန်းကျောင်းသူ သမီးကြီး ၏ အထူးထုတ်ဝယ်ရန် ပူဆာသံ များကို ကြားယောင်မိပြန်သည်။ နောက်ပြီး အထူးထုတ် တစ်အုပ်၏ တန်ဘိုး ……….။

အလိုက်မသိတတ်ရန်ကောဟုတော့ အပြစ်မမြင်ချင်ပါ။ ရုံးမှ အရာရှိပေါက်စ သူ့ လစာနှင့် အထက်တန်း စာရေး သူ့  အမျိုးသမီး နှစ်ယောက်ပေါင်းလစာတို့ က သားသမီး သုံးယောက်ကို လူတန်းစေ့ ထားနိုင်အောင် မနည်းကြိုးစားရသည်။ အကြွေးစာရင်းတို့ ကို မသိချင်တော့၍ တခါတရံ အတိတ်မေ့ရောဂါပင် ရချင်သည်။

သက်ပြင်းကို အသာချမိသည်။ ပိုက်ဆံချေးရန် အကိုဆီ ရောက်သော်လည်း အကြောင်းမထူး။ ဆိုက္ကားခ ကုန်တာသာ အဖတ်တင်သည်။ အပြန်ခရီးကို မစီးချင်ပေမဲ့ ဤလမ်းခရီးတွင် ဆိုက္ကားသာလျှင် ရှိပြန်သည်။ ဆိုက္ကားသမားကတော့ နေပူ ထဲတွင် သီချင်းညည်း မပျက်ပေ။ ၀ါသနာအတိုင်း သူ အနည်းငယ် စပ်စုလိုက် သည်။

“ခင်ဗျား တနေ့ ကို အုံနာခ ဘယ်လောက် ပေးရလဲဗျ။ အုံနာခ ဖယ်ပြီးရင်ရော တစ်နေ့ ကို ဘယ်လောက် ကျန်လဲဗျ။ သိချင်လို့ ပါ။ ”

“အုံနာခကတော့ တစ်နေ့ ကို ရှစ်ဆယ် ပေးရတယ်ဗျ။ တချို့ နေရာတွေမှာတော့ ကိုးဆယ်တောင် ဖြစ်နေပြီ။ အုံနာခ ဖယ်ပြီးရင် တနေ့ ကို သုံးလေးရာတော့ အနည်းဆုံး ကျန်ပါတယ်။ စားပြီးသောက်ပြီးပေါ့။ တခါတလေ သုံးရာကျော်လောက် ရပြီးရင် ကျွန်တော် အိမ်ပြန် နားတော့တာပဲ။တချို့ လူတွေက ကျွန်တော် တို့ ကို ဆိုက္ကား သမားဆိုပြီး အထင်သေးတတ်ကြ တယ်။ ဂုဏ်မရှိပေမဲ့ မိသားစု ချောင်ချောင် လည်လည် နေနိုင် စားနိုင်ပါ တယ်။ ကျွန်တော်ဆို ကလေး ခြောက်ယောက် ရှိတယ်။ အကြီးဆုံးသမီးက တက္ကသိုလ် တက်နေပြီလေ။ တစ် အိမ်လုံးကို ကျွန်တော်ပဲ ဆိုက္ကား နင်းကျွေးနေတာ။ တစ်လကို တစ်သောင်းကျော်လောက်တော့ အသာလေး ရှာနိုင်တယ်ဗျ။”

နေပူထဲတွင် အားမာန်အပြည့်ဖြင့် နင်းနေသော ဆိုက္ကားသမားကို အထင်ကြီး လေးစားစွာ သူ မော့ကြည့်မိ သည်။ သူ့ ကို ကြည့်ရင်း ကိုယ့်ရင်ထဲမှာတော့ နွမ်းလျလျ။

အိမ်ပြန်ရောက်တော့ ပိုက်ဆံပါမလာ၍ မိန်းမက သိပ်မကြည်ပေ။ ခရီးစရိတ်ပါ ထပ်ကုန်တာမို့  ပိုပြီး ခံစား နေရပုံမျိုး။ သူ့ ကို ပြောမရတော့ ကလေးတွေဘက် လှည့်မဲတော့သည်။

“စာကျက်ခိုင်းတာ မကျက်ပဲ လျှောက်ကစားနေကြတယ်။ အိမ်ပေါ်တက်ပြီး စာကျက်စမ်း။ စာတတ်မှ နင် တို့  ကောင်းကောင်း မွန်မွန် နေရမှာ။ စာမတတ်ရင် နင်တို့  ဆိုက္ကား နင်းရလိမ့်မယ်။”

သူမနေနိုင်စွာ တစ်ခွန်း ၀င်ပြောမိသည်။

“အေး ဆိုက္ကားသမား ဖြစ်တော့လည်း ကောင်းသားပဲ မိန်းမရဲ့”

“ကလေးတွေကို ဆုံးမနေတာ ရှင်က မဟုတ်တာတွေကို ဘာကိစ္စ ၀င်ပြောနေရတာတုံး”

ဟုတ်တာတွေ ပြောနေတာဟု ပြောလိုက်ချင်ပေမဲ့ မိန်းမနှင့် အငြင်းမပွား လိုသေးတာက တစ်ကြောင်း၊ ကလေးတွေ ကို ဆုံးမနေချိန်မှာ ဖျက်စီးသလို ၀င်မပြောသင့်တာက တစ်ကြောင်းမို့  လောလောဆယ်မှာတော့ နှုတ်ပိတ် နေလိုက်ပါသည်။ ဆိုက္ကားသမား တစ်ယောက်၏ ၀င်ငွေသည် စားဝတ်နေရေး ပြသနာများကို ဖြေရှင်း ရန် အတိုင်းအတာ တစ်ခုအထိ လုံလောက်ကြောင်းကိုတော့ တချိန်ချိန်မှာ မိန်းမအား သိအောင် ပြောပြရပါ အုံးမည်။


(တစ်မျက်နှာ မဂ္ဂဇင်း ၀တ္ထုတို)

၁၉၉၇ ခုနှစ်၊ သြဂုတ်လ၊ သပြေ မဂ္ဂဇင်း
read more "ရှင်သန်ခြင်း"